← Chapters

ပဋိပက္ခ

Vol. 11 Ch. 1018

ပဋိပက္ခ

Vol. 11 Ch. 1018

“ကောင်းကင်အရှင်ချန်း... ကျေးဇူးပြုပြီး အရိုင်းအစိုင်းလို မပြုမူပါနဲ့”

လဝန်း နှစ်ဆယ့်လေးခုနှင့် ကြောက်မက်ဖွယ် ဓားချီများ ဝန်းရံနေသော အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က ပြောလိုက်သည်။

သူ၏ အမည်သည် ရန်ရှု ဖြစ်ပြီး လဓားဂိုဏ်းမှ ဘိုးဘေးတစ်ဦး ဖြစ်သည်။ လဓားဂိုဏ်းသည် မြောက်ဘက် ဝင်ရိုးစွန်းတွင် တည်ရှိကာ ထျန်းဟောင်ဂြိုဟ်‌ရှိ အင်အား အကြီးအဆုံး ဓားဂိုဏ်းသုံးခုအနက် တစ်ခု ဖြစ်သည်။

“ဟမ်...”

ရုတ်တရက် ချန်းဖန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားကာ ထိုလူအား စိုက်ကြည့်လိုက်သည်။

“ကောင်းကင်အရှင်ချန်း... ကျုပ် ပြောတာကို သေချာလေး နားထောင်ပေးပါ... ဆေးနတ်ဘုရားဂိုဏ်းနဲ့ နတ်ဘုရား သားရဲခန်းမလို ထာဝရဂိုဏ်းတွေဟာ သူတို့ရဲ့ ဂိုဏ်းချုပ်တွေကို ဆုံးရှုံးပြီးတဲ့နောက်မှာ အတော်လေး ကျဆင်းနေခဲ့ပါပြီ... အခုဆိုရင် သူတို့က တံခါးပိတ်ပြီး အပြင်ကို ထွက်မယ့်ပုံတောင် မရကြတော့ပါဘူး... ဒါတောင် ကောင်းကင်အရှင်ချန်းက သူတို့ကို ဒုက္ခပေးချင်နေသေးတာလား”

ရန်ရှုက ချန်းဖန်၏ အကြည့်စူးစူးကို အန်တုရင်း ပြောလိုက်၏။

“ဟုတ်တယ် ကောင်းကင်အရှင်ချန်း... ခင်ဗျားက ထျန်းဟောင်ဂြိုဟ်ရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီ ဆိုတာ သိရဦး... ခင်ဗျား သတ်ချင်စိတ် ပေါက်တိုင်း လူသတ်ဖို့ ကြိုးစားနေတာကတော့ မဟုတ်သေးဘူး...”

မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေးကလည်း ထိုင်ရာမှ ထရပ်ကာ ပြောလိုက်၏။

“အမှန်ပဲ... ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ အခြေတည် ဝိညာဥ် အဆင့်က တစ်ရာတောင် မပြည့်ဘူး... ကျုပ်တို့ ထပ်ပြီး ဆုံးရှုံး မခံနိုင်ဘူး”

“ကောင်းကင်အရှင်ချန်း... ခင်ဗျား သူတို့ကိုသာ လွှတ်ပေးလိုက်ပါ... ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရဲ့ လေးစားမှုကို လိုချင်ရင်ပေါ့”

အခြားသော ဘိုးဘေးများကလည်း အသီးသီး ထကာ ပြောဆိုကြသည်။

“မင်းတို့ ဆိုလိုချင်တဲ့ သဘောက ငါက သူတို့ကို ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ဆက်ပြီး ထင်သလိုနေခွင့် ပေးရမယ်ပေါ့... ဟုတ်လား”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

ကြည့်ရသည်က ထိုဘိုးဘေးများမှာ သူ့အား ဂုဏ်ပြုရန် သက်သက် ‌ရောက်ရှိလာခြင်း ဖြစ်ဟန် မတူချေ။ ထာဝရဂိုဏ်းများအား အန္တရာယ် ကာကွယ်ရန် ဟူသော ရည်ရွယ်ချက်လည်း ပါလာဟန်ရသည်။

“အဲဒါက အကောင်းဆုံး နည်းလမ်းပဲ... ခင်ဗျား စဥ်းစားကြည့်စမ်းပါ... ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲပစ်တာ ဘယ်လောက်ကောင်းလဲ”

မဟူရာ ဗုဒ္ဓဂိုဏ်း၏ ဘိုးဘေးက ထပ်မံ ပြောဆိုလိုက်သည်။

“ခင်ဗျား အနေနဲ့ ခုအချိန်မှာ ထာဝရဂိုဏ်းတွေ အပေါ် သဘောထားကြီးပြသင့်တယ်... တစ်ချိန်တုန်းက အရှင် တထျန်းတောင် သူတို့ကို မရှင်းပစ်ပဲ မဟာမိတ်တွေ အဖြစ် ပြောင်းလဲခဲ့တယ်... အဲဒါက ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အကောင်းဆုံး နည်းလမ်းပဲ”

ဝမ်ချင်း ကောင်းကင်နယ်၏ အကြီးအကဲကလည်း ပြောဆိုလိုက်၏။

အခြားသော ကောင်းကင်အရှင်များကလည်း ခေါင်းညိတ် ‌ထောက်ခံကြသည်။

“ဒီတော့ မင်းတို့က ထာဝရဂိုဏ်းတွေကို ရှင်းပစ်ခွင့် မပြုဘူးပေါ့...”

ချန်းဖန်၏ မျက်နှာမှ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။

“မြောက်ပိုင်းချုံးက ခုမှ တည်ထောင်ပြီးတယ်... ခုချက်ချင်း အခြားဂိုဏ်းတွေကို တိုက်ခိုက်မယ် ဆိုတာက ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူး”

ရန်ရှုက ပြောလိုက်သည်။

“အတိတ်မှာတုန်းက အရှင်တထျန်းလို လူတောင် သူတို့ကို လွှတ်ပေးခဲ့တယ်... သေသေချာချာ စဥ်းစားပါဦး ကောင်းကင်ရှင်ချန်း...”

မဟူရှာ ဗုဒ္ဓဂိုဏ်း ဘိုးဘေးက သူ၏ ကတုံးပြောင်ပြောင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ကောင်းကင်အရှင်ချန်း ကျေးဇူးပြုပြီး နှစ်ခါပြန် စဥ်းစားပေးပါ...”

အဆုံး၌ ချန်ရှန်း ကောင်းကင်နယ်မြေ ဂိုဏ်းချုပ် ပင်လျှင် ဝင်ရောက် ပြောဆိုလာ၏။

ချန်ရှန်း ကောင်းကင်နယ်သည် ထျန်းဟောင်ဂြိုဟ်၏ ထိပ်တန်း ကောင်းကင်နယ် တစ်ခု ဖြစ်ရာ အခြေတည် ဝိညာဥ် အဆင့် ငါးယောက်ကို ပိုင်ဆိုင်ထားသည်။ သူတို့ အားလုံးမှာ အလွန် အစွမ်းထက်ကြ၏။

ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်မှာ အသက်လတ် လူတစ်ယောက် ဖြစ်ကာ အဇူရာ ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ အရှိန်အဝါသည် နဂါးအရှင်နှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိသည်။ သူသည် အလွန် စကားပြောခဲသော်လည်း သူ၏ စကားတစ်ခွန်းချင်းစီမှာ အလွန် ထိရောက်မှု ရှိပေသည်။

မီးသူတော်စင် မြို့တော်သခင်၊ မြေအောက် သရဲဂိုဏ်း ဘိုးဘေး၊ ကျိုးကျူရှင်းနှင့် ချင်းရှီတို့မှာ အနည်းငယ် အခက်တွေ့ဟန် ပေါ်သွားကြသည်။

“ကောင်းကင်အရှင်ချန်း...”

မဟာ အကြီးအကဲက ထရပ်ကာ ချန်းဖန်အား ဖျောင်းဖြ ပြောဆိုရန် ပြင်လိုက်သည်။ မည်သို့ပင် ဆိုစေ ကျူးဝမ် မျိုးနွယ်နှင့် မြောက်ပိုင်းချုံးသည် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို မရင်ဆိုင်နိုင်ချေ။

သို့သော်လည်း ချန်းဖန်က သူ့အား လက်ကာပြကာ ဟန့်တားလိုက်၏။ ထို့နောက် သူက ဘိုးဘေးများကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။

“ငါက ထာဝရဂိုဏ်း ငါးခုကို တိုက်ခိုက်မယ် ဆိုရင်ရော...”

တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက်၌ ဘိုးဘေး တစ်ယောက်က ထရပ်ကာ ပြောလိုက်သည်။

“အဲဒါဆိုရင် ကောင်းကင်အရှင်ချန်းက ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ရှိတဲ့ ဂိုဏ်းတွေ အားလုံးရဲ့ ဆန္ဒကို ဆန့်ကျင့်နေတာပဲ... ခင်ဗျားရဲ့ မြောက်ပိုင်းချုံးက အင်အားကြီးတယ် ဆိုပေမဲ့ ဂြိုဟ်တစ်ခုလုံးထက် ပိုပြီး အစွမ်းထက်မယ် ထင်မနေနဲ့”

များစွာသော ဘိုးဘေးများမှာလည်း ခေါင်းခါလိုက်ကြ၏။ သူတို့သည် ချန်းဖန်၏ ရူးမိုက်သော အစီအစဥ်ကို သဘောတူညီကြခြင်း မရှိကြချေ။ ထို့အပြင် တစ်စုတစ်စည်းတည်းဝိုင်း၍ ဖိအားပေးပါက ချန်းဖန် လက်လျှော့သွားလိမ့်မည်ဟု သူတို့ ယုံကြည်ထားကြပေသည်။ အကယ်၍ ချန်းပေ့ရွှမ်း အနေဖြင့် လက်မလျှော့ပါကလည်း သူတို့သည် တိုက်ပွဲတစ်ခု ဆင်နွှဲရန် တွေဝေနေလိမ့်မည် မဟုတ်ချေ။

ထိုအခိုက်အတန့်၌ တောင်တန်း အင်ပါယာ တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။ ထိုအချိန်အပိုင်းအခြားမှာ ထျန်းဟောင်ဂြိုဟ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ကြောင်း လူတိုင်း နားလည်ကြပေသည်။

“ကောင်းကင်အရှင်ချန်းက တကယ့်ကို ဉာဏ်မရှိတာပဲ... တိုက်ခိုက်တာနဲ့ အုပ်စိုးတာက မတူညီတဲ့ အရာတွေ ဆိုတာ သေချာ သိထားသင့်တယ်... သူ့အနေနဲ့ တောင်တန်း အင်ပါယာကို အနိုင်ယူနိုင်ခဲ့တယ် ဆိုပေမဲ့ ထျန်းဟောင်ဂြိုဟ်မှာ ထင်သလို သတ်ဖြတ်ခွင့် မရှိဘူး... ငါသာ သူ့နေရာမှာ ဆိုရင် ရာစုနှစ် အနည်းငယ်လောက် အချိန်ဖြုန်းပြီး ဂိုဏ်းတွေကို တဖြည်းဖြည်း သိမ်းသွင်းမှာ”

အကြီးအကဲ ယွီလုံက တီးတိုး ရေရွတ်လိုက်သည်။ သူမသည် လခရမ်း တောင်ထိပ်ရှိ ထောင်နှင့်ချီသော တပည့်များကို အုပ်ချုပ်နေရသူ ဖြစ်ရာ ခွန်အား သက်သက်ဖြင့် အုပ်ချုပ်၍ မရကြောင်း နည်းလည်သည်။

ထျန်းဟောင်ဂြိုဟ်သည် ကြီးနိုင်ငယ်ညှင်း ဝါဒ စိုးမိုးသည့် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ဖြစ်သည့်တိုင် ကျင့်ကြံသူများမှာ လူသားများသာ ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင် ခံစားချက်များ ရှိကြရာ အုပ်ချုပ်ခြင်း လမ်းစဥ်၌ ထိုအရာကို မျက်ကွယ်ပြုထား၍ မရချေ။

မဟာ အကြီးအကဲကလည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ချန်းပေ့ရွှမ်းကား အလွန် ငယ်ရွယ်သေးသည်။ သူသည် မည်ကဲ့သို့ လိုက်လျောညီထွေ ဆက်ဆံရမည်ကို သိပုံမရချေ။

“ချန်းပေ့ရွှမ်းက တကယ့်ကို အရူးပဲ... သူ တောင်တန်း အင်ပါယာကို အနိုင်ယူနိုင်လိုက်တာနဲ့ ငါတို့က သူ့ကို သစ္စာခံရမှာလား...ဘယ်လိုလုပ်ပြီး အဲဒီလောက် လွယ်ကူမှာလဲ... တောင်တန်း အင်ပါယာ စိုးမိုးတဲ့ အချိန်တွေတုန်းကတောင် ချန်ရှန်း ကောင်းကင်နယ်က သူတို့ထံမှာ သစ္စာ မခံခဲ့ဘူး”

“ခွန်အားက ခွန်အားပဲ... သူ့အနေနဲ့ ထျန်းဟောင်ဂြိုဟ်ကို အုပ်စိုးဖို့ ဆိုရင် ခုထက် ပိုပြီး စဥ်းစားတတ်ဖို့ လိုတယ်”

“ဟမ့်... ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို တစ်ကိုယ်တည်း စိုးမိုးချင်ရအောင် သူက သူ့ကိုယ်သူ အရှင် တထျန်း ထင်နေတာလား”

မရေမတွက်နိုင်သော လူများမှာ ခံပြင်းစွာ ပြောဆိုနေကြသည်။ အထူးသဖြင့် သူတို့သည် ကျူးဝမ် ကဲ့သို့သော မျိုးနွယ်စုငယ်လေး၏ စိုးမိုးမှုကို မခံယူလိုကြချေ။

“ဟားဟား...”

ရုတ်တရက် ချန်းဖန်က ရယ်စရာ တစ်ခုကို တွေ့ရသည့် အလား အူလှိုက်သည်းလှိုက် ထကာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံသည် ခန်းမကို ပဲ့တင်ထပ်ကာ တောင်တန်း အင်ပါယာ တစ်ခုလုံးကိုပင် တုန်လှုပ် သွား‌စေ၏။

“ချန်းပေ့ရွှမ်း... မင်းက ဒါဘာသဘောလဲ”

မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တင်းမာစွာ မေးလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း...”

ချန်းဖန်က အော်ဟစ်ကာ သူ့အား မီးတဝင်းဝင်း တောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

“ဘုန်း...”

ရုတ်တရက် ရွှေရောင် လျှပ်စီး တစ်ခုသည် ခန်းမ အတွင်း ဖြစ်တည်လာကာ မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေးထံ တိုးဝင် သွားသည်။ ထိုအလင်းသည် သူ၏ ဦးခေါင်းကို ခွဲကာ ခန္ဓာကိုယ်ကိုပါ နံရံဆီ လွင့်စဥ်သွားစေခဲ့လေသည်။

ထိုမြင်ကွင်းကြောင့် ဘိုးဘေးများမှာ အေးခဲသွားကြကာ လူတိုင်းမှာလည်း ဆွံ့အသွားကြ၏။

တစ်ခဏမျှ ကြာပြီးနောက် ချန်းဖန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

“ဘယ်သူက မင်းကို စကားပြောခွင့် ပေးလို့လဲ...”

***

All Chapters