← Chapters

လက်ညှိုး တစ်ချောင်း၏ စွမ်းအား

Vol. 11 Ch. 1021

လက်ညှိုး တစ်ချောင်း၏ စွမ်းအား

Vol. 11 Ch. 1021

“ဘုရားရေ...”

ထိုအခိုက်အတန့်၌ တောင်တန်း အင်ပါယာရှိ လူများမှာလည်း ရေမှန်မှ တစ်ဆင့် ထိုမြင်ကွင်းကို ကြည့်ရှု့ နေကြသည်။ သူတို့သည် ချန်းဖန် လက်ကို မြှောက်၍ လေထုအား ထိနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နေရ၏။

“ဘုန်း... ဘုန်း...”

ဆေးနတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အစီအရင်သည် ပြင်းထန်စွာ တုန်ခါနေသည်။ ၎င်းသည် တောင်တစ်မျှ ကြီးမားသော တူကြီး၏ ထုနှက်ခြင်းကို ခံနေရသည့် အလား အချိန် မရွေး ကျိုးပျက်တော့မည့်ဟန် ရလေသည်။

“ကောင်းကင်အရှင်ချန်းက ဆေးနတ်ဘုရားဂိုဏ်းကို စပြီး တိုက်ခိုက် နေပြီလား...”

“သူက မြန်လိုက်တာ... ထွက်သွားတာ တစ်နာရီတောင် မကြာသေးဘူး... တကယ်ဆိုရင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က တောင်တန်း အင်ပါယာကနေ ဆေးနတ်ဘုရားဂိုဏ်းကို ရောက်ဖို့ တစ်ရက်လောက် အချိန်ယူရမှာ မဟုတ်ဘူးလား”

“ဟမ့်... ကောင်းကင်အရှင်ချန်းက တောင်တန်း အင်ပါယာကိုတောင် တစ်ကိုယ်တည်း အနိုင်ယူနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်လေ... သာမန် အခြေတည် ဝိညာဥ် အဆင့်တွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်လို့ ရနိုင်မှာလဲ”

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ကျင့်ကြံသူများမှာ ချန်းဖန်ကို ကြည့်ကာ အံ့အားသင့် နေကြသည်။

တစ်ချိန်တည်း၌ တောင်တန်း အင်ပါယာ အဂိက ခန်းမ အတွင်းရှိ ဘိုးဘေးများမှာမူ မျက်နှာများ ဖြူရော် နေကြ၏။

“ဟမ့်... မြန်တာက ဘာထူးဆန်းလို့လဲ... ဆေးနတ်ဘုရားဂိုဏ်းမှာ သူတို့ ဘိုးဘေး ထားခဲ့တဲ့ နတ်ဘုရား အစီအရင် တစ်ခု ရှိတယ်... ကောင်းကင်အရှင်ချန်း အနေနဲ့ နတ်ဘုရား အစီအရင် တစ်ခုကိုတော့ လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်မယ် မထင်ဘူး”

ဘိုး‌ဘေး တစ်ယောက်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

“ရှင်...”

ရှောင်မန်က ထိုဘိုးဘေးအား ခုခံ ပြောဆိုရန် ပြင်လိုက်သည်။ သို့သော်လည်း နဂါးအရှင်က သူမအား အချိန်မီ ဟန့်တားလိုက်၏။

မည်သို့ပင် ဆိုစေ ရှောင်မန်မှာ မူလ အဆင့် တစ်ယောက်သာ ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်များနှင့် ဖက်၍ ရန်တွေ့နေရန် မသင့်လျော်ချေ။

ထိုအချိန် မြောက်ပင်လယ် အတွင်း၌...

“ဘုန်း... ဘုန်း...”

ချန်းဖန်သည် လက်ညိုးညွှန်ကာ ဆေးနတ်ဘုရားကျွန်းအား ဆက်လက် တိုက်ခိုက် နေခဲ့၏။ သို့သော်လည်း ကျွန်းပေါ်ရှိ မည်သူမှ အပြင်သို့ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ချေ။ ထို့အစား တိမ်များသာလျှင် ကျွန်းကို ဝန်းရံ၍ ပို၍ ထူထပ် လာနေခဲ့သည်။

“ဝှစ်... ဝှစ်...”

တိမ်များက ကျွန်းအား ဖုံးလွှမ်းသွားသည်နှင့် အဇူရာ အလင်းများမှာ တိမ်များ အကြား၌ ပြိုးပြိုးပြက်ပြက် လင်းလက်လာ၏။

ထိုအလင်းများကို မြင်သည်နှင့် ကောင်းကင်အရှင်များမှာ ချက်ချင်းပင် သာမန် လျှပ်စီးများ မဟုတ်ပဲ ကောင်းကင် ဥပဒေသများဖြင့် ဖွဲ့စည်းထားသည့် လျှပ်စီးများ ဖြစ်ကြောင်း သိရှိ လိုက်ကြသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ထိုလျှပ်စီးများမှာ အခြေတည် ဝိညာဥ် အဆင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သည့် အချိန်မျိုး၌သာ ပေါ်ထွက်လာတတ်သော လျှပ်စီးများ ဖြစ်သည်။

“ဘုန်း... ဘုန်း...”

မိုးခြိမ်းသံများမှာ ကောင်းကင်တစ်ခွင် စတင် ဆူညံလာ၏။ ထိုအသံများနှင့် အတူ အဇူရာ အလင်းများမှာ ပိုမို များပြားစွာ ကျယ်ပြန့်လာသည်။ အဆုံး၌ ဆေးနတ်ဘုရားကျွန်း တစ်ခုလုံးမှာ အဇူရာ မိုးကြိုးမုန်တိုင်း၏ ဖုံးအုပ်မှု အောက်၌ နစ်မြုပ်သွားတော့၏။

“နတ်ဘုရား အစီအရင်... အဲဒါက နတ်ဘုရား အစီအရင် ဆိုတာလား”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရေမှန်ထက်ရှိ မြင်ကွင်းအား ကြောက်ရွံ့ ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။

သူတို့သည် နတ်ဘုရား အစီအရင်၏ ခမ်းနားကြီးကျယ်မှုကို အကြိမ်ကြိမ် ကြားဖူးသော်လည်း လက်တွေ့တွင်မူ တစ်ကြိမ်မှ မတွေ့မြင်ခဲ့ဖူးကြချေ။

ခန်းမ အပြင်ဘက်၌ ရပ်နေသော လူအို ကျင့်ကြံသူကြီး တစ်ယောက်က ခေါင်းညိတ် အတည်ပြုလိုက်သည်။

“အဲဒါက တကယ့်ကို ဆေးနတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရား အစီအရင်ပါပဲ... အဇူရာ အလင်း မျက်နှာပြင်ကို ကြည့်လိုက်... အဲဒီမှာ ဆေးနဲ့ အဆိပ်ကို ကိုယ်စားပြုတဲ့ ကောင်းကင် ဥပဒေသ သင်္ကေတတွေကို မင်းတို့ တွေ့ရလိမ့်မယ်... တကယ်တော့ အဲဒါတွေက အရမ်းကို ကြောက်ဖို့ကောင်းတဲ့ အဆိပ်တွေပဲ... ထိရုံနဲ့တင် အခြေတည် ဝိညာဥ် အဆင့်တောင် သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်နဲ့ အတူ ဖျက်ဆီးခံရနိုင်တယ်”

“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား...”

လူတိုင်းမှာ ထိတ်လန့် တုန်လှုပ် သွားကြသည်။ နောက်ဆုံး၌ လူများကား ချန်းဖန် ရင်ဆိုင်နေရသော အရာမှာ မည်မျှ အန္တရာယ်များကြောင်း သိရှိ သွားကြပြီ ဖြစ်လေသည်။

ထိုအချိန်၌ ချန်းဖန်သည် အဇူရာ အလင်းနှင့် မုန်တိုင်းများဝန်းရံနေသည့် ဆေးနတ်ဘုရားကျွန်း၏ အထက် ကောင်းကင်၌ ရပ်နေခဲ့၏။

“မင်းတို့က ဒီလိပ်ခွံအောက်မှာ ပုန်းနေရုံနဲ့ လုံခြုံပြီ ထင်နေတော့လည်း ငါက ချိုးဖျက်ပြီး မင်းတို့ဆီကို ရောက်အောင် လာပြရမှာပေါ့...”

ချန်းဖန်က ပြုံးကာ လက်ညိုးတစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

ထိုအခိုက်အတန့်၌ ဘိုးဘေးများ၊ အကြီးအကဲများ အပါအဝင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးသည် ချန်းဖန်အား စောင့်ကြည့်‌ နေကြ၏။ သူတို့သည် ချန်းဖန် လက်ညိုးအား ညင်သာစွာ ဆန့်ထုတ်လိုက်သည်ကို တွေ့မြင်ကြရသည်။

သို့သော်လည်း ကမ္ဘာလောကကား မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ချေ။ လှိုင်းများသည် စီးဆင်းဆဲ ဖြစ်သလို အဇူရာ အလင်း မျက်နှာပြင်မှာလည်း ဆက်လက် တည်ရှိနေဆဲ ဖြစ်လေသည်။ ထို့အတူ ဆေးနတ်ဘုရားကျွန်းမှာလည်း နတ်ဘုရား အစီအရင်၏ ကာကွယ်မှု အလယ်၌ ငြိမ်သက်စွာပင် လဲလျောင်းနေ၏။

“အဲဒါက ဘာလဲ...”

လူတိုင်းမှာ သံသယ ဖြစ်သွားကြသည်။

“ဘာမှလည်း ဖြစ်မလာပါလား...”

တောင်တန်း အင်ပါယာရှိ ဘိုးဘေးများ ပင်လျှင် အံ့သြသွားကြသည်။

“ဟားဟား... ငါ သူ နတ်ဘုရား စွမ်းအား တစ်ခုကို ထုတ်ပြမယ် ထင်နေတာ... ဘာမှလည်း မဟုတ်ဘူး”

ဆေးနတ်ဘုရားဂိုဏ်းခန်းမ အတွင်းရှိ အကြီးအကဲတင်းက လှောင်ပြောင် ရယ်မော လိုက်သည်။

တစ်ချိန်တည်း၌ မြောက်ပိုင်းချုံးဂိုဏ်းသားများမှာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။ ကောင်းကင်အရှန်ချန်း၏ ဓမ္မ အစီအရင်က ဆေးနတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အစီအရင်ကို ယှဥ်နိုင်ရန် အားနည်းလွန်း နေသည်လား။

ထိုကဲ့သို့ လူတိုင်း တွေးရခက်နေစဥ်မှာပင် ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ် သွား၏။

“အဲဒါက...”

“တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစတည်ခြင်း လက်ညိုး...”

နဂါးအရှင်က ပြောလိုက်သည်။

“တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုး ဟုတ်လား...”

သို့သော်လည်း ခန်းမ အတွင်းရှိ အခြားလူများမှာမူ ထိုအရာကို တစ်ခါမှ မကြားဖူးကြချေ။ သူတို့က ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်အား မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ရေမှန်ထက်၌ မယုံကြည်နိုင်လောက်သော မြင်ကွင်း တစ်ခု ပေါ်လာခဲ့၏။

“ဘုန်း...”

ရုတ်တရက် ဆေးနတ်ဘုရားကျွန်း အပြင်ဘက်ရှိ လျှပ်စီးများမှာ ဓားတစ်စင်း၏ ဖြတ်ပိုင်းမှုကို ခံရသည့် အလား ထက်ပိုင်းပြတ် သွား၏။ အခြေတည် ဝိညာဥ် အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ဥပ‌ဒေသများဖြင့် ဖွဲ့စည်းထားသော အဇူရာ အလင်းများကား တစ်ကြိမ်တစ်ခါမှ မတည်ရှိဖူးသည့် အလား ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

ထို့နောက်...

“ဘုန်း...”

ဆေးနတ်ဘုရားကျွန်းကို ကာကွယ်ထားသည့် ဒုတိယမြောက် ရွှေရောင် အလွှာမှာလည်း စတင် တုန်ရီလာကာ ကြီးမားသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအက်ကြောင်းမှာ ပိုမို ကျန်ပြန့်လာကာ မီတာ တစ်ထောင် အထိ ရောက်ရှိသွား၏။

“ဝှစ်... ဝှစ်...”

ကျွန်း၏ ပတ်လည်ရှိ တိမ်များသည် မရေမတွက်နိုင်သော သင်္ကေတများ အဖြစ် ပြောင်းလဲကာ အက်ကြောင်းအား ပိတ်ရန် ကြိုးစားကြသည်။ သို့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ချေ။ အက်ကြောင်းမှာ ကျွန်း၏ တောင်အရပ်နှင့် မြောက်အရပ်ကို ပိုင်းဖြတ်လေရာ ကျွန်းမှာ ထက်ဝက် ပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။

“ဘာလဲဟ...”

အကြီးအကဲတင်းမှာ မယုံကြည်နိုင်မှုကြောင့် ထခုန်လိုက်မိ၏။

သူတို့၏ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဘိုးဘေး ထားရစ်ခဲ့သော အစီအရင်က ချန်းပေ့ရွှမ်း၏ လက်ညိုးတစ်ချောင်းကို မခုခံနိုင်ခဲ့သည်လား...။

တစ်ချိန်တည်း၌ အခြား ထာဝရဂိုဏ်း လေးခုမှ ကျင့်ကြံသူများမှာလည်း မျက်စိမျက်နှာပျက် နေကြပြီ ဖြစ်လေသည်။ ဆေးနတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အစီအရင် ပင်လျှင် ချန်းပေ့ရွှမ်း၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ရာ သူတို့၏ အစီအရင်များမှာလည်း ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ချန်းပေ့ရွှမ်းသာ ရောက်ရှိ လာပါက သူတို့၏ ဂိုဏ်းများမှာလည်း ကျိန်းသေ ပျက်စီးရပေလိမ့်မည်။

“တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုး... မင်းက အခုမှ ရွှေအမြုတေ အဆင့်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး ဒီလို တိုက်ခိုက်မှုမျိုးကို သုံးနိုင်ရတာလဲ”

ဆေးနတ်ဘုရားဂိုဏ်း၏ ယာယီဂိုဏ်းချုပ် “အဆိပ်တစ်ထောင် ကလေးငယ်”က ကောင်းကင်အား မော့ကြည့်ကာ မေးလိုက်သည်။ သူ၏ အသံသည် လှိုင်းများ အဖြစ် တုန်ခါကာ ချန်းဖန်၏ နားစည်အတွင်း တိုးဝင်သွားသည်။

“တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုး...”

များစွာသော လူများမှာလည်း ထိုအသံကို ကြားလိုက်ကြရသည်။

တောင်တန်း အင်ပါယာရှိ ဘိုးဘေးများကမူ အဖြေတစ်ခု ရလိုရငြား ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်ကို ကြည့်လိုက်ကြသည်။ သို့သော်လည်း ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်မှာ တိတ်ဆိတ်နေ၏။

နဂါးအရှင်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက ချောင်းတစ်ချက် ဟန့်လိုက်၏။

“အဟမ်း... တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုး ဆိုတာက ကောင်းကင် ဥပဒေသတွေကို နားလည်ထားတဲ့ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တွေပဲ သုံးနိုင်တဲ့ တိုက်ခိုက်မှု တစ်ခုပေါ့... ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဝိညာဥ် ဖြစ်တည်ခြင်း တစ်ပိုင်း အဆင့်ရဲ့ စွမ်းအားနဲ့ ညီမျှတဲ့ တိုက်ခိုက်မှုပေါ့လေ”

“တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုးက အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုနဲ့ မယှဥ်နိုင်ဘူး ဆိုပေမဲ့ အခြေတည် ဝိညာဥ် အဆင့်တွေ ခုခံနိုင်တဲ့ တိုက်ခိုက်မှုမျိုး မဟုတ်ဘူး”

“ဆေးနတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရား အစီအရင်က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ချန်ထားခဲ့တဲ့ အစီအရင် ဆိုတော့ အရမ်း အစွမ်းထက်တယ်... သူ့အနေနဲ့ တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုးကိုသာ မသုံးရင် ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလေ”

နဂါးအရှင်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ခန်းမ အတွင်းရှိ ဘိုးဘေး အားလုံးမှာ တိတ်ဆိတ် သွားကြသည်။ သူတို့သည် မယုံကြည်ချင်သော်လည်း ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်၏ ဖြူရော်နေသော မျက်နှာက ထိုအရာကို အတည်ပြုပေးနေ၏။

“ချန်းပေ့ရွှမ်းက ရွှေအမြုတေ အဆင့်နဲ့တင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက် နီးပါး အစွမ်းထက်နေပြီ.. သူသာ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ပြီးရင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကိုတောင် သတ်နိုင်လာမလား မသိဘူး”

ဘိုးဘေး တစ်ယောက်က ခေါင်းခါရင်း ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

***

All Chapters