← Chapters

ဂိုဏ်းတစ်ခု တည်ထောင်ခြင်း

Vol. 11 Ch. 1017

ဂိုဏ်းတစ်ခု တည်ထောင်ခြင်း

Vol. 11 Ch. 1017

ချန်းဖန်သည် အတိတ်ဘဝ၌ မရေမတွက်နိုင်သော ဂြိုဟ်များကို ရောက်ရှိဖူးရာ ကမ္ဘာနှင့် အခြေအနေခြင်း တူညီသည့် ဂြိုဟ်များကိုလည်း တွေ့မြင်ခဲ့ဖူးသည်။

စကြဝဠာ အတွင်း၌ ထိုကဲ့သို့သော ဂြိုဟ်များကို “ဂြိုဟ်သေများ” ဟု ခေါ်ဝေါ် သမုတ်ကြသည်။ ဂြိုဟ်သေများမှာ နာမည် အတိုင်းပင် အနှစ်သာရ ကင်းမဲ့ကာ ဝိညာဥ်ချီကို လုံးဝ ထုတ်လုပ်နိုင်စွမ်း မရှိကြတော့ချေ။ ထိုကဲ့သို့သော ဂြိုဟ်မျိုး၌ မည်သည့် ကျင့်ကြံသူမှ နေရန် ဆန္ဒ မရှိကြချေ။

“ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ရှိနေတာက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း ဆိုတာတော့ သေချာတယ်... ဒါပေမဲ့ သူတို့က ဘာအတွက် လုပ်ရတာလဲ”

ချန်းဖန်မှာ နားမလည်နိုင်ချေ။ ထို့အပြင် သူတော်စင် တစ်ပါးက မိစ္ဆာ တစ်ကောင်ကို ထိုနေရာ၌ ထောင်ထားသည်ဟု ဆိုသည်။ ကမ္ဘာ၏ ဝိညာဥ်ချီ ခမ်းခြောက်လာမှုမှာ ထိုအရာနှင့် ဆက်စပ်နေမည်လား...။

“ဆရာ... ခင်ဗျား ဘာလှည့်ကွက်တွေ သုံးနေတာလဲ”

ချန်းဖန်က သက်ပြင်းချလိုက်၏။ ကြုံဆုံနေရသော အရာများကား တွေး၍ မမှီလောက်အောင် ရှုပ်ထွေးလှသည်။  ချန်းဖန်က စိတ်ကို ကြည်လင်အောင် ထားကာ ကမ္ဘာသို့ ပြန်ရောက်သည်နှင့် အမှန်တရားကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“ဪ... ဒါနဲ့ အကြီးအကဲ... ခင်ဗျား ကောင်းကင်အရှင်ကျန်းကို သိလား”

ချန်းဖန်က မေးလိုက်၏။

“အင်း... မှတ်တမ်းတွေထဲမှာ ငါ သူ့အကြောင်းကို ဖတ်ဖူးတယ်... သူက ကျူးဝမ်မျိုးနွယ်ရဲ့ သမိုင်းမှာ တကယ့်ကို ပြောင်မြောက်ခဲ့တဲ့ ပါရမီရှင် တစ်ယောက်ပေါ့... သူသာ အသတ်မခံရရင် ငါတို့ ကျူးဝမ်မျိုးနွယ်က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ခဲ့မှာ သေချာတယ်”

ကောင်းကင်အရှင်ကျန်း အကြောင်း ပြောစဥ်၌ ကောင်းကင် ညီမျှခြင်း၏ မျက်လုံးများက လေးစားမှုများဖြင့် တဖျပ်ဖျပ် လင်းလက် နေခဲ့သည်။

“အင်း... နတ်ဘုရား ဗိုလ်ချုပ် မင်ယာပြောပုံ အရဆို ကောင်းကင်အရှင်ကျန်းကို သူ သတ်ခဲ့တာတဲ့လေ... ကောင်းကင်အရှင်ကျန်းရဲ့ လက်နက်ကိုတော့ သူက  ခွန်ရှုနယ်မြေမှာ ပစ်ချခဲ့တယ် တဲ့”

ချန်းဖန်က ပြောလိုက်သည်။

“ဟားဟား... မင်ယာက သက်သက်ကြွားတာပါ...”

ကောင်းကင် ညီမျှခြင်းက ရယ်မောလိုက်သည်။

“အဲဒီတုန်းက ငါတို့ရဲ့ ကောင်းကင်အရှင်ကျန်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကိုတောင် ခြေတစ်လှမ်းရောက်နေခဲ့ပြီလေ... မင်ယာက အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကိုပဲ ရောက်သေးတာ... အရှင် တထျန်းသာ ဝင်မပါခဲ့ဘူး ဆိုရင် မင်ယာနဲ့ အခြား နတ်ဘုရား ဗိုလ်ချုပ် ခုနစ်ယောက်လုံး ပေါင်းရင်တောင် ကောင်းကင် အရှင်ကျန်းကို မနိုင်ပါဘူး... သူ ရုတ်တရက်ကြီး ကျဆုံးသွားခဲ့တာ နှမြောစရာကောင်းလွန်းတယ်... အဲဒီ အချိန်ကနေ စပြီး ငါတို့ ကျူးဝမ်မျိုးနွယ်က တတိတိနဲ့ ကျဆင်း လာခဲ့တော့တာပဲ”

ထို့နောက် ချန်းဖန်သည် ကောင်းကင်ညီမျှခြင်းနှင့် အချိန် အတော်ကြာအောင် အဖော်ပြုပေး နေခဲ့၏။ သူတို့သည် ခွန်ရှုနယ်မြေ အကြောင်း၊ ယွင်ထျန်း နန်းတော်ရှိ ရတနာ ဝိညာဥ် အကြောင်းများကိုပါ ပြောဖြစ်ခဲ့ကြသည်။ ထိုအပြင် သူတို့ နှစ်ယောက်သည် ထိုနေ့၌ ရေချိန်ကိုက်သည် အထိပင် သောက်ဖြစ်ခဲ့ကြ၏။

ချန်းဖန်က မထွက်ခွာခင် ကောင်းကင် ညီမျှခြင်းအား ချုပ်နှောင်ထားသည့် နတ်ဘုရား သံကြိုးများကို ဖြတ်ပစ်ရန် ပြောဆိုလိုက်သည်။ သို့သော်လည်း ကောင်းကင် ညီမျှခြင်းက ပြုံးကာ ငြင်းပယ်ခဲ့သည်။

ချန်းဖန်က တစ်ခဏမျှ စဥ်းစားကာ သဘောတူလိုက်၏။ သူ မြင်ရသလောက်ဆိုလျှင် ကောင်းကင် ညီမျှခြင်း၏ အခြေတည် ဝိညာဥ်သည် ချုပ်နှောင်ခံထားရသည့်တိုင် ခရမ်းရွှေရောင် အလင်းများ လင်းလက် နေခဲ့သည်။ ၎င်းသည် သုံးလက်မခန့် အရွယ်အစား ရှိပြီး အချိန်တိုင်း၌ ပိုမို တောက်ပလာနေခဲ့သည်။ အကယ်၍ ကောင်းကင် ညီမျှခြင်းသာ ဆန္ဒရှိပါက ထိုနေရာမှ ထွက်ခွာရန် များစွာ ခက်ခဲလိမ့်မည် မဟုတ်ချေ။

“အကြီးအကဲ... ကျုပ်တကယ်ပဲ အံ့အားသင့်မိတယ်”

ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

ကော်ငးကင် ညီမျှခြင်းသည် ထိုနေရာ၌ နှစ်ထောင်ချီ ပိတ်မိနေသည့်တိုင် အားနည်းမလာသည့် အပြင် ပို၍ပင် တိုးတက်လာနေခဲ့သည်။ နတ်ဘုရား ဗိုလ်ချုပ် မင်ယာ သူ့အား သတ်ချင်သည်က မထူးဆန်းတော့ချေ။ ချန်းဖန်၏ ခန့်မှန်းချက် အတိုင်းဆိုလျှင် အကျဥ်းထောင် ကမ္ဘာငယ် တစ်ခုလုံးကို သန့်စင်ပြီးပါက ကောင်းကင် ညီမျှခြင်းမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်နိုင်လိမ့်မည် ဖြစ်ပေသည်။

နောက်ဆုံး၌ ချန်းဖန်က ကောင်းကင် ညီမျှခြင်းကို နှုတ်ဆက်လိုက်သည်။ သူ ကျောခိုင်းသည်နှင့် ကောင်းကင် ညီမျှခြင်း၏ နတ်ဘုရား စိတ်အာရုံက ချန်းဖန်၏ စိတ်အတွင်း ဝင်ရောက်လာခဲ့၏။

“တထျန်းကို ဂရုစိုက်...”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူက ဟန်မပျက်ပင် ကောင်းကင် ညီမျှခြင်းကို ဦးညွှတ်ကာ ထွက်ခွာလာခဲ့သည်။

အကျဥ်းထောင် ကမ္ဘာငယ် အပြင်သို့ ရောက်ရှိပြီးနောက် ချန်းဖန်က ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာရန် စတင် ပြင်ဆင်လေ၏။ သူ ဤနေရာမှ ထွက်ခွာသည်နှင့် ထာဝရဂိုဏ်းကြီး ငါးဂိုဏ်းသည် ကျူးဝမ် မျိုးနွယ်ကို တိုက်ခိုက် လာနိုင်သည်။ ထို့ကြောင့်ပင် သူ့အနေဖြင့် ထိုဂိုဏ်းများကို ရှင်းလင်းပစ်ရန် လိုအပ်သည်။ ထို့အပြင် သူသည် ကျူးဝမ်တို့၏ လုံခြုံရေး အတွက် အခြေခံကောင်းတစ်ခုလည်း ထားခဲ့ချင်သည်။

“ငါ ဂိုဏ်းတစ်ခု တည်ထောင်ပြီး တစ်ကိုယ်တော် ကျင့်ကြံသူတွေကိုပါ ငါ့ဘက် ပါလာအောင် ဆွဲဆောင်ရမယ်... ငါ့မှာ ကျိုးကျူရှင်း နဂါးအိုကြီးနဲ့ တောင်တန်း အင်ပါယာက အကြီးအကဲတွေ ရှိတယ် ဆိုပေမဲ့ အဲဒီလောက်က မလုံလောက်သေးဘူး”

မကြာခင်မှာပင် ချန်းဖန်က သူ ဂိုဏ်းတစ်ခု တည်ထောင်မည့် အကြောင်းကို ရင်းနှီးသည့် ပုဂ္ဂိုလ်များကို ရှင်းပြလိုက်သည်။

“စီနီယာ... ဂိုဏ်းကို ဘယ်လို နာမည်ပေးမှာလဲ”

လင်းဝူဟွာက မေးလိုက်၏။

“ဂိုဏ်းရဲ့ နာမည်က မြောက်ပိုင်းချုံး...”

ချန်းဖန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

နောက်တစ်နေ့ အရောက်၌ ချန်းပေ့ရွှမ်းသည် မြောက်ပိုင်းချုံး ဟု အမည်ရသော ဂိုဏ်းကို တောင်တန်း အင်ပါယာ၌ တည်ထောင်ခဲ့သည်။ သူသည် မည်သည့် ကျင့်ကြံသူ မဆို မြောက်ပိုင်းချုံးဂိုဏ်းသို့ ဝင်ရောက်နိုင်ပါကြောင်း ကြေညာခဲ့သည်။ ဂိုဏ်းဝင်ဖြစ်ရန် လိုအပ်သည့် တစ်ခုတည်းသော စည်းမျဥ်းမှာ ဂိုဏ်းအပေါ် သစ္စာစောင့်သိရန် ဖြစ်သည်။ ထို့အပြင် ဂိုဏ်းဝင်များကို ချန်းပေ့ရွှမ်း ကိုယ်တိုင် ကောင်းကင် ကျင့်စဥ်များ၊ နတ်ဘုရား ကျင့်စဥ်များ သင်ကြားပေးလိမ့်မည် ဖြစ်သည်။

ထိုသတင်းကာ ပျံ့နှံ့သွားရာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး အံ့အားသင့် သွားကြတော့၏။

ကောင်းကင် ကျင့်စဥ်များမှာ အံ့အားသင့်စရာ သိပ်မဟုတ်လှချေ။ အခြေတည် ဝိညာဥ် အဆင့်များ၏ မျိုးဆက်တိုင်းမှာ ကောင်းကင်ကျင့်စဥ်များကို ပိုင်ဆိုင်ကြသည်။

သို့သော်လည်း နတ်ဘုရား ကျင့်စဥ်များမှာမူ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များ ကျင့်ကြံသည့် ကျင့်စဥ်များ ဖြစ်သည်။ ထာဝရဂိုဏ်းကြီး ငါးဂိုဏ်း ပင်လျှင် တစ်ခုစီသာ ပိုင်ဆိုင်ကြသည်။ တောင်တန်း အင်ပါယာတွင်မူ အနည်းငယ် ပိုများသော်လည်း အရေအတွက်က လက်ချိုးရေတွက်၍ ရသည်။ ပြန်လည် မွေးဖွားခြင်းဂိုဏ်းသည် မပြည့်စုံသည့် နတ်ဘုရား ကျင့်စဥ် တစ်ခုကို ရရှိခဲ့ဖူးပြီး သူတို့သည် ထိုကျင့်စဥ်ကို ရတနာ ကဲ့သို့ တန်ခိုးထားခဲ့သည်။

“သူက တကယ်ကြီး ငါတို့ကို နတ်ဘုရား ကျင့်စဥ်တွေ သင်ပေးမှာလား... ကောလဟာလတော့ မဟုတ်ပါဘူးနော်...”

“အေးဆို... ဒါပေမဲ့ ငါကြားသလောက်ဆို တောင်တန်း အင်ပါယာရဲ့ အဓိက ကျင့်စဥ်တွေကို နတ်ဘုရား မင်းသား မင်ယန်က ယူသွားတာတဲ့ကွ... ချန်းပေ့ရွှမ်းက ဘယ်နေရာကနေ အဲဒီ နတ်ဘုရား ကျင့်စဥ်တွေကို ရတာလဲ”

“ဘာပဲဖြစ်ဖြစ်... ငါကတော့ နတ်ဘုရား ကျင့်စဥ်တွေကို မမျှော်မှန်းရဲပါဘူး... ကောင်းကင် ကျင့်စဥ်တွေလောက် သင်ရရင်လည်း မဆိုပါဘူး”

များစွာသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာ ဆွေးနွေး နေကြသည်။ သို့သော်လည်း အများစုမှာမူ တောင်တန်း အင်ပါယာသို့ သုတ်ခြေတင်နေကြပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကောင်းကင် ကျင့်စဥ်များမှာ ကောင်းကင်အရှင် မိသားစုများသာ ပိုင်ဆိုင်သည့် အရာများ ဖြစ်သည်။ ကျင့်ကြံသူ အများစုမှာ ကောင်းကင် ကျင့်စဥ်များကိုပင် မကျင့်ကြံခဲ့ရချေ။ ယခု ချန်းဖန်က သူတို့အား အခွင့်အ‌ရေးပေးရန် အတွက် ဂိုဏ်းတစ်ခု တည်ထောင်လိုက်ပြီ ဖြစ်ရာ မ‌‌ရေမတွက်နိုင်သော လူများမှာ ဝမ်းပမ်းတသာ ကြိုဆိုကြသည်။

ပထမ၌ မူလ အဆင့်များ၊ ရွှေအမြုတေ အဆင့်များသာလျှင် ဂိုဏ်းအတွင်း ဝင်ရောက်ကြသည်။ ရက်အတန်ကြာမှ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်မှာ လာရောက် ပူးပေါင်း၏။ သူ၏ နာမည်မှာ “ချင်းရှီ” ဖြစ်ကာ ထျန်းဟောင်ဂြိုဟ်၏ ကျော်ကြားသော တစ်ကိုယ်တော် လေလွင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ကောင်းကင်အရှင် မိသားစု တစ်ခု သို့မဟုတ် ဂိုဏ်းကြီးတစ်ခု၌ မွေးဖွားလာခဲ့သူ မဟုတ်ချေ။ အခြေတည် ဝိညာဥ် အဆင့်ထိ ‌ရောက်အောင် ကိုယ့်အားကိုယ်ကိုးကာ ကျင့်ကြံခဲ့သူ ဖြစ်သည်။

“ကောင်းကင်အရှင်ချန်း...”

ချင်းရှီမှာ ချန်းဖန်ကို ကြည့်ကာ သံသယများ ဖြစ်ပေါ်လာ၏။ သူ၏ အ‌ရှေ့ရှိ ချန်းဖန်၏ ပုံစံမှာ အပြင်တွင် ပြောနေကြသည်များနှင့် လားလားမျှ မတူချေ။ မည်သည့် ကျင့်ကြံခြင်း အမှုကိုမှ မလုပ်ရသေးသည့် သာမန် လူတစ်ယောက်နှင့်ပင် တူနေသေးသည်။

သို့သော်လည်း ချန်းဖန်က သူ့အား ကြည့်သည့် အချိန်တွင်မူ ချင်းရှီမှာ ချက်ချင်းပင် ဒူးထောက်ချမိလိုက်တော့သည်။ ချန်းဖန်၏ မျက်လုံးထဲ၌ သူ၏ အခြေတည် ဝိညာဥ်ကို အပိုင်းပိုင်း ဖြတ်ပစ်နိုင်သည့် နတ်ဘုရား လက်နက် တစ်ခု တည်ရှိနေသလို သူ ခံစားနေရသည်။ ချန်းဖန်၏ အကြည့်တစ်ချက်ဖြင့်ပင် သူ ပိုင်ဆိုင်ထားသည့် ဓမ္မ ရတနာများ၊ လျှို့ဝှက် ကျင့်စဥ်များမှာ အဓိပ္ပာယ် ကင်းမဲ့ သွားခဲ့သည်။

“ဂိုဏ်းချုပ်...”

ချင်းရှီက တရိုတသေ နှုတ်ဆက်လိုက်၏။

“အင်း...”

ချန်းဖန်က ခေါင်းညိတ် အသိအမှတ် ပြုလိုက်သည်။

“မင်းက မြောက်ပိုင်းချုံးရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်သွားပြီ... အခုက စပြီး ဒီနေရာမှာ ကျင့်ကြံနိုင်တယ်... နောက်ပြီး တောင်ထိပ်မှာ ရှိတဲ့ ကျင့်ကြံခြင်း နန်းတော်ထဲက ကျင့်စဥ်တွေကို အလိုရှိသလို ဖတ်ရှုနိုင်တယ်”

“ကောင်းပါပြီ ဂိုဏ်းချုပ်...”

ချင်းရှီက ဦးညွှတ်လိုက်၏။

ချင်းရှီ ရောက်ရှိလာပြီးနောက် မကြာခင်မှာပင် ဒုတိယမြောက်၊ တတိယမြောက် အခြေတည် ဝိညာဥ် အဆင့်များမှာလည်း အသီးသီး ရောက်ရှိလာသည်။ ထိုအထဲ၌ အခြားဂြိုဟ် တစ်ခုမှ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ပင်လျှင် ပါဝင်နေခဲ့သည်။

ချန်းဖန်သည် အားလုံးကို လက်ခံခဲ့၏။ တစ်ချိန်တည်း၌ သူသည် တောင်တန်း အင်ပါယာကို ဝန်းရံ၍ အစီအရင်များစွာ ခင်းကျင်းခဲ့သည်။ ထိုအစီအရင်များမှာ နတ်ဘုရား အစီအရင် မဟုတ်သည့်တိုင် အခြေတည် ဝိညာဥ် အဆင့် အချို့ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည့် အစီအရင်များ ဖြစ်ကြသည်။

မြောက်ပိုင်းချုံးအား တရားဝင် ထူထောင်ပြီးနောက် မကြာခင်မှာပင် တောင်တန်း အင်ပါယာ တစ်ခုလုံးမှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှ ကျင့်ကြံသူများနှင့် ပြည့်နှက် သွားခဲ့၏။ ကောင်းကင်ဂိုဏ်းများစွာမှ ဘိုးဘေးများသည် ချန်းဖန်ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ ဂုဏ်ပြုကြသည်။ ထာဝရဂိုဏ်း ငါးခုမှ လွဲ၍ အခြေတည် ဝိညာဥ် အဆင့် အားလုံး နီးပါးမှာ တောင်တန်း အင်ပါယာတွင် စုစည်းမိကြသည်။

“ခုလို ကြီးကျယ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကို အောင်အောင်မြင်မြင် စတင်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ကြီး...”

ချန်ရှန်း ကောင်းကင်နယ်၏ အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေး တစ်ယောက်က ဝိုင်ခွက်ကို မြှောက်ရင်း ပြောလိုက်သည်။

“ကျေးဇူးပါပဲ...”

ချန်းဖန်က ပြုံးကာ ခွက်အား ပြန်လည် မြှောက်ပြလိုက်သည်။

ကျိုးကျူရှင်း၊ နဂါးအရှင်၊ တောင်တန်း အင်ပါယာ အကြီးအကဲ ငါးယောက်နှင့် အခြား အခြေတည် ဝိညာဥ် အဆင့် ငါးယောက်မှာ ချန်းဖန်အား ဝန်းရံ၍ ထိုင်နေခဲ့ကြ၏။

အခြေတည် ဝိညာဥ် အဆင့် ၁၂ ယောက်...

များစွာသော ဘိုးဘေးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် စိုးထိတ် သွားကြ၏။ ထိုအင်အားမှာ တောင်တန်း အင်ပါယာ နှစ်သိန်းချီ စုစည်းထားခဲ့သော အင်အားကို မမှီသေးသည့်တိုင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

“ဂိုဏ်းချုပ်ကြီးချန်းက ထျန်းဟောင်ဂြိုဟ်ရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဆိုတော့ မြောက်ပိုင်းချုံးကလည်း ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာ သေချာတယ်...”

ကောင်းကင်အရှင် ကျင်းဟိုင်က ပြောလိုက်သည်။ သူသည် ရှန်းရှီက သူ့အား ကတိ အထပ်ထပ် ပေးပြီးမှသာ ချန်းဖန်၏ အရှေ့၌ ပေါ်လာရဲခဲ့ခြင်း ဖြစ်သည်။

“အမှန်ပဲ... ဒီနေ့က စပြီး ဂိုဏ်းချုပ်ကြီးချန်းနဲ့ မြောက်ပိုင်းချုံးက ထျန်းဟောင်ဂြိုဟ်ရဲ့ ခေါင်းဆောင်တွေ လို့တောင် ဆိုနိုင်နေပြီ... ဘယ်သူက အဲဒါကို ဆန့်ကျင့်ရဲမှာလဲ”

မီးသူတော်စင် မြို့တော်သခင်ကလည်း အားရပါးရ ပြောလိုက်သည်။ သူသည် လုံဟွာ၏ ဖခင်ဖြစ်ပြီး ချန်းဖန်နှင့် နီးစပ်သော ဆက်ဆံရေး တစ်ခု ရှိပေသည်။

“ဟုတ်တယ်... ဟုတ်တယ်...”

မြေအောက် သရဲဂိုဏ်းချုပ်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သော်လည်း မြေအောက် သရဲဂိုဏ်းချုပ်သည် သင့်တော်သော ခန္ဓာကိုယ် တစ်ခုကို ပြန်လည် အစားထိုးခဲ့ပြီး ဖြစ်သည်။ သူ၏ သရဲမျက်နှာသည် ထူးခြားစွာပင် လေးစားမှုများဖြင့် ပြည့်နှက် နေခဲ့၏။

ထို့နောက် အခြား ဘိုးဘေးများကလည်း တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ ပြောဆိုကြ၏။

“ကောင်းကင် အရှင်ချန်းက တစ်ခေတ်မှာ တစ်ယောက် ပေါ်လာတဲ့ သူရဲကောင်းပဲ... အရှင် တထျန်းတောင် ရွှေအမြုတေ အဆင့် တုန်းက ကောင်းကင်အရှင်ချန်းရဲ့ ခြေဖျားကို မမှီခဲ့ဘူး”

“အမှန်ပဲ... ကောင်းကင်အရှင်ချန်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ကျိန်းသေ ရောက်မယ့်သူ ဆိုတော့ မြောက်ပိုင်းချုံးဂိုဏ်းကလည်း ထာဝရဂိုဏ်းတစ်ခု ဖြစ်လာမှာ သေချာတယ်”

“ ... ”

ချန်းဖန်သည် ဘိုးဘေးများ၏ မြှောက်လုံးပင့်လုံးများကို တိတ်တဆိတ် ပြုံးရင်း နားထောင်ခဲ့သည်။ သူသည် ထိုစကားများ အပေါ်၌ အနည်းငယ်ပင် သာယာခြင်း မဖြစ်မိချေ။ ထို့အစား သူသည် ထိုလူအိုကြီးများ၏ မျက်နှာဖုံးအောက်မှ ပုံရိပ်အစစ်အမှန်ကိုသာ မြင်တွေ့ချင် နေမိသည်။

အချိန် အတန်ကြာ လွှတ်ထားပေးပြီးနောက် ချန်းဖန်က ထိုင်ရာမှ ထရပ်လိုက်၏။

“ခင်ဗျားတို့ အားလုံးပြောတာ မှန်ပါတယ်... ကျုပ်က ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်ဆုံး ကျင့်ကြံသူ ဖြစ်သလို မြောက်ပိုင်းချုံးကလည်း မကြာခင်မှာ ထျန်းဟောင်ဂြိုဟ်မှာ အင်အား အကြီးဆုံးဂိုဏ်း ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ ဆေးနတ်ဘုရားဂိုဏ်းတို့လို ဂိုဏ်းလေးတွေက အခုထိ ကျုပ်ကို ဆန့်ကျင်ဖို့ ကြိုးစားနေကြတုန်းပဲ... ဒီတော့ ကျုပ်က သူတို့ကို အပြစ်ပေးဖို့ ဆုံးဖြတ်ထားတယ်”

ရုတ်တရက် ဘိုးဘေးများမှာ တိတ်ဆိတ် သွားကြ၏။ တစ်ခဏ ကြာပြီးနောက်မှ တစ်ယောက်က မေးလိုက်သည်။

“ကောင်းကင်အရှင်ချန်း... အဲဒါက ဘာအဓိပ္ပာယ်လဲ”

“ရှင်းပါတယ်... ကျုပ် သူတို့ကို သတ်ပြီး ကမ္ဘာကြီးကို သတိပေးမယ်”

ချန်းဖန်၏ အဖြေက လူတိုင်း၏ မျက်နှာများကို ပျက်ရွင်းသွားစေခဲ့၏။

***

All Chapters