← Chapters

မိန်းမရယ်... နည်းနည်းပါးပါးတော့ ညှာပါဦး

Vol. 38 Ch. 556

မိန်းမရယ်... နည်းနည်းပါးပါးတော့ ညှာပါဦး

Vol. 38 Ch. 556

ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ဆိုတာက ကမ္ဘာမြေရဲ့ နိယာမတရားတွေကနေ ဒီလောကမှာရှိတဲ့ အစွမ်းအထက်ဆုံး သတ္တဝါတွေကို အပြစ်ပေးတဲ့ ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းတစ်မျိုးပင် ဖြစ်လေသည်။

ရှေးကာလမှစ၍ မောက်မာဝင့်ကြွားလှသော ပုဂ္ဂိုလ်ဘယ်လောက်များများ၊ တန်ခိုးအာဏာ ကြီးမားလှသော ပုဂ္ဂိုလ်ဘယ်လောက်များများက ဒီကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်အောက်မှာ ကျရှုံးခဲ့ပြီး ပိုမြင့်မားတဲ့ နယ်ပယ်တွေကို မရောက်ရှိနိုင်ခဲ့ကြဘူးလဲ။

ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို မကြောက်တဲ့သူတစ်ယောက်မှမရှိဘူးလို့ ပြောရင်တောင် လွန်ရာကျမည်မထင်။

သို့သော် ယခုမူကား... သခင်လေးချင်က လူတိုင်း ထိတ်လန့်တုန်လှုပ်ရသော ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို ရန်သွားစနေသည်တဲ့လား။

ဒီမြင်ကွင်းကတော့ တကယ့်ကို လူတွေရဲ့အသိဉာဏ်ကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပါပဲတကား။

ချင်သခင်ကြီးနဲ့ တခြားနှစ်ယောက်ရဲ့ မျက်နှာထက်မှာ ချက်ချင်းဆိုသလို ထူးဆန်းတဲ့အမူအရာတွေ ပြည့်နှက်သွားလေတော့သည်။

ကိုးကွေ့မြစ်ကမ်းနံဘေးမှာတော့ နတ်ဘုရားအစောင့်အရှောက်ကြီးက သူ၏မုတ်ဆိတ်မွှေးကို သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။

"ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့လူမျိုး မမြင်ရတာတောင် ကြာပေါ့။ ဟုတ်တယ်လေ၊ ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်လေးများကွာ၊ ဘာကို ကြောက်စရာရှိလို့လဲ။"

မဟာစာပေအကယ်ဒမီရဲ့ ကောင်းကင်ဘုံမျှော်စင်ထိပ်မှာတော့ ရွှီလဲ့ရှန်တစ်ယောက် တံတွေးတစ်လုပ်ကို အသာမျိုချလိုက်မိသည်။

"ဒီညီလေးကတော့ တကယ်ကို သာမန်မဟုတ်ဘူးပဲ။ အရင်တုန်းက ငါ ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်နဲ့ ရင်ဆိုင်ရတုန်းကဆိုရင် ဒီလောက်တောင် စိတ်အေးလက်အေးနဲ့ တည်ငြိမ်နေနိုင်ခဲ့တာမဟုတ်ဘူး။"

ကောင်းကင်ဘုံမျှော်စင်ရဲ့ နန်းတွင်းဆရာတော်ကြီးကတော့ ထိုစကားကိုကြားသော် အကူအညီမဲ့စွာ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့၏။

နန်းတော်ရဲ့ စာကြည့်ဆောင်တော်ထဲမှာတော့ ပန်းချီကားထဲက ရွှမ်ယွမ်နတ်ဘုရားသတ်ဓားဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ။ မင်ဧကရာဇ်လည်း သက်ပြင်းတစ်ချက်ကို အသာချရင်း မင်းနေပြည်တော် အထက်က ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်သည်။ လျှပ်စီးကြောင်းများ ရစ်ခွေနေသော ဝတ်ရုံနက်နဲ့လူရဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း သူ၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေဟန် တူလေသည်။

တစ်ဖက်မှာတော့... အိမ်ရှေ့စံမင်းသားရဲ့ နန်းဆောင်မှာ...

အိမ်ရှေ့စံက မျက်ခုံးပင့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ညီတော်ချင်၊ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတဲ့လူပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို ဆွဲဆောင်နိုင်တာက တစ်မျိုး၊ ပြီးတော့ ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို မောက်မောက်မာမာ စကားတွေပြောရဲသေးတယ်၊ အံ့ရော၊ အံ့ရောပဲဟေ့။ အန်းယာ၊ မင်းရော ဒီလိုမထင်ဘူးလား။"

သူ့စကားဆုံးသွားပေမယ့် ဘယ်သူ့ဆီကမှ တုံ့ပြန်သံ ထွက်မလာခဲ့ချေ။

သူလှည့်ကြည့်လိုက်တော့မှ နန်းတွင်းဝတ်စုံအကောင်းစားကို ဝတ်ဆင်ထားတဲ့ အန်းယာတစ်ယောက် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း ရတနာကြေးမုံထဲက မြင်ကွင်းကိုသာ အာရုံစိုက်နေတာကို တွေ့လိုက်ရသည်။

အိမ်ရှေ့စံမင်းသားက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် စကားစဖို့ ပြင်လိုက်စဉ် ဘေးနားက မိဖုရားကြီးက လက်လှမ်းကာ သူ့ကိုတားလိုက်ပြီး အန်းယာကို တင်းမာသော အမူအရာဖြင့်ကြည့်ကာ သက်ပြင်းဖွဖွချရင်း ခေါင်းကို အသာခါယမ်းလိုက်လေသည်။

ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ အလိုဆန္ဒကို ကိုယ်စားပြုတာလေ၊ သာမန်လူသားတစ်ယောက်က ဘယ်လိုလုပ် ရန်စလို့ရမှာတဲ့လဲ။

ချင်ဖုန်းရဲ့စကားသံဆုံးသွားတဲ့တစ်ခဏမှာပဲ အပေါ်က မိုးသားတိမ်လိပ်မည်းကြီးတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မိုင်ကျော်အထိ ပြန့်ကားထွက်သွားလေတော့သည်။

အောက်က မိုးခြိမ်းသံတွေကပင်လျှင် အရင်ကထက် နှစ်ဆကျော် ပိုမိုပြင်းထန်လာ၏။

ဘုန်း!

နားကွဲမတတ် မိုးခြိမ်းသံကြီး ပေါ်ထွက်လာပြီး ကောင်းကင်နဲ့မြေကြီးတစ်ခုလုံး ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသယောင် ထင်မှတ်ရလေသည်။

ကောင်းကင်ဘုံရဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားက မင်းနေပြည်တော်ထဲက မရေမတွက်နိုင်တဲ့ လူတွေကို ကြက်သီးမွှေးညင်းထစေခဲ့သည်။

ရုတ်တရက်ဆိုသလို နောက်ထပ်မိုးကြိုးတစ်ချက် ပစ်ခတ်ရာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုအားပြင်းလှသည်။

ချင်ဖုန်းကတော့ ရှောင်တိမ်းခြင်း၊ ကာကွယ်ခြင်းမပြုသည့်အပြင် သူ့လက်နှစ်ဖက်ကို ဆန့်တန်းပြီး တက်ကြွစွာပင် ပွေ့ဖက်ကြိုဆိုလိုက်လေသည်။

ဘန်!

သူ့ခန္ဓာကိုယ်နဲ့ မိုးကြိုးထိခတ်သွားသည်နှင့် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်ကာ မိုးခြိမ်းသံများ ဆူညံသွား၏။ လူအများရဲ့ အံ့ဩတုန်လှုပ်နေတဲ့ အကြည့်တွေကြားမှာ သူက ကောင်းကင်ကို မော့ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"ထပ်လာခဲ့စမ်း!"

ထို့နောက်မှာတော့ ဒုတိယနဲ့ တတိယမြောက် မိုးကြိုးတွေ ဆက်တိုက်ကျလာတော့သည်။

အချိန်တွေကုန်လွန်လာတာနဲ့အမျှ မြို့ထဲကလူတွေဟာ ချင်ဖုန်းတစ်ယောက် မိုးကြိုးဘယ်နှချက် ခံလိုက်ရပြီလဲဆိုတာကိုတောင် မရေတွက်နိုင်တော့ချေ။

သူတို့မြင်နေရတာကတော့ မင်းနေပြည်တော်အပေါ်က တိမ်မည်းတွေ တဖြည်းဖြည်း သေးငယ်လာပြီး မိုးခြိမ်းသံတွေတောင်မှ တိုးလျှိုးသွားတာကိုပင်။

နောက်ဆုံးမိုးကြိုးတစ်ချက် ရပ်တန့်သွားချိန်မှာတော့ အလင်းဖြူတစ်တန်းက တိမ်တွေကို ဖောက်ထွင်းပြီး ချင်ဖုန်းကို လွှမ်းခြုံသွားကာ သူ့ရဲ့အရှိန်အဝါကိုလည်း တစ်မဟုတ်ချင်း မြင့်တက်စေခဲ့သည်။

အလင်းဖြူက ချင်ဖုန်းရဲ့ခန္ဓာကိုယ်ထဲကို လုံးလုံးဝင်ရောက်သွားချိန်မှာတော့ သူ့ကိုဗဟိုပြုပြီး အားကောင်းတဲ့ အရှိန်အဝါတစ်ခု ပတ်ပတ်လည်ကို လှိုင်းဂယက်ရိုက်ခတ်သွားလေတော့၏။

ထိုအချိန်တွင် ချင်ဖုန်းသည် နောက်ဆုံးမှာတော့ စာပေသူတော်စင် တာအိုမျိုးဆက်၏ စတုတ္ထအဆင့်ဖြစ်သော 'အချုပ်အနှောင်မဲ့ နယ်ပယ်' သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်။

သူက လက်သီးကိုဆုပ်လိုက်ရာ မိုးကြိုးကဲ့သို့သော 'ဖြောင့်မတ်ခြင်း ချီစွမ်းအင်' တွေက သူ့ရဲ့ နတ်ပင်လယ်ထဲမှာ ဝေ့ဝဲနေလေသည်။

ထိုအခိုက်အတန့်မှာ သူအလိုရှိလျှင် မိုးကြိုးကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီဟု မရေမရာ ခံစားလိုက်ရသည်။

ကောင်းကင်မှာ တရွေ့ရွေ့လွင့်မျောနေတဲ့ တိမ်မည်းတွေကို မော့ကြည့်ရင်း ချင်ဖုန်းက ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်မိုးကြိုးတစ်စင်းက ကောင်းကင်ယံမှ ပစ်ခတ်လာပြီး ထိုတိမ်မည်းတွေကို အလွယ်တကူပင် ကြေမွသွားစေခဲ့သည်။

မဟာစာပေအကယ်ဒမီမှာတော့ ရွှီလဲ့ရှန်က ထိုမြင်ကွင်းကိုတွေ့ပြီး အားကျသွားသည်။

"စာပေသူတော်စင် တာအိုမျိုးဆက်ရဲ့ စတုတ္ထအဆင့် အချုပ်အနှောင်မဲ့ နယ်ပယ်က ကိုယ်နဲ့ ဇာစ်မြစ်တူတဲ့ ဝိညာဉ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။"

"ညီလေးမှာ မိုးကြိုးဖြောင့်မတ်ခြင်း ချီစွမ်းအင်ရှိပြီး သူ့ရဲ့စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို မိုးကြိုးနဲ့ သွေးတိုက်ထားတော့ မိုးကြိုးဝိညာဉ်တွေအပေါ် သူ့ရဲ့ထိန်းချုပ်မှုက သေချာပေါက် အားကောင်းမှာပဲ။"

"လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဒီလောက်တန်ခိုးရှိတာ... တကယ်ကို အားကျစရာကောင်းတာပဲ။"

ကောင်းကင်ဘုံမျှော်စင်ရဲ့ နန်းတွင်းဆရာတော်ကြီးကတော့ စိတ်သက်သာရာရသွားဟန်တူသည်။ ချင်ဖုန်း မြင်ကွင်းထဲက ပျောက်ကွယ်သွားပြီးနောက်မှာတော့ သူက နောက်ဆုံးတွင် မေးလိုက်သည်။

"အရှေ့ပိုင်းနယ်မြေမှာ အခြေအနေဘယ်လိုရှိလဲ။"

ရွှီလဲ့ရှန်ရဲ့ မျက်နှာက ချက်ချင်း တည်ကြည်သွားပြီး ပြန်ဖြေသည်။

"အသူရာမျိုးနွယ်တွေဆီက လှုပ်ရှားမှုတချို့တော့ အမှန်ပဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ကတိတည်သေးတယ်၊ နယ်စပ်ကိုတော့ မဖြတ်ကျော်သေးဘူး။"

"ဒါက အချိန်ကာလတစ်ခုအထိပဲ ဖြစ်မှာပါ။"

ဆရာဖြစ်သူပြောတဲ့ အချိန်ဆိုတာက သခင်ကြီးမော့ရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကို ရည်ညွှန်းမှန်း ရွှီလဲ့ရှန် ကောင်းကောင်းသိသည်။ သို့သော် သူက ဆက်လက်မေးမြန်းလိုက်သေးသည်။

"တကယ်တော့ တပည့်နားမလည်တာတစ်ခုရှိတယ်။ အသူရာမျိုးနွယ်တွေက ဗေဒင်ဟောတာမှ မကျွမ်းကျင်တာ။ သခင်ကြီးသာ ကွယ်လွန်သွားခဲ့ရင်တောင် သူတို့က သိချင်မှ သိမှာ။ ဒီတော့ ဆရာ... ဘာကိုများ အတိအကျ စိုးရိမ်နေတာပါလဲ။"

နန်းတွင်းဆရာတော်ကြီးက တည်ငြိမ်စွာပင် ပြန်ဖြေသည်။

"သူတို့သာ မသိရင် သခင်ကြီးရဲ့ ကျန်းမာရေးဆိုးရွားနေတဲ့ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘာလို့များ လှုပ်ရှားမှုတွေ ရှိနေရမှာလဲ။"

"ဒါဆို တစ်စုံတစ်ယောက်က သူတို့ကို သတင်းပေးနေတယ်လို့ ဆိုလိုတာလား။"

ရွှီလဲ့ရှန်က တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မျက်မှောင်ကြုတ်မိလိုက်သည်။

အရှေ့ပိုင်းဒေသရဲ့ ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်။ ဘယ်သူကများ ဒီငြိမ်းချမ်းမှုကို ဖျက်ဆီးပြီး မဟာချန်တိုင်းပြည်ကြီးတစ်ခုလုံးကို ပရမ်းပတာဖြစ်အောင် လုပ်ချင်နေရတာလဲ။

ကောင်းကင်ဘုံမျှော်စင်ရဲ့ နန်းတွင်းဆရာတော်ကြီးက တောင်ဘက်အရပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မင်းနေပြည်တော်တစ်ခုလုံးကို စူးစမ်းကြည့်ရှုကာ သက်ပြင်းဖွဖွချလိုက်သည်။

"မိုးထိအောင်မြင့်တဲ့ သစ်ပင်ကြီးတစ်ပင် ပြိုလဲရခြင်းအကြောင်းက အထဲက ပိုးစားရာကနေ စတတ်တာပဲ။ လူသားမျိုးနွယ်တွေ ရင်ဆိုင်ရတဲ့ ခြိမ်းခြောက်မှုက မိစ္ဆာတွေ၊ တစ္ဆေတွေ၊ တိုင်းတစ်ပါးမျိုးနွယ်တွေဆီကချည်းပဲ မဟုတ်ခဲ့ဘူး။"

ချင်ဖုန်းလည်း ချင်စံအိမ်တော်သို့ ပြန်ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲက လှိုင်းထနေတဲ့ စွမ်းအားတွေကို ခံစားရင်း အလွန်အမင်း စိတ်လှုပ်ရှားနေမိတော့သည်။

စတုတ္ထအဆင့်မရောက်ခင်မှာ စာပေသူတော်စင် တာအိုမျိုးဆက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အလွန်အမင်းကို အကန့်အသတ်ရှိလေရာ တိုက်ခိုက်ရေးမှာ အားနည်းတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ခံထားရသည်။

သို့သော် စတုတ္ထအဆင့်ကို ရောက်ရှိပြီးနောက်မှာတော့ ရင်းမြစ်ရဲ့အနှစ်သာရကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စာပေသူတော်စင် တာအိုမျိုးဆက်ဟာ သူတို့ရဲ့ နိမ့်ကျတဲ့အဆင့်အတန်းကနေ နောက်ဆုံးတော့ ရုန်းထနိုင်ခဲ့ပြီဖြစ်သည်။

သာမန်အခြေအနေမှာတော့ အဆင့်တူ သိုင်းသမားတွေအနေနဲ့ အချုပ်အနှောင်မဲ့ နယ်ပယ်က စာပေသူတော်စင်တစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ အလွန်တရာ ခက်ခဲလှပေလိမ့်မည်။

နောက်ဆုံးတော့လည်း လိပ်ခွံလို မာကျောလှတဲ့ ကာကွယ်ရေးစွမ်းရည်နဲ့ အားပြင်းတဲ့ တိုက်ခိုက်ရေးပညာရပ်တွေ ပိုင်ဆိုင်ထားတဲ့ စာပေသူတော်စင်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းမရှိတဲ့ သိုင်းသမားတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာတဲ့လဲ။

ချင်သခင်ကြီးက ပြုံးရင်းမေးလိုက်သည်။

"ဘယ်လိုနေလဲ။"

ချင်ဖုန်းက ပြန်ဖြေသည်။

"ခံစားလို့ကောင်းလိုက်တာ... မရတော့ဘူး၊ ကျွန်တော် တစ်ယောက်ယောက်နဲ့ လက်ရည်စမ်းချင်နေပြီ။"

ချင်သခင်ကြီးက မျက်ခုံးပင့်လိုက်သည်။

"ဟေ... ဟုတ်လား။"

ချင်ဖုန်းက မျက်နှာလွှဲလိုက်သည်။

"ဘာကြည့်တာလဲ၊ ကျွန်တော်ပြောတာ အဖေ့ကို မဟုတ်ဘူး။"

ဒီလောက်တော့ သူအသိတရားရှိပါသေးသည်။ သူနဲ့ မြောက်ပိုင်းတစ္ဆေခေါင်းဆောင်ကြားက အင်အားကွာဟချက်က ကြီးမားလွန်းတော့ နှိုင်းယှဉ်စရာပင်မလို။

အခုချိန်မှာလည်း မီးသွေးခဲကောင်နဲ့ လန်နင်ရွှမ်က ပဉ္စမနယ်ပယ်ကို ရောက်နေကြပြီမို့ ယှဉ်ပြိုင်ဖို့ အကြောင်းမရှိတော့။

စဉ်းစားကြည့်လိုက်တော့ ချင်မိသားစုတစ်ခုလုံးမှာ သူနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့သူဆိုလို့ မိန်းမနှစ်ယောက်ပဲ ရှိတော့ပုံပါပဲ။

ဒီလိုတွေးမိတော့ ချင်ဖုန်းက လျိုကျန့်လီနဲ့ ချန်းဖေးလန်တို့ဆီကို လျှောက်သွားပြီး သူ့ရဲ့အတွေးကို ပြောပြလိုက်လေသည်။

သူတို့နှစ်ယောက်က တုံ့ဆိုင်းစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပေမယ့် နောက်ဆုံးမှာတော့ သဘောတူလိုက်ကြသည်။

သိပ်မဝေးလှတဲ့နေရာက လျိုကျန့်လီကို ကြည့်ရင်း ချင်ဖုန်းတစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ စိတ်မလှုပ်ရှားဘဲနေဖို့ဆိုတာ မဖြစ်နိုင်... သူမက သမိုင်းမှာ အသက်အငယ်ဆုံး တတိယအဆင့် ဓားနတ်ဘုရားမ၊ နတ်သိုင်း တာအိုမျိုးဆက်ရဲ့ မျက်စိကျစရာ အချစ်တော်လေး မဟုတ်ပါလား။

"ပြန်တွေးကြည့်ရင်... အရင်တုန်းကဆို ငါ့မိန်းမက ငါ့ကိုကာကွယ်ဖို့ အမြဲရှေ့က မားမားမတ်မတ် ရပ်ပေးခဲ့ရတာ... အခုတော့ ငါ့အလှည့်ပေါ့ကွာ၊ ငါ့မိန်းမကို ငါ့ရဲ့စတိုင်လ်လေး ဘာလေး ပြရဦးမယ်။"

"ငါ့ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင်တော့ သူတို့ကို အနိုင်တိုက်နိုင်မှာမဟုတ်သေးပေမယ့် တိုက်ကွက်လေး နည်းနည်းပါးပါး အပြန်အလှန်ယှဉ်နိုင်ဖို့တော့ ပြဿနာမရှိလောက်ပါဘူးကွာ!"

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ ချင်ဖုန်းက ချက်ချင်းဆိုသလို လှမ်းပြောလိုက်သည်။

"မိန်းမ... ယှဉ်ပြိုင်ကြရင် အစွမ်းကုန်သုံးနော်၊ လုံးဝ အားမနာနဲ့!"

ထိုစကားကို ကြားသော် လျိုကျန့်လီက ခဏစဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ!"

သူမက ညာလက်ဖြင့် လက်ဟန်တစ်ချက်ပြလိုက်ရာ လန်နင်ရွှမ်ရဲ့ နောက်ကျောက ဓားသေတ္တာက တုန်ခါလာတော့သည်။

တစ်ခဏအတွင်းမှာပင် သူမပတ်လည်မှာ ရေစီးသံများ ပေါ်ထွက်လာပြီး ကြီးမြတ်သော နတ်ဓားဆယ်စင်းထဲက တစ်စင်းဖြစ်တဲ့ 'ရေအေးဓား' က သူမလက်ထဲသို့ ပျံသန်းဝင်ရောက်လာလေသည်။

ရေအေးဓားကိုကိုင်ဆောင်ထားရင်း လျိုကျန့်လီက ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွား၏။

တစ်ချိန်တည်းမှာပင် မင်းနေပြည်တော်ထဲက ဓားအားလုံး တုန်ခါလာပြီး ကောင်းကင်သို့ ပျံတက်သွားကြကာ ကြည်လင်တဲ့ ဓားသံတွေက တိမ်တွေကြားမှာ ပဲ့တင်ထပ်သွားတော့သည်။

နတ်ဓားထွက်ပေါ်လာသော်၊ ဓားပေါင်းတစ်သောင်း ဦးညွှတ်ခစားကြ၏။

ဓားတစ်စင်းက ရေစီးကြောင်းနှယ် လှုပ်ရှားသော်၊ ဓားပေါင်းတစ်သောင်းက သံပြိုင်ဟစ်ကြွေးကြ၏။

လျိုကျန့်လီရဲ့ 'ဓားတာအို' အပေါ် နားလည်သဘောပေါက်မှုက နောက်တစ်ဆင့် တက်သွားပြန်ပြီဟု ထင်ရသည်။

ချင်ဖုန်းကတော့ ကောင်းကင်မှာ ချိတ်ဆွဲထားသလိုဖြစ်နေတဲ့ မရေမတွက်နိုင်သော ဓားတွေကိုကြည့်ရင်း တံတွေးကို 'ဂလု' ခနဲမြိုချလိုက်ကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

"ဟိုလေ... မိန်းမရယ်... နည်းနည်းပါးပါးတော့ ညှာပါဦးကွာ... နော်"

All Chapters