နတ်ဘုရားဆေး
Vol. 11 Ch. 1011
ကျဲ့ယွမ်ဂြိုဟ်...
အဝေးမှကြည့်ပါက ကျဲ့ယွမ်ဂြိုဟ်မှာ အနီရောင် ကျောင်းရိုင်း တစ်တုံးနှင့် တူသည်။ ကျဲ့ယွမ်ဂြိုဟ်၏ ကုန်းမြေ ခုနစ်ဆယ် ရာခိုင်နှုန်းမှာ အနီရောင် မြေဆီလွှာများ ဖြစ်ကာ လေထု အပူချိန်မှာလည်း အလွန် မြင့်မားလှ၏။ ထိုဂြိုဟ်ပေါ်၌ နေထိုင်သော လူသားများမှာ အနီရောင် အရေပြားကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် အရပ်ရှည်ကာ သန်မာ ထွားကြိုင်းကြ၏၊
ကျဲ့ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူ အများစုမှာ မီးဒြပ်စင် ကျင့်စဥ်များကို ကျင့်ကြံကြသည်။ သူတို့သည် ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများလောက် အစွမ်း မထက်ကြသည့်တိုင် အချို့ဂိုဏ်းများမှာ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားကြသည်။
လော့ဝူဂိုဏ်း...
လော့ဝူဂိုဏ်းသည် ကျဲ့ယွမ်ဂြိုဟ်ပေါ်ရှိ အစွမ်း အထက်ဆုံးဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်း ဖြစ်သည်။ လော့ဝူဂိုဏ်း ဘိုးဘေး ခန်းမ အတွင်း၌ ဘိုးဘေး သုံးယောက်သည် တင်ပျဥ်ချိတ်ကာ ထိုင်နေကြသည်။ သူတို့၏ အရှေ့တွင်မူ အဇူရာ အလင်းများ ဝန်းရံနေသည့် ဓားပျံ တစ်စင်းသည် မျောပါနေ၏။ ထိုဓားပျံသည် မတူညီသော အသံများကို ထုတ်လွှတ်ကာ တစ်စုံတစ်ခုကို ပြောပြနေဟန် ရပေသည်။
အလယ် ပလ္လင်၌ ထိုင်နေသော ဆံပင်ဖြူ ကျင့်ကြံသူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟ လာခဲ့သည်။
“ရောင်းရင်းတို့... မင်းတို့ ဘယ်လိုထင်လဲ”
“အဲဒီ သတင်းသာ အမှန် ဆိုရင်တော့ ထျန်းဟောင်ဂြိုဟ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မယ် ထင်တယ်... တောင်တန်း အင်ပါယာလို ဂိုဏ်းကြီးက ရွှေအမြုတေ အဆင့် တစ်ယောက်ဆီမှာ ရှုံးနိမ့်သွားတယ် ဆိုတာ ငါ အခုထိ မယုံကြည်နိုင်သေးဘူး...”
ဘယ်ဘက်၌ ထိုင်နေသော အသက်လတ် ကျင့်ကြံသူက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
“အဲဒီ ရွှေအမြုတေ အဆင့် ကျင့်ကြံသူက ကြယ်ပင်လယ်ထဲမှာ ရှိတဲ့ ဂိုဏ်းကြီးတစ်ခုက လာတာ ဖြစ်ရမယ်... ထာဝရဂိုဏ်းတွေထက်တောင် ပိုပြီး အင်အားကြီးတဲ့ ဂိုဏ်းတွေ ဖြစ်နိုင်တယ်... မဟုတ်ရင် သူက အဲ့လောက်အထိ အစွမ်းထက်မှာ မဟုတ်ဘူး”
“ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ရဲ့ ညီအကိုတွေနဲ့ တပည့် အချို့က တောင်တန်း အင်ပါယာရဲ့ နတ်ဘုရား မင်းသား မင်ယန်နဲ့ အတူ အရှေ့ဂြိုဟ်ဆီ လိုက်သွားခဲ့တယ် မလား”
ညာဘက်၌ ထိုင်နေသော အနီရောင် ဝတ်စုံဝတ် ကျင့်ကြံသူက စိတ်ပူဟန်ဖြင့် မေးလိုက်သည်။ အသက်လတ် ကျင့်ကြံသူကလည်း အလယ်၌ ထိုင်နေသော ဆံပင်ဖြူ ကျင့်ကြံသူအား ကြည့်လိုက်သည်။
“သူတို့က နတ်ဘုရား မင်းသား မင်ယန်နောက်ကို လက်ဖို့ ရွေးချယ်ခဲ့တယ်... အကျိုးဆက်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့ ခံစားရမှာပဲ... ငါတို့ လော့ဝူဂိုဏ်းနဲ့ ဘာမှ မဆိုင်ဘူး”
“တောင်တန်း အင်ပါယာရော ကောင်းကင်အရှင်ချန်းရောက ငါတို့ ရင်ဆိုင်နိုင်တဲ့ အင်အားစုတွေ မဟုတ်ဘူး”
ထို့နောက် လော့ဝူဂိုဏ်း၏ ဘိုးဘေးများမှာ ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။
ထိုကဲ့သို့ စကားဝိုင်းများက ကျဲ့ယွမ်ဂြိုဟ် တစ်ခုတည်းတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်ချေ။ ချန်ကန်းဂြိုဟ်၊ ဟိုလုံဂြိုဟ်နှင့် ဂြိုဟ်ပြာ ကဲ့သို့သော ဂြိုဟ်များတွင်မှာပါ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။
ထျန်းဟောင်ဂြိုဟ်သည် စွန့်ပစ်ခံဂြိုဟ်နယ်မြေ၌ အကြီးဆုံး ဖြစ်သလို တောင်တန်း အင်ပါယာမှာလည်း ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် တည်ထောင်ထားခဲ့သည့် ဂိုဏ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် စွန့်ပစ်ခံဂြိုဟ် နယ်မြေရှိ ဂြိုဟ်များသည် ထိုအချင်းအရာများကို စိတ်ဝင်စားကြပေသည်။
များစွာသောဂိုဏ်းများမှာ ချန်းဖန်၏ သတင်းကို ကြားကာ အံ့အားသင့်ကြနေကြ၏။ သူတို့က ချန်းဖန်မှာ ကြယ်ပင်လယ်ထဲရှိ “အပိုလို နန်းတော်” ကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းမှ လာရောက်ခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။
ချန်းပေ့ရွှမ်းမှာ အရှေ့ဂြိုဟ်မှ ဖြစ်သည် ဆိုသော သတင်းကိုမူ မည်သူမျှ မယုံကြည်ကြချေ။ အရှေ့ဂြိုဟ်၏ ကျင့်ကြံခြင်း လောကမှာ လွန်ခဲ့သော နှစ်ထောင်ချီမှ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ ချန်းပေ့ရွှမ်း ကဲ့သို့သော ပုဂ္ဂိုလ် မဆိုထားနှင့် မူလ အဆင့်များပင် ရှားပါးလှပေသည်။ မဟာ အခွင့်အရေး တည်းဟူသော ဆွဲဆောင်မှုကြောင့်သာ မဟုတ်ပါက ကျင့်ကြံသူများမှာ ထိုပျင်းစရာကောင်းသော နေရာသို့ ခြေဦးပင် လှည့်လိမ့်မည် မဟုတ်ချေ။
မည်သို့ပင် ဆိုစေ ချန်းဖန်၏ နာမည်ကား ထျန်းဟောင်ဂြိုဟ်တွင်သာ မက ပတ်ဝန်းကျင်ဂြိုဟ်များကိုပါ ကျော်ဖြတ်၍ ကျော်ကြားနေခဲ့ပြီ ဖြစ်လေသည်။
ထိုအချိန်၌ ချန်းဖန်သည် တောင်တန်း အင်ပါယာ အတွင်းပိုင်းရှိ ချီစွမ်းအင်များ ပြည့်နှက်နေသော အခန်း တစ်ခုထဲ၌ ထိုင်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် အက်ရာများ၊ အပေါက်များဖြင့် ပြည့်နှက်နေ၏။ သူ၏ တန်ခိုးရှင် ရွှေခန္ဓာ ဆိုလျှင် ပြိုပျက်လု နီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ကြီးမားလိုက်တဲ့ ဆုံးရှုံးမှုပဲကွာ... ငါသာ သူတို့ဆီက ဘာတစ်ခုမှ မရခဲ့ရင် သုံးနှစ်လောက် တံခါးပိတ်ပြီး ဒဏ်ရာကုသရမယ့် အဖြစ်ပဲ”
ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်း ပုလင်းငယ်ကို ထုတ်ယူလိုက်၏။ ပုလင်းထဲတွင်မူ ကြီးမားသော စွမ်းအားများ ပါဝင်နေသည့် ရွှေရောင်သွေး အချို့ကို တွေ့မြင်နိုင်ပေသည်။
ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်၏ သွေး...
ထိုအရာသည် မင်ယာ၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခု ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် အရှင် တထျန်း၏ သွေးဟု ဆိုသည်။ ထိုအရာသည် အလွန် တန်ဖိုးရှိကာ မည်သို့မျှ မပြုပြင်ပဲ သုံးလျှင်ပင် ထိပ်တန်း ကောင်းကင်ဆေးများထက် ပိုမို အာနိသင် ရှိပေသည်။
“ဝှစ်...”
ချန်းဖန်က ကျောက်စိမ်း ပုလင်းအား နတ်ဘုရား စိတ်အာရုံဖြင့် သေချာစွာ စစ်ဆေးလိုက်သည်။ ကျောက်စိမ်း ပုလင်း အတွင်း၌ နတ်ဘုရားသွေးစက်မှာ ရှစ်စက်ခန့်သာ ကျန်ရှိပေသည်။
ကျင့်ကြံသူများသည် နတ်ဘုရားသွေးကို နည်းလမ်း မျိုးစုံဖြင့် အကျိုးရှိစွာ အသုံးပြုကြပေသည်။ အချို့က နတ်ဘုရားသွေးကို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၏ စွမ်းအားကို ခံစားရန် သုံးကြသည်။ အချို့ကမူ ဥပဒေသ စွမ်းအားကို နားလည်နိုင်စွမ်း ရှိရန် အသုံးပြုကြသည်။ မင်ယာကမူ ထိုအရာကို သူ၏ အသက်အား ဆွဲဆန့်ရန် အသုံးပြုခဲ့သည်။
သို့သော်လည်း ချန်းဖန်ကမူ နတ်ဘုရားသွေးကို ထိုနည်းလမ်းများဖြင့် ဖြုန်းတီးလိမ့်မည် မဟုတ်ချေ။ သူသည် အတိတ်ဘဝ၌ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ထက် အဆများစွာ ပိုမို အစွမ်းထက်သော မြောက်ပိုင်း ကောင်းကင်အရှင်ပင် ဖြစ်ခဲ့သူ ဖြစ်သည်။ ချန်းဖန်တွင် နတ်ဘုရားသွေးကို ပိုမို အကျိုးရှိစွာ အသုံးပြုရန် အကြံအစည် အချို့ ရှိပေသည်။
“ဝှစ်... ဝှစ်...”
ချန်းဖန်သည် ပထမဦးစွာ ထိုသွေးမှ တစ်ဆင့် ကောင်းကင်အရှင် တထျန်း အသုံးပြုခဲ့သော ဥပဒေသများ၊ နတ်ဘုရား စွမ်းအားများကို ရှာဖွေလိုက်သည်။ ထိုမှ ရရှိသော အချက်အလက်များက အနာဂတ်တွင် မင်ယာနှင့် ရင်ဆိုင်ရာ၌ အသုံးဝင် လာလိမ့်မည် ဖြစ်သည်။
“မရဏတိုင်းပြည်၊ အမှောင် တိုင်ယင်...”
ချန်းဖန်မှာ အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။
“ဟမ်... သူ့ရဲ့ ဥပဒေသတွေ အားလုံးက မိစ္ဆာဆန်နေပါလား... ဒါပေမဲ့ သူ့ရဲ့ ဥပဒေသတွေက မပြည့်စုံနေဘူး... ကြည့်ရတာ အရှင် တထျန်းလည်း မပြည့်စုံတဲ့ နတ်ဘုရား ကျင့်စဥ်တွေကိုပဲ ကျင့်ကြံခဲ့ရတယ် ထင်တယ်”
အရှင် တထျန်းသည် ထိုမပြည့်စုံသော ကျင့်စဥ်များဖြင့်ပင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းခဲ့သည်။ သို့သော်လည်း သူသည် အစစ်အမှန် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်တော့ ဖြစ်မလာခဲ့ချေ။
“ကောင်းကင်ကျေးကျွန် အစီအရင်ကြောင့် ဒီ စွန့်ပစ်ခံဂြိုဟ်တွေရဲ့ ဥပဒေသတွေကလည်း မပြည့်စုံတော့ဘူး... ဒီနေရာမှာသာ ဆက်ပြီး ကျင့်ကြံရင် ငါ့အနေနဲ့ ဘယ်တော့မှ အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့်၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး... အရှင် တထျန်းလို မပြည့်စုံတဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်”
ချန်းဖန်၏ မျက်နှာမှာ လေးနက်လာခဲ့၏။ သူသည် ထိုအရာကို ယခင်က သေချာ မတွေးခဲ့မိချေ။
သူသည် နတ်ဘုရား ရွှေအမြုတေကို ဖွဲ့စည်းထားနိုင်သည့်တိုင် “ထန်ချင်” ကိုယ်တိုင် ဖွဲ့စည်းထားသည့် “ကောင်းကင် ကျေးကျွန် အစီအရင်” ၏ အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်ရာ ထိုအစီအရင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို နားလည်ပေသည်။
“ဒါပေမဲ့ အတိတ်ဘဝ ငါ ကမ္ဘာကို ပြန်တုန်းက လောကရဲ့ ဥပေဒသတွေက ပုံမှန်ပဲ စီးဆင်းနေတာပါ... ဘာမှ မှားယွင်း မနေခဲ့ဘူး... ငါ ကမ္ဘာကနေ ထွက်သွားပြီး နောက်ပိုင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”
ချန်းဖန်၏ စိတ်များမှာ ပို၍ ရှုပ်ထွေးလာခဲ့၏။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရှိ ကျင့်ကြံသူများသည် မည်သည့် အစီအစဥ်များကို ရေးဆွဲနေခဲ့သနည်း။ သူတို့က အဘယ်ကြောင့် ထိုအရာများကို သူ့အား မပြောပဲ လျှို့ဝှက်ထားခဲ့သနည်း။
“ဒါတွေ ထားလိုက်ပါလေ... အခု အရင်ဆုံး ငါ့ဒဏ်ရာကို ကုသရမယ်... ပြီးမှ ကမ္ဘာကို ပြန်ပြီး အမှန်တရားကို ရှာဖွေမယ်”
ချန်းဖန်က ခေါင်းခါကာ ရေရွတ်လိုက်၏။
သူသည် ကျောက်စိမ်း ပုလင်းကို ကြည့်လိုက်၏။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်၏ သွေးသည် တစ်စုံတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်နိုင်သလို ဒဏ်ရာများကိုလည်း ကုသပေးနိုင်ပေသည်။ ချန်းဖန် အနေဖြင့် ထိုသွေးစက် ရှစ်စက်ကို စုပ်ယူလိုက်ပါက ဒဏ်ရာများမှာ ချက်ချင်း ပြန်လည် ကောင်းမွန် သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း မြောက်ပိုင်း ကောင်းကင်အရှင်သည် ရတနာ တစ်ခုကို ထိုကဲ့သို့ ဖြုန်းတီးလိမ့်မည် မဟုတ်ချေ။
ချန်းဖန်က အခြား ကျောက်စိမ်း ပုလင်းတစ်ခုကို ထုတ်ယူလိုက်၏။ ထိုပုလင်းထဲတွင်မူ အရောင်ကိုးသွယ် ခြယ်ထားသော အရည်တစ်ချို့ ရှိပေသည်။ ထိုအရည်များထဲ၌ စီးဆင်းနေသော စွမ်းအင်သည် အရှင် တထျန်း၏ သွေးနှင့်ပင် နှိုင်းယှဥ်နိုင်သည်။
ထိုအရာကား နတ်ဘုရား ကုန်းမြေ အတွင်းရှိ ဖီးနစ်ကိုးကောင် နတ်ဘုရား ဆေးမြစ် တစ်ဖြစ်လည်း ခေါင်းကိုးလုံး ဖီးနစ်ငှက်၏ သွေးပင် ဖြစ်လေသည်။
ချန်းဖန်သည် နတ်ဘုရား ကုန်းမြေ အတွင်း နေထိုင်စဥ်က များစွာသော သားရဲများနှင့် ရင်းနှီးကျွမ်းဝင် ခဲ့သည်။ ထိုအထဲ၌ ခေါင်းကိုးလုံး ဖီးနစ်ငှက်မှာလည်း တစ်ကောင် အပါအဝင် ဖြစ်သည်။ ချန်းဖန်သည် ခေါင်းကိုးလုံး ဖီးနစ်ငှက်အား သားရဲကျင့်စဥ် တစ်ခု လက်ဆောင် ပေးခဲ့သည်။ အပြန်အလှန် အနေဖြင့် ခေါင်းကိုးလုံး ဖီးနစ်ငှက်က သူ၏ စွမ်းအား သုံးဆယ် ရာနှုန်းကို သွေးတစ်ပုလင်း အဖြစ် ထုတ်ယူကာ ပြန်လည် ပေးခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်သည် ပုလင်းနှစ်ခုကို ယှဥ်ကာ ချလိုက်၏။ သို့သော်လည်း သူသည် ကျေနပ်ခြင်း မရှိချေ။ လောက ဝိညာဥ်ရေ ထည့်ထားသော ပုလင်းအား ထပ်မံ ထုတ်ယူလိုက်ပြန်၏။ ချန်းဖန်သည် ထိုပုလင်းအား လောက ဝိညာဥ်ရေကန်၏ သုံးပုံ တစ်ပုံမျှသော ပမာဏဖြင့် ဖြည့်ထားခြင်း ဖြစ်ပေသည်။
“ဝိညာဥ် ဖြစ်တာည်ခြင်း အဆင့်ရဲ့ သွေး... နတ်ဘုရား ဆေးပင်ရဲ့ အစိတ်အပိုင်း တစ်ခု... လောက ဝိညာဥ်ရေ...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထိုသုံးခုကား နတ်ဘုရားဆေးအား ဖော်စပ်ရာ၌ အဓိက အမယ်များ ဖြစ်လာပေလိမ့်မည်။
“ဟူး...”
ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းကာ များစွာသော ကျောက်စိမ်း သေတ္တာများကို ထပ်မံ ထုတ်ယူလိုက်၏။ ထိုအထဲ၌ သူ အချိန်ကာလ ကြာမြင့်စွာ စုဆောင်းထားခဲ့သော ပြိုင်ဘက်ကင်း ကောင်းကင်ဆေးမြစ်များ ရှိနေခဲ့ပေသည်။
“မလုံလောက်သေးဘူး...”
ချန်းဖန်က ခေါင်းခါလိုက်သည်။ သို့သော်လည်း ထိုအရာကား သူ့တွင် ရှိသမျှ အရင်းအမြစ် အကုန် ဖြစ်သည်။
“နေဦး...”
ချန်းဖန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ နတ်ဘုရား စိတ်အာရုံကို တောင်တန်း အင်ပါယာ တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်၏။
“ငွေရောင် အင်ပါယာ ဆေးမြစ်... ကောင်းကင် သရက်... အနီရောင် နဂါး နတ်ဘုရား ဆေးပင်... ဖီးနစ် သစ်ပင်... နဝမ သစ်ရွက် ကောင်းကင် ဆေးမြစ်...”
ချန်းဖန်၏ မျက်လုံးများမှာ လင်းလက် သွားသည်။ သူက ချက်ချင်းပင် အကြီးအကဲ တစ်ယောက်ကို ဆင့်ခေါ်ကာ ထိုဆေးပင်၊ ဆေးမြစ်များကို ယူဆောင်ခိုင်းလိုက်၏။
“ဒီလောက်နဲ့ဆိုရင်တော့ လုံလောက်ပြီ...”
ချန်းဖန်သည် အစစ်အမှန် နတ်ဘုရားဆေး တစ်လုံး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်လေ၏။
***