← Chapters

တောင်တန်း အင်ပါယာတွင် သွေးအိုင်ထွန်းခြင်း

Vol. 11 Ch. 1009

တောင်တန်း အင်ပါယာတွင် သွေးအိုင်ထွန်းခြင်း

Vol. 11 Ch. 1009

“ဘုန်း...”

ရုတ်တရက် ကမ္ဘာလောက တစ်ခုလုံးမှာ မှောင်မည်းသွားကာ ဥပဒေသများမှာ ကောင်းကင်၌ ပျောက်ကွယ် သွားလေ၏။ ကောင်းကင်အရှင်များသည် အာရုံခံနိုင်စွမ်းကို ဆုံးရှုံးကာ အမှောင်ထု တစ်ခုကိုသာလျှင် ခံစားမိကြရ၏။

ထို့နောက် အလင်းစက် တစ်ခုမှာ ကောင်းကင်တွင် ရေးရေးပေါ်လာသည်။ ထိုမှ တစ်ဆင့် အလင်းစက်များစွာမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာကာ တစ်လောကလုံးမှာ ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွားတော့သည်။

အဆုံးမဲ့ ပေါက်ကွဲမှုများ အပြီး၌ ကောင်းကင်သည် တဖြည်းဖြည်း ပြန်လည် ကြည်လင်လာသည်။ လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့်ကြရာ ရောင်ခြည် စက်ဝန်းကြီး တစ်ခုကို တွေ့ကြရ၏။ ထိုစက်ဝန်း၏ အ‌ရှေ့တွင်မူ အဇူရာ ဝတ်စုံဝတ် လူငယ် တစ်ယောက်က တည်ငြိမ်စွာပင် မတ်တပ်ရပ် နေခဲ့သည်။ “သေ” ဆိုသော စကားလုံးကား အစအနမျှပင် မတွေ့ရအောင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

“မဖြစ်နိုင်ဘူး...”

မင်ယာမှာ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။ ထိုအရာကား ကောင်းကင်အရှင် တထျန်း ထားခဲ့သော အစွမ်း အထက်ဆုံး အဆောင် တစ်ခု ဖြစ်သည်။ ထိုအဆောင်က အဘယ်ကြောင့် ထိုမျှ မြန်မြန် ပျက်စီးသွားရသနည်း။ သူသည် ထိုအရာအား မယုံကြည်နိုင်ချေ။

“သွား...”

ချန်းဖန်က လက်ညိုးညွှန်လိုက်ရာ နတ်ဘုရား မိုးကြိုး တစ်ခုမှာ မင်ယာအား ထိမှန်လေ၏။ မင်ယာကား ရွှေရောင် စာလိပ်ကို အသက်သွင်းရန် အတွက် အင်အား အကုန်အစင်ကို သုံးခဲ့ရရာ မည်သို့မျှ မရှောင်တိမ်းနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်မှာ တောင်တန်း အင်ပါယာထိပ်သို့ ပြင်းထန်စွာ ကျလေ၏။

“ဟူး...”

ချန်းဖန်သည် ကောင်းကင်မှ နေ၍ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ထို့နောက် သူက မင်ယာ၏ ခန္ဓာကိုယ်အား ခြေထောက် တစ်ဖက်ဖြင့် တက်နင်းကာ ကြေညာလိုက်၏။

“ဒီနေ့က စပြီးတောင်တန်း အင်ပါယာ ဆိုတာ မရှိတော့ဘူး...”

“ဘုန်း...”

သူ၏ အသံက မိုး ကြိုးပစ်သကဲ့သို့ ပေါက်ကွဲကာ အရပ်မျက်နှာ အဖက်ဖက်ကို ပျံနှံ့သွားလေသည်။ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ လူများသည် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

“ဒီနေ့က စပြီးတောင်တန်း အင်ပါယာ ဆိုတာ မရှိတော့ဘူး...”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ချန်းဖန်၏ စကားကို လိုက်လံ ရေရွတ်မိကြ၏။ ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်း သိန်းချီ၍ စိုးမိုးခဲ့သော တောင်တန်း အင်ပါယာကား နတ်ဘုရား ဗိုလ်ချုပ် မင်ယာ၏ သေဆုံးမှုနှင့် အတူ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

***

“ဟူး... ဟူး...”

လေသည် ညင်သာစွာ တိုက်ခတ်နေ၏။ နေမင်းသည် အနောက် အရပ်သို့ တဖြည်းဖြည်း ကျဆင်းနေကာ ရွှေရောင် ရောင်ခြည်များမှာ ရေကန်ကို ယှက်ဖြာနေကြသည်။

ထိုအခိုက်၌ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အဇူရာ ဝတ်စုံဝတ် လူငယ်ကို ငေးမောကာ ကြည့်နေမိကြသည်။

ယနေ့၌ ထိုလူငယ်သည် နတ်ဘုရား ဗိုလ်ချုပ် ရှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ နတ်ဘုရား သခင်ကို သုတ်သင်ခဲ့သည်။ ထာဝရဂိုဏ်းချုပ်များကို အနိုင်ယူခဲ့သည်။ တောင်တန်း အင်ပါယာ တစ်ခုလုံးကို ရှုံးနိမ့် စေခဲ့သည်။ ကြောက်မက်ဖွယ် အကောင်းဆုံး အရာကား ကောင်းကင်အရှင် တထျန်းထားခဲ့သော အဆောင်ကိုပင် လက်သီးဖြင့် ထိုးခွဲနိုင်ခဲ့သည်။

သူ၏ အမည်ကား ချန်းပေ့ရွှမ်း ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း...”

ကောင်းကင်အရှင် ကျင်းဟိုင်က ခပ်တိုးတိုး ရေရွတ်ကာ ခေါင်းအား ငုံ့လိုက်၏။ တစ်ချိန်တည်း၌ များစွာသော ကောင်းကင်အရှင်များမှာလည်း ရှက်ရွံ့မှုကို ခံစားနေကြရသည်။ သူတို့သည် တိုက်ပွဲ မစခင်၌ ချန်းပေ့ရွှမ်း ကျိန်းသေ ရှုံးနိမ့်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အရှုံးသမားမှာ သူတို့ အထင်ကြီးထားခဲ့သော တောင်တန်း အင်ပါယာ ဖြစ်နေခဲ့သည်။

သို့သော်လည်း သူတို့ မသိသည့် အချက်ကား ချန်းဖန် ကိုယ်ကိုယ်တိုင်မှာလည်း နောက်ဆုံး တိုက်ပွဲ၌ ကြီးမားစွာ ပေးဆပ်ခဲ့ရသည် ဆိုခြင်းပင်။

မည်သို့ပင် ဆိုစေ ထိုအရာကား ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၏ စွမ်းအားများ ပါဝင်နေသည့် အဆောင်တစ်ခု ဖြစ်သည်။ ချန်းဖန်သည် ထိုအဆောင်ကို ဖျက်ဆီးရန် အတွက် “ကျူးကျွယ် ဖျက်ဆီးခြင်း လက်သီး” ကဲ့သို့သော မဟာ နတ်ဘုရား စွမ်းအား တစ်ခုကိုပင် အတင်းအကြပ် ထုတ်သုံးခဲ့ရသည်။ ထိုအရာက သူ့အား ဖိအားများစေ၏။

သေချာကြည့်ပါက သူ၏ ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းငယ်များ ဖြစ်ပေါ်နေသည်ကိုပင် တွေ့မြင်ရပေလိမ့်မည်။ သူ့ အနေဖြင့် မူလ အခြေအနေသို့ ပြန်လည် ‌ရောက်ရှိရန် အတွက် အချိန်ကာလ တစ်ခုအထိ ပြန်လည် ကျင့်ကြံရတော့မည် ဖြစ်သည်။

“ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ အ‌‌ရှေ့ဂြိုဟ်ကနေ ဒီလို ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက် လာရတာလဲ... ငါ ဘာလို့ ကြိုပြီး မခန့်မှန်းမိတာလဲ... ငါ ဘာလို့ သူတို့ အကုန်လုံးကို မသတ်ခဲ့မိတာလဲ”

မင်ယာမှာ ယခုထိ မယုံကြည်နိုင်အောင် ဖြစ်နေဆဲ ဖြစ်သည်။ သူသည် ချန်းဖန်၏ ခြေထောက်အောက်တွင် ရုန်းကန်ရင်း ငြီးတွား ရေရွတ်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်ရှိ သံချပ်ကာမှာ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့၏။ တစ်ချိန်တည်း၌ သူ၏ အသက်ဓာတ်မှာလည်း လျှင်မြန်စွာ ကျဆင်း လာနေခဲ့လေသည်။

“မင်ယာ... တောင်တန်း အင်ပါယာက မင်းရဲ့ မျိုးဆက်တွေကို ငါ ဘယ်လိုသတ်လဲ ဆိုတာ ကြည့်ထား...”

ချန်းဖန်က ပြောကာ ဓားအားဖြည့် ကျောက်မျက်ကို ထုတ်ယူလိုက်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ဓားပျံကိုးစင်းသည် အလင်းတန်းများ အသွင် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကျက် ထွက်ခွာသွားလေသည်။

“ပြေး...”

တောင်တန်း အင်ပါယာ၏ ကျန်ရစ်သော အကြီးအကဲများ၊ တပည့်များကား ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားကြတော့သည်။

သို့သော်လည်း ကြယ်ဓား ဝင်္ကပါကား ကောင်းကင် ရတနာ ဖြစ်ရန် နီးကပ်နေသော ဓားပျံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဓားပျံ တစ်ချောင်းချင်းစီ၏ တိုက်ခိုက်မှုသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များနှင့် နှိုင်းယှဥ်နိုင်၏။

“ဝှစ်... ဝှစ်...”

ဓားပျံများသည် အလွန် လျှင်မြန်စွာ ပျံသန်းရင်း တောင်တန်း အင်ပါယာ ကျင့်ကြံသူများ၏ အသက်ကို နှုတ်ယူကြသည်။ သူတို့သည် ကိုယ်ပိုင် လက်နက်များ၊ ရတနာများဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း ထိုအရာများက အသုံးမဝင်ခဲ့ချေ။ ကောင်းကင်တွင် သွေးများသည် မိုးများ ကဲ့သို့ ရွာသွန်းနေကာ ဦးခေါင်းပျံများမှာ လေထဲတွင် ပျံဝဲနေကြလေ၏။

ထိုအရာကား ကောင်းကင် ညီမျှခြင်းနှင့် အခြား ကျင့်ကြံသူများ အတွက် ချန်းဖန်၏ လက်စားချေမှု ဖြစ်ပေသည်။

“ဝှစ်... ဝှစ်...”

ဓားပျံများသည် ပျံဝဲကာ အဆက်မပြတ် ဆက်လက် သတ်ဖြတ်နေသည်။ ဓားပျံများကို ခုခံနိုင်သည့် အကြီးအကဲများကိုမူ ချန်းဖန်က အဝေးမှပင် လှမ်း၍ တိုက်ခိုက်၏။

“အဇူရာ သက်ရှည် လက်ညိုး...”

ချန်းဖန်၏ လက်ညိုး ညွှန်ရာ အရာရာကား ပျက်စီးရသည်။ အစီအရင်၊ ဓမ္မ ခန္ဓာ၊ ရတနာ၊ အခြေတည် စိတ်ဝိညာဥ် မည်သည့်အရာမှ လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။

ထိုနေ့၌ သတ်ဖြတ်ခြင်းဟူသော စကားသံသည် တောင်တန်း အင်ပါယာ၌ အထပ်ထပ် မြည်ဟီးခဲ့၏။ ထျန်းဟောင်ဂြိုဟ် ပြက္ခဒိန်တွင်မူ ထိုနေ့အား “ခေတ်တစ်ခု ကျဆုံးသည့်နေ့” ဟု မှတ်တမ်းတင်ခဲ့ပေသည်။

ချန်းပေ့ရွှမ်းမှာမူ တောင်တန်း အင်ပါယာအား တစ်ကိုယ်တည်း အနိုင်ယူကာ ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့လေသည်။

***

All Chapters