ကောင်းကင်ညီမျှခြင်း
Vol. 11 Ch. 1016
“ကျုပ်ကို ဒီထက် ရှင်းလင်းအောင် ပြောပြနိုင်မလား အကြီးအကဲ...”
ချန်းဖန်က ဦးညွှတ်လိုက်၏။
ယခုအချိန်၌ သူသည် ကောင်းကင် ညီမျှခြင်းထက်ပင် ပို၍ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဦးညွှတ်မှုသည် စွမ်းအားကို ကိုယ်စား မပြုပဲ ဘိုးဘေး တစ်ဦး အဖြစ် အသိအမှတ် ပြုခြင်းသာလျှင် ဖြစ်၏။
“ထိုင်ပါ... ငါ သိသမျှ အကုန် ပြောပြပါ့မယ်”
ကောင်းကင် ညီမျှခြင်းက ပြုံးလိုက်သည်။
“မင်းမှာ ဝိုင်ပါလာသေးလား...”
“ပါပါတယ်...”
ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းကာ ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ဝိုင်ပုလင်းကို ထုတ်ယူလိုက်သည်။ ထိုဝိုင်ပုလင်းသည် ဝူမိသားစု ဘိုးဘေး ဝူဝမ်တင် သူ့အား ပေးခဲ့သော လက်ဆောင် တစ်ခု ဖြစ်ပေသည်။
“ကောင်းတယ်... ဒီလို ရေခဲ ဝိညာဥ်ဝိုင်ကို မသောက်ရတာတောင် နှစ်ထောင်ချီ ကာလ ကြာခဲ့ပြီပဲ...”
ကောင်းကင် ညီမျှခြင်းက ဝိုင်အား အရသာခံရင်း ဖြည်းညင်းစွာ သောက်လိုက်သည်။ ထို့နောက် သူက ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။
“မင်းက အရှေ့ဂြိုဟ်က လာတာ ဆိုတော့ အဲဒီက အခြေအနေကို သိရပေါ့... အဲဒီမှာ ဝိညာဥ်ချီတွေ ပြန် ဖြစ်ထွန်း လာပြီလား”
“အင်း... ကျုပ် မထွက်ခွာခင်မှာတော့ တဖြည်းဖြည်း ပြန်ပြီး ဖြစ်ထွန်းလာနေပါပြီ... ဒါပေမဲ့ ထျန်းဟောင်ဂြိုဟ်ပေါ်က ထူထပ်မှုမျိုးကို မှီဖို့ဆိုရင်တော့ အတော်သေး လိုသေးတယ်... နောက်ပြီး မိစ္ဆာချီ တစ်ချို့ မြေအောက်က ထွက်ပေါ်လာနေတာကို ကျုပ် သတိထားမိတယ်... အစကတော့ ဂြိုဟ်ရဲ့ အမြုတေမှာ နတ်ဘုရား ရတနာ တစ်ခု ဖြစ်ပေါ်လာနေတာလို့ ကျုပ် ထင်မိသေးတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ စကားအရဆို ကျုပ်အထင်က မှားနေပုံပဲ”
ချန်းဖန်က ပြောလိုက်သည်။
“အဲဒီ မဟာ အခွင့်အရေး ဆိုတာက နတ်ဘုရား ရတနာ တစ်ခု ဖြစ်မယ်လို့ မင်းထင်တာလား”
ကောင်းကင် ညီမျှခြင်းက ဝိုင်ကို နှစ်ခြိုက်စွာ သောက်ရင်း ပြုံးလိုက်၏။
“ကျုပ် မာယာတွေ ဆီက ကြားခဲ့တာပါ...”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။
“မာယာလား...”
ကောင်းကင် ညီမျှခြင်းက ခေါင်းအား ခါယမ်း လိုက်သည်။
“ငါတို့ အရှေ့ဂြိုဟ်မှာ ရှိစဥ်တုန်းက တောင်တန်း အင်ပါယာက ရောက်လာပြီး မဟာ အခွင့်အရေး ဆိုတာကို ယူဆောင်ဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ ငါက သူတို့ရဲ့ နတ်ဘုရား သခင်နဲ့ သူတို့ရဲ့ မျိုးဆက် အချို့ကို အနိုင်ယူနိုင်ခဲ့တယ်... တကယ်တော့ သူတို့ အတွေးတွေက မှားနေတာပဲ... တကယ်လို့ အဲဒါကသာ နတ်ဘုရား ရတနာ တစ်ခု ဖြစ်နေမယ် ဆိုရင် ငါနဲ့ ငါ့ဘိုးဘေးတို့က ထုတ်ယူလိုက်ပြီးပြီပေါ့”
“ဒါဆို အဲဒါက နတ်ဘုရား ရတနာ တစ်ခု မဟုတ်ဘူးပေါ့”
ချန်းဖန်က မေးလိုက်သည်။
ထိုအရာကသာ နတ်ဘုရား ရတနာ တစ်ခု မဟုတ်လျှင် အဘယ်ကြောင့် ရေနေ လူသား မျိုးနွယ်၊ ရွှေရောင် ကလန်၊ မာယာမျိုးနွယ် အပါအဝင် များစွာသော မျိုးနွယ်များ၊ ဂိုဏ်းများမှာ ကမ္ဘာသို့ သွားရသနည်း။ အဘယ်ကြောင့် နတ်ဘုရား မင်းသား မင်ယန်က တောင်တန်း အင်ပါယာ၏ နတ်ဘုရား အစီအရင်ကို ယူကာ ထွက်ခွာသွားရသနည်း။
”အဲဒါက တကယ့်ကို နတ်ဘုရား ရတနာ တစ်ခု မဟုတ်ပါဘူး...”
ကောင်းကင် ညီမျှခြင်းက ခေါင်းခါလိုက်သည်။
“မရေမတွက်နိုင်တဲ့ နှစ်တွေတုန်းက ကျူးဝမ်တွေဟာ မိစ္ဆာ လိုဏ်ဂူ တစ်ခုကို တွေ့ရှိခဲ့တယ်... အဲဒီ အထဲက မိစ္ဆာချီဟာ အစစ်အမှန် မိစ္ဆာတွေ အဖြစ်တောင် ပြောင်းလဲနိုင်ကြတယ်... ဘယ်လို ရတနာမျိုးက အဲ့လို မိစ္ဆာဆန်မှာလဲ မဟုတ်ဘူးလား”
ချန်းဖန်မှာမူ တိတ်ဆိတ်စွာပင် စဥ်းစားနေ၏။ သူသည် ကောင်းကင် ညီမျှခြင်းမှာ လိမ်ညာလိမ့်မည် မဟုတ်ကြောင်း သိရှိထားသည်။
ပထမ၌ ချန်းဖန်သည် မာယာတို့၏ စကားအတိုင်း ထိုအရာက “ပုန်းကွယ်နေသော ရတနာ” တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း ထျန်းဟောင်ဂြိုဟ်ရှိ “ကောင်းကင် ကျေးကျွန်” အစီအရင်ကို တွေ့မြင်ပြီး နောက်တွင်မူ သူ၏ အမြင်မှာ စတင် ပြောင်းလဲလာခဲ့သည်။
ကောင်းကင် ကျေးကျွန် အစီအရင်ကို ဖွဲ့စည်းရန် အတွက်ပင် နတ်ဘုရား ရတနာ ဆယ်ခုလောက် အထိ လိုအပ်သည်။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ တန်ခိုးရှင်ကြီးများသည် “နတ်ဘုရား ရတနာ” တစ်ခု အတွက် ထိုမျှ အပင်ပန်းခံလိမ့်မည် မဟုတ်ချေ။
“အဲဒါက နတ်ဘုရား ရတနာ တစ်ခု မဟုတ်ရင် ဘာလို့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ကျင့်ကြံသူတွေက စစ်ပွဲတွေ ဆင်နွှဲခဲ့တာလဲ...”
ချန်းဖန်က မေးလိုက်သည်။
“ဆက်လက်ရှင်သန်နိုင်ဖို့ အတွက်ပါပဲ...”
ကောင်းကင် ညီမျှခြင်းက ခေါင်းအား လေးပင်စွာ ခါယမ်းလိုက်သည်။
“တိုက်ပွဲတွေ မဖြစ်ခင်တုန်းက အရှေ့ဂြိုဟ်မှာ အခြေတည် ဝိညာဥ် အဆင့်တွေ အများကြီး ရှိသေးတယ်.. ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို နီးကပ်နေတဲ့ ကျင့်ကြံသူတွေတောင် ရှိခဲ့တယ်... ဒါပေမဲ့ ဝိညာဥ်ချီဟာ တစ်နေ့တစ်ခြား ဆိုးဆိုးရွားရွားကို ခမ်းခြောက်လာနေခဲ့တယ်... ငါတို့မှာ တိုက်ခိုက်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး... တိုက်ပွဲတွေရဲ့ အဆုံးမှာတော့ အနည်းငယ်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တော့တယ်”
“ခင်ဗျားတို့က ကမ္ဘာရဲ့ လက်ကျန်ချီ အတွက် တိုက်ခိုက်ခဲ့ကြတာပေါ့ ဟုတ်လား...”
ချန်းဖန်က မေးလိုက်သည်။
“အမှန်ပဲ...”
ကောင်းကင် ညီမျှခြင်းက ခဏမျှ ရပ်လိုက်သည်။ သူ၏ အမူအရာက ပို၍ လေးနက် လာခဲ့၏။
“နောက်ပိုင်းမှာ အရှေ့ဂြိုဟ်ကို ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ သားရဲကြီးတွေပါ ရောက်ရှိ လာခဲ့ကြတယ်...”
“ခင်ဗျားပြောတာ စကြဝဠာ သားရဲတွေလား...”
ချန်းဖန်က ကြားဖြတ်ကာ မေးလိုက်၏။
“မင်းက စကြဝဠာ သားရဲတွေကိုတောင် သိထားတာလား...”
ကောင်းကင် ညီမျှခြင်းက ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်၏။
“ဟုတ်သားပဲ... မင်းက အရှေ့ဂြိုဟ်ကနေ ထျန်းဟောင်ဂြိုဟ်ဆီ တစ်ယောက်တည်း လာနိုင်ခဲ့တဲ့ အပြင် တောင်တန်း အင်ပါယာကိုတောင် အနိုင်ယူခဲ့တဲ့ လူပဲ... စကြဝဠာ သားရဲတွေ အကြောင်း သိတာ မဆန်းကြယ်ဘူး...”
ကောင်းကင် ညီမျှခြင်းက ဆက်ပြောလိုက်သည်။
“ထျန်းဟောင်ဂြိုဟ်ပေါ်က ကျင့်ကြံသူတွေ ပြောပုံ အရဆို စကြဝဠာ သားရဲတွေက အပယ်ခံဂြိုဟ်နယ် မဆိုထားနဲ့ ကြယ်ပင်လယ် တစ်ခုထဲမှာတောင် ရှားပါးကြတယ် တဲ့... နောက်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က အရှေ့ဂြိုဟ်ကို ကျူးကျော်ဖို့ မဟုတ်ဘူး... ငါတို့လို ကျင့်ကြံသူတွေကိုပဲ ဂြိုဟ်ပေါ်ကနေ ကန်ထုတ် ပစ်ချင်တာ”
“ခင်ဗျား ပြောပုံ စကြဝဠာ သားရဲတွေကို တစ်ယောက်ယောက်က အဲဒီလို လုပ်ဖို့ အမိန့်ပေးထားတယ် ဆိုတဲ့ သဘောလား...”
ချန်းဖန်မှာ မျက်မှောင်ကြုတ်သွား၏။
အကယ်၍ တစ်စုံတစ်ယောက်မှာ စကြဝဠာ သားရဲများကို အမိန့်ပေးနိုင်သည် ဆိုပါက သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အနည်းဆုံး အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တွင် ဖြစ်နေနိုင်သည်။ မဟုတ်ပါက ထိုသားရဲများကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ငါ သေချာ မပြောတတ်ဘူး... ဒါပေမဲ့ သူတို့ကို ကြည့်ရတာ အိမ်မွေး တိရိစ္ဆာန်တွေနဲ့ တူတယ်လို့တော့ ခံစားမိတယ်”
ကောင်းကင် ညီမျှခြင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
“အိမ်မွေး တိရိစ္ဆာန်...”
ချန်းဖန်မှာ စိတ်ဝင်စား သွားသည်။ သူက တစ်ခဏမျှ စဥ်းစားကာ စကား လမ်းကြောင်းခင်းပေးလိုက်၏။
“ဆက်ပြောပါဦး...”
“ဒီထျန်းဟောင်ဂြိုဟ်ကို ရောက်ပြီးတဲ့နောက် ငါ သတင်း အပိုင်းအစ အချို့ကို ကြားခဲ့ရတယ်... အဲဒီ သတင်းတွေ အရဆို ရေနေ လူသားမျိုးနွယ်၊ ရွှေရောင် ကလန်နဲ့ အလင်းမျိုးနွယ်တို့လို မျိုးနွယ်တွေကိုလည်း အဖွဲ့အစည်း တစ်ခုက ထိန်းချုပ်ထားတယ်တဲ့... နောက်ပြီး ငါ ဆက်စပ်တွေးမိ သလောက်ဆို ဒီထျန်းဟောင်ဂြိုဟ်ပေါ်က ထာဝရဂိုဏ်းတွေကိုလည်း အဲဒီ လူတွေကပဲ ထိန်းချုပ်ထားလိမ့်မယ် ထင်တယ်... သေတော့ မသေချာပါဘူး”
“ငါ့အထင် ပြောရရင် အခု အချိန်လောက်ဆို အဲဒီ လူတွေက ထျန်းဟောင်ဂြိုဟ်နဲ့ အရှေ့ဂြိုဟ်တို့လို ဂြိုဟ်တွေကို ထိန်းချုပ်ပြီး နေလောက်ပြီ... သူတို့က လွန်ခဲ့တဲ့ နှစ်သိန်းဂဏန်းလောက်တည်းက ငါတို့ကို နယ်ရုပ်တွေလို ရွှေ့ကစား နေခဲ့ကြတာ... ကြောက်ဖို့ အကောင်းဆုံးက သူတို့တွေမှာ ဂြိုဟ်တစ်ခုရဲ့ ကောင်းကင် ဥပဒေသကိုတောင် ချိပ်ပိတ် ပစ်နိုင်စွမ်း ရှိနေတာပဲ”
ကောင်းကင် ညီမျှခြင်းက သက်ပြင်းတစ်ချက် ချကာ ဝိုင်ပုလင်းအား လက်စသတ် လိုက်သည်။
ချန်းဖန်မှာမူ တိတ်ဆိတ် နေ၏။ ကောင်းကင် ဥပဒေသကို ထိန်းချုပ်ခြင်းကား တော်ရုံတန်ရုံဂိုဏ်းတစ်ခု ပြုလုပ်နိုင်သော အရာ မဟုတ်ချေ။ သူ သိသလောက်ဆိုလျှင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း တစ်ခုသာ ထိုမျှလောက် အစွမ်းထက်ပေသည်။
“အကြီးအကဲ... ခင်ဗျားပြောတဲ့ ကပ်ဘေး ဆိုတာကရော ဘာအဓိပ္ပာယ်လဲ”
ချန်းဖန်က မေးလိုက်၏။ သို့သော်လည်း သူသည် ထိုကပ်ဘေး ဆိုသော အရာကို သိပ်မစိုးရိမ်ချေ။ ချန်ရှန်းဂိုဏ်း ဖြစ်စေ၊ အလင်းမျိုးနွယ် ဖြစ်စေ ကမ္ဘာပေါ်သို့ သူ ပြန်ရောက်သည်နှင့် အကုန်လုံးကို ရှင်းပစ်မည် ဖြစ်သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက် ပေါ်မလာမချင်း ချန်းဖန်သည် အားလုံးကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ သူသည် ဒဏ်ရာ အားလုံးကို ကုစားနိုင်ခဲ့သည့် အပြင် စွမ်းအားကိုလည်း အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ကျင့်ကြံခဲ့သည်။ ထို့အပြင် တစ်ချိန်တည်း၌ သူသည် မဟာ နတ်ဘုရား စွမ်းအား အချို့ကိုလည်း ကျင့်ကြံခဲ့သေးသည်။
“နောက်ကျသွားပြီ...”
ကောင်းကင် ညီမျှခြင်းက ခေါင်းခါလိုက်၏။
“အရှေ့ဂြိုဟ်မှာ ဝိညာဥ်ချီ ပြန်ဖြစ်ထွန်းလာပြီ ဆိုရင်တောင် နောက်ပြန်လှည့်ဖို့ အခွင့်အရေး မရှိတော့ဘူး”
“ဘာလို့လဲ...”
ချန်းဖန်က နားမလည်စွာ မေးလိုက်သည်။
“ငါနဲ့ ငါ့ဘိုးဘေးတို့ နှစ်ယောက်ဟာ ကြယ်ပင်လယ်ထဲမှာ ရှိတဲ့ ထာဝရဂိုဏ်း တစ်ခုက လာတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ဖမ်းဆီးမိခဲ့တယ်... သူပြောပုံ အရဆို စွန့်ပစ်ခံနယ်ရဲ့ ဂြိုဟ်တွေ အားလုံးမှာ အခွင့်အရေးတွေ ရှိတယ်... ဒါပေမဲ့ မဟာ အခွင့်အရေးကတော့ အရှေ့ဂြိုဟ်မှာပဲ ပေါ်ထွန်းလိမ့်မယ် တဲ့”
ကောင်းကင် ညီမျှခြင်းက ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။
“နောက်ပြီး သူက ဆက်ပြောတယ်... ကြယ်ပင်လယ်ထဲမှာ ဆိုရိုးတစ်ခု ရှိတယ် တဲ့”
“ဘာဆိုရိုးလဲ...”
ချန်းဖန်က မေးလိုက်သည်။
“သူတော်တစ်ပါးက မိစ္ဆာ တစ်ကောင်ကို အရှေ့ဂြိုဟ်မှာ ထောင်ထားတယ်”
“သူတော်တစ်ပါးက မိစ္ဆာ တစ်ကောင်ကို အရှေ့ဂြိုဟ်မှာ ထောင်ထားတယ်... ဟုတ်လား”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။
ထိုအရာက မည်သည့် အဓိပ္ပာယ်နည်း။ ကမ္ဘာ၏ မြေအောက်၌ အလွန် ကြီးမားသည့် မိစ္ဆာ တစ်ကောင် ရှိနေသည်လား။ မဖြစ်နိုင်ချေ။ ကမ္ဘာ၏ သက်တမ်းမှာ နှစ် ဘီလျံချီ ကြာခဲ့ပြီ ဖြစ်သည်။ မည်သည့် မိစ္ဆာမှ ထိုမျှကြာအောင် နေနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုအရာသာ အမှန်ဆိုပါက ထိုမိစ္ဆာမှာ သူ၏ ဆရာ ထန်ချင်ပင် မယှဥ်နိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်ပေလိမ့်မည်။
“အရှေ့ဂြိုဟ်ရဲ့ ဗဟိုမှာ ဘာမိစ္ဆာမှ မရှိဘူး ဆိုရင်တောင် ဆိုးရွားတာ တစ်ခုခု ဖြစ်နေတာတော့ သေချာတယ်...”
ချန်းဖန်က ရေရွတ်လိုက်သည်။
“ဟုတ်တယ်...”
ကောင်းကင် ညီမျှခြင်းမှာလည်း ချန်းဖန် တွေးသကဲ့သို့ တွေးနေဟန် ရသည်။
“အဲဒီ ကျင့်ကြံသူ ပြောပုံ အရဆို မဟာ အခွင့်အရေး ပေါ်လာတာနဲ့ အရှေ့ဂြိုဟ် တစ်ခုလုံး ဂျွန်းထိုးမှောက်ခုံ ဖြစ်ကုန်လိမ့်မယ်... လူတွေဟာလည်း အပိုင်းပိုင်း အစစ ဖျက်ဆီးခံရလိမ့်မယ် တဲ့... နောက်ပြီး ကောင်းကင် ဥပဒေတွေ ချိပ်ပိတ်ခံရမယ်... ဝိညာဥ်ချီတွေပါ ခမ်းခြောက်ကုန်မယ်... နောက်ဆုံး ဂြိုဟ်သေ တစ်ခုပဲ အဖြစ်ပဲ ကျန်ရစ်ခဲ့လိမ့်မယ်... အဲဒီ ကပ်ဘေး နောက်ပိုင်း အရှေ့ဂြိုဟ်မှာ ဘယ်တော့မှ တန်ခိုးရှင် ကျင့်ကြံသူ ပေါ်လာတော့မှာ မဟုတ်ဘူးတဲ့”
“ခရက်...”
ရုတ်တရက် ချန်းဖန်၏ မျက်လုံးတွင် အလင်းတစ်ခု လင်းလက်သွားကာ သူထိုင်နေသာ အနက်ရောင် သလင်းကျောက်ပြားမှာလည်း အနည်းငယ် အက်ကွဲသွားသည်။ သို့သော်လည်း ထိုအရာကို သူ သတိထားမိဟန် မရချေ။
ဝိညာဥ်ချီ မရှိ၊ တန်ခိုးရှင် ကျင့်ကြံသူ မရှိ၊ ကောင်းကင် ဥပဒေ မရှိ...
ကောင်းကင် ညီမျှခြင်း ပြောသော အရာက သူ ပြန်လည် မွေးဖွားပြီးနောက် တွေ့မြင်ခဲ့ရသည့် အတိုင်း အတိအကျ ဖြစ်နေခဲ့သည် မဟုတ်ပါလား...။
***