← Chapters

ဒူးထောက် တောင်းပန်

Vol. 10 Ch. 1000

ဒူးထောက် တောင်းပန်

Vol. 10 Ch. 1000

မိုင်တစ်သောင်း ဧရိယာသည် တိမ်များ ကင်းစင်နေသည်။ နေသည် ထိန်လင်းစွာ တောက်ပနေ၏။ တောင်တန်း အင်ပါယာ၏ ပတ်လည်၌ များစွာသော အလင်းများသည် လွင့်မျောနေသည်။ ထိုအလင်း တစ်ခုချင်းစီသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို ကိုယ်စားပြု၏။ အခြားသော ကျင့်ကြံသူများမှာမူ ကောင်းကင်တွက် ပျံသန်းခြင်း မပြုရဲကြပဲ လေသင်္ဘောများထက်တွင်သာ ရပ်ကာ ကြည့်နေကြသည်။

“ဟူး... ဟူး...”

အနက်ရောင် မြင်းရထားသည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် ထိုရထားကို မြင်သည်နှင့် ပိုင်ရှင်ကို တန်းကာ သိရှိလိုက်ကြသည်။

“ချန်းပေ့ရွှမ်း ရောက်လာပြီ...”

ထိုအခိုက်အတန့်၌ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ကျင့်ကြံသူများသည်  အနက်ရောင် မြင်းရထားကို မျက်တောင်မခပ်စတမ်း ငေးမောကြည့်နေကြ၏။ ချန်းပေ့ရွှမ်းသည် ထျန်းဟောင်ဂြိုဟ်၏ နာမည်ကျော် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့်တိုင် အများစုမှာ သူ့အား မမြင်ဖူးကြသေးချေ။ ထို့အပြင် အသက် တစ်ရာ မပြည့်သေး ဆိုသည့် အချက်က လူတိုင်းအား ပို၍ စိတ်ဝင်စားစေ၏။

“ကောင်းကင်အရှင်ချန်း ရောက်လာပြီ...”

ရှုနက အော်ဟစ်လိုက်၏။ ရှုယုံ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“နတ်မိမယ်လေးတွေ... ချန်းပေ့ရွှမ်းနဲ့ တွေ့ချင်ရင် အကို ကူညီပေးလို့ ရတယ်နော်... အကို့ မိသားစုက မြောက်နတ္ထိနယ်မှာ လွှမ်းမိုးမှု ရှိတယ်... နောက်ပြီး အကို့ရဲ့ ဘိုးဘိုးက ချန်းပေ့ရွှမ်းရဲ့ မိတ်ဆွေလေ”

ငယ်ရွယ်သော ကျင့်ကြံသူ တစ်ယောက်မှာ ရှုညီအမ အနားသို့ ချည်းကပ် လာ၏။

ထိုညီအမ နှစ်ယောက်ကား ကောင်းကင်အရှင် မိသားစုများတွင်ပင် ရှားပါးသော အဆင့် ၇ ရွှေအမြုတေကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ရာ လူငယ် ကျင့်ကြံသူတို့၏ အာရုံကို ဆွဲဆောင်နိုင်ပေသည်။

“ကျေးဇူးတင်ပါတယ်ရှင်... ဒါပေမဲ့ မလိုတော့ပါဘူး”

ရှုယုံက ယဥ်ကျေးစွာပင် ငြင်းပယ်လိုက်၏။

“ဘုန်း...”

ထိုအချိန်မှာပင် တောင်တန်း အင်ပါယာမှ ထစ်ခြုန်းသံ တစ်သံ ထွက်ပေါ်လာကာ ၎င်းကို ဝန်းရံနေသော မြူနှင်းများမှာ စတင် ကြဲပါးလာ၏။ လူတိုင်းသည် ထိုအရပ်သို့ မျှော်ကြည့်ကြရာ တောင်တန်း အောက်ခြေမှ ထိပ်အထိ ရောက်သော လမ်းမ တစ်ခုကို တွေ့မြင်ကြရသည်။ အမြင့်ဆုံး တောင်၏ ထိပ်ဖျားတွင်မူ အိုမင်းသော ခန်းမ တစ်ခု တည်ရှိ၏။

“ဝှစ်...”

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်သို့ ပျံတက်လာသည်။

“ဝတ်ပြုဖို့ လာတဲ့ ဘယ်သူမဆို တောင်တန်း အင်ပါယာရဲ့ ကောင်းကင် ဥပဒေကို လိုက်နာပြီး တောင်ခြေလမ်း အတိုင်း တက်လှမ်းရမယ်.... အလွှာ ဆယ့်သုံးခုကို ကျော်ဖြတ်ပြီး တောင်ထိပ်ကို ရောက်တဲ့ အခါ ငါတို့ရဲ့ နတ်ဘုရား သခင်နဲ့ တွေ့ဆုံနိုင်တယ်”

ထိုကျင့်ကြံသူကား အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင် တစ်ယောက် ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်များသည် ကောင်းကင် ဂိုဏ်းများတွင်ပင် ဘိုးဘေး အဖြစ် သတ်မှတ် ကိုးကွယ် ခံရသော်လည်း တောင်တန်း အင်ပါယာတွင်မူ ဧည့်ကြိုတစ်ယောက် အဖြစ်သာ နေရာပေး ခံရ၏။

လူတိုင်းသည် ချန်းဖန် မည်ကဲ့သို့ တုန့်ပြန်မည်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြသည်။ သူသာ စည်းမျဥ်းကို လက်ခံလိုက်ပါက တောင်တန်း အင်ပါယာနှင့် သူ့ အကြားမှ တိုက်ပွဲမှာ ပျက်ပြယ် သွားလိမ့်မည် ဖြစ်သည်။

“ခရက်...”

အားလုံး၏ အကြည့်များ အောက်တွင်ပင် အနက်ရောင် မြင်းရထား၏ တံခါးသည် ဖြည်းညင်းစွာ ပွင့်ဟလာကာ လူသုံးယောက် ထွက်ပေါ်လာ၏။၊

အလယ်၌ ရပ်နေသော လူငယ်သည်သည် အဇူရာရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် အနက်ရောင် မျက်လုံး အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှာမူ သေမျိုး တစ်ယောက် အလား မည်သည့် စွမ်းအားမျှ ဖြာထွက်နေခြင်း မရှိခဲ့ချေ။

လူငယ်၏ ညာဘက်တွင်မူ အလွန်အမင်း လှပသော မိန်းကလေး တစ်ယောက် ရှိသည်။ ရွှေရောင် အစစ်အမှန် နဂါးတစ်ကောင်သည် သူမကို ဝန်းရံကာ လှည့်ပတ် ကာကွယ်နေ၏။

တစ်ချိန်တည်း၌ လူငယ်၏ ဘယ်ဘက်၌ ရပ်နေသူမှာ လူအို တာအို တန်ခိုးရှင်ကြီး တစ်ယောက် ဖြစ်သည်။ သူသည် မည်သည့်အရာကိုမျှ အမှုမထားဟန် မောက်မာမှု အပြည့်ဖြင့် ခေါင်းကို မော့ထားခဲ့၏။

လူငယ်က တောင်တန်း အင်ပါယာ ရှိရာ အရပ်သို့ လှည့်ကာ လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။

“ငါ ဒီကိုလာတာ ဝတ်ပြုဖို့ မဟုတ်ဘူး...”

“ဝတ်ပြုဖို့ လာတာ မဟုတ်ဘူး ဆိုရင် အထဲကို ဝင်ခွင့် မရှိဘူး... နတ်ဘုရား သခင်က သူ အားတဲ့အခါ မင်းကို လာတွေ့ပါလိမ့်မယ်”

အဖြူရောင်ဝတ် ကောင်းကင်အရှင်က တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

“ငါ့သခင်က မင်းကို ပြောနေတာ မဟုတ်ဘူးကွ...”

တာအို တန်ခိုးရှင် လူအိုကြီးက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ ချက်ချင်းပင် သူ၏ လက်တစ်ဖက်မှာ အနက်ရောင် အကြေးခွံများဖြင့် ပြည့်နှက်လာကာ လေထု၏ ဖြစ်တည်မှုကို တိုက်ရိုက် ကျော်ဖြတ်၍ အဖြူရောင်ဝတ် ကောင်းကင်အရှင်ကို ကုတ်ဆွဲလိုက်သည်။

“အား...”

နဂါးအရှင်၏ လက်သည်းတွင် အဖြူရောင်ဝတ် ကောင်းကင်အရှင်၏ ခန္ဓာကိုယ် တစ်ဝက်ကား ပြတ်ပါသွားသည်။ သူ၏ တစ်ပိုင်းပြတ် ခန္ဓာကိုယ်သည် ကောင်းကင်တွင် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့ပဲ မြေပြင်သို့ ပြုတ်ကျ၏။

ချန်းဖန်မှာမူ ရောက်လာချိန်မှ စ၍ အဖြူ‌ရောင်ဝတ် ကျင့်ကြံသူအား တစ်ချက်မျှပင် လှည့်မကြည့်ခဲ့သေးချေ။ သူသည် တောင်ထိပ်ရှိ ခန်းမအိုကိုသာ စူးစိုက် ကြည့်နေခဲ့၏။

“တောင်တန်း အင်ပါယာ အနေနဲ့ ငါ တောင်းဆိုတဲ့ အချက် သုံးချက်ကို လိုက်လျောပေးရမယ်...”

“ပထမ အချက်... တောင်တန်း အင်ပါယာ ဖမ်းထားတဲ့ ကျူးဝမ် မျိုးနွယ်ဝင်တွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ရမယ်”

“ဒုတိယ အချက်... ရှေးဟောင်း ကျူးဝမ် မျိုးနွယ်မြို့ကို လာဖျက်ဆီးခဲ့တဲ့ နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်နဲ့ အခြား စစ်သားတွေကို လွှဲပေးရမယ်”

“တတိယ အချက်... လွန်ခဲ့တဲ့ နှစ်ထောင်ချီ အတွင်းမှာ ကျူးဝမ်မျိုးနွယ်ဟာ တောင်တန်း အင်ပါယာကြောင့် အများကြီး ရုန်းကန်ခဲ့ရတယ်... အဲဒီ အတွက် မင်းတို့ဘက်က ပြန်လျော်ကြေပေးရမယ်”

“မဟုတ်ရင်တော့...”

ချန်းဖန်က ရပ်လိုက်၏။

“ဘာဖြစ်လဲ...”

တောင်တန်း အင်ပါယာ အတွင်းပိုင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံထွက်ပေါ်လာသည်နှင့် မိုင်တစ်ထောင် ဧရိယာ အတွင်းရှိ တိမ်များသည် လွင့်စဥ်ကာ မိုးကြိုးများမှာ အထပ်ထပ် မြည်ဟီး သွားခဲ့သည်။

“အဲဒါက တောင်တန်း အင်ပါယာရဲ့ နတ်ဘုရား သခင်လား...”

များစွာသော ကျင့်ကြံသူများမှာ ယောင်ယမ်း၍ နောက်သို့ပင် ဆုတ်လိုက်မိကြ၏။

“မဟုတ်ရင် ငါ တောင်တန်း အင်ပါယာကို ဖျက်ဆီးပြီး မင်းတို့နဲ့ ပတ်သက်သမျှ အကုန်လုံးကို သတ်ပစ်မယ်... နောက်ပြီး မင်းတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်တွေကို ထျန်းဟောင်ဂြိုဟ် ဗဟိုက ချော်ရည်ပူ ငရဲမှာ နှစ်ပေါင်း တစ်သောင်းအထိ ‌လောင်ကြွမ်းစေမယ်”

ချန်းဖန်၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် တလက်လက် တောက်ပနေ၏။

“မောက်မာလှချည်လား...”

ဒေါသတကြီး အော်ဟစ်သံများနှင့် အတူ အလင်းများသည် ကောင်းကင်သို့ တစ်ခုပြီး တစ်ခု ထိုးတက်လာ၏။ ထိုအလင်းများကား တောင်တန်း အင်ပါယာ၏ အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်များပင် ဖြစ်ကြအေသည်။

“တစ်...”

“နှစ်...”

“ ... “

“သုံးဆယ်... တောင်တန်း အင်ပါယာမှာ အခြေတည် ဝိညာဥ် အဆင့် အယောက် သုံးဆယ်တောင် ရှိနေတာလား...  အချို့ဆိုရင် သာမန် ကောင်းကင်အရှင်တွေထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဆွံ့အ သွားကြ၏။

“ခရက်...”

ထို့နောက် တောင်ထိပ်ရှိ ခန်းမအို၏ တံခါးသည် ဖြည်းညင်းစွာ ပွင့်ဟလာကာ အသက်လတ် လူတစ်ယောက် ထွက်ပေါ်လာ၏။  သူ၏ အနက်ရောင် ဝတ်စုံသည် ကြယ်တာရာများဖြင့် ရေးချယ်ထားရာ စကြဝဠာကြီး တစ်ခုလုံးကို သယ်ပိုးလာသည့် အလား ထင်ရပေသည်။

သူ၏ နောက်တွင်မူ ကျင့်ကြံသူ ခြောက်ယောက်သည် တန်းစီကာ လိုက်ပါလာ၏။ သူတို့ထဲမှ အချို့သည် အလွန်အမင်း အိုမင်းနေသော အဘိုးအိုများ ဖြစ်ကြသည်။ အချို့မှာမူ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားကြကာ အချို့မှာ မွန်းစတား အရှိန်အဝါကို ပိုင်ဆိုင်ကြ၏။ သို့သော်လည်း တူညီသည့် အရာတစ်ခုကား သူတို့ အားလုံးမှာ နဂါးအရှင် ကဲ့သို့ အစွမ်းထက်ကြခြင်းပင်။

“သူတို့တွေက ထာဝရဂိုဏ်းကြီး ငါးခုရဲ့ ဂိုဏ်းချုပ်တွေနဲ့ ဘိုးဘေးတွေပဲ... ရွှေရောင် ဝတ်စုံနဲ့ တစ်ယောက်က တောင်တန်း အင်ပါယာရဲ့ ဗိုလ်ချုပ် ပိုင်ဟယ်ပဲ”

လူအို ကျင့်ကြံသူကြီး တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်၏။ တစ်ချိန်တည်း၌ များစွာသော လူများမှာလည်း ထိတ်လန့် ကြောက်ရွံ့နေကြလေသည်။

နတ်ဘုရား သခင် တစ်ယောက်၊ အခြေတည် ဝိညာဥ် အလယ်ဆင့် ခြောက်ယောက်၊ သုံးဆယ်သော ကောင်းကင်အရှင်များ၊ ရာပေါင်းများစွာသော ကောင်းကင်အရှင် တစ်ပိုင်း ဗိုလ်ချုပ်များ၊ မရေမတွက်နိုင်သော ရှေအမြုတေ အဆင့်၊ မူလ အဆင့် စစ်သည်များ...

ထိပ်တန်း ကောင်းကင်နယ် ဆယ်ခုပေါင်း ပင်လျှင် ထိုမျှလောက် များပြားလိမ့်မည် မဟုတ်ချေ။

“တောင်တန်း အင်ပါယာက ထျန်းဟောင်ဂြိုဟ်ကို နှစ်သိန်းချီ စိုးမိုးနိုင်ခဲ့တာ မထူးဆန်းတော့ဘူး... သူတို့က တကယ် အင်အားကြီးလွန်းတာပဲ”

များစွာသော ကောင်းကင်အရှင်များက ခေါင်းခါ လိုက်ကြ၏။ သူတို့၏ တိုက်ပွဲကောင်း တစ်ခု ကြည့်ရတော့မည် ဆိုသော အမြင်များမှာလည်း တဖြည်းဖြည်း လွင့်ပြယ်ကာ ပျက်စီးသွားကြပြီ ဖြစ်လေသည်။

ချန်းပေ့ရွှမ်းနှင့် သူ၏ နောက်လိုက်အိုကြီးမှာ အစွမ်းထက်သည် ဆိုသော်လည်း တောင်တန်း အင်ပါယာ၏ အင်အားမှာ ထင်မှတ် မထားလောက်အောင် ကြီးမားနေခဲ့သည်။ အဖွဲ့အစည်း နှစ်ခု အကြားရှိ ကွာဟချက်ကား အလွန် ကြီးမားလှပေသည်။

“သူက တောင်တန်း အင်ပါယာကို တစ်ယောက်တည်း ယှဥ်ချင်တာလား...”

တောင်တန်း အင်ပါယာ အကြီးအကဲ တစ်ယောက်က ချန်းဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။

“သူက အခုမှ ရွှေအမြုတေ အဆင့်ကိုပဲ ရောက်သေးတယ်... ရွှေအမြုတေ အဆင့် တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါတို့ရဲ့ နတ်ဘုရား ဗိုလ်ချုပ်တွေကို ယှဥ်နိုင်မယ် မထင်ဘူး... နတ်ဘုရား သခင် ကိုယ်တိုင် ဝင်မပါရင်တောင် ငါတို့ သူ့ကို လွယ်လွယ်ကူကူ နိုင်လောက်တယ်”

အခြား အကြီးအကဲ တစ်ယောက်က ပြောသည်။

“ဟုတ်တယ်... သူက အစောပိုင်း အခြေတည် ဝိညာဥ် အဆင့်လေးတွေကို သတ်နိုင်ရုံနဲ့တင် ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ထင်ရာစိုင်းလို့ ရပြီလို့ ထင်နေတာ ဖြစ်မယ်... ငါတို့ တစ်ယောက်ချင်းစီက သူ့ကို မနိုင်တောင် အားလုံးပေါင်းလိုက်တဲ့ အခါ နိုင်မှာ သေချာတယ်”

စတုတ္ထမြောက် နတ်ဘုရား ဗိုလ်ချုပ်ကလည်း ခေါင်းညိတ် လိုက်၏။

နတ်ဘုရား သခင်နှင့် ထာဝရ ဂိုဏ်းချုပ်များမှာမူ ဆိတ်ငြိမ်နေသည်။ သူတို့သည် အေးဆေးစွာပင် ချန်းဖန်ကို အကဲခတ် နေကြသည်။

“ကောင်းကင်အရှင်ချန်း... မင်း ဘာလို့ ခေါင်းမာနေရတာလဲ... မင်းရော တောင်တန်း အင်ပါယာရောက ထျန်းဟောင်ဂြိုဟ် ပေါ်မှာ အင်အား အကြီးဆုံးတွေလို့ ဆိုနိုင်တယ်... မင်းသာ နတ်ဘုရား သခင်ဆီမှာ အညံ့ခံလိုက်ရင် အားလုံးက သွေးထွက်သံယို မဖြစ်ပဲ ပြီးဆုံးသွားလိမ့်မယ်”

ကောင်းကင်အရှင် တစ်ယောက်က ချန်းဖန်အား ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ သူသည် ဝမ်ချင် ကောင်းကင်နယ်၏ ဘိုးဘေး တစ်ဦး ဖြစ်၏။

“ဟုတ်တယ်... တောင်တန်း အင်ပါယာရဲ့ အင်အားကို မင်းလည်း တွေ့နေတာပဲ... နောက်ပြီး နတ်ဘုရား သခင်က သဘောကောင်းပါတယ်... သူက မင်းကို ခွင့်လွှတ်မှာပါ”

နင်းဖူ ကောင်းကင်နယ်၏ ကောင်းကင်အရှင်ကလည်း ပြောသည်။

များစွာသော ကောင်းကင်အရှင်များသည် ချန်းဖန် အပေါ် ယုံကြည်မှု မရှိကြတော့ချေ။ ကောင်းကင်အရှင် ကျင်းဟိုင် ပင်လျှင် ခေါင်းခါနေခဲ့လေ၏။

“ချန်းပေ့ရွှမ်း... အညံ့ခံဖို့ ဆန္ဒရှိရင် တောင်တန်း အင်ပါယာရဲ့ ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါ... အဲဒါဆို နတ်ဘုရား သခင်က မင်းကိုရော ကျူးဝမ်မျိုးနွယ်တွေကိုရော ခွင့်လွှတ်ပေးလိမ့်မယ်... နောက်ပြီး မင်းကို တောင်တန်း အင်ပါယာရဲ့ အဆင့်အတန်း အမြင့်ဆုံး ကျေးကျွန် ဖြစ်ခွင့်ပေးမယ်”

နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်က ချန်းဖန်အား မောက်မာစွာ ကြည့်ကာ ပြောလိုက်သည်။

သို့သော်လည်း ချန်းဖန်ကမူ သူနှင့် ဖက်၍ စကားပြောရန် စိတ်မပါခဲ့ချေ။

“ဘုန်း...”

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းဖြင့် ဝန်းရံကာ ပေတစ်သိန်း အထိ မြင့်မားလာ၏။ နတ်ဘုရား အင်အား ကိုးခုသည် တန်ခိုးရှင် ရွှေခန္ဓာကို အသက်သွင်းကာ အမြင့်ဆုံး အဆင့်ကို ဆွဲတင်ကြသည်။ သူ၏ ခြေထောက်သည် ကောင်းကင်၏ ပြိုကျမှုမျိုးဖြင့် တောင်တန်း အင်ပါယာ ထိပ်သို့ နင်းခြေလာ၏။

ခေတ်တစ်ခေတ်၏ တိုက်ပွဲကား စတင်ချေပြီ ဖြစ်လေသည်။

***

All Chapters