လျှို့ဝှက်ဆန်းကြယ်တဲ့ အန်းယာ
Vol. 38 Ch. 559
ထိမ်းမြားလက်ထပ်ရန် ကမ်းလှမ်းမှုများအကြောင်းကို ချင်းအာထံမှ သိရှိပြီးနောက် ချင်ဖုန်းသည် ဧည့်ခန်းမဆောင်သို့ အလျင်အမြန်သွားခဲ့ရာ ဓလေ့ထုံးတမ်းဝန်ကြီးနှင့်အတူ လူပြတ်သော ထောင့်တစ်နေရာသို့ လျှောက်သွားနေသော အန်းယာကို တွေ့လိုက်ရသည်။
ချင်ဖုန်းက အံ့ဩစွာမေးလိုက်သည်။
"မင်းက ဘာလို့ဒီရောက်နေတာလဲ။"
အန်းယာက နားလည်ရခက်သော အပြုံးဖြင့်ပြုံးလိုက်သည်။
"ညီတော်ချင်၊ ပြောတဲ့စကားက တော်တော်လေး ကျိုးကြောင်းမဆီလျော်ဘူးနော်။"
"မင်းက စာပေသူတော်စင် တာအိုမျိုးဆက်ရဲ့ စတုတ္ထနယ်ပယ်ဖြစ်တဲ့ လွတ်လပ်ခြင်းနဲ့ အချုပ်အနှောင်မဲ့ခြင်း နယ်ပယ်ကို ဝင်ရောက်သွားခဲ့ပြီပဲ။ မင်းရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါက ဂုဏ်ပြုစကားလာပြောတာက သဘာဝပဲလေ။"
"မင်းက ဒီလိုတော့လုပ်လို့မရဘူးလေ။ အိမ်မှာ ချောမောလှပတဲ့အမျိုးသမီးနှစ်ယောက်ရှိတာနဲ့ပဲ မင်းသူငယ်ချင်းဖြစ်တဲ့ ငါ့ကိုတော့ မေ့သွားပြီပေါ့။ မကြာသေးခင်ရက်ပိုင်းတွေအတွင်းမှာ မင်းက ငါ့ကိုတွေ့ဖို့ တက်တက်ကြွကြွ တစ်ခါမှမကြိုးစားခဲ့ဘူး။"
ချင်ဖုန်းက အန်းယာဘေးက လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ရင်း သူမ၏စကားလုံးများကို စဉ်းစားနေမိသည်။ ဤသူက အန်းယာ၏ ဘ၀အမှန်ကို သိ၊ မသိ သူက မသေချာသောကြောင့်ပင်။
"မင်းက ငါ့ကိုအပြစ်တင်ဖို့ ကြိုးစားနေတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်။"
ထိုအချိန်တွင် ဓလေ့ထုံးတမ်းဝန်ကြီးကတော့ ခေါင်းကိုငုံ့၊ မျက်လုံးကိုစိုက်၊ နှာခေါင်းကိုသာ အာရုံစိုက်ရင်း စိတ်ထဲမှာ တွေးတောနေမိသည်။
အကယ်၍ သူသာ ချင်ဖုန်းကို အရင်ကတွေ့ခဲ့မည်ဆိုလျှင် အလွန်အမင်း ဂရုတစိုက်ဆက်ဆံပြီး သူ့သမီးအကြောင်းကို မိတ်ဆက်ပေးမိမည်မှာ သေချာသည်။ သို့သော် လက်ရှိအခြေအနေက သူ့ကို ဘေးမှာ ဆူးတစ်ချောင်းစိုက်နေသလို၊ လည်ချောင်းထဲမှာ ငါးအရိုးစူးနေသလိုမျိုး အလွန်အမင်းကို မသက်မသာဖြစ်နေလေသည်။
သူက ဒီနေရာကနေ ထွက်ပြေးချင်ပေမယ့် မင်းသမီးအန်းယာကို စိတ်အနှောင့်အယှက် ဖြစ်စေမှာကိုလည်း ကြောက်နေရသည်။ ထိုသို့ဖြစ်လျှင် သူပိုပြီး ဒုက္ခရောက်ပေလိမ့်မည်။
ထို့အပြင် သူတို့နှစ်ယောက် ခုနက စကားပြောပြီးနောက်မှာတော့ မင်းသမီးအန်းယာနှင့် ချင်ဖုန်းကြားတွင် မသိနိုင်သောလျှို့ဝှက်ချက်များ ရှိနေရမည်ဟု သူပိုပြီးယုံကြည်သွားသည်။
အကြောင်းမှာ မင်းသမီးအန်းယာ ခုနကအသုံးပြုလိုက်သော အသံနေအသံထားက ညဘက်တွင် သူက မောင်းမ၏အခန်းသို့ သွားအိပ်သည့်အခါတိုင်း သူ့ဇနီးသည်အသုံးပြုနေကျ အသံနေအသံထားနှင့် အလွန်တူနေသောကြောင့်ပင်။
'နေဦး၊ ငါဒီမှာဆက်နေပြီး ဒီစကားတွေကို နားထောင်နေရင် ဒုက္ခအကြီးအကျယ်ရောက်တော့မှာပဲ။'
ဝန်ကြီးကျန်း၏ နှလုံးသားမှာ လည်ချောင်းဝသို့ ခုန်တက်လာပြီး သူ၏ခြေထောက်များပင် တုန်ယင်လာတော့သည်။
ခဏစဉ်းစားပြီးနောက် ချင်ဖုန်းက အမှန်အတိုင်းပြန်ဖြေလိုက်သည်။
"မင်းသိတဲ့အတိုင်းပဲ၊ ငြိမ်းချမ်းသောအကယ်ဒမီကို တည်ထောင်ပြီးတဲ့နောက်မှာ ငါလုပ်စရာတွေ အရမ်းများသွားတယ်။ မင်းနေပြည်တော်ထဲက စီးပွားရေးလုပ်ငန်းတွေကိုတောင် တခြားသူတွေကို လုံးဝလွှဲထားရပြီး ငါ့မှာ အားလပ်ချိန်ဆိုတာကို မရှိဘူး။"
အန်းယာက သူမလက်ထဲက ယပ်တောင်ကိုယူပြီး သူမ၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
"ကြည့်စမ်း၊ ငါ့ရဲ့မှတ်ဉာဏ်ကို၊ တော်တော်လေး အသိဉာဏ်ခေါင်းပါးသွားတာပဲ ညီတော်ချင်။"
"မေ့တော့မလို့ပဲ၊ အခုလက်ရှိ မင်းက အရင်ကနဲ့ လုံးဝမတူတော့ဘူးပဲ။ ငါတို့ သူငယ်ချင်းဟောင်းတွေကို စိတ်ပူပေးဖို့ အချိန်က ဘယ်မှာရှိတော့မှာလဲ။"
ချင်ဖုန်း၏ မျက်နှာမှာ တောင့်တင်းသွားသည်။
"မင်း... စကားကို ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား။"
အန်းယာ၏ မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ရှိနေဆဲပင်။
"ဘာကိုဆိုလိုတာလဲ ညီတော်ချင်။ ငါက ပုံမှန်နေ့တွေမှာ ဒီလိုပဲစကားပြောနေကျလေ။ ငါတို့နှစ်ယောက် မတွေ့ဖြစ်တာကြာသွားလို့ မင်းက ငါစကားပြောပုံကို မေ့သွားတာနေမှာပေါ့။"
ဒီလို ခနဲ့တဲ့တဲ့အပြောတွေ တော်လောက်ပြီဟု ချင်ဖုန်းတွေးရင်း နှုတ်ခမ်းမဲ့လိုက်သည်။
"ငါ မင်းတို့ကိုဆက်မနှောင့်ယှက်တော့ဘူး။ နောက်မှအချိန်ရှိရင် နေ့လယ်စာစားဖို့နေခဲ့ဦး။ ငါ့မှာလုပ်စရာရှိလို့ ခန်းမဆောင်ကို အရင်သွားလိုက်ဦးမယ်။"
ဝန်ကြီးကျန်းဘေးမှ ဖြတ်လျှောက်သွားစဉ် ချင်ဖုန်းက ရပ်လိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။
"အမတ်မင်း၊ ခင်ဗျား တုန်နေတာ တော်တော်ဆိုးနေတယ်၊ အအေးမိထားလို့များလား။ ကျွန်တော်က ဆေးဆရာတစ်ယောက်ဆိုတော့ ခင်ဗျားအတွက် ကြည့်ပေးလို့ရပါတယ်။"
ဝန်ကြီးကျန်းက သူ့နဖူးမှ ချွေးအေးများကို သုတ်လိုက်ရင်း ခြောက်ကပ်ကပ်ပြုံးကာ ပြန်ဖြေသည်။
"မဟုတ်... မဟုတ်ပါဘူး၊ မလိုပါဘူး။ ကျွန်တော် အိမ်မှာ ဆေးရည်ကြိုထားပြီးသားပါ၊ ပြန်သွားပြီး သောက်လိုက်ပြီး ကောင်းကောင်းအိပ်လိုက်ပါ့မယ်။ ဒီတစ်ခေါက်လာတာက သခင်လေးချင် ဘေးဒုက္ခကို အောင်မြင်စွာကျော်လွှားပြီး စတုတ္ထနယ်ပယ်ကို ဝင်ရောက်နိုင်တာကို ဂုဏ်ပြုဖို့လာတာပါ"
ချင်ဖုန်းက အရိုအသေပေးဦးညွှတ်လိုက်သည်။
"အမတ်မင်းက သိပ်ကို ကြင်နာတတ်တာပဲ။"
ထို့နောက် နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။
သူ၏ပုံရိပ် လုံးဝပျောက်ကွယ်သွားသည်နှင့် ဝန်ကြီးကျန်းက 'ဒုန်း' ခနဲ မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။
"မင်းသမီးအန်းယာကို ဂါရဝပြုပါတယ်"
ထိုအချိန်တွင် မင်းသမီးအန်းယာလည်း သတိပြန်ဝင်လာသည်။ ခုနက သူမအသုံးပြုလိုက်သော မတူညီသည့် အသံနေအသံထားကို ပြန်စဉ်းစားမိရာ သူမ၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားရသည်။ သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာဆိုလိုက်သည်။
"ခုနက မင်းဘာတွေမြင်လိုက်လဲ။"
ဝန်ကြီးကျန်းက အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော်မျိုး တကယ်ပဲ အအေးမိနေတာပါ၊ ခုနက လေအေးတိုက်လိုက်တော့ ပိုဆိုးသွားတယ်။ ခေါင်းမူးပြီး ဘာမှမမှတ်မိတော့ဘူး။ အဟွတ်၊ အဟွတ်။"
ထိုအချိန်တွင် သူက သွေးအနည်းငယ်ပါ ချောင်းဆိုးထုတ်လိုက်နိုင်လျှင် ပိုပြီး ယုံကြည်စရာ ကောင်းမည်ဟုပင် ဆန္ဒရှိနေမိသည်။
"တော်ပြီ၊ ငါမင်းကိုမေးမယ်၊ ဘာလို့ဒီနေ့ ဒီမှာအရာရှိတွေအများကြီး လက်ဆောင်တွေ လာပေးနေကြတာလဲ။ သူတို့အားလုံးက ချင်မိသားစုကို မျက်နှာလုပ်ချင်နေကြတာလား။"
ဝန်ကြီးကျန်းတစ်ယောက် ခဏတာ စကားဆွံ့အသွားပြီး အမှန်အတိုင်းပြောသင့်၊ မပြောသင့် တွေးမရ ဖြစ်နေသည်။
"အဲ... အဲဒါက..."
တစ်ဖက်တွင် ချင်ဖုန်းက ခန်းမဆောင်သို့ရောက်လာပြီး လေထုက အနည်းငယ်သိမ်မွေ့နေသည်ကို ခံစားလိုက်ရသည်။
လူတိုင်းက တိတ်ဆိတ်နေပြီး ခန်းမအပြင်ဘက်သို့ တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ လှမ်းကြည့်နေကြသည်။
မေမေလေးက စကားစလိုက်သည်။
"ဖုန်းအာ၊ သားဘာလို့လာတာလဲ။"
ချင်ဖုန်းက ပြန်ဖြေသည်။
"မေမေလေး၊ ဒီအရာရှိတွေ ချင်စံအိမ်တော်ကို လာတဲ့ရည်ရွယ်ချက်ကို သားသိပါတယ်။ သားက သားရဲ့ကိုယ်ပိုင်အတွေးကို လာဖော်ပြတာပါ။"
သူက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အရိုအသေပေး လက်အုပ်ချီလိုက်သည်။
"လေးစားရပါသော အမတ်မင်းတို့ခင်ဗျာ၊ ကျွန်တော့်အပေါ် စဉ်းစားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မိန်းမနှစ်ယောက်ရှိနေပါပြီ၊ ကျွန်တော် တကယ်ပဲ မောင်းမတွေထပ်ယူဖို့ စိတ်ကူးမရှိပါဘူး။"
ထိုစကားကိုကြားသော် လန်နင်ရွှမ်၏ ရင်ထဲမှ ကျောက်တုံးကြီးတစ်ခု ကျသွားသလို နောက်ဆုံးတော့ ခံစားလိုက်ရသည်။
ခန်းမဆောင်ထဲက အရာရှိများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ သူတို့၏ခေါင်းဆောင်ဖြစ်သော ဝန်ကြီးကျန်းနှင့် လျှို့ဝှက်ဆန်းကြယ်သောလူငယ်လေးလည်း မရှိတော့သည့်အပြင်၊ ထိမ်းမြားရန်ရှာဖွေသည့်ကိစ္စမှာလည်း အကျပ်အတည်းဖြစ်နေပုံရရာ သူတို့ထဲမှအချို့က သက်ပြင်းချရင်း အရင်ထလိုက်ကာ လက်သီးဆုပ်အရိုအသေပေးကြသည်။
"သခင်လေးချင် ကျင့်ကြံမှုတိုးတက်လာတာကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ပြန်ဖို့ ခွင့်ပြုပါဦး။"
တစ်ယောက်က စထွက်သွားသည်နှင့် အခြားသူများလည်း လိုက်ပါသွားကြသည်။ မိမိတို့ရာထူးအလိုက် မဆုတ်မနစ်ရှေ့ဆက်တိုးခြင်းက သူတို့ကို လူရယ်စရာဖြစ်စေရုံသာရှိတော့မည်။
သို့သော် ထိုအချိန်တွင် ချင်ဖုန်းက ထပ်ပြောလိုက်ပြန်သည်။
"အားလုံးပဲ ခဏစောင့်ပေးကြပါဦးခင်ဗျာ။"
လန်နင်ရွှမ်၏ နှလုံးသားမှာ တင်းကျပ်သွားသည်။
သူ့ရှေ့တွင်ထိုင်နေသော ချင်သခင်ကြီးနှင့် မေမေလေးတို့လည်း နားမလည်နိုင်သော အမူအရာများဖြစ်နေကြသည်။
"သခင်လေးချင်၊ တခြားဘာများပြောစရာရှိသေးလို့လဲ။"
ချင်ဖုန်းက ခပ်ရေးရေးပြုံးလိုက်သည်။
"ကျွန်တော်က ဒီမှာရှိတဲ့ လေးစားရပါသော မိသားစုတွေနဲ့ ဆက်စပ်မှုမရှိပေမယ့်၊ ကျွန်တော့်ညီလေးကတော့ တစ်ယောက်တည်း ရှိနေပါသေးတယ်။"
"သူက ရုပ်ရည်လည်းချောမောတယ်၊ သိုင်းပညာပါရမီလည်း အံ့မခန်းပဲ၊ ပြီးတော့ တောင်ပိုင်းနယ်မြေရဲ့ ဒဏ္ဍာရီလာစစ်သည်တော် ဓားရူး ကျန်းထျန်းယီရဲ့ တပည့်အဖြစ်တောင် သင်ကြားခွင့်ရထားတယ်။ သူ့အနာဂတ်က အတိုင်းအဆမဲ့ ကျယ်ပြန့်ပါတယ်။"
"လေးစားရပါသော မိသားစုတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားစရာများရှိမလားလို့ပါ။"
ထိုစကားများထွက်လာသည်နှင့် လူတိုင်းမှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားကြတော့သည်။
ချင်မိသားစု၏ ဒုတိယသခင်လေးအကြောင်းကို သူတို့ကြားဖူးကြသည်မှာ သေချာသည်။ သူက ချင်မိသားစုမှ ထွက်ခွာသွားခဲ့ပြီး ကျန်းထျန်းယီနှင့်အတူ တောင်ပိုင်းနယ်မြေတွင် စွန့်စားခန်းများ ထွက်နေခဲ့သည်။
ပြီးတော့ ကျန်းထျန်းယီက မျက်စိကျနှစ်သက်တဲ့လူတစ်ယောက်က သာမန်ဖြစ်နိုင်ပါ့မလား။
ထို့အပြင် သူ့မှာ ချင်ဖုန်းကဲ့သို့ အစ်ကိုကြီးတစ်ယောက်ရှိနေသေးသည်လေ။
"အမှန်အတိုင်းပြောရရင် သခင်လေးချင်၊ ကျွန်တော့်အငယ်ဆုံးသမီးလေးက အလွန်ချောမောလှပပြီး၊ သီချင်းဆိုခြင်းနဲ့ ကခုန်ခြင်းမှာ ပါရမီပါတယ်။ ခင်ဗျားတို့ရဲ့ ဒုတိယသခင်လေးနဲ့ ပြီးပြည့်စုံတဲ့တစ်စုံတစ်ဖက် ဖြစ်မှာပါ။"
"ကျွန်တော့်အငယ်ဆုံးသမီးရဲ့ သိုင်းပညာပါရမီက ထူးချွန်ပြီး ဓားမဟာမိတ်အဖွဲ့ကိုတောင် ဝင်ရောက်ပြီးပါပြီ။ အချိန်တန်ရင် သူမက နာမည်ကြီးလာမှာ သေချာတယ်။ ယောက်ျားလေးနဲ့မိန်းကလေး၊ ဓားနဲ့လှံ၊ သူတို့က ပြီးပြည့်စုံတဲ့တစ်စုံတစ်ဖက် မဟုတ်ဘူးလား။"
လူအုပ်ကြီးမှာ ကြက်သွေးထိုးခံထားရသလို ရုတ်တရက် တက်ကြွသွားကြပြီး သူတို့၏သမီးများ အကြောင်းကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေကြသည်။
ချင်သခင်ကြီးမှာ မှင်တက်နေပြီး မေမေလေးလည်း ချက်ချင်းပြန်လည်သတိမဝင်လာသေးပေ။
ချင်ဖုန်းက သတိပေးစကားပြောလိုက်တော့မှပင်...
"မေမေလေး၊ မေမေလေးက ဒုတိယညီအတွက် အမြဲတမ်းထိမ်းမြားဖို့ စီစဉ်ချင်နေခဲ့တာမဟုတ်လား။ ဒါက အကောင်းဆုံးအခွင့်အရေးပဲလေ။"
မေမေလေးက အရေးတကြီးအော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ ဖုန်းအာပြောတာမှန်တယ်။ ချင်းအာ၊ ငါ့ကို စာရွက်နဲ့ဘောပင် အမြန်ယူခဲ့စမ်း။"
ချင်ဖုန်းက ခန်းမဆောင်ထဲက သက်ဝင်လှုပ်ရှားနေသော လေထုကိုကြည့်ရင်း အကြီးဆုံးအစ်ကို တစ်ယောက်အနေနှင့် သူလုပ်ဆောင်နေသည့်အရာက ချီးကျူးထိုက်သည်ဟု မနေနိုင်မထိုင်နိုင် ခံစားလိုက်ရသည်။
'ဒုတိယညီလေးတော့ အိပ်မက်တောင်မက်နိုင်မှာမဟုတ်ဘူး၊ သူခရီးကပြန်လာတဲ့အခါ သူ့အစ်ကိုကြီးက သူ့အတွက် မိန်းမတစ်ယောက် ရှာပေးထားပြီးပြီဆိုတာကိုလေ။'
'ဒါပေမဲ့ သူနဲ့ ပိုင်ချိုးရဲ့ဆက်ဆံရေးက တော်တော်လေး သိမ်မွေ့နေတယ်လို့ ငါမှတ်မိနေသလိုပဲ။'
'ထားလိုက်ပါတော့၊ တောင်ပိုင်းနယ်မြေက ဒီလောက်ကျယ်ပြန့်တာ၊ သူတို့ဘယ်လိုလုပ်ပြီး ပြန်တွေ့နိုင်မှာလဲ။ သူတို့က ဘဝမှာ ဖြတ်သွားဖြတ်လာတွေပဲ ဖြစ်လောက်မှာပါ။'
ဧည့်သည်များ မပြန်ကြသေးသည့်အတွက် ချင်းအာက နောက်တစ်ကြိမ် အလုပ်များနေပြီး လန်နင်ရွှမ်ကတော့ လက်ဖက်ရည်ပြန်နွှေးရန် မီးဖိုချောင်သို့ သွားလေသည်။
သူမပြန်လာရာလမ်းတွင် သစ်ပင်များအနောက်မှ ဝန်ကြီးကျန်း၏ အနည်းငယ်တုန်ယင်နေသော အသံကို ကြားလိုက်ရသည်။
"မင်းသမီးအန်းယာ、 ဖြစ်ခဲ့တာတွေက ဒီလိုပါပဲ။"
'မင်းသမီးအန်းယာ?'
လန်နင်ရွှမ်က အံ့အားသင့်သွားပြီး သတိဖြင့်ခေါင်းပြူကြည့်လိုက်ရာ အဖြူရောင်ဝတ် ယဉ်ကျေးသော လူငယ်လေးက ပေါ့ပေါ့ပါးပါးပြောနေသည်ကို တွေ့လိုက်ရသည်။
"ရှင့်တို့က နန်းတွင်းအရာရှိတွေပဲ၊ တစ်နေ့တစ်နေ့ ဒီလိုကိစ္စတွေပဲစဉ်းစားပြီး အချိန် ဘယ်လိုကုန်ဆုံးနေနိုင်ကြတာလဲ။"
"ဒီနေ့ကိစ္စအတွက်တော့ ကျွန်မ မသိချင်ယောင်ဆောင်ပေးလိုက်လို့ရတယ်၊ ဒါပေမဲ့ နောက်နောင်ဆိုရင်တော့..."
ဝန်ကြီးကျန်းက ခိုင်မာစွာဆိုသည်။
"မင်းသမီး စိတ်ချပါ၊ နောက်နောင်ဆိုတာရှိလာမှာမဟုတ်ပါဘူး။"
လန်နင်ရွှမ်က ထိုမြင်ကွင်းကိုတွေ့သော် မယုံကြည်နိုင်သော အမူအရာဖြင့် သူမ၏ခေါင်းကို အမြန်ပြန်ရုတ်လိုက်သည်။
သူမသိသော အသိမိတ်ဆွေ၊ ယဉ်ကျေးသောလူငယ်လေး ယာအန်းသည် ယောက်ျားလေး အယောင်ဆောင်ထားရုံသာမက လက်ရှိမင်းဆက်၏ မင်းသမီးတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်လိုစိတ်ကူးနိုင်ပါမည်နည်း။
"နေဦး... ဒီလောက်မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ ဘာလို့သူက သခင်လေးနဲ့ အမြဲတမ်း အတူတူရှိနေရတာလဲ။ ဒါ... ဒါဆိုရင်..."