နတ်ဘုရား စက်ဝန်း
Vol. 11 Ch. 1004
“ဘယ်လိုဖြစ်နိုင်မှာလဲ... အဲဒါက ကောင်းကင်အရှင် အယောက် ၃၀ တောင်လေ... ချန်းပေ့ရွှမ်းက ဘယ်လိုလုပ်ပြီး အနိုင်ယူလိုက်နိုင်တာလဲ”
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်ကုန်ကြတော့၏။ ချန်းပေ့ရွှမ်းသည် တိုက်ခိုက်မှု တစ်ခုတည်းနှင့်ပင် တောင်တန်း အင်ပါယာ၏ အခြေတည် ဝိညာဥ် အဆင့် ၃၀ နီးပါးကို ကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက် သနည်း။
တစ်ချိန်တည်း၌ နတ်ဘုရား သခင်မှာ တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။ သူကား ဒေါသဖြင့် တစ်ကိုယ်လုံးပင် တုန်ရီနေခဲ့ပြီ ဖြစ်လေသည်။
အကြီးအကဲများ၊ နတ်ဘုရား ဗိုလ်ချုပ်များမှာ တောင်တန်း အင်ပါယာ၏ ထောက်တိုင်များ ဖြစ်ကြသည်။ အထူးသဖြင့် ပိုင်ဟယ်မှာ နတ်ဘုရား သခင် ရာထူးကို ဆက်ခံရန် အလားအလာ အကောင်းဆုံး လူတစ်ယောက် ဖြစ်သည်။ သူတို့အား ဆုံးရှုံးရခြင်းက တောင်တန်း အင်ပါယာကို အကြီးအကျယ် အထိနာစေ၏။
“သတ်ကြစမ်း...”
နတ်ဘုရား သခင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဘုန်း...”
ထာဝရဂိုဏ်း ငါးခု၏ ဂိုဏ်းချုပ်များသည် အလင်းတန်းများ သဖွယ် ကောင်းကင်သို့ ထိုးတက် သွားကြသည်။ သူတို့ကား ထာဝရဂိုဏ်းများ၏ အခြေခံ အုတ်မြစ်များ ဖြစ်သည်။ အကယ်၍ သေရေးရှင်ရေး အခြေအနေ မဟုတ်ပါက သူတို့သည် ဝင်ပါလိမ့်မည် မဟုတ်ချေ။
“ဟူး... ဟူး...”
တစ်ခဏ အတွင်းမှာပင် ရွှေရောင် မြူထုမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ထိုမြူထု၏ အစိတ်အပိုင်း တစ်ခုချင်းစီသည် ပိုင်ဟယ်ထက် ပို၍ များပြားသော စွမ်းအားများကို သယ်ဆောင်ထားလေ၏။
ဂိုဏ်းချုပ် ငါးယောက်သည် အစွမ်းထက် ကောင်းကင် ရတနာများကို ကိုင်ဆောင်ကာ တိမ်လွှာ အထက်၌ ရပ်နေကြသည်။ သူတို့သည် အပြစ်သား အညစ်အကြေးကို ဆေးကြောတော့မည့် နတ်ဘုရားများ အလား ထင်မှတ်မှားရ၏။
“သတ်... သတ်... သတ်...”
တစ်ချိန်တည်းမှာပင် တောင်တန်း အင်ပါယာ၏ မရေမတွက်နိုင်သော တပ်မဟာများမှာ လေထဲသို့ ပျံတက်လာကြသည်။ သူတို့သည် အဆင်းအရောင် ကွဲပြားသော ချပ်ဝတ်များကို ဝတ်ဆင်ထားကာ စွမ်းအားကို အမြင့်ဆုံး အဆင့်ထိ တွန်းတင် ထားကြသည်။ ကောင်းကင်သည် ချက်ချင်းပင် တပ်မဟာများနှင့် ပြည့်နှက်ကာ နေ၏ အလင်းရောင်ကိုပင် ဖုံးကွယ်သွားလေသည်။ တပ်မဟာများသည် ဂိုဏ်းချုပ် ငါးယောက်နှင့် အကြီးအကဲများ၏ ကွပ်ကဲမှု အောက်၌ ခိုဝင်ကာ ချန်းဖန်ထံ တိုးဝင် လာကြလေ၏။
“ကောင်းတယ်ဟေ့...”
ချန်းဖန်၏ တိုက်ပွဲ ဆာလောင်မှု ဆန္ဒကား အထွတ်အထိပ် အထိ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။ သူသည် ဓမ္မ ခန္ဓာ၌ ဖြစ်ပေါ်နေသော ဒဏ်ရာများကိုပင် သတိပြုမိခြင်း မရှိတော့ချေ။ သူက နတ်ဘုရား အသွင် ခြောက်ခုကို ဝန်းရံကာ တပ်မဟာများကို ဆီးကြိုလိုက်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်ခဏ အတွင်းမှာပင် ချန်းဖန်နှင့် တောင်တန်း အင်ပါယာ၏ တပ်မဟာများသည် ထိပ်တိုက်တွေ့လေ၏။ ထိုအခိုက်အတန့်၌ အချိန်သည် ၎င်း၏ အဓိပ္ပာယ်ကို ဆုံးရှုံးကာ အဆုံးမဲ့ ပေါက်ကွဲမှုများမှာ ကောင်းကင်၌ မင်းမူသွားသည်။
“ချန်းပေ့ရွှမ်း... သေစမ်း...”
ဆေးနတ်ဘုရား ဂိုဏ်းချုပ်၏ မျက်နှာ တစ်ခုလုံးသည် ဒေါသဖြင့် မည်းမှောင်နေသည်။ သူ၏ လက်ထဲရှိ သွေးဓားသည် ပို၍ ပြင်းပြစွာ လောင်မြိုက်နေ၏။ ၎င်းသည် ချန်းဖန်၏ အရေပြားကို လှီးဖြတ်ကာ သွေးများကို အဆက်မပြတ် သောက်သုံးသည်။
“မင်း အရင်သေလိုက်...”
ချန်းဖန်က စစ်မြေပြင်ရှိ ကျပန်း လှံတစ်ခုကို ကောက်ယူကာ ဆေးနတ်ဘုရား ဂိုဏ်းချုပ်ကို လှမ်းထိုးလိုက်သည်။ ဆေးနတ်ဘုရား ဂိုဏ်းချုပ်သည် သူ၏ သွေးဓားနှင့် အတူ နောက်သို့ လွင့်စဥ် သွား၏။
သို့သော်လည်း ချက်ချင်းပင် အခြား ကျင့်ကြံသူများမှာ ထိုကွက်လပ်၌ နေရာယူကာ ချန်းဖန်အား တိုက်ခိုက်ကြပြန်သည်။ တောင်တန်း အင်ပါယာ၏ သာမန် ရွှေအမြုတေ အဆင့်များပင် ဝင်္ကပါကြီးများကို ဖွဲ့စည်းကာ ထိုတိုက်ပွဲ၌ ပါဝင် တိုက်ခိုက်နေကြ၏။
“ဓားတစ်သောင်း ဝင်္ကပါ...”
အော်ဟစ်သံနှင့် အတူ ဓားပျံတစ်သောင်း ပါဝင်သော တိမ်တိုက်ကြီးသည် ပျားများ အလား ကောင်းကင်တွင် ပျံသန်းလာလေ၏။ ၎င်းတို့သည် တညီတစ်ညွတ်တည်း လှုပ်ရှားကာ ချန်းဖန်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ရန် ကြိုးစားလေသည်။
“ဘုန်း...”
ဓားပျံများ၏ တိုက်ခိုက်မှုတွင် ချန်းဖန်မှာ အနည်းငယ်ပင် ယိမ်းယိုင်သွား၏။ ချန်းဖန် ဟန်ချက်ပျက်သွားသည်ကို မြင်သည်နှင့် ထာဝရဂိုဏ်းချုပ် ငါးယောက်က တစ်ပြိုင်နက်တည်း တိုးဝင်ကာ တိုက်စစ်ဆင်ကြပြန်သည်။
“ဝှစ်...”
တစ်ချိန်တည်း၌ နတ်ဘုရား သခင်၏ လက်၌ အနက်ရောင် နတ်ဘုရားဓား တစ်စင်း ဖြစ်ပေါ်လာသည်။ သူသည် နေရာမှပင် ဓားကို ကိုင်၍ ခုတ်ပိုင်းလိုက်၏။
“ချန်းပေ့ရွှမ်း... သေစမ်း...”
“ဘုန်း...”
ချန်းဖန်၏ ခန္ဓာကိုယ်၌ နက်ရှိုင်းသော ဓားဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာ၏။ သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နတ်ဘုရား သခင်၏ ဓားချက်များသည် ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက်ဆိုသလို ကျရောက်လာတော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်အား တိုက်ပွဲ၏ အောက်စည်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်လေသည်။
“အကို...”
ရှောင်မန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်စိမျက်နှာပျက် လာခဲ့သည်။
တစ်ချိန်တည်း၌ ချန်းဖန်မှာ မျက်မှောင်ကြုတ်နေခဲ့၏။ သူသည် ပထမ၌ နတ်ဘုရား မိုးကြိုးကို ထပ်မံ အသုံးပြုရန် စဥ်းစားထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ပိုမို ထိရောက်သော နည်းစနစ် တစ်ခုကို သုံးမှ ဖြစ်တော့မည် ဖြစ်သည်။
“ဝှစ်...”
ရုတ်တရက် ချန်းဖန်က လှုပ်ရှားမှု အလုံးစုံကို ရပ်တန့်ကာ မျက်လုံးများအား မှိတ်လိုက်၏။ သူ၏ ပုံစံကား တဒင်္ဂမျှ နက်ရှိုင်းစွာ အိပ်မောကျသွားပုံပင်။
ဤသို့ဖြင့် တစ်စက္ကန့်မျှ ကြာပြီးနောက် သူ၏ မျက်လုံးများမှာ တောက်ပသော အလင်းဖြင့် ပြန်လည် ပွင့်ဟ လာခဲ့၏။
“နတ်ဘုရား စက်ဝန်း... နဝမ အသွင်ပြောင်းခြင်း...”
“ကလန့်...”
ရုတ်တရက် သူ၏ အနောက်ရှိ နတ်ဘုရား စက်ဝန်းသည် ပိုမို တောက်ပလာ၏။ ထိုအလင်းက နတ်ဘုရား ကမ္ဘာတစ်ခုမှ နေတစ်စင်း အလား မြင့်မြတ်လှရာ ကျင့်ကြံသူများမှာ အရှက်ရစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ နတ်ဘုရား စက်ဝန်း၏ နောက်ဆုံး ချိပ်တံဆိပ် သုံးခုဖြစ်သည့် ဖီးနစ်၊ နတ်ဘုရား လူဝံနှင့် အစစ်အမှန် နတ်ဘုရားတို့ကား နိုးထလာခဲ့ပြီ ဖြစ်လေသည်။
“ဘုန်း...”
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုသည် ချန်းဖန်၏ ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာ၏။ ဓားပျံများ၊ ရတနာများကား ချန်းဖန်နှင့် ပေတစ်ရာ အကွာအဝေးသို့ပင် ချည်းကပ်နိုင်ခြင်း မရှိတော့ချေ။ အဇူရာ အလင်းများသည် ချန်းဖန်၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ ဒိုင်းသဖွယ် လွင့်မြောလာ၏။ ၎င်းတို့ကား လောက ဥပဒေသ၏ ရောင်စဥ်များပင် ဖြစ်လေသည်။
“ဝှစ်...”
ချန်းဖန်၏ ဓမ္မ ခန္ဓာသည် ပေ ခုနစ်သောင်းမှ နေ၍ ပေတစ်သိန်း အထိ ပြန်လည် မြင့်တက်လာ၏။ ရွေရောင် အလင်းများ၏ ဝန်းရံမှုတွင် သူသည် မူလကထက် အဆများစွာ ပိုမို အစွမ်းထက်လာပုံ ရလေသည်။
“ဘုန်း...”
နတ်ဘုရား စက်ဝန်းသည် ချန်းဖန်၏ ဦးခေါင်းထက်၌ အဆက်မပြတ် လည်ပတ်နေ၏။ နတ်ဘုရား အသွင် ကိုးခု၏ အားဖြည့်မှုတွင် ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်သည် အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်သို့ မြင့်တက်သွားသည်။ ထိုမှတစ်ဆင့် အခြေတည် ဝိညာဥ် အလယ်ဆင့်၊ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွား၏။
“ဒါက...”
အနက်ရောင်ဝတ် နတ်ဘုရား သခင်၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွားသည်။ သို့သော်လည်း သူကား ကြောက်ရွံ့ခြင်း အလျင်း မရှိချေ။ ချန်းပေ့ရွှမ်း မည်မျှပင် အစွမ်းထက်စေကာမူ သူသည် ယနေ့တွင် မုချ သေရမည် ဖြစ်သည်။
“သတ်...”
နတ်ဘုရား သခင် အမိန့်ပေးသည်နှင့် ဂိုဏ်းချုပ်များ၊ အကြီးအကဲများနှင့် မရေမတွက်နိုင်သော တပ်မဟာများမှာ ချန်းဖန်ထံ နောက်တစ်ကြိမ် တိုးဝင်လာကြပြန်သည်။
“ဘုန်း...”
ချက်ချင်းပင် ချန်းဖန်၏ ပတ်လည်ရှိ လေထုကား ကြောက်မက်ဖွယ် တိုက်ခိုက်မှုများဖြင့် ပြည့်နှက်သွား ပြန်လေသည်။ ချန်းဖန်က ထိုတိုက်ခိုက်မှုများကို ခုခံရန် မကြိုးစားပဲ ခန္ဓာကိုယ်ကိုသာ ညင်သာစွာ လှုပ်ယမ်းလိုက်၏။
“ဝှစ်...”
ပေတစ်သိန်း အရှည်ရှိသည့် ဓမ္မ ခန္ဓာသည် ရုတ်တရက် ပျောက်ကွယ်ကာ ထိုနေရာ၌ အဇူရာရောင် အင်္ကျီဝတ် လူငယ် တစ်ယောက် ပြန်လည် ပေါ်လာခဲ့၏။
လူငယ်သည် သူ၏ လက်ကို ကြာဖူး သဏ္ဌာန် ပြုရာ ရွှေရောင် အလင်းများမှာ စုစည်းလာ၏။ နတ်ဘုရား အသွင် ကိုးခုသည် တစ်ခုပြီး တစ်ခု ပေါ်လာကာ ရွှေရောင် အလင်းနှင့် ပေါင်းစပ်ကြသည်။ နောက်ဆုံး၌ ၎င်းတို့သည် အရာရာကို ဖျက်ဆီးနိုင်သည့် စွမ်းအား တစ်ခု အဖြစ် ပြောင်းလဲသွားလေ၏။
ထို့နောက် ချန်းဖန်က လက်သီးတစ်ဖက်ကို ဆုပ်ကာ ထိုးနှက်လိုက်သည်။
“ဘုန်း...”
လောကသည် ရွှေရောင် မုန်းတိုင်း၏ ဝါးမျိုမှုကို ခံလိုက်ရ၏။ ထာဝရဂိုဏ်းချုပ်များ၊ တပ်မဟာများမှာ မုန်တိုင်းတိုက်ခိုက် ခံရသလို နောက်သို့ အရုပ်ကြိုးပြတ် လွင့်စဥ်သွားကြသည်။
ချန်းဖန်နှင့် အနီးကပ်ဆုံး၌ ရှိနေခဲ့သည့် ဆေးနတ်ဘုရား ဂိုဏ်းချုပ် ဆိုလျှင် ရင်ဘတ်တစ်ခုလုံး ပေါက်ထွက် သွားခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ လုံးဝ ပျက်စီးကာ နတ်ဘုရား စိတ်ဝိညာဥ် ပင်လျှင် ပျက်စီးလု မတတ် ဖြစ်သွားခဲ့သည်။
အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး...
ထိုအရာကား အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်းကြီး၏ နာမည်ကျော် အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးပင် ဖြစ်လေသည်။
“ဘုန်း...”
ချန်းဖန်သည် လက်သီးအား မြှောက်ကာ ဒုတိယ အကြိမ်မြောက် ထိုးလိုက်ပြန်၏။ ယခုတစ်ကြိမ်တွင်မူ ဆေးနတ်ဘုရားဂိုဏ်းချုပ်ကား တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ လက်သီးကျဆင်းသည်နှင့် သူ၏ နတ်ဘုရား ခန္ဓာနှင့် အခြေတည် ဝိညာဥ်သည် မြူမှုန်များ အဖြစ် ပေါက်ကွဲ သွားတော့၏။
ပထမဆုံး ထာဝရဂိုဏ်းချုပ် တစ်ယောက်ကား ကျဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
“ဝှစ်...”
ချန်းဖန်သည် လက်သီးနှစ်ချက်ကို ထိုးပြီးသည်နှင့် ခန္ဓာကိုယ်အား လှုပ်ယမ်းကာ ခွန်ပန် သားရဲ အဖြစ် ပြောင်းလဲလိုက်၏။
ခွန်ပန်သည် တောင်ပန် နှစ်ဖက်ကို ဖြန့်ကျက်၍ ကောင်းကင်၌ ပျံသန်းရင်း နတ်ဘုရား သခင်၏ ဓားချက် အပါအဝင် မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်၏။ ထို့နောက် သူသည် မူလ နေရာမှ ကွယ်ပျောက်ကာ ထာဝရဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည့် နတ်ဘုရား သားရဲ ခန်းမ ဘိုးဘေး၏ အနောက်၌ ပေါ်လာခဲ့၏။
“ငါ့ကို မသတ်ပါနဲ့... ငါနဲ့ နဂါးအရှင်က...”
နတ်ဘုရား သားရဲခန်းမ ဘိုးဘေးက ကြောက်ရွံ့စွာ အော်ဟစ်လိုက်၏။
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။ ခွန်ပန်သည် ပါးစပ်ကို ဟကာ နတ်ဘုရား သားရဲခန်းမ ဘိုးဘေးအား သူ၏ ဓမ္မ ရတနာများနှင့် အတူ ဝါးမျို ပစ်လိုက်၏။
ဒုတိယမြောက် ထာဝရဂိုဏ်းချုပ် တစ်ယောက်ကား ထပ်မံ ကျဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
“ဝှစ်...”
ထို့နောက် ချန်းဖန်က ရွှမ်ဝူ အဖြစ် ပြောင်းလဲလိုက်ပြန်၏။
ရွှမ်မင် အစစ်အမှန်ရေသည် မြစ်ခုနစ်စင်း အဖြစ် စီးဆင်းလာ၏။ မြစ်တစ်စင်းချင်းစီကား တန်ချိန်ပေါင်း သန်းရာထောင်ချီသည် အထိ အလေးချိန် ရှိလေရာ သမုဒ္ဒရာ ပင်လျှင် ၎င်းနှင့် နှိုင်းယှဥ်ရပါက မှေးမှိန်ရလိမ့်မည် ဖြစ်သည်။
“ဘုန်း...”
ရွှမ်မင် မြစ်ခုနစ်စင်း၏ တိုက်စားမှုတွင် တောင်တန်း အင်ပါယာ၏ တပ်မဟာများစွာမှာ ပြိုပျက်ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ အသတ်ခံလိုက်ရ၏။
“ဝှစ်...”
ထို့နောက် ချန်းဖန်က နဂါး ဦးခေါင်း၊ လူသား ခန္ဓာ ရှိသော သက်ရှိ တစ်ပါး အဖြစ် အသွင်ပြောင်းလိုက်ပြန်သည်။ လိန်ဟူသည် ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို ကိုင်ကာ ရှေ့တည့်တည့်အား ခုတ်ပိုင်း လိုက်၏။
“ဘုန်း...”
ဓားအလင်းသည် တောင်တန်း အင်ပါယာ၏ အကြီးအကဲ သုံးယောက်ကို သတ်ဖြတ်ကာ မြေရိုင်း ဘုရားကျောင်း၏ ဘိုးဘေးကို ထက်ပိုင်းပိုင်းဖြတ်သွားသည်။
“ဝှစ်...”
မြေရိုင်း ဘုရားကျောင်း ဘိုးဘေး၏ အခြေတည် ဝိညာဥ်သည် အလင်းတန်း တစ်ခု အဖြစ် အဝေးသို့ ထွက်ပြေးလေ၏။ တစ်ခဏ အတွင်းမှာပင် သူသည် မိုင်တစ်သောင်း အကွာအဝေးကို ဖြတ်ကျော်ကာ မိုးကုပ် စက်ဝိုင်း၌ ပျောက်ကွယ်သွားခဲ့သည်။
“သတ္တမ အသွင်ပြောင်းခြင်း...”
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ ရောင်စုံ ဖီးနစ်ငှက် တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ ဖီးနစ်သည် အနီရောင် နတ်ဘုရား မီးတောက်ကို ဝန်းရံကာ ကောင်းကင်ထို ထိုးခွဲ၏။
“ဝှစ်...”
နောက်တစ်စက္ကန့် အကြာ၌ ဖီးနစ်ငှက်သည် မြေရိုင်း ဘုရားကျောင်း ဘိုးဘေး၏ အရှေ့၌ ပြန်ပေါ်လာကာ နတ်ဘုရား မီးတောက်များဖြင့် လောင်ကြွမ်း ပစ်လိုက်၏။
ထို့နောက်
အဇူရာ သက်ရှည်၊ မိစ္ဆာ ခြောက်ပါး၊ မဟာ တာအို...
ချန်းဖန်၏ ခန္ဓာကိုယ်သည် အသွင်သဏ္ဌာန် တစ်ခုပြီး တစ်ခု ပြောင်းလဲရင်း စစ်မြေပြင်ကို မုန်တိုင်း တစ်ခုအလား ဝင်ရောက် မွှေနှောက်လေ၏။
တစ်ခဏ အတွင်းမှာပင် တောင်တန်း အင်ပါယာ၏ တပ်မဟာ များစွာမှာ ဖျက်ဆီးခံရကာ မရေမတွက်နိုင်သော အကြီးအကဲများစွာမှာ အသတ်ဖြတ် ခံရလေသည်။ ထာဝရဂိုဏ်းချုပ် နှစ်ယောက်မှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရ၏။ နတ်ဘုရား သခင် တစ်ယောက် သာလျှင် သူ၏ လက်ထဲရှိ နတ်ဘုရားဓား အားကိုးဖြင့် ကြံ့ကြံ့ခံ နိုင်ခဲ့သည်။
“ဝှစ်...”
အဆုံး၌ ချန်းဖန်သည် ပေတစ်သောင်း မြင့်မားသော နတ်ဘုရား လူဝံကြီး အဖြစ် ပြောင်းလဲလိုက်၏။ နတ်ဘုရား လူဝံသည် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားကာ အဖြူရောင် ဦးခေါင်းနှင့် သွေးရောင် ခြေလက်များကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်လုံးတွင်မူ မီးတောက် ကိုးခုသည် တောက်ပနေကာ တစ်ချိန်တည်း၌ ရွှေရောင် နတ်ဘုရား စက်ဝန်းမှာ သူ၏ အနောက်၌ လည်ပတ်နေ၏။
“တောင်တန်း...”
နတ်ဘုရား လူဝံက အော်ဟစ်ကာ တောင်တန်း တစ်ခုကို လက်ဖြင့် ဆွဲနုတ်ယူလိုက်၏။ ထို့နောက် ၎င်းက ပေတစ်သောင်း အမြင့်သို့ ခုန်တက်၍ အရှိန်ယူကာ တောင်တန်း အင်ပါယာကို ထိုတောင်တန်းဖြင့် ရိုက်ချလိုက်သည်။
“ဘုန်း...”
ကောင်းကင်တစ်ခုလုံးသည် မှောင်မိုက်စွာ ပြိုကျလာ၏။ ထိုတိုက်ခိုက်မှု၏ ရှေ့မှောက်၌ ရွှေအမြုတေ အဆင့် ဗိုလ်မှူးများကား ပုရွက်ဆိတ်များ သဖွယ် အားနည်းလွန်းလှသည်။ သူတို့သည် တိုက်ခိုက်မှု မရောက်လာခင်မှာပင် ပေါက်ကွဲ ပျက်စီး သွားကြသည်။ ငွေရောင် သံချပ်ဝတ် အကြီးအကဲများမှာ အနည်းငယ် တောင့်ခံနိုင်သည့်တိုင် စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့၏ ဓမ္မ ရတနာများနှင့် အတူ ဖျက်ဆီးခံလိုက်ရ၏။ တစ်ချိန်တည်း၌ ထာဝရဂိုဏ်းချုပ် နှစ်ယောက်မှာ သွေးအန်ရကာ နတ်ဘုရား သခင် ကိုယ်တိုင်မှာလည်း ရေကန် အတွင်း ပြုတ်ကျ သွားခဲ့လေသည်။
“ ... “
ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့ကြလေသည်။ ထိုအခိုက်အတန့်၌ အတွေးတစ်ခုသာလျှင် သူတို့၏ စိတ်အလျင်ကို စိုးမိုးထားခဲ့ပေသည်။
ထိုအတွေးကား ထျန်းဟောင်ဂြိုဟ်၏ အနာဂတ်မှာ ကြီးမားစွာ ပြောင်းလဲတော့မည် ဟူ၍ပင်။
***