အာရေဗျဂဏန်းများ
Vol. 3 Ch. 74
လမ်းမကြီးဘေးသို့ရောက်ချိန်တွင် လင်းရှောင်ယွဲ့သည် ခဏလောက်ထပ်စောင့်ရပြီးမှ နောက်ဆုံးတွင် အဘိုးရှီ၏လှည်းရောက်လာခဲ့သည်။
အဘိုးရှီသည် လင်းရှောင်ယွဲ့တစ်ယောက် နွားလှည်းတစ်စီးဝယ်တော့မည်မှန်းသိလိုက်ရချိန် အလွန်အံ့ဩသွားခဲ့သည်။
"ကောင်မလေး၊ မင်းက ဘယ်လိုကံဇာတာမျိုးရှိတာလဲ။" ဒီနေ့နဲ့ဆို သူ ထိုကောင်မလေးကို မြို့ပေါ်ခေါ်သွားပေးသည်က တတိယမြောက်ရက်သာရှိသေးလေသည်။
သူမသယ်လာသည့်ကုန်ပစ္စည်းတွေက တန်ဖိုးရှိရင်တောင်မှ အချိန်တိုလေးအတွင်း ထိုမျှများပြားသောငွေကိုရနိုင်မှာမဟုတ်လောက်ဘူးမလား။
"ဟဲဟဲ၊ ကျွန်မတို့က နွားလှည်းတွေဝယ်ရုံတင်မကဘူး၊ အိမ်တစ်လုံးလည်း ဆောက်တော့မှာ။ အဲ့ဒီအချိန်ရောက်ရင်၊ အုတ်တွေသယ်ဖို့ လူတွေငှားရလောက်တယ်။ အဘိုးရှီ၊ ဒီအလုပ်ကို လက်ခံမှာလား။" လင်းရှောင်ယွဲ့က ပြုံးပြီးမေးလိုက်သည်။
သာ့ရှီရွာမှာ တခြားနွားလှည်းနှစ်စီးရှိပေမယ့်၊ သူတို့က ကုန်ပစ္စည်းတွေသယ်ဖို့အတွက် မဟုတ်ပေ။ ဒါ့အပြင်၊ သူတို့မှာ အမိုးတွေပါလို့၊ သူတို့က အဘိုးရှီရဲ့လှည်းလောက် မသင့်တော်ဘူး။
"ရတာပေါ့။ ဘယ်တော့လဲ။" အဘိုးရှီက အမြန်မေးလိုက်သည်။
သူက လှည်းကို နေ့တစ်ဝက်ပဲ ဆွဲနိုင်သည်။ မြို့ကနေပြန်လာမှပဲ လှည်းပေါ်လူဖြည့်နိုင်လေသည်။ စထွက်သည့်အချိန်အများစုတွင်တော့ လူနှစ်ယောက်သုံးယောက်လောက်ပဲရှိကာ တခါတရံ တစ်ယောက်မှတောင် မရှိပေ။ ဒါကြောင့် တွက်ကြည့်လိုက်လျှင် ဒီနည်းက သူ့အတွက် ငွေအများကြီးမရှာနိုင်ပေ။
ကုန်ပစ္စည်းသယ်ပေးခြင်းက သူသွားသည့် ခရီးစဉ်အရေအတွက်အတိုင်း တွက်ချက်သည်။ တစ်နေ့ကို ခေါက်ပြန်အနည်းငယ်ပိုသွားလိုက်လျှင် သူမြို့ကို ရက်အနည်းငယ်ပြေးဆွဲပေးခြင်းက ရသည့်အမြတ်နှင့် ညီမျှသွားပေသည်။
"မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ကျွန်မက ဒီနေ့လည် ဆောက်လုပ်ရေးအဖွဲ့နဲ့ ချိန်းဆိုထားပြီးပြီ။ ကျွန်မတို့က အိမ်ကို အမြန်ဆုံးဆောက်ပြီးချင်နေတာလေ၊ ဒါကြောင့် အမြန်ဆုံးစတင်ဖို့ စီစဉ်မှာပါ။"
"ကောင်းပြီ။ အဲ့ဒီအချိန်ရောက်ရင် ငါ့ကိုပြောပါ။" အဘိုးရှီသည်လည်း အရမ်းပျော်ရွှင်နေသည်။
"သေချာပေါက်ပါ။"
ပြီးနောက် သူမက အဘိုးရှီကို နွားလှည်းဝယ်တာနှင့်ပတ်သတ်ပြီး မေးမြန်းလေသည်။
ဒီတစ်ခါတော့ အဘိုးရှီက ပိုပြီး အသေးစိတ်ရှင်းပြပေးခဲ့သည်။ သူက မြို့ထဲကဝယ်ရမည့်နေရာ၏ လိပ်စာကိုပြောပြရုံသာမက၊ နွား၏အရည်အသွေးကို မည်သို့ဆုံးဖြတ်ရမည်၊ ဈေးဘယ်လိုစစ်ရမည်ဆိုသည်ကိုပါ ပြောပြပေးလေသည်။
သူသာ ခရီးသည်တင်တာနဲ့ အလုပ်ရှုပ်မနေခဲ့လျှင် လင်းရှောင်ယွဲ့အတွက် နွားတစ်ကောင်ကို ကိုယ်တိုင်ကိုယ်ကျပင် ရွေးကူချင်နေသည်။
လင်းရှောင်ယွဲ့သည် အဘိုးရှီကို နောက်ထပ်မနှောင့်နှေးစေချင်တာကြောင့် သူမကို ရူယီစားသောက်ဆိုင်သို့ တိုက်ရိုက်ပို့ပေးရန် နောက်ထပ်ကြေးပြားသုံးပြားထပ်ပေးပြီးနောက် နှုတ်ဆက်ခဲ့လေသည်။
သူမခြံထဲသို့ဝင်လိုက်သည်နှင့် စားဖိုမှူးလျိုက သူမ၏ကုန်ပစ္စည်းများကို ထပ်ချိန်ခိုင်းသည်။ ပြီးနောက် ရှောင်လင်းယွဲ့သည် ငွေတောင်းခံလွှာကိုယူကာ ငွေရှင်းကောင်တာသို့ သွားလိုက်လေသည်။
လျန်ချန်းချိုင်သည် ရှောင်လင်းယွဲ့လာနေသည်ကိုတွေ့သည်နှင့် ချက်ချင်းထရပ်ကာ သူမကို ဦးညွှတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင်တော့ တောင့်တကာစိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လို့နေသည်။
လင်းရှောင်ယွဲ့သည် ငွေတောင်းခံလွှာကို လျန်ချန်းချိုင်အား ပေးလိုက်သည်။ သူ ငွေရှင်းပေးပြီးနောက်မှာတော့ သူမက သူ့ကိုအိမ်တွင် လုပ်စရာရှိ၍ ဒီနေ့လည် သူ့ကိုစာမသင်ပေးနိုင်သေးကြောင်း ပြောလိုက်သည်။
"ကျွန်မ ဒီနေ့ ရှင့်ကို မသင်ပေးနိုင်ပေမယ့် ရှင့်အတွက် အခြေခံသင်ကြားရေးထောက်ကူပြုပစ္စည်းတချို့ ပြင်ဆင်ထားတယ်။" လင်းရှောင်ယွဲ့ကပြောရင်း စာရွက်တစ်ရွက်ကို လျန်ချန်းချိုင်အားပေးလိုက်သည်။
"ဒီမှာ 0 ကနေ 10 အထိ ဂဏန်းတွေရှိတယ်။ ရှင် နေ့လည်ပိုင်းမှာ အရင်ဆုံးအရေးလေ့ကျင့်ထားနိုင်တယ်။ ကျွန်မ မနက်ဖြန် ရှင့်ကိုမသင်ခင် ဒီဂဏန်း ၁၁လုံးကို လုံးဝကျွမ်းကျင်နေရမယ်။"
"ဟုတ်ကဲ့။" လျန်ချန်းချိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပြီးနောက် ရှောင်လင်းယွဲ့က သူ့ကို ဘယ်လိုရေးရမလဲဆိုတာကို သင်ပြပေးခဲ့သည်။
လျန်ချန်းချိုင်နှစ်ခါပဲ ကြိုးစားကြည့်ပြီးနောက်မှာ ရသွားခဲ့လေသည်။
လျန်ချန်းချိုင်တစ်ယောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဒီနည်းနဲ့ဂဏန်းတွေရေးရတာ တကယ်ကို အများကြီး ပိုရိုးရှင်းတာပဲ။
"မိန်းကလေးလင်း၊ ဂဏန်းက ၁၁လုံးပဲရှိတာလား။ ပိုကြီးတဲ့ဂဏန်းတွေကို ဘယ်လိုရေးရမလဲ။" လျန်ချန်းချိုင်က အမြန်မေးလိုက်သည်။
လင်းရှောင်ယွဲ့က လျန်ချန်းချိုင်ကို တစ်ချက်ကြည့်လိုက်လေသည်။
သူမက ဒါက သင်ကြားရေးရဲ့ပထမဆုံးနေ့ဖြစ်တာကြောင့် အခြေခံအတွက်ပဲ ပြင်ဆင်ထားရင်ရပြီဟု တွေးခဲ့လေသည်။
တကယ်တမ်း ဒါက လျန်ချန်းချိုင်အတွက် အရမ်းလွယ်နေလိမ့်မယ်လို့တော့ တွေးလိုက်မိဘူး။ အခုတော့ သူက ပိုသင်ချင်လွန်း၍ စောင့်တောင် မစောင့်နိုင်တော့ပေ။
အနားတွင် တခြားဘယ်သူမှမရှိသည်ကိုမြင်ပြီး လင်းရှောင်ယွဲ့သည် ရေတွက်သည့်ယူနစ်ကို လျန်ချန်းချိုင်အား ရိုးရိုးရှင်းရှင်းလေး ရှင်းပြလိုက်သည်။
"ရေတွက်တဲ့ယူနစ်က ရှင်ပေသီးနဲ့တွက်သလို အတူတူပဲ။ ခု၊ ဆယ်၊ ရာ စသဖြင့်ပေါ့။ ဥပမာ 100က 1 'ရာ'၊ 0 'ဆယ်'၊ 0 'ခု' ပဲ။" လင်းရှောင်ယွဲ့သည် စာရွက်ပေါ်တွင် လက်တွေ့ရေးပြလိုက်သည်။
***