← Chapters

စွမ်းအား

Vol. 11 Ch. 1013

စွမ်းအား

Vol. 11 Ch. 1013

“ဝှစ်...”

အမျိုးမျိုးသော မြင်ကွင်းများသည် ချန်းဖန်၏ စိတ်အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည်။

ချန်းဖန်သည် တဖြည်းဖြည်းချင်း ကြီးထွားလာနေသော မြက်တစ်ပင်၏ အစိတ်အပိုင်း အားလုံးကို မြင်တွေ့နေရ၏။ ရေကန် အောက်ခြေတွင်မူ ငါးတစ်ကောင်သည် ကျောက်တုံးတစ်ခု၏ နောက်၌ ပုန်းကွယ်ကာ အစာရှာဖွေရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ချန်းဖန်သည် ရေကန်ဘေး၌ ရပ်ကာ စကားပြောနေသော ကျင့်ကြံသူ နှစ်ယောက်ကိုလည်း တွေ့မြင်ရသည်။ ‌လူငယ်သည် အရပ်ရှည်၍ ရုပ်ရည် ခန့်ညားကာ မိန်းကလေးမှာမူ ရှက်သွေးဖြာနေသော အသွင်ရှိသည်။ သို့သော်လည်း သူမ၏ လှပသော မျက်လုံးလေးများမှာမူ လူငယ်အား မည်မျှ မြတ်နိုးကြောင်း ဖော်ပြနေခဲ့၏။

ချန်းဖန်သည် အကျဥ်းထောင်ထဲမှ ပြန်လည် လွတ်မြောက်လာသည့် ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲကိုလည်း တွေ့ရသည်။ ထိုအဘိုးအို၏ မျက်လုံးများမှာ လွမ်းဆွတ် တမ်းတခြင်းများဖြင့် ညိုမှိုင်းနေခဲ့သည်။ သို့သော်လည်း သူသည် အပြုံးတစ်ခုကို ဆင်မြန်းကာ ကျူးဝမ် မျိုးနွယ် ကလေးငယ်များကို သင်ပြပေးနေခဲ့သည်။

ချန်းဖန်သည် တီးတိုး စကားပြောဆိုနေသော မူဟုန်တိနှင့် ယွင်ရီအာတို့ကိုလည်း တွေ့မြင်ရသည်။ လင်းဝူဟွာမှာမူ ဓားကျင့်စဥ် တစ်ခုကို သည်းကြီးမည်းကြီး လေ့ကျင့်နေ၏။ အခြားတစ်ဖက်၌ ရှောင်မန်မှာမူ အေးဆေးစွာ ထိုင်ကာ တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောနေခဲ့လေသည်။

ချန်းဖန်သည် သူ့အား ဒုက္ခ‌‌ပေးရန် တီးတိုး တိုင်ပင်နေကြသော တောင်တန်း အင်ပါယာ၏ အကြီးအကဲများကိုပင် တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း သူတို့သည် စောင့်ကြည့်ခံနေရသည်ကို ရိပ်မိခဲ့ခြင်း မရှိခဲ့ချေ။

“ဝှစ်....”

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုတ်သိမ်းကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“တကယ့်ကို အစွမ်းထက်တာပဲ...”

နတ်ဘုရား ကလေးငယ်ကို အသုံးပြု၍ ဖြန့်ကျက်သော နတ်ဘုရား စိတ်အာရုံသည် ကြယ်ပင်လယ် အတွင်းရှိ အခြေတည် ဝိညာဥ် အဆင့်များ၏ နတ်ဘုရား စိတ်အာရုံ နှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။ ပို၍ ကျေနပ်စရာကောင်းသော အရာကား သူ၏ နတ်ဘုရား စိတ်အာရုံ ဖြန့်ကျက်မှုအား မည်သူမျှ မရိပ်မိခဲ့ခြင်းပင်။

“ဒါပေမဲ့ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ် အပေါ်မှာပဲ မှီခိုနေလို့ မရဘူး... ငါကိုယ်တိုင်လည်း တိုးတက်အောင် လုပ်မှ ရမယ်...”

ချန်းဖန်၏ စိတ်သည် ရှင်းလင်းနေ၏။ နတ်ဘုရား ကလေးငယ်ကို အသုံးပြု၍ ဖြန့်ကျက်သော နတ်ဘုရား စိတ်အာရုံသည် အစွမ်းထက်သော်လည်း ထိုအရာက သူ၏ ကိုယ်ပိုင် စွမ်းအားဟု မဆိုနိုင်ချေ။ သူ့အနေဖြင့် စကြဝဠာ အတွင်းရှိ ထိပ်သီး ပါရမီရှင်များကို ယှဥ်လိုပါက ကိုယ်ပိုင် စွမ်းအားကို မှီခိုရန် လိုအပ်ပေသည်။

“ဒီအခွင့်အရေးကို ယူပြီး နတ်ဘုရား စိတ်အာရုံနဲ့ သက်ဆိုင်တဲ့ နတ်ဘုရား စွမ်းအား တစ်ခုကို ကျင့်ကြံရင် ကောင်းမလား...”

ချန်းဖန်က မေးစေ့ကို ပွတ်ကာ စဥ်းစားလိုက်၏။

တောင်တန်း အင်ပါယာနှင့် တိုက်ပွဲသည် သူ့အား သင်ခန်စာများစွာ ပေးခဲ့သည်။ နတ်ဘုရား စက်ဝန်းသည် အလွန် အစွမ်းထက်သည့်တိုင် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသူများနှင့် တိုက်ခိုက်သည့် အချိန်၌ အားနည်းချက် များစွာ ပေါ်လာခဲ့သည်။ မင်ယာနှင့် တိုက်ခိုက်သည့် အချိန်၌ ဆိုလျှင် သူသည် အတော်လေး ရုန်းကန်ခဲ့ရပြီး တားမြစ် ကျင့်စဥ် အချို့ကိုပင် ထုတ်သုံးခဲ့ရသည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပေါ်စေချင်ပါက ချန်းဖန် အနေဖြင့် မိမိကိုယ်ကို ပိုမို တိုးတက်အောင် ကျင့်ကြံရလိမ့်မည် ဖြစ်သည်။

“ဝှစ်...”

ချန်းဖန်သည် သူ၏ မှတ်ဉာဏ်များကို လှန်လှောကာ ရှာဖွေကြည့်လိုက်၏။

“မဟာ ဖျက်ဆီးခြင်း နတ်ဘုရား ကျင့်စဥ်...”

“မဟုတ်သေးဘူး... ဒီကျင့်စဥ်က ကန့်သတ်ချက် အချို့ ရှိနေတယ်... ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ပြီးမှပဲ ကျင့်ကြံလို့ ရလိမ့်မယ်”

“နဝမ အသွင်ပြောင်းခြင်း နတ်ဘုရားဓား ဆိုရင်ရော...”

“အာ... ဒါက တိုက်ခိုက်ရေး ဓားကျင့်စဥ်ကြီး... ငါက နတ်ဘုရား စိတ်အာရုံကို သန့်စင်နိုင်တဲ့ ကျင့်စဥ်မျိုး ရှာနေတာ”

“တိုင်ချင်းဝမ်ချင် ကျင့်စဥ် ဆိုရင်‌ရော... မဟုတ်သေးဘူး”

ချန်းဖန်သည် များစွာသော ကျင့်စဥ်များကို တစ်ခုပြီး တစ်ခုပြီး တစ်ခု ကျော်ဖြတ်ကာ ရှာဖွေနေခဲ့သည်။ အဆုံး၌ သူသည် ကျင့်စဥ် သုံးခုကို ရွေးချယ်လိုက်၏။

ဗောဓိဆုဒြာ ကျင့်စဥ်...

နက္ခတ်ပျော်ဝင်ခြင်း ကျင့်စဥ်...

နတ်ဘုရား လက်နက် ကျင့်စဉ်...

ချန်းဖန်သည်ာ ထိုကျင့်စဉ် သုံးခုကို အပြန်ပြန် အလှန်လှန် အကဲခတ် လိုက်သည်။ ထိုအထဲမှ တစ်ခုကို ရွေးခြယ်ရန်မှာ မလွယ်ကူလှချေ။

“ဗောဓိဆုဒြာ ကျင့်စဥ်က အနောက်ပိုင်း ကောင်းကင်ရဲ့ ထိပ်တန်း ကျင့်စဥ် တစ်ခုပဲ... ကျင့်စဥ်ကို အောင်မြင်တာနဲ့ ကျင့်ကြံသူက နတ်ဘုရား စိတ်အာရုံကို သုံးပြီး ဗောဓိ ရွှေခန္ဓာတစ်ခု တည်ဆောက်လာနိုင်လိမ့်မယ်”

“နက္ခတ် ပျော်ဝင်ခြင်း ကျင့်စဥ်ကတော့ ကြယ်မျိုးနွယ်လို့ ခေါ်တဲ့ သက်ရှိ မျိုးစိတ်တွေရဲ့ ကျင့်စဥ် ဖြစ်တယ်... ကြယ်မျိုးတွေက ခန္ဓာကိုယ် မပါပဲ မွေးဖွားလာတယ် ဆိုပေမဲ့ သူတို့ရဲ့ နတ်ဘုရား စိတ်အာရုံက အရမ်းကို အစွမ်းထက်ကြတယ်... သူတို့က မွေးဖွားလာတဲ့ အချိန်တည်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ကြပြီး နှစ်သန်းချီတဲ့ အထိ နေနိုင်ကြတယ်”

“နတ်ဘုရား လက်နက် ကျင့်စဥ်ကတော့ ပုံမှန် ကျင့်စဥ် တစ်ခုပဲ... ဒါပေမဲ့ နတ်ဘုရား စိတ်အာရုံကို လက်နက် ပြောင်းလဲနိုင်တာကြောင့် တိုက်ခိုက်တဲ့ နေရာမှာရော ခုခံတဲ့ နေရာမှာပါ အရမ်း အသုံးဝင်တယ်... နောက်ပြီး နတ်ဘုရား လက်နက် ကျင့်စဥ်က နတ်ဘုရား စိတ်အာရုံကိုပါ သန့်စင်ပေးနိုင်စွမ်း ရှိတယ်... ဒီကျင့်စဥ်ကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ စာအုပ် နန်းတော်ကနေ ငါရှာတွေ့ခဲ့တာ”

ဗောဓိဆုဒြာ ကျင့်စဥ်နှင့် နက္ခတ်ပျော်ဝင်ခြင်း ကျင့်စဥ်များမှာ စကြဝဠာထဲတွင်ပင် ထိပ်တန်း ကျင့်စဥ်များ ဖြစ်ပြီး စဦး အဆင့်ကို အောင်မြင်အောင် ကျင့်ကြံရုံဖြင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ရှိစေနိုင်စွမ်း ရှိသည်။ ထို့အပြင် ထိုကျင့်စဥ်များဖြင့် တာအို စုစည်းခြင်း အဆင့်ကိုပင် ရောက်ရှိအောင် ကျင့်ကြံ၍ ရသည်။

အခြားတစ်ဖက်၌ နတ်ဘုရား လက်နက် ကျင့်စဥ်မှာမူ ပုံမှန် နတ်ဘုရား စိတ်အာရုံ ကျင့်စဥ် တစ်ခု ဖြစ်သည်။ ၎င်းသည် သာမန် ကျင့်ကြံသူများ အတွက် ရှားပါးကောင်း ရှားပါးနိုင်သော်လည်း ချန်းဖန် ကဲ့သို့ မြောက်ပိုင်း ကောင်းကင်အရှင်၏ မျက်လုံးတွင်မူ သိပ်မထူးခြားလှချေ။

သို့သော်လည်း အကြိမ်ကြိမ် ပြန်လည် တွေးတောပြီးနောက် အဆုံး၌ ချန်းဖန်သည် “နတ်ဘုရား လက်နက် ကျင့်စဥ်ကိုသာ ‌ရွေးချယ်လိုက်သည်။

ယခုဘဝ၌ ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီအား အပြီးပြည့်စုံဆုံး ဖြစ်အောင် လေ့ကျင့်ရန်မှာ ချန်းဖန်၏ ရည်မှန်းချက် ဖြစ်သည်။  ဗောဓိဆုဒြာနှင့် နက္ခတ် ပျော်ဝင်ခြင်း ကျင့်စဥ်များမှာ သူသွားချင်သော လမ်းကြောင်း မဟုတ်ချေ။ နတ်ဘုရား လက်နက် ကျင့်စဥ်မှာ ထိုကျင့်စဥ်နှစ်ခုနှင့် ယှဥ်ပါက ပုံမှန်ဟု ဆိုနိုင်သည့်တိုင် ထိုအရာက သူ၏ လိုအပ်ချက်နှင့် ပြည့်စုံပေသည်။ ချန်းဖန် အနေဖြင့် တာအို ရရှိခြင်း အဆင့်ကို ကျော်လွန်၍ နတ်ဘုရား တစ်ပါး ဖြစ်သွားပင် ထိုကျင့်စဥ်ကို ဆက်လက် ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ချန်းဖန်၏ စိတ်အတွင်းတွင် သံသယ တစ်ခုရှိ၏။ ထိုသံသယကား နတ်ဘုရား လက်နက် ကျင့်စဥ်မှာ သူ အတိတ်ဘဝ၌ တွေ့မြင်ဖူးသည့် “နတ်ဘုရား ကျင့်စဥ်” တစ်ခုနှင့် တူညီနေသည် ဆိုခြင်းပင်။

“ဟူး... ဟူး...”

ချန်းဖန်သည် နတ်ဘုရား လက်နက် ကျင့်စဥ်ကို စတင်ကာ ကျင့်ကြံလိုက်၏။

နတ်ဘုရား လက်နက် ကျင့်စဥ်မှာ သိပ်မခက်ခဲလှချေ။ သူ့ အနေဖြင့် နတ်ဘုရား စိတ်အာရုံကို သုံး၍ နတ်ဘုရား လက်နက် အမျိုးမျိုး ဖန်တီးတတ်ရန်သာ လိုအပ်သည်။ ယေဘုယျအားဖြင့် ဆိုလျှင် ဖန်တီးရန် ပိုမို ခက်ခဲသော နတ်ဘုရား လက်နက်မှာ ပိုမို၍ အစွမ်းထက်ပေသည်။ အစွမ်း အထက်ဆုံး နတ်ဘုရား လက်နက်များကိုသာ ဖန်တီးနိုင်ပါက သူ့အနေဖြင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကိုပင် အတွေးတစ်ချက်ဖြင့် သတ်ဖြတ်လာနိုင်လိမ့်မည် ဖြစ်သည်။

“ရှေးဟောင်းခေတ်တွေတည်းက လက်ဆင့်ကမ်းလာတဲ့ စကြဝဠာ နတ်ဘုရား လက်နက် သတ်မှတ်ချက်မှာ ပါတဲ့ လက်နက်တွေက လောကမှာ အစွမ်း အထက်ဆုံး နတ်ဘုရား လက်နက်တွေလို့ ဆိုနိုင်တယ်... ဒါပေမဲ့ အဲဒီ လက်နက်တွေက အရမ်းကို လျှို့ဝှက် ဆန်းကြယ်လွန်းတော့ ငါ့အနေနဲ့ ဖန်တီးနိုင်ဦးမှာ မဟုတ်ဘူး... ကြည့်ရတာ ပုံမှန် လက်နက်တွေကိုပဲ အရင်ဆုံး ဖန်တီးရမယ် ထင်တယ်”

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို အသုံးပြု၍  ကြီးမားသော တူကြီးတစ်ခု ပုံသဏ္ဌာန်ကို တဖြည်းဖြည်း ပုံသွင်းလိုက်သည်။

ဤသို့ဖြင့် တစ်လမျှ ကြာပြီးနောက်၌...

“ဟူး...”

ရွှေရောင်တောက်ပနေသော လှံပုဆိန် တစ်ခုသည် ချန်းဖန်၏ စိတ်အတွင်းတွင် ပေါ်လာခဲ့သည်။ ထိုလှံပုဆိန်သည် ရွှေဖြင့် ပြုလုပ်ထားဟန် ရကာ လျှို့ဝှက်သော သင်္ကေတများဖြင့် ပြည့်နှက်နေ၏။ ထိုလက်နက်သည် သာမန် လက်နက် တစ်ခု ဖြစ်သော်လည်း ကောင်းကင် ရတနာများ ကဲ့သို့ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

“ဝှစ်...”

ချန်းဖန်မှာ မျက်လုံးကို ဖွင့်လိုက်၏။ အတွေးအာရုံနှင့် တစ်ချိန်တည်းမှာပင် ရွှေရောင် လှံပုဆိန်သည် နံရံကို ခုတ်ထစ်ကာ လက်မ အနည်းငယ် ရှည်လျားသော အက်ရာတစ်ခုကို ချန်ရစ်သည်။ ၎င်း၏ တိုက်ခိုက်မှု အောက်၌ အစီအရင်များပင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့၏။

“မဆိုးဘူး...”

ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ နတ်ဘုရား လက်နက် ကျင့်စဥ်၏ စဦးအဆင့်ကား အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ချန်းဖန်သည် မျက်လုံးကို ပြန်လည် မှိတ်ကာ ထပ်မံကျင့်ကြံလိုက်သည်။ သူ၏ နတ်ဘုရား စိတ်အာရုံသည် များစွာသော နတ်ဘုရား လက်နက်များကို တစ်ခုပြီး တစ်ခု ဖန်တီးရန် ကြိုးစားနေခဲ့လေ၏။

နတ်ဘုရား လက်နက် ဖန်တီးနေသည့် တစ်ချိန်တည်းမှာပင် ချန်းဖန်သည် ကျင့်ကြံခြင်းကိုလည်း မလစ်ဟင်း စေခဲ့ချေ။ အဖြူရောင် မီးခိုးများသည် သူ၏ နှားခေါင်းနှင့် ပါးစပ်တို့တွင် စီးဆင်းနေကြကာ သူ၏ ခန္ဓာကိုယ်ရှိ အက်ကြောင်းများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်နေခဲ့သည်။

အချိန်များသည် တဖြည်းဖြည်း စီးဆင်းနေ၏။ ထို့အတူ ထျန်းဟောင်ဂြိုဟ်မှာလည်း တဖြည်းဖြည်း ပြောင်းလဲနေခဲ့လေသည်။

***

All Chapters