နတ်ဘုရား စာလိပ်
Vol. 11 Ch. 1008
“ဘုန်း... ဘုန်း... ဘုန်း...”
ချက်ချင်းပင် ကောင်းကင်မှာ ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွားလေသည်။ မိစ္ဆာ၏ လက်နှစ်ဆယ်ဖက်သည် ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်နေ၏။ ၎င်း၏ လက်သီးတစ်ချက်ချင်းစီတိုင်းသည် ပထမ လက်သီးချက်ထက် အဆများစွာ ပိုမို အစွမ်းထက်လာနေခဲ့၏။ နောက်ဆုံး၌ လက်သီးချက်များ၏ စွမ်းအားသည် တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ပြင်းထန်လာခဲ့၏။
မိစ္ဆာ ချိပ်ပိတ်ခြင်း လက်သီးများသည် အလွန် ပြင်းထန်လှသလို မရဏ တိုင်းပြည် ဥပဒေသမှာလည်း လျှို့ဝှက် ဆန်းကြယ် လွန်းလှသည်။ မင်ယာမှာ လှံကို ရစ်သိုင်း ထိန်းချုပ်ကာ ပြန်လည် တိုက်ခိုက်နေသည်။ လှံ၏ ထိပ်ဖျားသည် အဝါရောင် စွမ်းအားများကို သယ်ဆောင်ကာ မိစ္ဆာ၏ လက်သီးချက်တိုင်းကို ကြောက်မက်ဖွယ် ထိပ်တိုက် ရင်ဆိုင်နေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
လောကသည် တုန်လှုပ်နေ၏။ ကြောက်မက်ဖွယ် လှိုင်းများသ်ည အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့နေလေရာ များစွာသော ကျင့်ကြံသူများမှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာရလေသည်။ အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်များပင် စစ်မြေပြင်မှ မိုင်တစ်ထောင် ဧရိယာ အတွင်း နေရဲကြခြင်း မရှိတော့ချေ။
“သူတို့က အရမ်း အစွမ်းထက်လွန်းတယ်... အခြေတည် ဝိညာဥ် အဆင့်ရဲ့ အစစ်အမှန် စွမ်းအားဆိုတာ အဲဒီ လိုမျိုးလား...”
လူတိုင်းမှာ တုန်လှုပ်စွာ တွေးတောမိကြ၏။ နဂါးအရှင် ပင်လျှင် ထိုတိုက်ပွဲကို ကြည့်ကာ စိတ်လှုပ်ရှား နေခဲ့၏။
“ဘုန်း...”
မင်ယာနှင့် မိစ္ဆာတို့သည် ဟင်းလင်းပြင်ထဲ အထိ ပျံသန်းကာ အဆက်မပြတ် လုံးထွေး တိုက်ခိုက်နေကြသည်။ သူတို့သည် တစ်ယောက်ယောက် သေဆုံးသည့် အခါတွင်မှသာ ရပ်တန့် သွားမည့်ပုံ ရလေသည်။
“ကောင်းကင် ပန်းချီ...”
ဟင်းလင်းပြင်သို့ ရောက်သည်နှင့် မိစ္ဆာ၏ ခန္ဓာကိုယ်သည် ခွန်ပန် သားရဲ အသွင်သို့ ပြောင်းလဲသွား၏။ ကောင်းကင်တွင် အဖြူနှင့် အနက်ရောနှောသော အလင်းများသည် ပေါ်လာကာ ယင်ယန် စက်ဝိုင်း တစ်ခုကို ဖွဲ့စည်းသည်။ ထိုစက်ဝိုင်းသည် ဝါးမျိုခြင်း စွမ်းအားများကို ထုတ်လွှတ်ကာ မင်ယာအား စားသောက်ရန် ကြိုးစားလေ၏။
“မရဏ တိုင်းပြည်ရဲ့ ပြန်လည် မွေးဖွားခြင်း...”
မင်ယာက သူ၏ အစွမ်း အထက်ဆုံး ကျင့်စဥ် တစ်ခုကို အသက်သွင်း လိုက်သည်။ သူသည် ထိုကောင်းကင် ကျင့်စဥ်ကို သေခြင်းတရား အပေါ် နားလည်ခြင်းများဖြင့် ဖွဲ့စည်းခဲ့သည်။
“ဟူး... ဟူး...”
အဝါရောင် သင်္ကေတများသည် လှံ၏ အသွားထိပ်မှ ထွက်ပေါ်ကာ လေထဲတွင် လွင့်လူးကြ၏။ ၎င်းတို့က အတူတကွ ပေါင်းစပ်လေရာ အနက်ရောင် တွင်းပေါက်ငယ် တစ်ခု ဖြစ်ပေါ်လာသည်။
“ဘုန်း...”
ထိုတွင်းပေါက်သည် ခွန်ပန်၏ ယင်ယန် စက်ဝိုင်းကို ဝင်တိုက်လေရာ နှစ်ခုစလုံးမှာ ပေါက်ကွဲ လွင့်စဥ် သွား၏။ ချန်းဖန်နှင့် မင်ယာ နှစ်ယောက်စလုံးသည် ထိုနည်းစနစ်များ အလုပ်မဖြစ်မှန်း သိသည်နှင့် အခြား ကျင့်စဥ်များကို ပြောင်းလဲကာ ထပ်မံတိုက်ခိုက်ကြပြန်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တိုက်ပွဲ၏ အရှိန်သည် အဆက်မပြတ် မြင့်တက်နေ၏။ ယခုအချိန်ထိ မည်သည့်ဘက်ကမှ အသာစီး ရယူနိုင်ခဲ့ခြင်း မရှိသေးချေ။
ချန်းဖန်သည် မည်မျှပင် အစွမ်းထက်စေကာမူ သူကား ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။ တစ်ချိန်တည်း၌ သူ၏ ရန်သူမှာမူ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကိုပင် ခြေတစ်လှမ်း ဝင်နေခဲ့သူ ဖြစ်သည်။ သူတို့ နှစ်ယောက် အကြားရှိ ကျင့်ကြံခြင်း အဆင့်မှာ မိုးနှင့်မြေ ကဲ့သို့ ကွာခြားလွန်းလှ၏။
“မိုးစက်လှံ...”
မင်ယာကား အစီအရင် ခင်းကျင်းရာ၌သာ ထူးချွန်ခြင်း မဟုတ်ချေ။ သူ၏ လှံနည်းစနစ်များမှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
“ဘုန်း... ဘုန်း...”
လှံသွားသည် ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်ကို မိုးစက်များ အလား အဆက်မပြတ် ကျဆင်းနေသည်။ ချန်းဖန်၏ ခန္ဓာကိုယ်သာ လုံလောက်အောင် သန်မာခြင်း မရှိပါက ထိုလှံချက်များ အောက်၌ သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ချန်းဖန်သည် အသက် အန္တရာယ်မှ လွတ်မြောက်နေခဲ့သည့်တိုင် သူ၏ ခန္ဓာကိုယ်မှာမူ ဇကာပေါက်များဖြင့် ပြည့်နှက်နေခဲ့၏။ အဝါရောင် အခိုးအငွေ့များသည် ထိုဒဏ်ရာများတွင် ခိုအောင်းကာ အတွင်းပိုင်းကို လှိုက်စားရန် ကြိုးစားနေကြသည်။
“သေစမ်းကွာ...”
ချန်းဖန်က ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို ထုတ်ယူကာ ဒေါသတကြီး ခုတ်ပိုင်း ပစ်လိုက်၏။
မိုးကြိုး နတ်ဘုရား ပထမ ဓားချက်... ဟင်းလင်းပြင် ခုတ်ပိုင်းခြင်း...
“ခရက်...”
ပျောက်ပျက်ခြင်း ကောင်းကင်ဓားသည် အနီးရှိ ဟင်းလင်းပြင်ကို ထိုးခွဲသွားသည်။ မင်ယာသည် လှံကို ဆန့်တန်းကာ ဓားအား တားဆီးရန် ကြိုးစားလိုက်၏။
“ဘုန်း...”
ဓားနှင့် ထိပ်တိုက် ထိခတ်လေရာ လှံမှာ မင်ယာ၏ လက်မှ လွတ်ထွက်သွားလေသည်။ မင်ယာသည် ချက်ချင်းပင် လှံကို ပြန်လည် ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ချန်းဖန်မှာ သူ့အား အခွင့်အရေး မပေးခဲ့ချေ။ သူက စီးနင်း၍ ဓားအား လွှဲယမ်းကာ အဆက်မပြတ် ခုတ်ထစ် လိုက်တော့၏။
ဒုတိယ ဓားချက်... ယင်နှင့် ယန်ကို ခုတ်ပိုင်းခြင်း...
တတိယ ဓားချက်... လောကအား ပိုင်းဖြတ်ခြင်း...
စတုတ္ထ ဓားချက်... မိုးကောင်းကင် အက်ကွဲခြင်း...
တိုက်ခိုက်မှု တစ်ခုချင်းစီသည် ကောင်းကင်တွင် ပေါက်ကွဲမှု တစ်ခုကို ဖြစ်ပေါ်စေကာ ဒဏ်ရာတစ်ခုကို ချန်ရစ်သည်။ မင်ယာသည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရလေသည်။ သူကား အသက် အန္တရာယ် ခြိမ်းခြောက်မှုကို စတင် ခံစားနေခဲ့ရပြီ ဖြစ်လေသည်။
“သူက အသက်တောင် တစ်ရာ မပြည့်သေးဘူး မလား... ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ ဓားကျင့်စဥ်ကို ကျွမ်းကျင်နေရတာလဲ...”
အစီအရင်များနှင့် ကွာခြားစွာပင် ဓားကျင့်စဥ်များမှာ ကျွမ်းကျင်ရန် အလွန် ခက်ခဲ၏။ အစီအရင် တစ်ခုကို ခင်းကျင်းရန်မှာ လုံလောက်သော စွမ်းအားနှင့် နည်းစနစ် နှစ်ခုသာ လိုအပ်သည်။ သို့သော်လည်း ဓား၊ လှံ စသော လက်နက်များကို ကျွမ်းကျင်ရန်မှာမူ အချိန် အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ရန် လိုအပ်သည်။ မင်ယာသည် သူ၏ လှံကျင့်စဥ် အပေါ် အလွန် ယုံကြည်မှု ရှိသည့်တိုင် ချန်းဖန်၏ ဓားနှင့် ရင်ဆိုင်ရာ၌ မွမ်းကြပ်မှုကို ခံစားနေခဲ့ရ၏။
“ဘုန်း...”
နောက်ဆုံး၌ မင်ယာမှာ ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ပဲ နောက်သို့ လွင့်စဥ်သွား၏။ သူ၏ ရင်ဘတ်တွင်မူ ဓားဒဏ်ရာ သုံးချက် ဖြစ်ပေါ်နေသည်။ သို့သော်လည်း အံ့အားသင့်စွာပင် သူ၏ ဒဏ်ရာများမှာ သွေးတစ်စက်ပင် ထွက်ခြင်း မရှိခဲ့ချေ။
“မင်ယာ... မင်းသာ အစွမ်း အထက်ဆုံး အခြေအနေမှာ ရှိနေသေးရင် ငါ့ကို သတ်ချင် သတ်နိုင်လိမ့်မယ်... ခုလို ပုံစံမျိုးနဲ့ ဆိုရင်တော့ စိတ်ကူးယဥ် မနေနဲ့တော့”
ချန်းဖန်က မင်ယာကို ငုံ့ကြည့်လိုက်၏။
“ငါသေရင်တောင် မင်းကို အပါ ခေါ်သွားမယ်...”
မင်ယာက အေးစက်စွာ ဆိုကာ ရွှေရောင် အရည်များ ဖြည့်ထားသော ကျောက်စိမ်းပုလင်း တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက အရည်တစ်စက်ကို သောက်သုံးလိုက်၏။
“ဘုန်း...”
ရွှေရောင် အရည်တစ်စက်ကို သောက်သုံးပြီးသည်နှင့် မင်ယာ၏ စွမ်းအင်မှာ အထွတ်အထိပ် အထိ ပြန်လည် မြင့်တက်လာ၏။ သူက မရဏမြစ်ကို ဆင့်ခေါ်ကာ နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ဘာလဲ....”
ရုတ်ချည်းပြောင်းလဲသွားသော မင်ယာ၏ အခြေအနေကို ကြည့်ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဆွံ့အ သွားကြ၏။ ထိုအရာက မည်ကဲ့သို့သော နတ်ဘုရား ဆေးရည်နည်း။
“အဲဒါက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ရဲ့ နတ်ဘုရားသွေးပဲ... နတ်ဘုရား ဗိုလ်ချုပ် မင်ယာက နှစ်တစ်သိန်းကျော် အသက်ရှင်နိုင်ခဲ့တာ မထူးဆန်းတော့ဘူး... သူ့မှာ ကောင်းကင်အရှင် တထျန်းရဲ့ သွေးတွေ ရှိနေခဲ့တာကိုး”
အခြေတည် ဝိညာဥ် အဆင့် လူအိုကြီး တစ်ယောက်က ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။
“နတ်ဘုရားသွေး...”
လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွား၏။ နတ်ဘုရားသွေးစက် တစ်စက်ကား နှစ်တစ်သောင်း သက်တမ်းရှိ ဆေးပင် တစ်ခုထက်ပင် ပို၍ အဖိုးတန်သည်။ ထိုအရာသည် အခြေတည် ဝိညာဥ် အဆင့်များကိုပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်နှင့် ပိုမို နီးကပ်အောင် ကူညီပေးနိုင်၏။ သို့သော်လည်း နတ်ဘုရား သွေးစက်များ ထည့်ထားသည့် ပုလင်းကား မင်ယာ၏ လက်ထဲတွင် ဖြစ်သည်။ သူ၏ လက်မှ လုယူရန်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“မင်းမှာ နတ်ဘုရားသွေး ရှိရင်တောင် ငါ ဒီနေ့ မင်းကို သတ်မယ်”
ချန်းဖန်က ရွှမ်ဝူ အသွင်ပြောင်းလဲကာ မင်ယာထံသို့ တိုးဝင် တိုက်ခိုက်လိုက်ပြန်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
မကြာခင် ကောင်းကင်မှာ ပေါက်ကွဲမှုများဖြင့် နောက်တစ်ကြိမ် ပြည့်နှက်သွားပြန်သည်။ ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုချင်းစီကား နတ်ဘုရား သားရဲများ၏ စွမ်းအားကို သယ်ဆောင်ထားရာ အလွန် ပြင်းထန်လှသည်။ သိပ်မကြာခင်မှာပင် မင်ယာမှာ သွေးတစ်လုတ်အန်ကာ နောက်သို့ လွင့်စဥ် သွာခဲ့ပြန်၏။
“ဘုန်း...”
မင်ယာက နတ်ဘုရား သွေးကို သောက်၍ နောက်တစ်ကြိမ် ပြန်လည် တိုးဝင် လာပြန်၏။ တစ်ချိန်တည်း၌ ချန်းဖန်ကလည်း နတ်ဘုရား သားရဲ အသွင် အမျိုးမျိုးကို ပြောင်းလဲကာ ပြန်လည် တိုက်ခိုက်လေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများကား ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့လေသည်။ မကြာသေးခင်က သူတို့သည် ချန်းဖန်နှင့် တောင်တန်း အင်ပါယာ တန်ခိုးရှင်များ အကြားမှ တိုက်ပွဲမှာ စာဖွဲ့၍ မရအောင် ပြင်းထန်သည်ဟု တွေးတောခဲ့မိကြသည်။ သို့သော်လည်း ဤတိုက်ပွဲကို ကြည့်ပြီးနောက်တွင်မူ ပထမ တိုက်ပွဲမှာ အဖျားအနားလောက်သာ ရှိကြောင်း သဘောပေါက် လာခဲ့လေသည်။
“ဘုန်း...”
နတ်ဘုရားသွေးကို ငါးကြိမ်မြောက် အဖြစ် သောက်သုံးပြီး နောက်၌ မင်ယာမှာ တစ်စုံတစ်ခု လွဲချော်နေကြောင်း ခံစားလာမိခဲ့၏။
ချန်းပေ့ရွှမ်းသည် စွမ်းအင် အဆင့်ကြီး တစ်ခု၊ အဆင့်သေး ခြောက်ခု ခြားနားနေသည့်တိုင် သူ့အား အကြိမ်ကြိမ် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် သူသည် ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်များကို တစ်ခုပြီး တစ်ခု ထုတ်သုံးခဲ့သည်။ အရှေ့ဂြိုဟ် ကဲ့သို့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားလေး တစ်ခု အနေဖြင့် ထိုကဲ့သို့ ကျင့်ကြံသူမျိုးကို မွေးထုတ်နိုင်လိမ့်မည် မဟုတ်ချေ။
“အရှင် တထျန်း ချန်ထားခဲ့တဲ့ သွေးက သိပ်မကြာခင် ကုန်တော့မယ်... ငါ့ အနေနဲ့ အကြာကြီး ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး”
မင်ယာက ချန်းဖန်ကို ကြည့်ကာ တွေးလိုက်မိ၏။ ထိုလူငယ်မှာ နောက် သုံးရက်ဆက်တိုင် ဆက်လက် တိုက်ခိုက်လျှင်ပင် အနည်းငယ်ပင် မောပန်းမည့်ပုံ မရချေ။
“အချိန်ကျပြီ...”
မင်ယာ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက် လာ၏။ ရုတ်တရက် သူက နောက်သို့ ဆုတ်ကာ ရွှေရောင် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ကောင်းကင် ဥပဒေ စာလိပ်...
ထိုအရာကား ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေ စာလိပ်ပင် ဖြစ်သည်။ မင်ယာသည် လွန်ခဲ့သည့် နှစ်တစ်သိန်း ကာလအတွင်း မိုးကြိုး ကောင်းကင်ဂိုဏ်း ဘိုးဘေး ငါးယောက်ကို သတ်ဖြတ်ရန်နှင့် ကျူးဝမ် မျိုးနွယ်ကို ကျိန်စာတိုက်ရန် နှစ်ခု အတွက်သာ ထိုစာလိပ်ကို သုံးခဲ့ဖူးသည်။
“ကောင်လေး... နတ်ဘုရား အရှင်ရဲ့ အမိန့်ပြန်တမ်း လက်အောက်မှာ သေဆုံးရတာ မင်း ဂုဏ်ယူသင့်တယ်...”
မင်ယာက ရွှေရောင် စာလိပ်အား ဖွင့်ကာ “သေ” ဆိုသော စကားလုံးကို ရေးဆွဲလိုက်သည်။ ထို့နောက် သူက လက်အား ဝှေ့ယမ်းလိုက်ရာ ထိုစကားလုံးအား ချန်းဖန်ထံ ပစ်ပေါက်လိုက်၏။
“ဘုန်း...”
သေ ဟူသော စကားလုံးသည် ကြယ်ကြွေတစ်စင်း အလား ချန်းဖန်ထံသို့ ကျဆင်းသွားသည်။
“ခရက်... ခရက်...”
ရုတ်တရက် ချန်းဖန်၏ ပတ်လည် ကောင်းကင်၌ အက်ကွဲရာများမှာ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာ၏။ အဇူရာ အလင်းများသည် ပြိုးပြိုးပြက်ပြက် လင်းလက်ကြကာ သေဆုံးခြင်း၏ အငွေ့အသက်များက ချန်းဖန်၏ ခန္ဓာကိုယ်တွင် ဝန်းရံလာသည်။
“မပြည့်စုံတဲ့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ရဲ့ အဆောင်လောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား...”
ချန်းဖန်သည် ဓားတစ်စင်း အလား ကောင်းကင်တွင် မားမားမတ်မတ် ရပ်နေခဲ့၏။ နတ်ဘုရား အသွင် ကိုးခုသည် သူ၏ ပတ်လည်၌ ဝန်းရံနေသည်။ နတ်ဘုရား စက်ဝန်းသည် ဖြည်းညင်းစွာ လည်ပတ်ကာ အဆုံးမဲ့ စွမ်းအင်များကို ထောက်ပံ့ပေး၏။ ချန်းဖန်သည် လက်သီးကို မြှောက်လိုက်ရာ နတ်ဘုရား အမြုတေ တစ်ခုလုံး၏ စွမ်းအားမှာ ထိုနေရာတွင် စုစည်းလာသည်။
“ကျူးကျွယ် ဖျက်ဆီးခြင်း လက်သီး...”
***