← Chapters

ကပ်ဘေး

Vol. 11 Ch. 1015

ကပ်ဘေး

Vol. 11 Ch. 1015

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ ထိုသတင်းများကြောင့် အံ့အားသင့် သွားကြသည်။

ချန်းပေ့ရွှမ်းမှာ လူမြင်ကွင်းမှ သုံးနှစ်တိုင်တိုင် ပျောက်ကွယ်နေခဲ့သည်။ အချို့က ဆိုလျှင် ချန်းပေ့ရွှမ်းမှာ တိုက်ပွဲ၌ ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားပြီဟုပင် ခန့်မှန်းခဲ့ကြသည်။

သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းသည် ကမ္ဘာပျက်လောက်သည့် သတင်းများနှင့် အတူ ရုတ်တရက် ပြန်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

“‌ချန်းပေ့ရွှမ်းက ဂိုဏ်းတစ်ခုကို တကယ်ပဲ ထူထောင်တော့မှာလား...”

ချန်းဖန်၏ ရန်သူများမှာ စိုးရိမ်ပူပန် သွားကြ၏။

ယခုအချိန်အထိ ချန်းဖန်၏ တစ်ခုတည်းသော နောက်ခံမှာ ကျူးဝမ် မျိုးနွယ် ဖြစ်သည်။ ကျူးဝမ်မျိုးနွယ်မှာ အနည်းငယ် တိုးတက် ထွန်းကားလာသည့်တိုင် လူဦးရေ သန်းရာဂဏန်းသာ ရှိသည့် သာမန် မျိုးနွယ်စု တစ်ခုသာ ဖြစ်သည်။ ထိုကဲ့သို့ မျိုးနွယ်စုလေးမှာ လူဦးရေ ဘီလျံနှင့်ချီသည့် မျိုးနွယ်စုကြီးများနှင့် မည်သို့မှ နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဂိုဏ်းတစ်ခုဂိုဏ်းမူ ခြားနားသော အရာ ဖြစ်၏။ အကယ်၍ ချန်းပေ့ရွှမ်းသာ ဂိုဏ်းတစ်ခု တည်ထောင်ခဲ့ပါက သူ၏ နာမည် တစ်ခုဖြင့်ပင် ထိုဂိုဏ်းအတွင်းသို့ ခိုဝင်မည့်လူများမှာ ရေတွက်၍ မရနိုင်ချေ။ ထို့အပြင် ချန်းပေ့ရွှမ်းသည် သူ၏ အလွန် အစွမ်းထက်သော ကျင့်စဥ်များကို ဗန်းပြ၍ အခြေတည် ဝိညာဥ် အဆင့်များကိုပင် ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထိုနည်းဖြင့် ကျူးဝမ်မျိုးနွယ်သည် နှစ်အနည်းငယ် အတွင်းမှာပင် တောင်တန်း အင်ပါယာ နီးပါး အင်အားကြီးလာပေလိမ့်မည် ဖြစ်သည်။ ထိုအခါ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာလည်း တောင်တန်း အင်ပါယာကို ရိုကျိုးခဲ့ရသကဲ့သို့ ကျူးဝမ်မျိုးနွယ်ကို ရိုကျိုး လာရပေတော့မည်။

“သူ့ကို ဘယ်သူက တားနိုင်တော့မှာလဲ...”

လူအို ကျင့်ကြံသူကြီးများက သက်ပြင်းချလိုက်ကြသည်။

“ပထမဆုံး ထာဝရဂိုဏ်း ငါးဂိုဏ်း ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပဲ... တကယ်လို့ ချန်းပေ့ရွှမ်းသာ ထာဝရဂိုဏ်း ငါးဂိုဏ်းကို မနိုင်ရင်တော့ လူတွေက တောင်တန်း အင်ပါယာကို ကြောက်သလိုမျိုး သူ့ကို ကြောက်ကြမှာ မဟုတ်ဘူး”

ထိုအခိုက်အတန့်၌ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ လူတိုင်းသည် တောင်တန်း အင်ပါယာနှင့် ထာဝရဂိုဏ်း ငါးဂိုဏ်း တည်ရှိရာ အရပ်များကို လှမ်းကာ ကြည့်လိုက်မိကြ၏။

...

ထျန်းဟောင်ဂြိုဟ်၊ မြောက်ပင်လယ် ဒေသ...

ထိုနေရာ၌ နတ်ဘုရား အလင်းများ တောက်ပနေသည့် ကျွန်းတစ်ကျွန်း ရှိသည်။ အမျိုးမျိုးသော ဝိညာဥ် ဆေးပင်များသည် ကျွန်း အနှံ့တွင် ပေါက်ရောက် ရှင်သန်နေကြကာ မုန်တိုင်းနှင့် တိမ်တိုက်များမှာလည်း ကျွန်း၏ ပတ်လည်၌ အုံ့ဆိုင်း ဝန်းရံနေကြသည်။ အကယ်၍ အပြင်မှ ကြည့်ပါက အဇူရာ အလင်းများ ကြောက်မက်ဖွယ် လွှမ်းခြုံနေသော နေရာ တစ်ခုကိုသာ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ထူးပြားဆန်းကြယ်သော ကျွန်းကား ထျန်းဟောင်ဂြိုဟ်၏ ဒဏ္ဍာရီလာ ဆေးနတ်ဘုရားဂိုဏ်း အခြေစိုက်ရာ နေရာပင် ဖြစ်လေသည်။

ဘိုးဘေး ဘုရားကျောင်း အတွင်း၌

ဆေးနတ်ဘုရားဂိုဏ်း၏ ယာယီ ဂိုဏ်းချုပ်နှင့် ဘိုးဘေး နှစ်ယောက်သည် တင်ပျဥ်ချိတ်ကာ ထိုင်နေကြသည်။ မူလဂိုဏ်းချုပ်နှင့် ဘိုးဘေး ဖူတူတို့သည် ချန်းဖန်၏ လက်၌ အသတ်ခံလိုက်ရပြီ ဖြစ်သည့်တိုင် ဆေးနတ်ဘုရားဂိုဏ်းတွင် အခြေတည် ဝိညာဥ် အဆင့် သုံးယောက် ကျန်ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ထိုသုံးယောက် စလုံး၏ မျက်နှာများမှာ စိတ်မချမ်းမြေ့စွာ ညိုမှိုင်းနေကြသည်။

“ချန်းပေ့ရွှမ်းက နည်းနည်းတော့ လွန်နေပြီ... ငါတို့က သူနဲ့ ပြဿနာ မဖြစ်ချင်တော့လို့ ဂိတ်တံခါးကို ပိတ်ပြီး ရှောင်လွှဲဖို့ ကြိုးစားတယ်...  ဒါတောင် သူက ဘာဖြစ်ချင်နေတာလဲ... သူက ထာဝရဂိုဏ်း ငါးဂိုဏ်း စလုံးကို ရှင်းပစ်ချင်နေတာလား”

အငယ်ဆုံး ဖြစ်ဟန်တူသော ဘိုးဘေးက ပြောလိုက်၏။ သူသည် ဆေးနတ်ဘုရားဂိုဏ်း၏ အသစ်စက်စက် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ကာ ကဲ့ရန် ဟု အမည်ရ၏။

ကဲ့ရန်သည် နတ်ဘုရားဆေးပင် ပုံများ ‌ရေးခြယ်ထားသည့် အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ “ဆေးတစ်ရာ ဝတ်ရုံ” ဟု အမည်ရသော ထိုဝတ်ရုံမှာ ဆေးနတ်ဘုရားဂိုဏ်း၏ အကာအကွယ် ကောင်းကင်ရတနာ တစ်ခု ဖြစ်ပေသည်။

“တောင်တန်း အင်ပါယာ ခုလို လွယ်လွယ်ကူကူ ရှုံးနိမ့်သွားရတဲ့ အကြောင်းရင်းက နတ်ဘုရား မင်းသား မင်ယန်က သူတို့ရဲ့ နတ်ဘုရား အစီအရင်ကို ယူသွားခဲ့လို့ပဲ... ဒါပေမဲ့ ငါတို့ ဂိုဏ်းတွေအားလုံးမှာက ဘိုးဘေးတွေ ထားခဲ့တဲ့ နတ်ဘုရား အစီအရင်တွေ ရှိနေသေးတယ်... အဲဒီ နတ်ဘုရား အစီအရင်တွေ အားကိုးနဲ့ပဲ ငါတို့ ဂိုဏ်းငါးဂိုဏ်းက ကပ်ဘေးတွေ အားလုံးကို ဖြတ်ကျော်ပြီး နှစ်ပေါင်း သိန်းချီအောင် တည်တံ့နိုင်ခဲ့တာ... ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်းထက်ထက် နတ်ဘုရား အစီအရင်တွေကိုတော့ ချိုးဖျက်နိုင်မယ် မထင်ဘူး...”

ရောင်စုံ အရေပြားကို ပိုင်ဆိုင်ထားသည့် ဘိုးဘေးက ပြောလိုက်သည်။

“ဟုတ်တယ်...”

ယာယီဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ငါ တခြား ထာဝရဂိုဏ်းတွေနဲ့လည်း ဆက်သွယ်ပြီး တိုင်ပင်ထားသေးတယ်... ငါတို့သာ နတ်ဘုရား အစီအရင် အထဲမှာပဲ နေရင် သူ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး”

“အင်း...”

အခြား ဘိုးဘေး နှစ်ယောက်က ခေါင်းညိတ်လိုက်ကြသည်။

နတ်ဘုရား အစီအရင် ဆိုသည်မှာ အဘယ်နည်း။

နတ်ဘုရား အစီအရင်ဆိုသည်မှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူက သူ၏ ဓမ္မ စွမ်းအားကို အသုံးပြု၍ ဖန်တီးထားသော အစီအရင် ဖြစ်သည်။ ဆေးနတ်ဘုရားဂိုဏ်းသည် သူတို့ ဘိုးဘေး ချန်ရစ်သော နတ်ဘုရား အစီအရင်ကို သုံး၍ နှစ်ပေါင်း သိန်းချီတိုင် အန္တရာယ်များစွာကို ကျော်လွှားနိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် သူတို့၏ နတ်ဘုရား အစီအရင် အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပေသည်။

...

ထိုအချိန်၌ ချန်းဖန်မှာမူ တောင်တန်း အင်ပါယာ အဓိက ခန်းမ အတွင်းတွင် ထိုင်ကာ ရှောင်မန် အစီရင်ခံသမျှကို နားထောင်နေခဲ့လေသည်။ တစ်နေရာသို့ အရောက်၌ ချန်းဖန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် ပြူးကျယ် သွား၏။

“ဘာ... ကောင်းကင် ညီမျှခြင်း အသက်ရှင်နေသေးတယ် ဟုတ်လား... အသေးစိတ် ပြောစမ်းပါဦး”

ကောင်းကင် ညီမျှခြင်းသည် လွန်ခဲ့သည့် နှစ်ထောင်ဂဏန်း ကတည်းက တောင်တန်း အင်ပါယာ၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။ ချန်းဖန်သည် သူ သေဆုံးသွားပြီဟုသာ ထင်မှတ်ထားခဲ့သည်။ ယခုအထိ အသက်ရှင်လျှက် ရှိနေဦးမည်ဟု တွေးပင် မတွေးခဲ့မိချေ။

“ဒီလိုပါ ကောင်းကင်အရှင်...”

ကျူးဝမ် မျိုးနွယ် မဟာအကြီးအကဲက ကြားဝင်ကာ ခပ်ဖြည်းဖြည်း ရှင်းပြလိုက်သည်။

သူ၏ ရှင်းပြချက် အရဆိုလျှင်... တောင်တန်း အင်ပါယာကို အနိုင်ရရှိပြီးနောက် ကျူးဝမ်မျိုးနွယ်ဝင်များသည် တောင်တန်း အင်ပါယာတစ်ခုလုံးကို ပိုက်စိပ်တိုက်ကာ ရတနာ ရှာပုံတော ဖွင့်ခဲ့သည်။ သူတို့သည် မရေမတွက်နိုင်သော စာအုပ်များ၊ ရတနာသိုက်များ၊ အဖိုးတန် ဆေးပင်များကို ရှာဖွေ တွေ့ရှိ သိမ်းပိုက်နိုင်ခဲ့ကြသည်။

ကျူးဝမ်မျိုးနွယ်ဝင် တစ်ယောက်မှာမူ   တောင်တန်း အင်ပါယာ အနောက်ဖက်၌ အခြား ကမ္ဘာငယ် တစ်ခုနှင့် ချိတ်ဆက်ထားသည့် တံခါးတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။ မဟာ အကြီးအကဲနှင့် ရှောင်မန်တို့သည် ထိုသတင်းကို ကြားသည်နှင့် တောင်တန်း အင်ပါယာ၏ လျှို့ဝှက် အင်အားစု တစ်ခု ပုန်းအောင်းနေမည်ကို အလွန် စိုးရိမ် သွားကြသည်။

ရှောင်မန်သည် ချင်ဝူ၊ မင်ယွမ်တို့ကို ခေါ်ကာ ထိုအကြောင်းအား မေးမြန်းခဲ့သည်။ သူတို့မှာ ပထမ၌ ဘူးခံငြင်းကြသေးသည်။ ရှောင်မန်က “ဝိညာဥ် ထိန်းချုပ်ခြင်း အဆောင်” များကို ထုတ်၍ ခြိမ်းခြောက်သော အခါတွင်မှ ချင်ဝူတို့မှာ ဝန်ခံတော့သည်။

ထိုကမ္ဘာငယ်သည် တောင်တန်း အင်ပါယာ၏ အန္တရာယ် အများဆုံး အပြစ်သားများကို ချုပ်လှောင်ထားသည့် နေရာတစ်ခု ဖြစ်သည်။ အများအားဖြင့် ဆိုလျှင် ရှေးဟောင်း မိစ္ဆာအင်းမှ မိစ္ဆာ စစ်ဦးစီးများကို ထိုအကျဥ်းထောင် အတွင်း၌ ချုပ်လှောင်ထားလေ့ရှိသည်။ အဆုံး၌ မင်ယွမ်က ကျူးဝမ် မျိုးနွယ်ခေါင်းဆောင် ကောင်းကင် ညီမျှခြင်းကိုပါ ထိုနေရာ၌ ချုပ်နှောင်ထားကြောင်း ဝန်ခံခဲ့သည်။

“သူ အသက်ရှင်နေသေးတယ် ဆိုရင် အခု ဘာလို့ သူ့ကို မတွေ့ရတာလဲ...”

ချန်းဖန်က နားမလည်စွာ မေးလိုက်သည်။

ရှောင်မန်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်၏။

“အကို.... ကောင်းကင်ညီမျှခြင်းက အကျဥ်းထောင်ထဲကနေ ထွက်လာလို့ မရဘူး... အကို တွေ့ချင်ရင် အထဲကို သွားတွေ့မှပဲ ရမယ်”

“ကောင်းပြီလေ...”

ချန်းဖန်က ဘာမှ ထပ်မမေးတော့ပဲ ခေါင်းညိတ်လိုက်သည်။ သူသည် ကောင်းကင်ညီမျှခြင်းကို တစ်ခါမှ မတွေ့ဖူးသည့်တိုင် ဘိုးဘေး တစ်ဦး အနေဖြင့် လေးစားခဲ့သည်။ ထို့ကြောင့်ပင် သူသည် တတ်နိုင်သောအရာ ရှိပါက ကောင်းကင် ညီမျှခြင်းအား ကူညီရန် ခွန်ရှု နယ်မြေ ကတည်းက ဆုံးဖြတ်ချက် ချထားခဲ့သည်။

ရှောင်မန်၏ အစီရင်ခံမှုကို ပြီးဆုံးအောင် နားထောင်ပြီးသည်နှင့် ချန်းဖန်သည် တောင်တန်း အင်ပါယာ အနောက်ဖက်ရှိ အကျဥ်းထောင် ရှိရာသို့ ထွက်လာခဲ့၏။

“ဘုန်း...”

အကျဥ်းထောင် ကမ္ဘာငယ်သည် ပေထောင်ဂဏန်းမျှသာ ကြီးမားသည်။ ကြမ်းပြင်ကို အနက်ရောင် သလင်းကျောက်များဖြင့် ခင်းကျင်းထား၏။ ကြောက်မက်ဖွယ် လေဟာနယ် မုန်တိုင်းများက ထိုနေရာ၌ အရှိန်ပြင်းစွာ တိုက်ခတ်နေသည်။ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ပင်လျှင် သတိမထားမိပါက လေဟာနယ် မုန်တိုင်းများ၏ ဝါးမျိုမှုကို ခံသွားရလိမ့်မည် ဖြစ်သည်။

“ဒီနေရာက တကယ့်ကို ပြည့်စုံတဲ့ အကျဥ်းထောင် တစ်ခုပဲ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ သူပင်လျှင် ထိုနေရာ၌ အချိန် ကြာမြင့်စွာ နေရဲခြင်း မရှိချေ။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များသာလျှင် ထိုနေရာ၌ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ပေလိမ့်မည်။

ချန်းဖန်သည် အကျဥ်းထောင် ကမ္ဘာငယ် အတွင်း၌ ကျောက်တိုင် ဆယ်တိုင်ခန့်ကို တွေ့ရသည်။ ထိုကျောက်တိုင်များသည် ကမ္ဘာခြားရှိ ခရမ်းရောင်ကြေး သတ္တုဖြင့် ဖွဲ့စည်းထာကာ အကျဥ်းထောင် တစ်ခုလုံးကို ကျားကန်ထား၏။ ထိုကျောက်တိုင်များသည် နတ်ဘုရား သံကြိုးများကို ထုတ်လွှတ်ကာ အကျဥ်းသားများကို ချုပ်နှောင်ထားသည်။

အကျဥ်း‌ထောင် ကမ္ဘာငယ် အတွင်း၌ ကောင်းကင် ညီမျှခြင်း အပြင် အခြား အကျဥ်းသား ငါးယောက်မှာ အသက်ရှင်လျှက် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ထျန်းဟောင်ဂြိုဟ်ပေါ်မှ သက်ရှိများ မဟုတ်ကြောင်း ချန်းဖန် တစ်ချက် ကြည့်ရုံဖြင့် အကဲခတ် နိုင်ခဲ့သည်။ ထိုအကျဥ်းသားများည် စွမ်းအားများ ကျဆင်းနေပြီ ဖြစ်သည့်တိုင် မားမားမတ်မတ် ရပ်နေနိုင်ဆဲ ဖြစ်၏။ သူတို့ထဲ၌ အခြေတည် ဝိညာဥ် အလယ်ဆင့်ထက် အောက်ကျသော လူ မရှိချေ။

ချန်းဖန်က ထိုလူများကို လျစ်လျူကာ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော လူဆီသို့ ဦးတည်လိုက်သည်။ အဖြူရောင် ဝတ်စုံဝတ် လူသည် အသက်လတ် လူတစ်ဦးအရွယ်သာ ရှိနေသေးသော်လည်း သူ၏ ဆံပင်များမှာမူ ဖြူဖွေးနေခဲ့သည်။

ခရမ်းရောင်ကြေး ကျောက်တိုင်သည် နတ်ဘုရား သံကြိုးနှစ်ခုကို ထုတ်လွှတ်ကာ သူ၏ ပခုံးနှစ်ဖက်ကို ဖောက်ကာ ချည်နှောင်ထား၏။ ထိုနတ်ဘုရား သံကြိုးများမှာ ဝတ်စုံဖြူဝတ်၏ ခန္ဓာကိုယ်ကိုသာ မက အခြေတည် ဝိညာဥ်ကိုပါ ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။

သို့သော်လည်း ဝတ်စုံဖြူဝတ် လူသည် ထိုအရာကို သတိပြုမိပုံ မရချေ။ သူက မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်ကာ ချန်းဖန်အား ကြည့်၏။

“မွေးရပ်မြေက လူတစ်ယောက်ကို နောက်တစ်ဖန် ပြန်တွေ့ရမယ်လို့ ငါ ထင်မထားခဲ့မိဘူး... ခုချိန်ခါဆို သူတို့ပြောတဲ့ မဟာ အခွင့်အရေး ဆိုတာက အရှေ့ဂြိုဟ်မှာ ထွက်ပေါ်လာနေလောက်ပြီ... ကံမကောင်းစွာနဲ့ပဲ အဲဒီ မဟာ အခွင့်အရေး ဆိုတာက အရှေ့ဂြိုဟ် အတွက် ကပ်ဘေး တစ်ခုကိုပဲ ယူဆောင်လာလိမ့်မယ်”

ချန်းဖန်မှာ ဝတ်စုံဖြူဝတ်လူ၏ စကားကို နားထောင်ကာ အံ့အားသင့် သွားလေ၏။

***

All Chapters