← Chapters

နတ်ဘုရား မိုးကြိုး

Vol. 11 Ch. 1003

နတ်ဘုရား မိုးကြိုး

Vol. 11 Ch. 1003

"ပိုင်ဟယ် ရှုံးသွားပြီလား…"

များစွာသော ကောင်းကင်အရှင်များမှာ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။

နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်သည် လွန်ခဲ့သည့် နှစ်ထောင်ချီမှ စ၍ ထျန်းဟောင်ဂြိုဟ်တွင် ကျော်ကြားခဲ့သည်။ သူသည် တောင်တန်း အင်ပါယာ၌ နတ်ဘုရား သခင် ပြီးလျှင် လွှမ်းမိုးရှိ အရှိဆုံး ဖြစ်၏။ အချို့ ကောင်းကင်နယ်များရှိ သက်တမ်းရှည် အခြေတည် ဝိညာဉ် အဆင့် လူအိုကြီးများပင် သူတို့သည် ပိုင်ဟယ်ထက် ပို၍ အစွမ်းထက်ကြောင်း မပြောရဲကြချေ။

"အား…"

နာကျင်သော အော်ဟစ်သံ တစ်ခုနှင့် အတူ ပိုင်ဟယ်၏ မူလ ခန္ဓာမှာ ပြန်လည် ပေါ်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ရှိ ရွှေရောင် ချပ်ဝတ်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ သူ၏ ဆံပင်များမှာ ဖွာလန်ကြဲနေကာ သူ၏ နှုတ်ခမ်းမှာလည်း သွေးစ သွေးနများဖြင့် ပြည့်နှက် နေ၏။ ပိုင်ဟယ်ကား ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်လေသည်။

"ငါရှုံးသွားပြီလား…"

ပိုင်ဟယ်မှာ ယခုထိ မယုံကြည်နိုင် သေးချေ။ သူသည် ချန်းဖန်၏ တိုက်ခိုက်မှုကို ဆယ်ကွက်ခန့် ဆက်လက် ခုခံနိုင်ဦးမည်ဟု ထင်ထားခဲ့သည်။ ထိုအပြောင်းအလဲက သူ၏ ယုံကြည်ချက်ကို ထိုးနှက်ခဲ့၏။

"အခြေတည် ဝိညာဉ် အလယ်ဆင့်လောက်နဲ့ ငါ့ကို သတ်ချင်တာလား…"

ချန်းဖန်က အော်ဟစ်ကာ ပိုင်ဟယ်အား ဖနှောင့်ဖြင့် ပေါက်လိုက်၏။

"ဘုန်း…"

ပိုင်ဟယ်၏ ခန္ဓာကိုယ်မှာ အရုပ်ကြိုးပြတ်ဖြင့် ကောင်းကင်မှ ရေကန်ထဲသို့ ပြုတ်ကျလေသည်။ သူကား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေလေရာ ရေကန် အောက်ခြေနှင့် ထိမှ အရှိန် သတ်နိုင်တော့သည်။

"ခွေးမသား… ငါ မင်းကို သတ်မယ်…"

ပိုင်ဟယ်သည် ချက်ချင်းပင် ရေထုကို ဖောက်ထွက်ကာ လေထဲသို့ ပြန်လည် ပျံတက်လာ၏။

ရွှေရောင် မီးတောက်သည် သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြွမ်းလောင်နေသည်။ တစ်ချိန်တည်း၌ သူ၏ လက်ရှိ လှံတံသည် တစ်လောကလုံးကို အမှု မထားဟန် ရွှေရောင် အလင်းဖြင့် တောက်ပနေ၏။

"မင်းကလား…"

ချန်းဖန်က သူ့အား အေးစက်စွာ ငုံ့ကြည့် လိုက်သည်။ နတ်ဘုရား အသွင် ခြောက်ခုသည် သူအား ဝန်းရံနေ၏။ တစ်ချိန်တည်း၌ နတ်ဘုရား စက်ဝန်းသည် ဖြည်းညင်းစွာ လည်ပတ်ကာ အဆုံးမဲ့ စွမ်းအား ရင်းမြစ်ကို ထောက်ပံ့နေသည်။

"ဘုန်း…"

ချန်းဖန်က ခြေထောက်ကို မြှောက်ကာ နောက်တစ်ကြိမ် ထပ်နင်းရန် ဟန်ပြင် လိုက်၏။

"ရပ်စမ်း…"

တောင်တန်း အင်ပါယာ၏ အကြီးအကဲများက အော်ဟစ် တားဆီးလိုက်ကြသည်။

"ဟမ့်… ငါက မင်းတို့ ကျူးဝမ်မျိုးနွယ်ကို လုပ်တဲ့ အတိုင်း ပြန်လုပ်ရုံတင်ပါ"

ချန်းဖန်က ဆိုရင်း ပိုင်ဟယ်၏ အပေါ်သို့ ခြေထောက်ကို နင်းချလိုက်၏။

"မင်းတို့က ကျူးဝမ် မျိုးနွယ်ရဲ့ အကြီးအကဲတွေကို သတ်တယ်… ငါက မင်းတို့ရဲ့ နတ်ဘုရား ဗိုလ်ချုပ်တွေကို သတ်တယ်…"

"မင်းတို့က ကျူးဝမ်မျိုးနွယ်ဝင် သန်းပေါင်းများစွာကို သတ်တယ်… အဲဒီ အတွက် ငါက မင်းတို့ တောင်တန်း အင်ပါယာ တစ်ခုလုံးကို ရှင်းပစ်မယ်"

စကားပြောနေစဉ်မှာပင် ချန်းဖန်၏ ခြေထောက်မှာ ဆက်လက် ကျဆင်း လာနေခဲ့သည်။ လူများသည် နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်ကို ကြည့်ကြရာ အခြေအနေ သိပ်မကောင်းတော့ကြောင်း တွေ့မြင် ကြရသည်။ သူသည် ရွှေရောင် လှံတံကို ကိုင်ဆွဲကာ အစွမ်းကုန် တိုက်ခိုက်နေသည့်တိုင် ခြေထောက်၏ ကျဆင်းမှုကို တစ်စက္ကန့်ပင် မတားနိုင်ခဲ့ချေ။

"သတ်…"

အကြီးအကဲများကား ဆက်လက် တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။

"ဘုန်း… ဘုန်း… ဘုန်း…"

ခဏအတွင်းမှာပင် ဓား၊ လှံ၊ တင်းပုတ်… စသည်ဖြင့် မတူညီသော ကောင်းကင် ရတနာပေါင်း သုံးဆယ်သည် ချန်းဖန်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးထံ ကျဆင်းလာကြသည်။

ကောင်းကင်အရှင် အယောက်သုံးဆယ်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု… ထိုအရာကား ကမ္ဘာပျက် မတတ် ပြင်းထန်လွန်း လှ၏။

"သွားစမ်း…"

ချန်းဖန်က လက်တစ်ဖက်အား လွှဲကာ ကောင်းကင် ရတနာ အချို့ကို ရိုက်ဖက် လိုက်သည်။

ချန်းဖန်သည် နတ်ဘုရား အင်အား ကိုးခုကလည်း အထောက်အပံ့ဖြင့် တန်ခိုးရှင် ရွှေခန္ဓာကို ထုတ်ဖော်ထားရာ သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း အစွမ်းထက် လှသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင် ရသည့်တိုင် တစ်လက်မမျှသော ဒဏ်ရာလေးများကိုသာ ရရှိ၏။

တစ်ချိန်တည်း၌ ချန်းဖန်၏ လက်ဝါးက မြေပြင်သို့ ကျဆင်းသည့် ကြယ်ကြွေ တစ်စင်း အလားကမ္ဘာပျက် မတတ် ပြင်းထန်လွန်းလှသည်။

"ဘုန်း…"

အကြီးအကဲ တစ်ယောက်သည် အချိန်မီ မပြေးနိုင်ရာ လက်ဝါး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် ပတ်လည်၌ လင်းလက်နေသော အလင်းလွှာများသည် အသုံးမဝင်သည့် အလား တစ်စစီ ကျိုးပဲ့ ကုန်သည်။ သူ၏ နတ်ဘုရား ခန္ဓာကိုယ်နှင့်  အခြေတည် ဝိညာဉ်သည်  လျှို့ဝှက် ရတနာများနှင့် အတူ အပိုင်းပိုင်း ဖျက်ဆီး ခံလိုက်ရ၏။

"သတ်…"

တောင်တန်း အင်ပါယာ အကြီးအကဲများ၏ မျက်လုံးများကား ဒေါသဖြင့် ချင်းချင်းနီ နေကြပြီ ဖြစ်လေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

သူတို့၏ တိုက်ခိုက်မှုများမှာ နှစ်ဆ အထိ ပိုမို ပြင်းထန်လာကာ ချန်းဖန်၏ ခန္ဓာကိုယ် အနှံ့အပြား၌ ဒဏ်ရာများကို ချန်ရစ်၏။ အချို့ အကြီးအကဲများ ဆိုလျှင် ပေတစ်သောင်း မြင့်မားသော သူတို့၏ ဓမ္မ ခန္ဓာများကို ထုတ်ဖော် နေကြပြီ ဖြစ်လေသည်။

သို့တိုင်အောင် ချန်းဖန်၏ လက်ဝါးချက်များက အလွန် ပြင်းထန်လွန်းလှ၏။ ထိမှန်ခံရသည့် များစွာသော အကြီးအကဲများမှာ အရိုးများ ကျိုးကြေကာ သွေးများ အန်ထုတ် လိုက်ကြရသည်။

"ဘုန်း…"

လောကသည် ယိုယွင်းလာပုံ ရ၏။ မုန်တိုင်းသည် တိုက်ပွဲကို ဗဟိုပြုကာ အဖက်ဖက်သို့ ပြင်းထန်စွာ တိုက်ခက်နေသည်။ များစွာသော ရွှေပွဲလာ ကျင့်ကြံသူများသည် ချက်ချင်းပင် မိုင်တစ်ထောင် အကွာအဝေးသို့ ဆုတ်ခွာလိုက်ကြရလေသည်။

"ပြင်းထန်လိုက်တဲ့ တိုက်ပွဲ…"

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိတ်လန့် တုန်လှုပ်နေကြသည်။ ထိုအရာက အခြေတည် ဝိညာဉ် အဆင့်များ၏ စွမ်းအား အပြည့် တိုက်ပွဲကို ပထမဆုံး အကြိမ် အဖြစ်  သူတို့ တွေ့မြင်ဖူးခြင်း ဖြစ်လေသည်။

"သူက အရမ်း အစွမ်းထက်လွန်းတယ်… ငါတို့ နှစ်သောင်းချီ ကျင့်ကြံမယ် ဆိုရင်တောင် သူ့ အဆင့်ကို ဘယ်တော့မှ ရောက်မယ် မထင်တော့ဘူး"

အချို့ ရွှေအမြုတေ အဆင့် လူအိုကြီးများမှာ ရေရွတ်ကြ၏။

"အခြေတည် ဝိညာဉ် အဆင့်တွေက အစွမ်းထက်တယ် ဆိုပေမဲ့ ချန်းပေ့ရွှမ်းက ပိုပြီး အစွမ်းထက်နေတယ်… သူက အခြေတည် ဝိညာဉ် အဆင့် အယောက် ၃၀ နဲ့ တိုက်ခိုက်နေတဲ့ အပြင် တစ်ချိန်တည်းမှာ နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်ကိုလည်း ဖိအားပေးထားနိုင်ခဲ့တယ်… နောက်ပြီး သူ့ရဲ့ ဓမ္မ ခန္ဓာကလည်း ပေတစ်သိန်းလောက် ရှိတယ်… ထျန်းဟောင်ဂြိုဟ်ရဲ့ သမိုင်း တစ်လျှောက်မှာ ကောင်းကင်အရှင် တထျန်းက လွဲလို့ ဘယ်သူမှ ဒီလောက် ကြီးမားတဲ့ ဓမ္မ အသွင်ကို မဖော်ထုတ်နိုင်ခဲ့ဘူး"

အခြား ကျင့်ကြံသူများကလည်း လေးနက်စွာ ပြောဆိုကြ၏။

ဓမ္မ အသွင် ဆိုသည်မှာ ဓမ္မ စွမ်းအားများဖြင့် ဖန်တီးထားသည့် ရုပ်ခန္ဓာကို ဆိုလိုခြင်း ဖြစ်သည်။ သာမန် အခြေတည် ဝိညာဉ် အဆင့်များ၏ ဓမ္မ ခန္ဓာသည် ပေတစ်သောင်း ဖြစ်သည်။ နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်၏ ဓမ္မ ခန္ဓာမှာ ပေ သုံးသောင်း ရှည်လျားကာ ချန်းပေ့ရွှမ်း၏ ဓမ္မ ခန္ဓာမှာကား ပေတစ်သိန်း အထိ ရှိ၏။

"သူက လျှို့ဝှက် ကျင့်စဉ် တစ်ခုခုကို သုံးထားတာများလား… အဲဒီလို မဟာ နတ်ဘုရား စွမ်းအားမျိုးက ဓမ္မ စွမ်းအား အများကြီးကို လိုအပ်မှာပဲ… ချန်းပေ့ရွှမ်း အနေနဲ့ အဲဒီ ဓမ္မ ခန္ဓာကို အချိန် အကြာကြီး ထိန်းမထားနိုင်မှာ စိုးရိမ်မိတယ်"

ကောင်းကင်အရှင် အချို့က ရေရွတ် လိုက်ကြသည်။

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေ၏။ မရေမတွက်နိုင်သော ထိခိုက်မှုများ၏ အောက်၌ ချန်းဖန်၏ ဓမ္မ ခန္ဓာမှာ ပေ ကိုးသောင်း အထိ ကျဆင်းသွားသည်။ ထို့နောက် ပေ ရှစ်သောင်း၊ ထိုမှတစ်ဆင့် ပေ ခုနစ်သောင်း အထိ ထပ်မံ ကျဆင်းလေ၏။

တောင်တန်း အင်ပါယာ၏ အကြီးအကဲများကား ထိုမြင်ကွင်းကို ကြည့်ကာ အားတက် သွားကြသည်။

"ရောင်းရင်းတို့ သတ်ကြဟေ့… သူ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"

နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်က အော်ဟစ် လိုက်သည်။ သူ၏ ဆံပင်များ၊ မျက်လုံးများသည် မီးကျီမီးခဲများ ကဲ့သို့ ရဲရဲနီ နေလေ၏။

"ဘုန်း… ဘုန်း…"

အကြီးအကဲများ၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်စွာဖြင့် ချန်းဖန်ထံသို့ ကျရောက် လာကြ၏။ ချက်ချင်းပင် ချန်းဖန်၏ ဓမ္မ အသွင်၌ ပိုမို များပြားသော ဒဏ်ရာများ ပေါ်လာခဲ့ပြန်သည်။

ရှောင်မန်နှင့် ရှုညီအမတို့မှာ ထိုမြင်ကွင်းကို ကြည့်ရာ ရင်တထိတ်ထိတ် ဖြစ်နေကြ၏။ သူတို့သည် မျက်တောင် တစ်ချက်ပင် မခပ်ရဲပဲ တိုက်ပွဲကို ငေးကြည့် နေမိကြသည်။ ထိုစက္ကန့်ပိုင်းသည် မထင်မှတ်သည့် အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ် လာစေနိုင်သည် မဟုတ်ပါလား။

"သေစမ်း…"

ချန်းဖန်က လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ရွှမ်မင် မြစ်ခုနစ်စင်းကို အတူ တကွ လုံးထွေး၍ သေးငယ်သော အလုံးတစ်လုံး ဖြစ်အောင် ဖန်တီးလိုက်၏။ ထိုအရာသည် အနက်ရောင် ရှိကာ အတွင်းပိုင်း၌ နတ်ဘုရား မိုးကြိုးများကို သိုမှီး ထားလေသည်။

ချန်းဖန်သည် ထိုမျှနှင့် ကျေနပ်ခြင်း မရှိသေးချေ။

"ရွှမ်ဝူ အဇူရာသက်ရှည် ခွန်ပန် လိန်ဟူ မိစ္ဆာ ခြောက်ကောင်နဲ့ မဟာ တာအို…"

နတ်ဘုရား မိုးကြိုး ခြောက်ခုသည် ချန်းဖန်၏ လက်တွင် စုစည်းလာ၏။ အနက်ရောင်လုံးသည် ထိုမိုးကြိုးများကို ချက်ချင်းပင် ဝါးမျိုကာ အရောင် ခြောက်သွယ်အား စတင် ထုတ်လွှတ်သည်။ လောက၌ ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ပေါ်ထွက်လာသည့်နှယ် အနက်ရောင် တွင်းပေါက်များသည် လေဟာနယ် အနှံ့၌ စတင် ဖွဲ့စည်းလာကြ၏။

"ငါ ဒီတိုက်ခိုက်မှုကို နတ်ဘုရား သခင် အတွက် ပြင်ဆင်ထားတာ… မင်းတို့က အရင် သေချင်နေတော့လည်း နတ်ဘုရား မိုးကြိုးရဲ့ စွမ်းအားကို မြည်းစမ်းခိုင်းရမှာပေါ့"

ထို့နောက် ချန်းဖန်က အနက်ရောင် အလုံးကို အကြီးအကဲများထံသို့ ပစ်လွှတ်လိုက်လေ၏။

"မကောင်းတော့ဘူး… အားလုံး နောက်ကို ဆုတ်ကြဟေ့"

နတ်ဘုရား သခင်က စိုးရိမ်တကြီး အော်ဟစ် လိုက်၏။ အကြီးအကဲများမှာ ချက်ချင်းပင် အလင်းတန်းများ အသွင် ပြောင်းလဲကာ တောင်တန်း အင်ပါယာထံ ပြန်ပြေး ကြလေသည်။

သို့သော်လည်း အရာရာက နောက်ကျ သွားခဲ့ပြီ ဖြစ်လေ၏။ မိုးကြိုးကား စကြဝဠာ အတွင်း၌ အလျှင်မြန်ဆုံး ဖြစ်သည်။ လူတိုင်းသည် လျှပ်စီး လက်ခြင်းနှင့် ပေါက်ကွဲခြင်း နှစ်မျိုးကို တစ်ချိန်တည်းမှာပင် မြင်လိုက်ကြရလေသည်။

"ဘုန်း…"

အဝေးမှ ကြည့်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အမြင် အာရုံကို တဒင်္ဂမျှ ဆုံးရှုံးသွား၏။ လောကကြီးတစ်ခုလုံးကား အရောင် ခြောက်သွယ်ဖြင့်သာ ပြည့်နှက် နေတော့သည်။

"ဟူး… ဟူး…"

တစ်ခဏကြာပြီးနောက် အလင်းများကား တဖြည်းဖြည်း လွင့်ပြယ် သွား၏။ လူတိုင်းသည် နတ်ဘုရား စိတ်အာရုံနှင့် မျက်လုံး အာရုံများကို အစွမ်းကုန် ဖွင့်လှစ်ကာ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်ကြသည်။

"ဘာလဲ…"

ရုတ်ချည်းပင် လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြလေ၏။

တောင်တန်း အင်ပါယာမှ လွဲ၍ မိုင်တစ်ထောင် အတွင်းရှိ အရာရာကား ပျက်စီး သွားခဲ့ပြီ ဖြစ်လေသည်။ တောင်တန်းများ၊ မြစ်ချောင်းများနှင့် အခြေတည် ဝိညာဉ် အဆင့် ၃၀ လုံးကား လုံးဝ ကွယ်ပျောက် သွားခဲ့ပြီ ဖြစ်လေသည်။ ချန်းပေ့ရွှမ်း တစ်ယောက် သာလျှင် ကောင်းကင်၌ ထီးထီး ကျန်ရစ်ခဲ့၏။

မိုးကြိုးတစ်ချက်တွင်ပင် ရန်သူ အားလုံးကား ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters