ထျန်းဟောင်ဂြိုဟ်ကို လွှမ်းမိုးခြင်း
Vol. 11 Ch. 1010
“ဘုန်း...”
သွေးများသည် နံရံများ၊ မြေပြင်များတွင် စွန်းထင်နေ၏။ တပည့်များ အားလုံးမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။
အဆုံး၌ ချန်းဖန်က “ကျူးကျွယ် နတ်ဘုရား မိုးကြိုး” ကို နောက်တစ်ကြိမ် ဖွဲ့စည်းကာ တောင်တန်း အင်ပါယာ၏ ကမ္ဘာငယ် တံခါးကိုပါ ဖျက်ဆီး ပစ်လိုက်သည်။ သူသည် ထိုကမ္ဘာငယ်ထဲ၌ ပုန်းအောင်းနေသည့် အကြီးအကဲများ၊ တပည့်များကို ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။
“လာစမ်း...”
ချန်းဖန်က အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ တောင်တန်း အင်ပါယာထိပ်ရှိ မီးပြင်းဖို မျှော်စင်များ၊ ရတနာ နန်းတော်များမှာ သူ၏ အင်္ကျီလက်အတွင်း သိမ်းဆည်းခြင်းကို ခံကြရသည်။ ထိုအရာများကား တောင်တန်း အင်ပါယာ၏ အဖိုး မဖြတ်နိုင်သော ရတနာများပင် ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်က နတ်ဘုရား ဗိုလ်ချုပ် မင်ယာအား လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ကမ္ဘာငယ် အတွင်းသို့ ဦးတည်လိုက်၏။
ကမ္ဘာငယ်သည် မိုင်ရာချီ ကျယ်ဝန်းကာ အလင်းများ၊ ဥပဒေသများမှာ နေရာတိုင်း၌ ပြည့်နှက်နေသည်။ မြေပြင်တွင်မူ သက်တမ်းရင့် ကောင်းကင် ဆေးပင်များ အပါအဝင် မရေမတွက်နိုင်သော အပင်များမှာ ပေါက်ရောက်နေ၏။ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင် ထိုနေရာ ကဲ့သို့သော ကျင့်ကြံခြင်း နယ်မြေ တစ်ခု ရှိလိမ့်မည် မဟုတ်ချေ။ ထိုနေရာ၌သာ နေရပါက သာမန် ပါရမီသာ ရှိသည့် လူတစ်ယောက် ပင်လျှင် နှစ်ပေါင်း သုံးဆယ် အတွင်း မူလ အဆင့်ကို တက်လှမ်းနိုင်ပေလိမ့်မည် ဖြစ်သည်။
“ဘုန်း... ဘုန်း...”
ကမ္ဘာငယ် အတွင်း၌ ရှိသော ကျင့်ကြံသူများသည် ချန်းဖန်အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားလိုက်ကြ၏။ သို့သော်လည်း သူတို့သည် ဓားပျံကိုးစင်းနှင့် အဇူရာ သက်ရှည် လက်ညိုးတို့၏ အောက်၌ အသက်ထွက်သွားစမြဲ ဖြစ်သည်။
များစွာသော အကြီးအကဲများကား စတင် တုန်ရီ လာခဲ့ကြသည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်သည့်တိုင် ချန်းဖန်ကို ကြောက်လန့်နေကြရာ ခုခံရဲခြင်း မရှိကြတော့ချေ။
တောင်တန်း အင်ပါယာ၏ အခြား တပည့်များမှာလည်း မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။ ထိုအရာမှာ သူတို့ အသက်ရှင် လွတ်မြောက်ရန် အတွက် တစ်ခုတည်းသော အခွင့်အလမ်းလည်း ဖြစ်ပေသည်။
“ဟမ့်... ဒါတို့ရဲ့ နတ်ဘုရား မင်းသားက နတ်ဘုရား ရတနာတွေနဲ့ နတ်ဘုရား အစီအရင်တွေကို ယူသွားလို့ပေါ့... မဟုတ်ရင် မင်း ထင်တိုင်းကြဲခွင့်ရမှာ မဟုတ်ဘူး”
မင်ယာက နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။
“အိုး... ဟုတ်လား...”
ချန်းဖန်က ထူးမခြားနားဟန် ပြန်လည် မေးလိုက်သည်။ သူသည် ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။
“ငါ ပြောနေတာက သာမန် ရွှေအမြုတေ အဆင့် မင်းသား တစ်ယောက်ကို ပြောနေတာ မဟုတ်ဘူးနော်... အရှင် တထျန်းရဲ့ အချစ်ဆုံးသားကို ပြောနေတာ... နတ်ဘုရား မင်းသားက အရှင် တထျန်းရဲ့ နောက်ဆုံးနှစ်တွေမှာ မွေးဖွားခဲ့တာ... သူက အရမ်းကို ပါရမီ မြင့်မားတယ်... သူသာ မဟာ အခွင့်အရေးကို ရှာဖို့ မသွားခဲ့ဘူး ဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တည်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်နေလောက်ပြီ”
နတ်ဘုရား ဗိုလ်ချုပ် မင်ယာ၏ မျက်လုံးများက လေးစားမှုများဖြင့် ပြည့်နှက်နေ၏။
“အရှင် တထျန်းရဲ့သား...”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွားခဲ့သည်။
ကျင့်ကြံသူ တစ်ယောက်သည် ပို၍ အစွမ်းထက်လေလေ၊ ကလေးရရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ တာအို စုစည်းခြင်း အဆင့်များ၏ ကလေးများဆိုလျှင် နှစ်ပေါင်း ထောင်သောင်းချီသည် အထိ ကိုယ်ဝန်ဆောင်ကြရသည်။ သို့သော်လည်း ထိုကလေးများမှာ မွေးဖွားသည့် အချိန်မှ စ၍ အလွန် အစွမ်းထက်ကြသည်။ ထိပ်တန်း သူတော်စင်များ၏ ကလေးများမှာ သူတို့၏ ပါရမီများကြောင့် စကြဝဠာ တစ်ခုလုံးကို ကျော်ြဖတ်ကာ ထင်ရှားကြ၏။
သို့ဖြစ်ရာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်၏ ကလေးမှာ ကျိန်းသေ ပါရမီ မြင့်မားလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူသည် တောင်တန်း အင်ပါယာ၏ အဓိက အစီအရင်များ၊ ရတနာများကို ယူဆောင်သွားသည် ဟု ဆိုသည်။
“သူ့နာမည်က ဘယ်သူလဲ... သူက ဘယ်ကို သွားတာလဲ”
ချန်းဖန်က မေးလိုက်၏။
“ဟား... ဟား...”
မင်ယာမှာ ချန်းဖန်၏ မေးခွန်းများကို ပြန်မဖြေပဲ အားရပါးရ ရယ်မောနေခဲ့၏။ သူ၏ မျက်လုံးများကမူ လှောင်ပြောင်ခြင်း အပြည့်ဖြင့် ချန်းဖန်ကို ကြည့်နေခဲ့လေသည်။
“ဝှစ်...”
ချန်းဖန်က မိုးကြိုးတစ်ခုကို ပစ်လွှတ်ကာ မင်ယာအား ဖျက်ဆီးလိုက်၏။ မင်ယာမှာ ရယ်မောနေရင်းနှင့်ပင် ခန္ဓာနှင့် အခြေတည် ဝိညာဥ် နှစ်ခု စလုံး ပျက်စီးသွားတော့သည်။
နတ်ဘုရား ဗိုလ်ချုပ် မင်ယာကား သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။
ထို့နောက် ချန်းဖန်က မြေပြင်၌ ဒူးထောက်နေသော အကြီးအကဲ တစ်ယောက်ကို ကြည့်လိုက်၏။
“မင်း ပြောစမ်း... နတ်ဘုရား မင်းသားက ဘယ်ကို သွားတာလဲ”
အကြီးအကဲက ကြောက်ကြောက်လန့်လန့်ဖြင့် ဦးညွှတ်လိုက်သည်။
“ကောင်းကင်အရှင်ချန်း... နတ်ဘုရား ဗိုလ်ချုပ် ပြောတဲ့ နတ်ဘုရား မင်းသား ဆိုတာက မင်ယန် ဖြစ်ပါလိမ့်မယ်... သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ တောင်တန်း အင်ပါယာရဲ့ တန်ဖိုး အရှိဆုံး ရတနာတွေနဲ့ နတ်ဘုရား ဗိုလ်ချုပ် တော်တော်များများကို ခေါ်ယူပြီး ထွက်သွားခဲ့တာပါ... ကြားရသလောက် ဆိုရင်တော့ စကြဝဠာထဲက ဂြိုဟ်တွေကို သွားပြီး မဟာ အခွင့်အရေးတွေ ရှာဖွေမလို့လို့ ပြောပါတယ်”
“အဲဒါက ကျွန်တော် သိသမျှ အကုန်ပါပဲ ခင်ဗျာ... နတ်ဘုရား မင်းသား ဘယ်ကို သွားသလဲ ဆိုတာကိုတော့ ကျွန်တော် မပြောနဲ့ နတ်ဘုရား သခင်တောင် မသိပါဘူး”
ချန်းဖန်မှာ အကြီးအကဲ၏ စကားကို နားထောင်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
“မဟာ အခွင့်အရေး... သူက ကမ္ဘာကို သွားတာလား...”
သူသည် ထိုနတ်ဘုရား မင်းသားကို ကြောက်လန့်ခြင်း မရှိချေ။ သူ့တွင် ယခုထိ အသုံးမပြုရသေးသော ဝှက်ဖဲများ၊ ကျင့်စဥ်များစွာ ရှိသေးသည်။ သူ စိုးရိမ်သည့် တစ်ခုတည်းသော အရာမှာ ကျူးဝမ်မျိုးနွယ် အတွက်သာ ဖြစ်၏။
အတန်ကြာမှ ချန်းဖန်က ခေါင်းခါကာ ဒူးထောက်နေသော အကြီးအကဲများအား ကြည့်လိုက်သည်။
“ကောင်းပြီလေ... မင်းတို့က အညံ့ခံတဲ့ လူတွေဆိုတော့ ငါ မင်းတို့ အသက်ကို ချမ်းသာပေးလိုက်မယ်... ဒါပေမဲ့ မင်းတို့တွေ နှစ်တစ်ထောင် အထိ ကျူးဝမ်မျိုးနွယ် အတွက် အလုပ်လုပ်ပေး ရမယ်”
“ကျေးဇူးတင်ပါတယ် ကောင်းကင်အရှင်...”
တောင်တန်း အင်ပါယာ၏ အကြီးအကဲများ၊ တပည့်များမှာ ဦးညွှတ် လိုက်ကြ၏။
ထို့နောက် ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ထိုလူများ၏ ခန္ဓာကိုယ်ပေါ်၌ အစီအရင်များ ချမှတ်လိုက်သည်။ ထို့နောက် သူက ဓားအားဖြည့် ကျောက်မျက်ထဲမှ ကျောက်စိမ်းပြားများကို ထုတ်ယူကာ သင်္ကေတ အချို့ကို ရေးဆွဲလိုက်၏။
“မင်းတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်တွေကို ဒီကျောက်စိမ်းပြားတွေနဲ့ ချိတ်ဆက်ထားတယ်... ဒီကျောက်စိမ်းပြားကို ပိုင်ဆိုင်တဲ့ ဘယ်သူမဆို မင်းတို့ရဲ့ သခင် ဖြစ်လာလိမ့်မယ်... သူက ကျောက်စိမ်းပြားကို ချိုးလိုက်ရင် မင်းတို့လည်း ဖျက်ဆီးခံရလိမ့်မယ်”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။
“ကောင်းပါပြီ ခင်ဗျာ...”
အကြီးအကဲများမှာ ကြောက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်ကြသည်။
ထို့နောက် ချန်းဖန်က ကမ္ဘာငယ်ထဲမှ တောင်တန်း အင်ပါယာ အကြီးအကဲများနှင့် အတူ ထွက်လာခဲ့၏။ ထို့နောက် သူက တောင်တန်း အင်ပါယာ၏ အစီအရင်များကို ထိန်းချုပ်ကာ ပြန်လည် တပ်ဆင် လိုက်သည်။ ထိုနေ့မှ စ၍ တောင်တန်း အင်ပါယာနှင့် အထွတ်အမြတ်နယ်သည် ကျူးဝမ်မျိုးနွယ်၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်လေသည်။
“ငါ အခုထိ မယုံကြည်နိုင်သေးဘူး... ချန်းပေ့ရွှမ်းက တကယ့်ကြီး တောင်တန်း အင်ပါယာကို အနိုင်ယူလိုက်တာပဲ...”
“ချန်းပေ့ရွှမ်းရဲ့ နောက်မှာ ရပ်နေတာ အကြီးအကဲ ချီဝူ အကြီးအကဲ မင်ယွမ် နဲ့ တောင်တန်း အင်ပါယာရဲ့ တပည့်တွေ မလား... တောင်တန်း အင်ပါယာက သူ့ဆီမှာ အညံ့ခံလိုက်တာလား”
“တောင်တန်း အင်ပါယာက ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်ဆီမှာ တကယ်ကြီး ရှုံးနိမ့်သွားတာပဲ... ထျန်းဟောင်ဂြိုဟ်မှာ အပြောင်းအလဲတွေ ဖြစ်တော့မယ် ထင်တယ်”
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ပြောဆို ဆွေးနွေးနေကြ၏။ သူတို့သည် ဖြစ်ပျက်သမျှ အလုံးစုံကို ယခုထိ မယုံကြည်နိုင်ကြသေးချေ။
ထို့နောက် ချန်းဖန်သည် တောင်တန်း အင်ပါယာကို အချိန်ကာလ တစ်ခုအထိ ပိတ်သိမ်းလိုက်ကြောင်း ကြေညာ၏။
များစွာသော ကောင်းကင်အရှင်များသည် ချန်းဖန်ကို ဦးညွှတ် အရိုအသေပြုကာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားကြသည်။ ချန်းပေ့ရွှမ်းကား အစွမ်းထက်လွန်းသည်။ သူတို့သည် ဆန့်ကျင်ရန် စိတ်ပင် မကူးဝံ့မိကြချေ။
“ဝှစ်... ဝှစ်... ဝှစ်...”
ကောင်းကင်အရှင်များနှင့် အတူ တိုက်ပွဲအား ကြည့်ရှုရန် ရောက်လာကြသော ကျင့်ကြံသူများမှာလည်း ပြန်လည် ထွက်ခွာသွားကြသည်။
အားလုံး ထွက်ခွာသွားပြီးနောက်၌ ချန်းဖန်က တောင်တန်း အင်ပါယာ တစ်ခုလုံးကို လွှမ်းခြုံ၍ အစီအရင် တစ်ခု ခင်းကျင်းလိုက်၏။ အစီအရင် ပြည့်စုံသွားပြီးနောက်၌ ချန်းဖန်၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ရီကာ မြေပြင်ပေါ် လဲပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ကောင်းကင်အရှင်...”
တောင်တန်း အင်ပါယာ၏ အကြီးအကဲများမှာ ချန်းဖန် အနားသို့ ရောက်ရှိ လာခဲ့ကြသည်။ သူတို့၏ မျက်လုံးများတွင်မူ ထူးဆန်းသော အလင်းများက လင်းလက်နေသည်။
“ငါ့အတွက် ကျင့်ကြံဖို့ အခန်းတစ်ခု ရှာပေး... နောက်ပြီး ရှေးဟောင်း ကျူးဝမ်မြို့ကို လူလွှတ်ပြီး အကြီးအကဲတွေကို ခေါ်လာခိုင်းလိုက်”
ချန်းဖန်က ပြောလိုက်သည်။
အကြီးအကဲများသည် ချန်းဖန် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားကြောင်း အကဲခတ်နေမိကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့၏ အသက်ကို ချန်းဖန်၏ လက်ထဲတွင် ဖြစ်ရာ သူတို့ မကောင်း မကြံရဲကြချေ။
ထိုအချိန်၌ တောင်တန်း အင်ပါယာ တိုက်ပွဲ သတင်းကား ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ မကြာခင်မှာပင် ထိုသတင်းသည် ထျန်းဟောင်ဂြိုဟ်ကို ကျော်လွန်ကာ အခြား ကျင့်ကြံခြင်းဂြိုဟ် အချို့သို့ပါ ပျံ့နှံ့သွားတော့၏။
***