← Chapters

ပစ်ပေါက်ခြင်း

Vol. 11 Ch. 1002

ပစ်ပေါက်ခြင်း

Vol. 11 Ch. 1002

“ဘာလဲ...”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။

ထိုအရာကား တောင်တန်း အင်ပါယာ၏ နာမည်ကျော် နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက် ဖြစ်သည်။ အားအနည်းဆုံး ဖြစ်သည့် ကျဲ့ရှန် ပင်လျှင် သာမန် ကောင်းကင်အရှင်များထက် ပို၍ အစွမ်းထက်သည်။ နံပတ် ၂ ဗိုလ်ချုပ် ထန်ချင် ဆိုလျှင် အခြေတည် ဝိညာဥ် အလယ်ဆင့် အောက်၌ ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသည်။

သို့တိုင်အောင် ချန်းပေ့ရွှမ်းသည် နတ်ဘုရား ဗိုလ်ချုပ် ၇ ယောက် စလုံးကို ပုရွက်ဆိတ်များ ကဲ့သို့ နင်းခြေကာ သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။

“ဘယ်လိုလဲ... ရှင် အခုတော့ ကောင်းကင်အရှင်ချန်းကြောင့် အံ့အားသင့် နေရပြီ မလား...”

ရှုနက သူမတို့၏ အနောက်နား၌ ရပ်နေသော လူငယ် ကျင့်ကြံသူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

လူငယ် ကျင့်ကြံသူမှာ ရှုန၏ စကားကို ကြားရမှ သတိပြန်ဝင် လာခဲ့သည်။ သို့တိုင်အောင် သူက ဝန်ခံခြင်း မပြုပဲ နှာခေါင်းရှုံ့ လိုက်၏။

“ဟမ့်... အဲဒါက နတ်ဘုရား ဗိုလ်ချုပ်လေးတွေပဲ မလား... တောင်တန်း အင်ပါယာမှာ သူတို့ထက် ပိုပြီး အစွမ်းထက်တဲ့သူ အများကြီး ကျန်သေးတယ်... အပျော်မစောနဲ့ဦး”

“ကောင်းပြီလေ... စောင့်ကြည့်ကြတာပေါ့”

ရှုနက ပြုံးလိုက်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ရုတ်တရက် ရွှေရောင် အလင်းတန်း ခုနစ်ခုမှာ သွေးမြူများ အတွင်းမှ ထွက်ပေါ်လာကာ တောင်တန်း အင်ပါယာဘက်သို့ ပြေးရန် ကြိုးစား လိုက်ကြသည်။ ထိုအရာများကား နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်၏ အခြေတည် ဝိညာဥ်များပင် ဖြစ်ကြသည်။

“ပြေးလို့ လွတ်မယ်များ ထင်နေကြလား...”

ချန်းဖန်က တည်ငြိမ်စွာပင် ရေရွတ် လိုက်၏။

“ဘုန်း...”

ကောင်းကင်တွင် ထစ်ချုန်းသံ တစ်ခု ထွက်ပေါ်လာကာ လေထုမှာ ချက်ချင်းပင် သံမဏိပြား တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ အခြေတည် ဝိညာဥ် များမှာ ထိန်းချုပ်ခံရကာ တစ်လက်မပင် ရွေ့လျားနိုင်ခြင်း မရှိတော့ချေ။

“ဘုန်း... ဘုန်း... ဘုန်း...”

အခြေတည် ဝိညာဥ်များကား ချက်ချင်းပင် ပူပေါင်းများ ကဲ့သို့ ပေါက်ကွဲကုန်ကြတော့သည်။ အဆုံး၌ နတ်ဘုရား ဗိုလ်ချုပ် ထန်ချင် တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့၏။ သူသည် ဓမ္မ ရတနာ တစ်ခု၏ အကာအကွယ်ဖြင့် ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။

“ရပ်စမ်း...”

“ခွေးမသား ချန်းပေ့ရွှမ်း... သေဖို့သာပြင်...”

ဒေါသတကြီး အော်ဟစ်သံများနှင့် အတူ တောင်တန်း အင်ပါယာ၏ အကြီးအကဲများမှာ ကောင်းကင်ထက်သို့ ပျံတက်လာကြ၏။

“အတင့်ရဲလိုက်တဲ့ ကောင်...”

တစ်ချိန်တည်း၌ နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်၏ လက်တွင် ရွှေရောင်လှံ တစ်စင်း ပေါ်လာခဲ့သည်။ ထိုလှံသည် ရွှေသတ္တုဖြင့် ပြုလုပ်ထားကာ အဆုံးမဲ့ နတ်ဘုရား အင်အားကို သယ်ဆောင်ထားသည်။ လှံ၏ ထိပ်ဖျားသည် အလွန်အမင်း ချွန်မြကာ အရာရာအား ဖောက်ထွင်းနိုင်ပုံ ပေါ်သည်။

“ဝှစ်...”

ပိုင်ဟယ်က လှံအား ပစ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့်၌ တောင်တန်း အင်ပါယာ အထက်ရှိ ကောင်းကင်သည် ထက်ပိုင်းဖြတ် ခံလိုက်ရပုံပင် ပေါ်သည်။ ရွှေရောင် လှံတံသည် လေထုကို မျက်တောင် တစ်ခပ်စာ အတွင်း ဖြတ်သန်းကာ ပေတစ်ထောင် ရှည်လျားသော ရောင်ခြည်တန်းကို ဖန်တီး၏။

များစွာသော ကောင်းကင်အရှင်များမှာ လှံ၏ စွမ်းအားကို ကြည့်ကာ ရင်ထိတ် သွားကြသည်။ အကယ်၍ သူတို့သာ ထိုလှံနှင့် ရင်ဆိုင်ရပါက မသေလျှင်ပင် ဒဏ်ရာ ကြီးစွာ ရသွားပေလိမ့်မည်။

“ကောင်းလိုက်တဲ့ လှံ... အဲဒီလှံက ကောင်းကင်အရှင် တထျန်းကိုယ်တိုင် လုပ်ခဲ့တဲ့ နာမည်ကျော် နတ်ဘုရားသတ်လှံရဲ့ ကိုယ်ပွား လှံတစ်ခုပဲ ဖြစ်ရမယ်...”

ဟိုထျန်း ဓားဂိုဏ်း၏ ဓားသခင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

တစ်ခေတ်တစ်ခါက ကောင်းကင်အရှင် တထျန်းသည် နတ်ဘုရားသတ်လှံကို သုံး၍ မရေမတွက်နိုင်သော မိစ္ဆာများကို သုတ်သင်ခဲ့သည်။ ပိုင်ဟယ်၏လှံသည် ကိုယ်ပွားလှံ တစ်ခု ဖြစ်သည့်တိုင်အလွန်အမင်း အစွမ်းထက်နေဆဲ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာမူ ဂရုစိုက်ခြင်း အလျင်း မရှိခဲ့ချေ။ သူ၏ ရွှေရောင် တန်ခိုးရှင် ခန္ဓာသည် ပေတစ်သိန်းခန့် မြင့်မားနေလေရာ ကောင်းကင်ကိုပင် ဖောက်ထွက်တော့မည့်ပုံ ပေါ်၏။ သူ၏ ပုံစံကား လောကကို ငုံ့ကြည့်နေသည့် နတ်ဘုရား တစ်ပါးနှင့်ပင် အလား သဏ္ဌာန် တူသေးသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

များစွသော အလင်းများသည် ချန်းဖန်အား ရိုက်ခတ်ကြရာ မိုးကြိုး ထစ်ခြိမ်း သကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ နတ်ဘုရားသတ်လှံတံသည် ရိုးတံ တစ်ဝက်ခန့် ချန်းဖန်၏ ပေါင်ကို စိုက်ဝင်သွား၏။ သို့သော်လည်း လှံမှာ သုံးပေခန့်သာ ရှည်လျားပြီး ချန်းဖန်၏ ပေါင်မှာ တောင်တစ်လုံးထက်ပင် ကြီးမားလေရာ ထိုအရာက အယားပင် မပြေလှချေ။

“ဘုန်း...”

ထို့နောက် နောက်ဆုံး ကျန်ရစ်သော နတ်ဘုရား ဗိုလ်ချုပ်မှာ ပေါက်ကွဲကာ ချန်းဖန်၏ ခြေထောက်မှာ တောင်တန်း အင်ပါယာပေါ်သို့ ကျဆင်းသည်။

“ကလန့်... ကလန့်...”

များစွာသော အစီအရင်များသည် တစ်ခုပြီး တစ်ခု နိုးထလာကာ ချန်းဖန်အား တားဆီးလိုက်ကြသည်။ သို့တိုင်အောင် ချန်းဖန်၏ ခြေထောက်သည် အစီအရင် ရှစ်ခုကို တစ်ဆက်တည်း ဖျက်ဆီး ပစ်ကာ ဆက်လက် ကျဆင်းလာ၏။ နောက်ဆုံး၌ ချန်းဖန်၏ ခြေထောက်ကား တောင်ထိပ်ရှိ ခန်းမအိုနှင့် ပေတစ်ရာခန့်သာ ကွာဝေးပေတော့သည်။

ထိုအခိုက်အတန့်၌ တောင်တန်း အင်ပါယာပေါ်ရှိ ကျင့်ကြံသူတိုင်း၏ သွေးများမှာ ‌ဒေါသဖြင့် ပွက်ပွက်ဆူ လာကြ၏။

တောင်တန်း အင်ပါယာသည် ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်းသိန်းနှင့်ချီ စိုးမိုးခဲ့သည်။ ထိုကာလအတွင်း၌ မည်သူမျှ သူတို့အား စိန်မခေါ်ရဲခဲ့ကြချေ။ သို့သော်လည်း ယခုတွင်မူ ခြေထောက်တစ်ခုသည် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး၏ အရှေ့တွင်ပင် တောင်တန်း အင်ပါယာပေါ်သို့ ကျဆင်းလာခဲ့သည်။ ထိုအရာက သူတို့အား ကြီးမားစွာ အရှက်ရစေ၏။

“ပိုင်ဟယ်... သူ့ကို သတ်စမ်း”

နတ်ဘုရားသခင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

“အမိန့်တိုင်းပါ အရှင်...”

နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်မှာ ပေပေါင်းထောင်ချီသည် အထိ ကြီးမားလာကာ အလင်းတစ်ခုအလား ကောင်းကင်သို့ ထိုးတက်သွား၏။ သူက ညာလက်အား ဆန့်ထုတ်လိုက်ရာ ရွှေရောင်လှံက နေရာယူ လာခဲ့သည်။ သူသည် ထိုလှံကို ချန်းဖန်ထံ ပစ်လွှတ်လိုက်၏။ ထို့နောက် ဒုတိယမြောက် ရွှေရောင် လှံတံမှာ သူ၏ လက်၌ ပေါ်လာပြန်သည်။

“ဝှစ်... ဝှစ်...”

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ပိုင်ဟယ်သည် လှံအစင်းပေါင်း များစွာကို ပစ်လွှတ်လိုက်၏။ လှံတစ်ခုချင်းစီသည် ချန်းဖန်၏ ပေါင်၌ စိုက်ကာ ပေပေါင်း အနည်းငယ် နက်သော ဒဏ်ရာများကို ဖြစ်ပေါ် လာစေသည်။ မည်သို့ပင် ဆိုစေ သူ၏ ခန္ဓာကိုယ်အား အစစ်အမှန် တန်ခိုးရှင် ရွှေခန္ဓာ မဟုတ်သေးရာ ပြိုင်ဘက်ကင်းခြင်း မရှိသေးချေ။

“ကျူးဝမ်မျိုးနွယ်တွေကို သတ်ခဲ့တာ မင်းလား...”

ချန်းဖန်က ခေါင်းကို ငုံ့ကာ ထိုနတ်ဘုရား ဗိုလ်ချုပ်အား ကြည့်လိုက်၏။

“ငါပဲ... တောင်တန်း အင်ပါယာကို ဆန့်ကျင်ဖို့ ကြိုးစားတဲ့လူတိုင်း အဲ့လို ကံကြမ္မာမျိုးနဲ့ ကြုံရမယ်”

နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်က အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ သူသည် ရွှေရောင် လှံကို ကိုင်၍ ထည်ဝါစွာ ရပ်ကာ မောက်မာမှုကို ဆင်မြန်းထားလေ၏။

“အဲဒါဆို သေလိုက်တော့...”

ချန်းဖန်က လက်သီးကို မြှောက်ကာ ထိုးနှက်လိုက်သည်။

“ဘုန်း...”

ကမ္ဘာလောက တစ်ခုလုံးသည် ငလျင်လှုပ်သည့် အလား တုန်ရီသွား၏။ ချန်းဖန်၏ နတ်ဘုရား ခန္ဓာသည် ပေတစ်သိန်း မြင့်မားလေရာ သူ၏ လက်သီးချက်မှာ မည်မျှ ပြင်းထန်မည်ကို ခန့်မှန်းနိုင်ပေသည်။

သို့သော်လည်း ပိုင်ဟယ်မှာမူ ကြောက်လန့်ခြင်း မရှိချေ။ သူသည် အလင်းလွှာများကို ခြံရံကာ ကောင်းကင်တွင်ပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူ၏ လက်ထဲရှိ နတ်ဘုရားသတ်လှံမှာလည်း ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်ကာ တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့လေ၏။

“ဘုန်း...”

ချန်းဖန်နှင့် ပိုင်ဟယ်တို့ ထိပ်တိုက်တွေ့သည်နှင့် ကောင်းကင်သည် စတင် အက်ကွဲကာ လောကမှာလည်း ယိုယွင်းစ ပြုလာ၏။ ပေထောင်ချီ မြင့်မားသော လှိုင်းများမှာ စိမ်းပြာရောင် ရေကန်ထဲ၌ ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော နတ်နဂါးများမှာ ဆက်လက် မြူးထူးရဲခြင်း မရှိတော့ပဲ ရေအောက်သို့ ထိတ်လန့်တကြား တိုးဝင်သွားကြလေ၏။

“ဝှစ်... ဝှစ်...”

တစ်ချိန်တည်း၌ ကောင်းကင်အရှင်များမှာ နောက်သို့ ခုတ်ခွာကာ လေသင်္ဘောများကို ဖုံးအုပ်၍ အကာအကွယ် အစီအရင်များကို ခင်းကျင်း လိုက်ကြသည်။

“ခရက်... ခရက်...”

ချန်းဖန်၏ လက်သီးချက်အောက်၌ ပိုင်ဟယ်၏ နံရိုး အချို့မှာ ကျိုးကြေသွားသည်။ တစ်ချိန်တည်း၌ ပိုင်ဟယ်၏ လှံတံကလည်း ချန်းဖန်၏ ခန္ဓာ၌ အပေါက်တစ်ခုကို ချန်ရစ်၏။ ရွှေရောင်သွေးများကား လေထုတစ်လျှောက် ကြဲပြန့်သွားသည်။

“သတ်... သတ်... သတ်...”

တိုက်ပွဲ၏ အရှိန်သည် မြင့်မားသထက် မြင့်မားလာ၏။

နတ်ဘုရား အသွင် ခြောက်ခုသည် ချန်းဖန်၏ အနောက်၌ ဖြစ်တည် နေရာယူနေခဲ့သည်။ ရွှမ်ဝူနှင့် ခွန်ပန်သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်နေကြ၏။ ချန်းဖန်သည် ပေပေါင်း ထောင်ချီမြင့်မားသော တောင်တစ်ခုကို အရင်းမှ နှုတ်ယူကာ ပိုင်ဟယ်ထံ တိုက်ရိုက် ပစ်ခတ်လိုက်သည်။ ပိုင်ဟယ်သည် တောင်ကို ရိုက်ကာ ဖျက်ဆီးနိုင်လိုက်သော်လည်း သူ၏ လက်နှစ်ဖက်မှာမူ ထက်ပိုင်း ကျိုးကြေသွား၏။

ချန်းဖန်ကား ပိုင်ဟယ်ထက် အဆများစွာ ပိုမို အစွမ်းထက်ပေသည်။ အကယ်၍ တောင်တန်း အင်ပါယာ၏ အစီအရင်များနှင့် ရွှေရောင် လှံတံကြောင့်သာ မဟုတ်လျှင် ပိုင်ဟယ်မှာ ချန်းဖန်အား ယခုလောက်အထိပင် ယှဥ်၍ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

“ဘုန်း... ဘုန်း... ဘုန်း...”

ရှစ်ကြိမ်မြောက် ထိပ်တိုက် တိုက်ခိုက်ပြီးနောက် ပိုင်ဟယ်၏ ခုခံနိုင်စွမ်းမှာ တဖြည်းဖြည်း ကျဆင်း လာခဲ့သည်။ သူသည် နောက်သို့ အဆက်မပြတ် ဆုတ်နေရ၏။

“သူက ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ... ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေရင် ဆယ်ကွက် အတွင်း ငါရှုံးသွားရတော့မယ်... ကြည့်ရတာ နတ်ဘုရား တပ်မဟာနဲ့ အကြီးအကဲတွေကိုပါ စုစည်းဖို့ အချိန်တန်ပြီ ထင်တယ်”

ပိုင်ဟယ်မှာ ထိတ်လန့်တကြား တွေးလိုက်မိ၏။ သို့သော်လည်း သူ အမိန့်မပေးရသေးခင် မှာပင် ချန်းဖန်၏ အသံက ပေါက်ကွဲကာ ထွက်ပေါ်လာသည်။

“မီးပြင်းဖို...”

“ဘုန်း...”

ရုတ်တရက် မီးပြင်းဖိုကြီး တစ်ခုသည် ကောင်းကင်တွင် ပေါ်လာခဲ့၏။ ထိုမီးပြင်းဖိုသည် ကောင်းကင်တာအို သင်္ကေတများ ‌ပြည့်နှက်နေကာ ပေတစ်သောင်းခန့် ကြီးမားပေသည်။ ချန်းဖန်သည် ထိုမီးပြင်းဖိုကို ကိုင်ကာ ပိုင်ဟယ်ထံ ပစ်ပေါက်လိုက်သည်။

ကောင်းကင်တစ်ခုလုံး ပြိုကျလာသည့် အင်အားမျိုးကို ပိုင်ဟယ် အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

“ဘုန်း...”

မီးပြင်းဖို၏ ထုရိုက်မှု၌ ပိုင်ဟယ်၏ ပေပေါင်းထောင်ချီ မြင့်မားသည့် ဓမ္မ ခန္ဓာမှာ တစ်စစီ ပြိုကျ ပျက်စီးသွားတော့၏။

***

All Chapters