ခြေထောက်ဖြင့် နင်းခြေခြင်း
Vol. 11 Ch. 1001
“ဘုန်း...”
တောင်တန်း အင်ပါယာထက်သို့ ကျဆင်းလာသော ရွှေရောင် ခြေထောက်ကြီးကို ကြည့်ကာ မရေမတွက်နိုင်သော လူများမှာ ထိတ်လန့် သွားကြ၏။ ကောင်းကင်အရှင်များ ပင်လျှင် မျက်မှောင်ကြုတ် သွားကြသည်။
“ချန်းပေ့ရွှမ်းက တကယ် တိုက်ခိုက်တော့မှာလား...”
လူတိုင်းမှာ စိတ်ထဲမှ မေးလိုက်ကြသည်။ သူတို့သည် တောင်တန်း အင်ပါယာကို တွေ့မြင်ပြီးနောက် ချန်းဖန် စိတ်ပြောင်းသွားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ယခုကဲ့သို့ စိတ်မြန်လက်မြန် တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြချေ။
“အတင့်ရဲလှချည်လား...”
အရပ်ရှည်ရှည် ရွှေရောင် သံချပ်ဝတ် ကျင့်ကြံသူက ဒေါသတကြီး အော်ဟစ် လိုက်၏။
“ဝှစ်...”
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်း အဖြစ် ပြောင်းလဲကာ လှံရှည်ကို ကိုင်ဆွဲ၍ ကောင်းကင်သို့ ပျံတက်လာ၏။ တစ်ချိန်တည်း၌ သူသည် တောင်တန်း တစ်ရာကိုပင် ဖျက်ဆီးပစ်နိုင်သည့် လျှပ်စီးတန်းကို ပစ်လွှတ်ကာ ရွှေရောင် ခြေထောက်ကြီးအား တားဆီးရန် ကြိုးစားလိုက်သည်။
“အဲဒါက တောင်တန်း အင်ပါယာရဲ့ နံပတ် ၉ နတ်ဘုရား ဗိုလ်ချုပ် ကျဲ့ရှန် မလား...”
ကောင်းကင်အရှင် တစ်ယောက်က ရေရွတ်လိုက်သည်။
နတ်ဘုရား ဗိုလ်ချုပ်များကား နံပတ်စဥ် ပိုမို မြင့်မားလေလေ ပို၍ အစွမ်းထက် လေလေ ဖြစ်သည်။ ကျဲ့ရှန်သည် နံပတ် ၉ ဗိုလ်ချုပ် ဖြစ်သည့်တိုင် သာမန် အခြေတည် ဝိညာဥ် အဆင့်များထက် ပို၍ အစွမ်းထက်ပေသည်။ ထိုအရာကပင် တောင်တန်း အင်ပါယာမှာ မည်မျှ အင်အားကြီးကြောင်း ဖော်ပြနေ၏။
“ဘုန်း...”
သို့သော်လည်း ချန်းဖန်မှာမူ ဂရုစိုက်ခြင်း မရှိချေ။ သူ၏ ရွှေရောင် ခြေထောက်ကြီးသည် တိမ်များကို နင်းခြေကာ ဆက်လက် ကျဆင်းလာ၏။
“ဘုန်း...”
ချန်းဖန်၏ ခြေထောက်သည် ကျဲ့ရှန်နှင့် တိုက်ရိုက် ထိတွေ့၏။ ကျဲ့ရှန်မှာ သွေးတစ်လုတ် အန်လိုက်ရကာ သူ၏ သုံးပေ အရှည်ရှိသော လှံမှာလည်း ကွေးကောက်သွားသည်။ ကျဲ့ရှန်သည် သူ၏ ဓမ္မ စွမ်းအားကို အကုန်အစင် သုံးခဲ့သည့်တိုင် ရွှေရောင် ခြေထောက်ကြီးကို တစ်စက္ကန့်မျှပင် မတားဆီးနိုင်ခဲ့ချေ။
“ဘုန်း...”
ချန်းဖန်၏ ခြေထောက်ကား ဖြည်းညင်းစွာပင် ဆက်လက် ကျဆင်းလာနေဆဲ ဖြစ်သည်။
“ရောင်းရင်း... ငါလာပြီ”
နံပတ် ၈ နတ်ဘုရား ဗိုလ်ချုပ် လုံယွမ်က အော်ဟစ်ကာ ကောင်းကင်သို့ ပျံတက်လာ၏။ သူသည် ကြီးမားသော တင်းပုတ်ကြီး တစ်ခုကို ဝှေ့ယမ်းကာ ရွှေရောင် ခြေထောက်ကြီးကို ပိတ်ဆို့သည်။
“ဘုန်း...”
သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် နှစ်ယောက်လောက်က ချန်းဖန်အား မည်ကဲ့သို့ ရပ်တန့်နိုင်မည်နည်း။
ချန်းဖန်သည် ယခုထိ မည်သည့် ဓမ္မ စွမ်အားကိုမျှ မသုံးရသေးချေ။ သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရား အင်အား ကိုးခုကို အတူတကွ စုစည်းထားရာ အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့် ကိုးယောက် ပူးပေါင်း တိုက်ခိုက်နေသည်နှင့် ညီမျှ၏။
“ဝေါ့...”
လုံယွမ်မှာလည်း သွေးတစ်လုတ် အန်ကာ နောက်သို့ ဆုတ်ခွာ လိုက်ရသည်။
“သူက အစွမ်းထက်လွန်းတယ်...”
များစွာသော လူများမှာ မျက်မှောင်များ ကြုတ်သွားကြသည်။
အခြေတည် ဝိညာဥ် အဆင့် နှစ်ယောက်ပင် ချန်းပေ့ရွှမ်း၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ ပို၍ ဆိုးသည်ကား ချန်းပေ့ရွှမ်း၏ ခြေထောက်မှာ မည်သည့် အတားအဆီးကိုမှ ကြုံတွေ့ခြင်း မရှိသည့်နှယ် မူလ အရှိန်အတိုင်း ဆက်လက် ကျဆင်းနေခြင်း ဖြစ်သည်။
“ငါ ကူညီပေးမယ်...”
တတိယမြောက် အလင်းတန်း တစ်ခုမှာ ကောင်းကင်သို့ ထိုးတက် လာပြန်၏။
“ငါရောပဲ...”
“ငါ့ကို မေ့နေကြတာလား...”
“ငါပါ ပါမယ်ဟေ့...”
ပိုမိုများပြားသော အလင်းတန်းများမှာ ကောင်းကင်သို့ တစ်ခုပြီး တစ်ခု ပျံတက် လာကြ၏။
တစ်...
နှစ်...
သုံး...
အဆုံး၌ နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်ကား အတူတကွ လှုပ်ရှား လာကြပြီ ဖြစ်သည်။ တောင်တန်း အင်ပါယာ၌ နတ်ဘုရား ဗိုလ်ချုပ် ၉ ယောက် ရှိခဲ့ပြီး တစ်ယောက်မှာ မြောက်နတ္ထိနယ် အကျဥ်းထောင်၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်မှာမူ နတ်ဘုရား သခင်၏ အနား၌ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်၏။
“ဟူး...”
နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်သည် အလင်းရောင်ခြည် ခုနစ်ခုကို ဝန်းရံကာ ကောင်းကင်တွင် လွင့်မြောနေကြ၏။ သူတို့ တစ်ယောက်ချင်းစီသည် လေ၊ မီး၊ မြေကြီး၊ လျှပ်စီး စသည်ဖြင့် မတူ ကွဲပြားသော ဥပဒေသများကို ပိုင်ဆိုင် ထားကြသည်။
“ဘုန်း...”
ဥပဒေသ ခုနစ်ခုက အတူတကွ ပေါင်းစည်းရာ ခုနစ်သွယ် အလင်းများ ယှက်ဖြာသော ရောင်ခြည်တန်း တစ်ခု ဖြစ်ပေါ်လာ၏။ နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်၏ ပေါင်းစည်းမှုကား သာမန် အခြေတည် ဝိညာဥ် အဆင့် ဆယ်ယောက် ပူးပေါင်း တိုက်ခိုက်ခြင်းထက်ပင် ပို၍ ပြင်းထန်လှပေသည်။
“ဘုန်း...”
ပေထောင်ချီ ရှည်လျားသော ရောင်ခြည်တန်းသည် ချန်းဖန်၏ ခြေထောက်အောက်ရှိ လေဟာနယ်ကို ပိတ်ဆို့ကာ ဆက်လက် ကျဆင်းခြင်းမှ တားဆီး၏။
“ခရက်... ခရက်...”
ရောင်ခြည်တန်းသည် ချန်းဖန်၏ ခြေထောက်ကို မတင်ကာ တောင်တန်း အင်ပါယာနှင့် အဝေးသို့ တွန်းပို့လိုက်သည်။
“စိတ်ဝင်စား စရာပဲ...”
ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွား၏။ သူသည် ထိုအခြေတည် ဝိညာဥ် အဆင့် ခုနစ်ယောက်မှာ သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ သူသည် ထိုတိုက်ခိုက်မှု၌ ခန္ဓာကိုယ် စွမ်းအား သီးသန့်ကိုသာ သုံးထားသည့်တိုင် သူ့အား တားဆီးနိုင်ခြင်းမျိုးမှာ ရှားပါးဖြစ်စဥ် တစ်ခု ဖြစ်ပေသည်။
“ဟားဟား... ချန်းပေ့ရွှမ်း... မင်းဟာက ဘာမှလည်း မဟုတ်ပါလား”
နံပတ် ၄ နတ်ဘုရား ဗိုလ်ချုပ်က အော်ဟစ် ရယ်မောလိုက်၏။
“ချန်းပေ့ရွှမ်း... မင်း ငါတို့ကိုတောင် မနိုင်တာ... ဘယ်လိုလုပ်ပြီး တောင်တန်း အင်ပါယာကို တိုက်ခိုက်နိုင်မှာလဲ... ဒါတောင် ရောင်းရင်း ပိုင်ဟယ် မလှုပ်ရှားရသေးဘူး”
အခြား နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ကလည်း ပြောသည်။
“ချန်းပေ့ရွှမ်း... အညံ့ခံလိုက်စမ်း... အချိန်မီသေးတယ်”
နံပတ် ၂ နတ်ဘုရား ဗိုလ်ချုပ် ထန်ချင်က မောက်မာစွာ အော်ငေါက်လိုက်၏။
ကောင်းကင်အရှင်များ အချို့မှာ ချန်းဖန် အတွက် စိုးရိမ်သွားမိကြသည်။ တောင်တန်း အင်ပါယာ၏ နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက် ပင်လျှင် ချန်းပေ့ရွှမ်း၏ ကမ္ဘာဖျက် တိုက်ခိုက်မှုကို ခုခံ နိုင်ခဲ့သည်။ သူတို့၏ အကြီးအကဲများ၊ ခေါင်းဆောင်များမှာ ယခုအထိ တစ်ချက်ပင် မလှုပ်ရှားရသေးချေ။
“ချန်းပေ့ရွှမ်းက ဒီလောက်ပဲ တတ်နိုင်တာလား... အဲဒါဆို သူက ဘာလို့ တောင်တန်း အင်ပါယာကို စိန်ခေါ်နေသေးလဲ...”
အချို့ ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ် သွားကြ၏။
ရှု ညီအမ၏ နောက်၌ ရပ်နေသော လူငယ်က ခေါင်းခါ လိုက်သည်။
“သက်သက် ဒီလို လာပြီး အချိန်ဖြုန်းမိတာပဲ... ကြည့်ရတာ ချန်းပေ့ရွှမ်းတော့ လှည့်ကွက်တွေ ကုန်သွားပြီ ထင်တယ်”
“နင်...”
ရှုနက ထိုလူငယ်ဘက်သို့ လှည့်ကာ ငြင်းခုန်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် ချန်းဖန်၏ အသံက ထွက်ပေါ်လာ၏။
“ကောင်းပြီလေ... အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့်ရဲ့ စွမ်းအားက ဘယ်လိုလဲ ဆိုတာ မင်းတို့ကို ငါ ပြသပေးရတာပေါ့... ကြည့်ထားကြ”
ထို့နောက် ချန်းဖန်က အော်ဟစ် လိုက်သည်။
“ရွှမ်ဝူ...”
“ဘုန်း...”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုသည် ချန်းဖန်၏ ခန္ဓာကိုယ်တွင် နိုးထလာ၏။ နတ်ဘုရား စက်ဝန်းသည် သူ၏ နောက်၌ ပေါ်လာသည်။ ပထမ ချိပ်တံဆိပ်တွင် ရွှမ်ဝူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ ဖြစ်တည် လာခဲ့သည်။
“ဘုန်း...”
ရွှမ်ဝူ ထွက်ပေါ်လာသည်နှင့် မိုးများသည် စတင် ရွာသွန်းကာ လျှပ်စီးများက လင်းလက်ကြ၏။ ချန်းဖန်၏ ပတ်လည်ရှိ ရွှမ်မင် အစစ်အမှန်ရေများသည် အနက်ရောင် မြစ်ကြီး ခုနစ်သွယ် အဖြစ် စီးဆင်းကြသည်။ ရေတစ်စက်ချင်းစီကား ရေကန် တစ်ခုကဲ့သို့သော အလေးချိန် ရှိလေရာ မြစ်ကြီး ခုနစ်စင်း၏ အလေးချိန်မှာ မည်မျှ အင်အားကြီးကြောင်း ခန့်မှန်းနိုင်ပေသည်။
“ခရက်...”
ရွှမ်ဝူ ထွက်ပေါ်လာသည်နှင့် နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်မှာ ယောင်ယမ်း၍ ခြေတစ်လှမ်း ဆုတ်လိုက်မိကြသည်။ သူတို့သည် တောင်တန်းများစွာ ကျဆင်းလာသလို ခံစားနေကြရ၏။ သူတို့ ခုနစ်ယောက် ပူးပေါင်းလျှင်ပင် ထိုအရာကို တားဆီးနိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုအရာက အစမျှသာလျှင် ဖြစ်၏။
“အဇူရာ သက်ရှည်...”
ချန်းဖန်က အော်ဟစ်လိုက်ရာ နတ်ဘုရား စက်ဝန်း ဒုတိယ ချိပ်တံဆိပ်မှာ နိုးထလာ၏။ ကမ္ဘာ သစ်ပင် ပေါ်ထွက်လာသည်နှင့် လေထုသည် ချက်ချင်း လေးလံ သွားသည်။ နတ်ဘုရား သစ်ရွက်များသည် လှုပ်ခါကာ ပင်စည်မှာ ပေပေါင်း ထောင်သောင်းချီသည် အထိ ကြီးထွားလာ၏။
“ဘုန်း...”
ကမ္ဘာ သစ်ပင်နှင့် ရွှမ်ဝူတို့၏ ဖိအားတွင်ပင် နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်မှာ နောက်သို့ ပေတစ်ရာခန့် ဆုတ်ခွာ လိုက်ရသည်။
“ခွန်ပန်...”
ချန်းဖန်က ထပ်မံ အော်ဟစ်လိုက်၏။
ခွန်ပန်သည် စကြဝဠာ၌ လေလွင့်ကာ နေကိုပင် ဝါးမျိုနိုင်သည့် ကောင်းကင် သားရဲကြီး ဖြစ်သည်။ ၎င်း၏ တောင်ပံ နှစ်ဖက်သည် ပေတစ်သိန်း အလျားကို ဖြန့်ကျက်ကာ တောင်တန်း အင်ပါယာ တစ်ခုလုံးပေါ်ကို ဖုံးအုပ်လေ၏။
“ဘုန်း...”
နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်မှာ ပေတစ်ထောင် အမြင့် အထိ ထပ်မံ နိမ့်ကျသွား၏။ သူတို့၏ ခန္ဓာကိုယ်များ၌ ဝန်းရံနေသော အလင်းများ ပင်လျှင် ပျောက်ကွယ်လု မတတ် မှေးမှိန် သွားခဲ့လေသည်။
“သေစမ်း...”
ချန်းဖန်သည် အထွတ်အထိပ် အမြုတေ သုံးခု၏ စွမ်းအားကို သုံးကာ တောင်တန်း အင်ပါယာအား နောက်တစ်ကြိမ် နင်းချေရန် ကြိုးစားလိုက်ပြန်သည်။
“ရောင်းရင်းတို့...”
နံပါတ် ၂ နတ်ဘုရား ဗိုလ်ချုပ်က အော်ဟစ်ကာ အလင်းတန်း တစ်ခုအသွင် ပြောင်းလဲ လိုက်၏။
“ဘုန်း...”
တစ်ချိန်တည်း၌ အခြားသော နတ်ဘုရား ဗိုလ်ချုပ်များကလည်း ချက်ချင်းပင် စွမ်းအားများကို လောင်ကြွမ်းကာ အထက် ကောင်းကင်သို့ ပျံတက် လိုက်ကြသည်။
“မီး...”
နံပတ် ၉ နတ်ဘုရား ဗိုလ်ချုပ် ကျဲ့ရှန်က အော်ဟစ် လိုက်သည်။ အနီရောင် မီးတောက်သည် သူ၏ ခန္ဓာကိုယ်ကို လောင်စာပြုကာ ကျွမ်းလောင်လာ၏။ တစ်ချိန်တည်း၌ အခြား နတ်ဘုရား ဗိုလ်ချုပ် ခြောက်ယောက်ကလည်း သူတို့၏ ခန္ဓာကိုယ်ကို စတေးကာ အစွမ်း အထက်ဆုံး ကျင့်စဥ်များကို အသက်သွင်း လိုက်ကြသည်။ နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်၏ အတူတကွ စုပေါင်းမှုတွင် ချန်းဖန်၏ ခြေထောက်မှာ ပေတစ်ထောင် အထိ အပေါ်သို့ ပြန်လည် မြင့်တက်သွား၏။
နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက် အမော မပြေခင်မှာပင် ချန်းဖန်က ထပ်မံ အော်ဟစ်လိုက်သည်။
“လိန်ဟူ...”
“မိစ္ဆာ ဘိုးဘေး...”
“မဟာ တာအို...”
“ဘုန်း... ဘုန်း... ဘုန်း...”
နတ်ဘုရား စက်ဝန်း၏ ချိပ်တံဆိပ် သုံးခုသည် ထပ်မံ လင်းလက်လာ၏။ လိန်ဟူသည် လူသား ခန္ဓာနှင့် နဂါးဦးခေါင်းကို ပိုင်ဆိုင်ကာ မိစ္ဆာ ခြောက်ကောင်မှာ ဟိန်းဟောက်မှာ ဟိန်းဟောက် နေကြသည်။ တစ်ချိန်တည်း၌ ပေတစ်သောင်း မြင့်မားသော မီးပြင်းဖိုမှာ အရှိန်ပြင်းစွာ လည်ပတ်နေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ထိုအခိုက်အတန့်၌ ချန်းဖန်၏ ရင်ခုန်သံ ပင်လျှင် တောင်တန်းများကို တုန်လှုပ်သည် အထိ ရိုက်ခတ်နေ၏။ သူ၏ ပတ်လည်ရှိ ကောင်းကင်မှာ ဖိအားများကြောင့် စတင် အက်ကွဲလာခဲ့လေသည်။
“ဘုန်း...”
ယခုတစ်ကြိမ်တွင်မူ နတ်ဘုရား ဗိုလ်ချုပ်များမှာ ချန်းဖန်၏ ရွှေရောင် ခြေထောက်ကြီးကို ခုခံနိုင်စွမ်း မရှိတော့ချေ။ ပထမဆုံး နတ်ဘုရား ဗိုလ်ချုပ် ကျဲ့ရှန်မှာ ပေါက်ကွဲကာ သွေးမြူများ အဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်ဆက်တည်းလိုလိုပင် အခြား နတ်ဘုရား ဗိုလ်ချုပ် ခြောက်ယောက်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲကုန်ကြလေ၏။
နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်ကား ချန်းဖန်၏ ခြေထောက်အောက်၌ ရှင်းလင်းခံလိုက်ရပြီ ဖြစ်လေသည်။ လူတိုင်းသည် ဆွံ့အသွားကြလေ၏။
***