← Chapters

စွမ်းအား

Vol. 11 Ch. 1005

စွမ်းအား

Vol. 11 Ch. 1005

တိုက်ပွဲစသည့် အချိန်ကား တစ်နာရီခန့်သာ ကြာမြင့်သေး၏။

သို့သော်လည်း ထိုအတောအတွင်းမှာပင် နတ်ဘုရား ဗိုလ်ချုပ် ရှစ်ယောက်၊ ထာဝရ ဂိုဏ်းချုပ် သုံးယောက် အပါအဝင် တောင်တန်း အင်ပါယာ၏ အကြီးအကဲများ၊ ကျင့်ကြံသူများမှာ သေဆုံးသွားခဲ့လေပြီ ဖြစ်သည်။ နတ်ဘုရား သခင် ပင်လျှင် ချန်းပေ့ရွှမ်း အသွင်ပြောင်းထားသော နတ်ဘုရား လူဝံ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထိုကဲ့သို့သော စွမ်းအားကား လူသားတို့၏ တွေးခေါ်နိုင်စွမ်းထက်ပင် ကျော်လွန် နေခဲ့၏။

“သူက ဘယ်လိုလုပ်ပြီး အဲဒီလောက် အစွမ်းထက် နေရတာလဲ...”

နင်းဖူ ကောင်းကင်နယ်၏ ဘိုးဘေးက ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေ၏။

“သူက ရွှေအမြုတေ အဆင့်နဲ့တင် ထာဝရဂိုဏ်းတွေကို ယှဥ်နိုင်နေပြီ... ထျန်းဟောင်ဂြိုဟ်ရဲ့ သမိုင်း တစ်လျှောက်လုံးမှာ သူ့လို ပါရမီရှင်မျိုး တစ်ခါမှ မပေါ်ဖူးသေးဘူး... ကောင်းကင် အရှင် တထျန်းတောင် ပါရမီပိုင်းမှာ သူ့ကို မှီမယ် မထင်ဘူး”

ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ဘိုးဘေး ကျင်းဟိုင်က ခေါင်းအား ခါယမ်းလိုက်သည်။ သူ၏ နောက်တွင်မူ ရှန်းရှီသည် တိတ်ဆိတ်စွာပင် ရပ်နေကာ သူမ၏ ဆံပင်များမှာ လေနှင့်အတူ လွင့်မြောနေ၏။ သူမ၏ လှပသော မျက်ဝန်းလေးများမှာမူ ချန်းဖန်အား ပထမဆုံး အကြိမ် မြင်တွေ့ဖူးသည့်နှယ် ငေးမော ကြည့်နေခဲ့၏။

ချန်းပေ့ရွှမ်းကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သူသည် ရွှေအမြုတေ အစောပိုင်း အဆင့်၌သာ ရှိသေးသည့်တိုင် အခြေတည် ဝိညာဉ် အစောပိုင်း အဆင့်များ၊ အလယ်ဆင့်များကို သတ်ဖြတ်နိုင်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

အားလုံးထဲ၌ နဂါးအရှင် တစ်ယောက် သာလျှင် ချန်းဖန်ကို အနည်းငယ် နားလည်ခဲ့သည်။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကား စကြဝဠာ တစ်ခုလုံးတွင်ပင် ထိပ်တန်း အဆင့် ရှိသော ဂိုဏ်းကြီး ဖြစ်သည်။ ထိုကဲ့သို့သော ဂိုဏ်းကြီးမှ လာသောသူသည် မည်ကဲ့သို့ အားနည်းမည်နည်း။

"သူက တကယ့်ကို မဟာ တန်ခိုးရှင် ဝင်စားတဲ့သူ ပီသတာပဲ… သူသာ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တွေကိုတောင် ယှဉ်ပြီး တိုက်ခိုက်နိုင်မှာ သေချာတယ်"

နဂါးအရှင်မှာ ထိုအတွေးကြောင့် ကြက်သီးများပင် ထလာမိ၏။

ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် …

ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တန်ခိုးရှင်များသည် အလွန်အမင်း အစွမ်းထက်ကြကာ ထိပ်တန်း မျိုးနွယ်စု တစ်ခု သို့မဟုတ် ထာဝရဂိုဏ်း တစ်ခုကိုပင် တည်ထောင်နိုင် ကြသည်။

အခြေတည် ဝိညာဉ် အဆင့်မှ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းရန်မှာ သေမျိုး တစ်ယောက်၏ နတ်ဘုရား တစ်ပါး ဖြစ်လိုသော ဆန္ဒ ကဲ့သို့ အလှမ်းကွာဝေးလွန်းလှ၏။  နဂါးအရှင်သည် နှစ်ပေါင်း သုံးသောင်း အထိ ကျင့်ကြံခဲ့သည့်တိုင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ယခုထိ မနီးကပ် နိုင်ခဲ့သေးချေ။

အကယ်၍ ချန်းပေ့ရွှမ်းသာ အခြေတည် ဝိညာဉ် အဆင့်ဖြင့် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ယှဉ်နိုင်ပါက သူ၏ ပါရမီမှာ ဗဟို ဂလက်စီရှိ ထိပ်တန်း ပါရမီရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်ပေလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ များစွာသော လူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြဆဲ ဖြစ်သည်။ တောင်တန်း အင်ပါယာက ထိုကဲ့သို့ ရှုံးနိမ့် သွားခဲ့သည်လား။

ထိုအရာကား ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံး ဂိုဏ်းကြီး ဖြစ်သည်။ သို့တိုင်အောင် ၎င်းသည် ချန်းပေ့ရွှမ်း၏ တိုက်ခိုက်မှု အောက်၌ ခေါင်းမဖော်နိုင်အောင် ရှုံးနိမ့်ခဲ့သည်။ နတ်ဘုရား သခင်သည်ပင် ရေကန်ထဲသို့ အရုပ်ကြိုးပြတ် ပြုတ်ကျ ခဲ့ရ၏။

"ဘုန်း…"

ရုတ်တရက် ရေကန်သည် ပေါက်ကွဲကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ ပြိုကျ လာ၏။ နတ်ဘုရား သခင်သည် သူ၏ ဓားနှင့် အတူ လေထဲသို့ အလင်းတန်း သဖွယ် မြင့်တက် လာခဲ့သည်။

"ကလန့်…"

အနက်ရောင် သွေးဓားသည် သံစဉ် တစ်ခုကို ဟစ်ကြွေးကာ ကောင်းကင်၌ မဟူရာ အလင်းကို လှပစွာ ကွန့်မြူးစေ၏။

ထိုအရာကား နတ်ဘုရား ရတနာ ဖြစ်လာရန် ခြေလှမ်း တစ်ဝက်သာ လိုတော့သော လက်နက် တစ်ခု ဖြစ်ပေသည်။ ကောင်းကင် အရှင် တထျန်းသည် "နတ်မိစ္ဆာ သွေးသတ္တု" ကို သုံးကာ ထိုလက်နက်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။

"ဟူး… ဟူး…"

နတ်ဘုရား သခင်သည် ဓားကို ကိုင်ကာ တိမ်ထု တစ်ခု၏ အထက်တွင် ရပ်တည်သည်။ သူ၏ အနက်ရောင် ဝတ်စုံမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကာ ထိုနေရာ၌ သံချပ်ကာ အင်္ကျီ တစ်ခုမှာ နေရာယူနေ၏။

"ချန်းပေ့ရွှမ်း… ဒီအတွက် မင်း ပြန်ပြီး ပေးဆပ် ရမယ်"

နတ်ဘုရား သခင်က တောင်တန်း အင်ပါယာ ကျင့်ကြံသူများ၏ အလောင်းပုံများကို တစ်ချက် ဝှေ့ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။

"ဟူး… ဟူး…"

တစ်ချိန်တည်း၌ နတ်ဘုရား သခင်၏ စွမ်းအားများမှာ တဟုန်ထိုး မြင့်တက် လာနေ၏။ တစ်ခဏ အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့်ထိ ရောက်ရှိ သွားသည်။

လူတိုင်းသည် နတ်ဘုရား သခင်ကို ကြည့်ကာ ကောင်းကင်၌ အနက်ရောင် နေကြီးတစ်စင်း ထွန်းလင်းနေသလို ခံစား လိုက်ကြရလေသည်။

"မင်းကလား…"

နတ်ဘုရား လူဝံက ခပ်တိုးတိုး ရယ်မော လိုက်၏။

"ဘုန်း…"

ထို့နောက် ၎င်းက ဘေးရှိ တောင်ထွတ် တစ်ခုကို ဆွဲနှုတ်ကာ နတ်ဘုရား သခင်ထံ ပစ်ပေါက် လိုက်သည်။

"ကလန့်…"

နတ်ဘုရား သခင်သည် အနက်ရောင် သွေးဓားအား မြှောက်ကာ ထိုတောင်ထွတ်အား တိုက်ရိုက် ပိုင်းဖြတ်လိုက်၏။

"ဘုန်း… ဘုန်း… ဘုန်း…"

နတ်ဘုရား လူဝံသည် အခြား တောင်ထွတ် ဆယ့်သုံးခုကို ကောက်ယူကာ ထပ်မံ ပစ်ပေါက် လိုက်ပြန်သည်။ ထိုတောင်ထွတ် အားလုံးမှာလည်း အနက်ရောက် သွေးဓား၏ ထက်ရှမှု၌ ထက်ပိုင်းပြတ်ကာ မြေပြင်သို့ ပြုတ်ကျရ၏။

"လာစမ်း…"

ချန်းဖန်က မျက်မှောက်ကြုတ်ကာ သူ၏ ကောင်းကင် ရတနာ အချို့ကို ဆင့်ခေါ်၍ တိုက်ခိုက် လိုက်ပြန်သည်။

"ကလန့်… ကလန့်…"

ထိပ်တိုက်တွေ့မှု အနည်းငယ် အတွင်းမှာပင် လှံပုဆိန် ကောင်းကင် ရတနာသည် ထက်ပိုင်းပြတ်သွား၏။ ထို့နောက် မကြာခင် မှာပင် ပျောက်ပျက်ခြင်း ကောင်းကင်ဓားမှာလည်း စတင် အက်ကွဲ လာခဲ့၏။

"ချန်းပေ့ရွမ်း… ငါ့ နတ်ဘုရားဓားကို ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် နတ်ဘုရား အရှင် တစ်ပါးက သွန်းလုပ်ထားတာ… ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ရှိတဲ့ ဘယ်သူကမှ ဒီဓားကို မခုခံနိုင်ဘူး… ဒီလို ဓားမျိုးနဲ့ အသတ်ခံရတာ မင်း ဂုဏ်ယူသင့်တယ်"

နတ်ဘုရား သခင်က အရူး တစ်ယောက် သဖွယ် အော်ဟစ် ရယ်မောလိုက်၏။

"ကလန့်… ကလန့်…"

ချန်းဖန်က အခြား ကောင်းကင် ရတနာ လေးခုကို ထပ်မံ ထုတ်ယူကာ ပစ်လွှတ် လိုက်ပြန်သည်။ ထိုအရာများမှာလည်း အနက်ရောင် သွေးဓား၏ ခုတ်ပိုင်းမှု၌ ပျက်စီး သွားကြပြန်သည်။

"ဂါး…"

အဆုံး၌ နတ်ဘုရား လူဝံသည် လက်သီးအား ဆုပ်ကာ ကောင်းကင်သို့ ပျံတက်၍ အနက်ရောင် သွေးဓားအား တိုက်ရိုက် ထိုးနှက် လိုက်တော့၏။

"ဘုန်း…"

ထိုလက်သီးချက်၌ နတ်ဘုရား သခင်မှာ နောက်သို့ ဆုတ်လိုက် ရ၏။ သူက ချန်းဖန်၏ လက်ကို အံ့ဩတကြီး ကြည့်သည်။ ထိုအရာက မည်သည့် လက်သီး ကျင့်စဉ်မျိုးနည်း။

"သေစမ်း…"

နတ်ဘုရား လူဝံ၏ မျက်လုံးများမှာ ရွှေရောင်ဖြင့် တလက်လက် တောက်ပနေ၏။ ၎င်းသည် အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးကို အမြင့်ဆုံး အဆင့်ထိ ဆွဲတင်သည်။

"ဘုန်း…"

လက်သီးက ဒုတိယ အကြိမ်မြောက် ကျဆင်းလာရာ ကောင်းကင်မှာ စတင် အက်ကွဲ သွားလာသည်။ ထို့နောက် တတိယမြောက် လက်သီး၊ စတုတ္ထမြောက် လက်သီး… ဆက်တိုက် ကျဆင်းလာသော လက်သီးချက်များ၏ အောက်၌ အနက်ရောင် သွေးဓားမှာ စတင်ကာ တုန်ရီလာခဲ့၏။

"မဖြစ်နိုင်ဘူး… ဘယ်လိုလုပ်ပြီး သူ့ရဲ့ လက်သီးက ငါ့ဓားထက် ပိုပြီး မာနေရတာလဲ"

နတ်ဘုရား သခင်မှာ နောက်သို့ ဆုတ်ရင်း ထိတ်လန့်တကြား တွေးလိုက်မိ၏။

မှတ်တမ်းများ အရဆိုလျှင် အနက်ရောင် သွေးဓားသည် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များကိုပင် ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နတ်ဘုရား လူဝံသည် မည်သည့် ဆိုးကျိုးကိုမျှ ခံစားရခြင်း မရှိပဲ ဓားကို တိုက်ရိုက် ထိုးနှက် နိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များထက်ပင် ပို၍ အစွမ်းထက် နေသည်လော။

သို့သော်လည်း သူ မစဉ်းစားခဲ့မိသည့် အရာကား ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ဒဏ်ရာရစေသည့် ဓားချက်အား ထုတ်ဖော်ခဲ့သူမှာ တစ်မိုးအောက် ပြိုင်ဘက်ကင်း ကောင်းကင် အရှင် တထျန်း ဖြစ်သည် ဆိုခြင်းပင်။

"ဝေါ့…"

နတ်ဘုရား သခင်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ သွေးတစ်လုတ် အန်လိုက်ရပြန်၏။ သူ၏ ခန္ဓာကိုယ်ရှိ သံချပ်ကာ ကြောင့်သာ မဟုတ်လျှင် သူကား ယခုလောက် အထိပင် ခုခံနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

"ဝှစ်…"

ချန်းဖန်က ကောင်းကင်သို့ ပျံတက်၍ သူ၏ လက်နှစ်ဖက်ကို ဖြန့်ကျက်လိုက်သည်။ ဖီးနစ် မီးငှက် နတ်ဘုရား အသွင်သည် သူ၏ အနောက်၌ ပေါ်လာခဲ့၏။ သူက ကိုးရောင်ခြယ် မီးတောက်ကို လက်ဖြင့် လုံးခြေကာ နတ်ဘုရား သခင်ထံ ပစ်လွှတ်လိုက်သည်။

"ဘုန်း…"

နတ်ဘုရား သခင်မှာ ဓားကို မြှောက်၍ ထိုတိုက်ခိုက်မှုအား ခုတ်ပိုင်းလိုက်နိုင်သည့်တိုင် သူ၏ လှုပ်ရှားမှုများမှာမူ တဖြည်းဖြည်း လေးလံ နှေးကွေး လာနေခဲ့ပြီ ဖြစ်လေသည်။ မည်သို့ပင် ဆိုစေ သူသည် ဝိညာဉ် ဖြစ်တည်ခြင်း ထိပ်ဆုံး အဆင့် တစ်ယောက် ဖြစ်သည့်တိုင် မပြည့်စုံသော နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံထားသူသာ ဖြစ်သည်။ ထိုကဲ့သို့ မစစ်မှန်သော ကျင့်ကြံသူ တစ်ယောက်က မြောက်ပိုင်း ကောင်းကင် အရှင်ကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

"ဘုန်း…"

ချန်းဖန်က ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်၍ ထိုးနှက်လိုက်ရာ အနက်ရောင် သွေးဓားမှာ နတ်ဘုရား သခင်၏ လက်မှ လွတ်ထွက်သွားသည်။ အဆုံး၌ ချန်းဖန်က နတ်ဘုရား သခင်အား မြေပေါ်သို့ ရိုက်ချကာ ခြေထောက်ဖြင့် တက်နင်းလိုက်၏။

"နောက်ဆုံးတော့လည်း… "

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချ လိုက်မိကြသည်။

ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်း သိန်းချီ စိုးမိုးလာခဲ့သော တောင်တန်း အင်ပါယာသည် မကြာခင်မှာပင် ရွှေအမြုတေ အဆင့် လူငယ် တစ်ယောက်၏ လက်၌ ပျောက်ကွယ် သွားရပေတော့မည်။ ထိုအရာသည် ခေတ်ဟောင်း တစ်ခု၏ အဆုံးသတ် ဖြစ်သလို ခေတ်သစ် တစ်ခု၏ နိဒါန်း အစပျိုးချိန်လည်း ဖြစ်ပေ၏။

"မင်း ဘာပြောချင်သေးလဲ…"

ချန်းဖန်က အောက်သို့ ငုံ့ကြည့်ကာ မေးလိုက်သည်။

"အဟွတ်…"

နတ်ဘုရား သခင်က ချောင်းတစ်ချက် ဆိုးလိုက်ရာ သွေးများမှာ သူ၏ ပါးစပ်၌ လျှံတက်လာ၏။ သို့တိုင်အောင် သူက ထိုသွေးများကို ပြန်လည် မျိုချကာ ချန်းဖန်အား ပြုံးပြလိုက်၏။

"ချန်းပေ့ရွှမ်း… ပွဲမပြီးသေးဘူး"

စကားဆုံးသည်နှင့် သူက တောင်တန်း အင်ပါယာဘက်သို့ ကြည့်ကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်၏။

"ဘုန်း…"

ရုတ်တရက် တောင်တန်း အင်ပါယာ တစ်ခုလုံးသည် လှုပ်ခါကာ ကြောက်မက်ဖွယ် စွမ်းအား တစ်ခုမှာ ကောင်းကင်သို့ မြင့်တက် လာ၏။

"ဘာလဲ…"

မိုင်ထောင်ပေါင်းများစွာ အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တဆတ်ဆတန် တုန်ရီသွားကြသည်။ များစွာသော ရွှေအမြုတေ အဆင့်များ၊ မူလ အဆင့်များ ဆိုလျှင် ယောင်ယမ်း၍ပင် ဒူးများကို ထောက်လိုက်မိကြလေ၏။

တောင်တန်း အင်ပါယာ၏ ကွယ်ဝှက်နေသော လက်တစ်ဖက်ကား နောက်ဆုံး၌ ပေါ်ထွက် လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters