← Chapters

တံခါးပိတ် ကျင့်ကြံမှု ပြီးဆုံးခြင်း

Vol. 11 Ch. 1014

တံခါးပိတ် ကျင့်ကြံမှု ပြီးဆုံးခြင်း

Vol. 11 Ch. 1014

ချန်းဖန် တံခါးပိတ် ကျင့်ကြံနေသည့် အတောအတွင်း၌ ထျန်းဟောင်ဂြိုဟ်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေခဲ့ပေသည်။

ပထမဆုံး အနေဖြင့် ကျူးဝမ်မျိုးနွယ်ဝင် အများစုသည် အထွတ်အမြတ်နယ်သို့ ပြောင်းရွှေ့ လာကြသည်။ အထွတ်အမြတ်နယ်သည် သာမန် ကောင်းကင်နယ် တစ်ခု နီးပါး ကြီးမားကာ တောင်တန်း အင်ပါယာ၏ ကောင်းကင်အရှင်များ ချန်ရစ်သည့် အစီအရင်များ၊ ဝိညာဥ်ချီများ၊ ဝိညာဥ်ကြောများဖြင့် ပြည့်နှက်နေသည်။ အထွတ်အမြတ်နယ်ရှိ ဝိညာဥ်ချီ ပမာဏသည် ပေ့ဟန်နယ် ကဲ့သို့ မြေရိုင်းနယ်များ မဆိုထားနှင့် ကောင်းကင်နယ်များထက်ပင် နှစ်ဆခန့် များပြားပေသည်။

မဟာ အကြီးအကဲ အပါအဝင် များစွာသော ကျူးဝမ်မျိုးနွယ်များသည် သူတို့၏ မူလ အဆင့်၊ ရွှေအမြုတေ အဆင့် အကြီးအကဲများ အသတ်ခံရခြင်း အတွက် စိတ်မကောင်း ဖြစ်နေကြဆဲ ဖြစ်သည့်တိုင် စည်းစည်းလုံးလုံးဖြင့် ကျူးဝမ်မျိုးနွယ်စု ထွန်းကားရေး အတွက် ကြိုးစားနေကြသည်။

ချန်းဖန်သည် တံခါးပိတ် ကျင့်ကြံမှု မစတင်ခင်တွင် ရှောင်မန်အား ကျောက်စိမ်းအဆောင် ငါးခုကို ပေးအပ်ခဲ့သည်။ ထိုအရာများကား တောင်တန်း အင်ပါယာ အကြီးအကဲ ငါးယောက်၏ အသက်ကို ထိန်းချုပ်ထားသည့် “ဝိညာဥ် ထိန်းချုပ်ခြင်း” အဆောင်များပင် ဖြစ်သည်။ ထို့ကြောင့်ပင် ချီဝူ၊ မင်ယွမ်နှင့် အခြား အကြီးအကဲများမှာ ရှောင်မန်ထံ၌ ခစားရန်မှ တစ်ပါး အခြား မည်သည့်အရာကိုမျှ မတတ်နိုင်ခဲ့ချေ။

ရှောင်မန်သည် ချန်းဖန်၏ ကိုယ်စား ခေါင်း‌ဆောင်နေရာကို ယူကာ တောင်တန်း အင်ပါယာ ကိစ္စ အဝဝနှင့် အထွတ်အမြတ်နယ် တစ်ခုလုံးကို စီမံ ခန့်ခွဲရသည်။ အခြေတည် ဝိညာဥ် အဆင့် ငါးယောက်ကို ထိန်းချုပ် ခိုင်းစေနိုင်မှု၊ တောင်တန်း အင်ပါယာ တစ်ခုလုံးကို အမိန့်ပေးနိုင်မှုတို့ကြောင့် ထျန်းဟောင်ဂြိုဟ်၌ သူမ၏ အဆင့်အတန်းမှာ မြင့်တက်သထက် မြင့်တက် လာနေခဲ့သည်။

တစ်ချိန်တည်း၌ ဝမ်မိသားစု၊ ဝူမိသားစု၊ နဂါး သင်္ချိုင်း ကောင်းကင်နယ်နှင့် မဟူရာ ဗုဒ္ဓဂိုဏ်းတို့မှ ဘိုးဘေးများသည် ချန်းဖန်အား ဂုဏ်ပြုစကား ပြောဆိုရန် အတွက် တောင်တန်း အင်ပါယာသို့ ရောက်ရှိ လာကြသည်။

နဂါးအရှင်နှင့် ကျိုးကျူရှင်းတို့က သူတို့အား ထွက်၍ ကြိုဆို၏။ များစွာသော လူများမှာ ထိုနှစ်ယောက်ကို ကြည့်ကာ ထိတ်လန့် သွားမိကြသည်။

မွန်းစတားအို တစ်ယောက်နှင့် ကောင်းကင်အရှင် အသစ် စက်စက် တစ်ပါး...

ထိုနှစ်ယောက် အပြင် နဂါး နတ်မိမယ်လေး ထိန်းချုပ်ထားသည့် အခြေတည် ဝိညာဥ် အဆင့် ငါးယောက်လည်း ရှိပေသေးသည်။

“ကျူးဝမ်မျိုးနွယ်က တကယ့်ကို အင်အား တောင့်တန်း နေပြီပဲ... ချန်းပေ့ရွှမ်း မရှိရင်တောင် သူတို့က ထျန်းဟောင်ဂြိုဟ်ကို စိုးမိုးနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ... “

ကောင်းကင်အရှင်များမှာ ရေရွတ် လိုက်မိကြသည်။

ထိုသတင်းကို ကြားသည်နှင့် နူးညံ့ကောင်းကင်ဂိုဏ်း၊ ကောင်းကင် ကျောက်စိမ်း နန်းတော်နှင့် ကုန်းစွန်း မိသားစု အပါအဝင် များစွာသော မိသားစုများ၊ ဂိုဏ်းများမှာ  ချက်ချင်းပင် လှုပ်ရှားလာကြသည်။ သူတို့သည် သူတို့၏ အဆင့်အမြင့်ဆုံးသော ပုဂ္ဂိုလ်များကို လက်ဆောင်များနှင့် အတူ တောင်တန်း အင်ပါယာသို့ စေလွှတ်၍ တောင်းပန်စေသည်။

“မမရှန်းရှီ... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ရှောင်မန်မှာ တောင်တန်း အင်ပါယာသို့ ရောက်ရှိလာသော နတ်မိမယ် ရှန်းရှီကို ကြည့်ကာ အံ့သြသွားသည်။

“အခုတစ်လောမှာ မမတို့ ဂိုဏ်းရဲ့ ဘိုးဘေး ကျင်းဟိုင်က နတ်ဘုရား စွမ်းအား တစ်ခုကို ကျင့်ကြံနေတယ်လေ... ဒါကြောင့် သူက အပြင်ကို မထွက်နိုင်ဘူး... ဒါကြောင့် သူက မမကို လွှတ်ပြီး ကောင်းကင်အရှင်ချန်းကို တောင်းပန်ခိုင်းလိုက်တာလေ”

ရှန်းရှီက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

အမှန်တကယ်တွင်မူ ဘိုးဘေး ကျင်းဟိုင်မှ မည်သည့် နတ်ဘုရား စွမ်းအားကိုမှ ကျင့်ကြံနေခဲ့ခြင်း မရှိချေ။ သူသည် ချန်းဖန် သူ့အား သတ်ပစ်မည်ကို ကြောက်ရွံ့သောကြောင့်သာ ရှန်းရှီကို စေလွှတ်၍ တောင်းပန် စေခဲ့ခြင်း ဖြစ်သည်။

“အဲဒါတွေ ထားလိုက်ပါ မမရယ်... အကိုရော သမီးရောက မမကို သတိရနေကြတာ”

ရှောင်မန်သည် အတော်အတန် ရင့်ကျက်နေခဲ့ပြီ ဖြစ်ရာ ရှန်းရှီ ရောက်ရှိလာရသည့် အကြောင်းရင်းကို ခန့်မှန်းနိုင်ခဲ့သည်။ သို့သော်လည်း သူမက ထိုအရာကို စိတ်ထဲမထားပဲ ရှန်းရှီ၏ လက်ကို ဆွဲကာ အတွင်းပိုင်းသို့ ခေါ်ဆောင် သွားခဲ့သည်။

များစွာသော လူများမှာ မိန်းကလေး နှစ်ယောက်၏ နောက်ကြောကို ငေးကြည့်လိုက်မိကြသည်။ ထိုမိန်းကလေး နှစ်ယောက်ကား ထျန်းဟောင်ဂြိုဟ်၏ အမြင့်ဆုံး အဆင့်အတန်းများကို ပိုင်ဆိုင်ထားကြသည်။ တစ်ယောက်မှာ ပြိုင်ဘက်ကင်း ချန်းပေ့ရွှမ်း၏ ညီမ ဖြစ်ပြီး အခြား တစ်ယောက်မှာ ကောင်းကင် အမြုတေကို ပိုင်ဆိုင်ထားသည့် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ နတ်မိမယ်လေး ဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ သူမသည် ကျွင်းအိုချန်းကို အနိုင်ယူကာ ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ၃ အထိ တက်လှမ်းနိုင်ခဲ့သည်။ သူမ၏ အထက်တွင် ချန်းပေ့ရွှမ်းနှင့် လီဟိုင်ရှင်းတို့သာ ရှိတော့ပေသည်။

“မမရှန်းရှီ... လီဟိုင်ရှင်းနဲ့ တိုက်ခိုက်ပြီးပြီလား... သူက ဘယ်လောက် အစွမ်းထက်လဲ”

ရှောင်မန်က မေးလိုက်သည်။

ရှန်းရှီက ခေါင်းခါလိုက်၏။

“ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မမ သူ့ကို စိန်ခေါ်ဖို့ လိုက်ရှာခဲ့ပေမဲ့ ဘယ်နေရာမှာမှ မတွေ့ခဲ့ရဘူး... သူ့ကို ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းတယ်... သူ ဘယ်ကလာတယ် ဘယ်နေရာကို ရောက်နေတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး... အချို့ကတော့ လီဟိုင်ရှင်းက‌ ‌ရှောင်မန်ရဲ့ အကိုလို အခြားဂြိုဟ် တစ်ခုက ရောက်လာတာလို့ ခန့်မှန်းနေကြတယ်”

“ဝှစ်... ဝှစ်...”

အချိန်များ စီးဆင်းလာသည်နှင့် အမျှ ပိုမို များပြားသော ဂိုဏ်းများ၊ မိသားစုများမှာ ချန်းဖန်အား ဂုဏ်ပြုရန် တောင်တန်း အင်ပါယာသို့ တဖွဲဖွဲ ရောက်ရှိ လာကြသည်။ ထိုအထဲ၌ အခြားဂြိုဟ်များမှ လူများပင် ပါဝင် နေကြသည်။ ထာဝရဂိုဏ်းကြီး ငါးခုသာလျှင် တံခါးပိတ်ကာ တိတ်ဆိတ် နေကြ၏။ သူတို့သည် ချန်းဖန်နှင့် လိုက်လျော ညီထွေ ဆက်ဆံရန် ဆန္ဒ ရှိကြပုံ မပေါ်ချေ။

သုံးနှစ်ဟူသော အချိန်ကာလသည် မျက်တောင် တစ်ခပ်စာ အတွင်း ကုန်ဆုံးသွား၏။

ထိုနေ့၌...

နေသည် တောင်တန်း အင်ပါယာ အပေါ်၌ တောက်ပစွာ ထွန်းလင်းနေခဲ့သည်။ လင်းဝူဟွာသည် ချန်းဖန် တံခါးပိတ် ကျင့်ကြံနေသည့် အဆောက်အဦး အရှေ့၌ တိတ်ဆိတ်စွာ တရားထိုင်နေခဲ့၏။

“ကျီ...”

ရုတ်တရက် သူမသည် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ လင်းဝူဟွာ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီကာ တံခါးရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူမသည် တံခါးကို ဖွင့်၍ ထွက်လာသော အဇူရာ ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။

“စီနီယာချန်း... ထွက်လာပြီလား”

လင်းဝူဟွာ၏ မျက်နှာ၌ အပြုံးတစ်ခုက မွေးဖွားလာသည်။

“အင်း... လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး တံခါးကို စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးပဲနော်”

ချန်းဖန်က ပြန်လည် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

“ရပါတယ်ရှင်...”

လင်းဝူဟွာက ခေါင်းငုံ့ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအခိုက်၌ သူမသည် လက်အား မည်သည့် နေရာ၌ ထားရမည်ကိုပင် မသိတော့ချေ။

အကယ်၍ လူများသာ ထိုအချင်းအရာကို တွေ့မြင်ပါက ကျိန်းသေ အံ့အားသင့် သွားကြပေလိမ့်မည်။ ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ၆ ဓားနတ်မိမယ်လေးမှာ အမြဲလိုလို လူတိုင်းအား အေးစက်စွာသာ ဆက်ဆံခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူမမှာ ယုန်သူငယ်လေးနှင့် မခြား ရှက်ရွံ့နေခဲ့သည် မဟုတ်ပါလား။

ချန်းဖန် ထွက်ခွာသွားပြီးနောက်မှသာ လင်းဝူဟွာမှာ ခေါင်းအား မော့နိုင်တော့သည်။ ထို့နောက် သူမက ချန်းဖန်၏ နောက်ကျောကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။

“စီနီယာချန်းကို ကြည့်ရတာ လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့ မတူတော့ သလိုပဲ...”

သူမ၏ အတွေးကား မှန်ကန်ပေသည်။ ချန်းဖန်သည် လွန်ခဲ့သည့် သုံးနှစ်က ချန်းဖန် မဟုတ်တော့ချေ။

သုံးနှစ်ဆိုသော အချိန်သည် မတိုလွန်း၊ မရှည်လွန်းသော အချိန် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်သည် ထျန်းဟောင်ဂြိုဟ်ပေါ်သို့ ချန်းဖန် ရောက်ရှိပြီးနောက် စိတ်လွတ်ကိုယ်လွတ် အနားယူနိုင်ခဲ့သည့် ပထမဆုံး အချိန် ဖြစ်သည်။ သူသည် ထိုအတောအတွင်း၌ လွန်ပေါင်း တစ်ဆယ်ကျော် ကျင့်ကြံခြင်း ခရီလမ်းကို ပြန်လည် သုံးသပ်ခဲ့သည်။

ပြန်လည် မွေးဖွားပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း အဆင့်တို့မှာ များစွာ တိုးတက်ခဲ့သည်။ သို့သော်လည်း နတ်ဘုရား စိတ်အာရုံမှာမူ သာမန် အဆင့်တွင်သာ ရှိနေခဲ့သည်။ ယခုအချိန်၌ ထိုပြဿနာမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အတိဒုက္ခ အဆင့်ကို ချိုးဖျက်သည့် အချိန်တွင်မူ များစွာ အကျိုးသက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်ပင် ချန်းဖန်သည် “ဒွါရကိုးပါး နတ်ဘုရားဆေးလုံး”ကို သုံးကာ သူ၏ နတ်ဘုရား စိတ်အာရုံကို သန့်စင်ခဲ့သည်။ တစ်ချိန်တည်း၌ သူသည် “နတ်ဘုရား လက်နက်” ကျင့်စဥ်ကိုပါ ကျင့်ကြံခဲ့သည်။ သုံးနှစ်ကြာ ကျင့်ကြံပြီးနောက် သူ၏ နတ်ဘုရား စိတ်အာရုံသည်‌ လေပြည်ကဲ့သို့ နူးညံ့ကာ သံနံရံ တစ်ခုအလား မာကြောနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ကို လောက ဝိညာဥ်ရေဖြင့် ဆေးကြောကာ မသန့်စင်မှုများကိုပါ ဖယ်ထုတ်ပစ်ခဲ့သည်။ အတိတ်ဘဝ၌ ချန်းဖန်သည် အခြေခံ မခိုင်မာမှုကြောင့် အတိဒုက္ခအဆင့် နတ်ဘုရား ကပ်ဘေးကို ဖြတ်ကျော်ရာ၌ ကျဆုံးခဲ့ရသည်။ သူသည် ယခုဘဝ၌ ထိုကဲ့သို့ အမှားများ ထပ်၍ အဖြစ်ခံတော့မည် မဟုတ်ချေ။

ယခုအချိန်၌ ချန်းဖန်သည် ခန္ဓာကိုယ် အတွင်းရှိ မသန့်စင်မှု အားလုံးနီးပါးမှာ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ အနီးကပ် ကြည့်ရှု့ပါက ချန်းဖန်၏ အရေပြားမှာ မည်သည့် ချွေးပေါက်၊ အနာရွတ်မျှ မရှိတော့ပဲ ချောမွေ့နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ဗုဒ္ဓလမ်းစဥ် ကျင့်ကြံသူများက ထိုအရာကို “ပြည့်စုံသော ခန္ဓာ” ဟု ခေါ်ကြကာ တာအို ကျင့်ကြံများကမူ “တာအို ခန္ဓာ” ဟု ခေါ်ဆိုကြသည်။ တန်ခိုးရှင် လမ်းစဥ် အရ ဆိုရလျှင်မူ ချန်းဖန်သည် “မူလ တာအို ခန္ဓာ” ကို ရရှိရန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အပြင်ပန်းတွင်မူ ချန်းဖန်သည် ပို၍ သာမန် ဆန်လာခဲ့သည်။ အခြေတည် ဝိညာဥ် အဆင့်များပင် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း၌ စီးဆင်းနေသော ချီစွမ်းအင်များကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ချန်းဖန်သည် တစ်လှမ်းချင်း တောင်အောက်သို့ ဆင်းလာခဲ့၏။ များစွာသော လူများသည် သူ့အား တွေ့ကြသည့်တိုင် သတိမထားမိကြချေ။

ချန်းဖန်နှင့် ကာလကြာရှည် အတူနေခဲ့သည့် ယွင်ရီအာ တစ်ယောက် သာလျှင် မြင်မြင်ချင်း မှတ်မိခဲ့၏။ သူမ၏ အကြောင်းကြားမှုကို ရရှိသည်နှင့် ရှောင်မန်၊ နဂါးအရှင်၊ ကျုးကျူရှင်းနှင့် မဟာ အကြီးအကဲတို့မှာ ချန်းဖန်ထံ လျှင်မြန်စွာ ရောက်ရှိ လာကြသည်။

“ကောင်းကင်အရှင်ချန်း... ဘယ်ကျင့်ကြံခြင်း အဆင့်ကို ရောက်သွားပြီလဲ”

နဂါးအရှင်က ချန်းဖန်ကို တွေ့သည်နှင့် စိတ်ဝင်တစား မေးမြန်း၏။

လွန်ခဲ့သည့် သုံးနှစ်၌ ချန်းဖန်သည် အရာအားလုံးကို သတ်ဖြတ်နိုင်သည့် ဓားတစ်စင်းနှင့် အလား သဏ္ဌာန် တူခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူ၏ ပုံစံမှာ အတိမ်အနက်ကို ခန့်မှန်း၍ မရနိုင်သည့် ရေအိုင်ကြီး တစ်ခုအလား တည်ငြိမ်နေခဲ့သည်။

နဂါးအရှင်သည် ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်ကို ရွှေအမြုတေ အစောပိုင်းဟုသာ မြင်တွေ့နေရသော်လည်း စိတ်ထဲ၌ မသေချာမှုကို ခံစားနေခဲ့ရသည်။

ချန်းဖန်က နဂါးအရှင်၏ မေးခွန်းကို ပြန်မဖြေပဲ ပြုံးရုံသာ ပြုံးလိုက်၏။ ထို့နောက် သူက ရှောင်မန်၏ ဦးဆောင်မှုနှင့် အတူ အဓိက ခန်းမဆီသို့ ဦးတည်လိုက်တော့သည်။

နေ့တစ်ဝက်အတွင်းမှာပင် ချန်းပေ့ရွှမ်း တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာပြီ ဆိုသော သတင်းမှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအတင်းနှင့် အတူ “ကျူးဝမ်မျိုးနွယ်က တောင်တန်း အင်ပါယာ၌ ဂိုဏ်းတစ်ခု တည်ထောင်လိမ့်မည်”၊ “ချန်းပေ့ရွှမ်းက ထာဝရဂိုဏ်း ငါးခုကို မကြာခင် ရှင်းပစ်လိမ့်မည်” ဆိုသော ကောလဟာလများမှာလည်း ကမ္ဘာပျက်လောက်အောင် ပျံ့နှံ့နေခဲ့တော့၏။

***

All Chapters