← Chapters

ထာဝရဂိုဏ်းများကို ဖြိုခွဲခြင်း

Vol. 11 Ch. 1022

ထာဝရဂိုဏ်းများကို ဖြိုခွဲခြင်း

Vol. 11 Ch. 1022

“ဝှစ်...”

ထိုအချိန် မြောက်ပင်လယ်၌ ချန်းဖန်သည် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ဆေးနတ်ဘုရားကျွန်း အတွင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အမှန်တကယ်တွင်မူ သူ၏ တိုက်ခိုက်မှုမှာ အခြားလူများ ထင်နေသည့် “တစ်ဝက်တစ်ပျက် ဝိညာဥ် ဖြစ်တည်ခြင်း လက်ညိုး” မဟုတ်ချေ။

မည်သို့ပင် ဆိုစေ သူကား ရွှေအမြုတေ တစ်ယောက်သာလျှင် ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုမျိုးကို ဖော်ထုတ်နိုင်စွမ်း မရှိသေးချေ။

သို့သော်လည်း ကံကောင်းစွာပင် ချန်းဖန်၏ ကောင်းကင် ဥပဒေသများ အပေါ် နားလည်မှုမှာ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ လူတိုင်းထက် အပြတ်အသတ် သာလွန်နေခဲ့သည်။

“ဆေး” နှင့် “အဆိပ်” တည်းဟူသော ကောင်းကင် ဥပဒေသ နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဆေးနတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အစီအရင်သည် အခြားလူများ၏ အမြင်၌ အလွန်တရာ ဆန်းကြယ်ကောင်း ဆန်းကြယ်ပါလိမ့်မည်။ သို့သော်လည်း ချန်းဖန်၏ မျက်လုံးထဲတွင်မူ ထိုအရာမှာ သာမန်ထက် မပိုချေ။ ထို့အပြင် အစီအရင်မှာ နှစ်ပေါင်း သိန်းချီ သက်တမ်း ကြာမြင့်ခဲ့ပြီ ဖြစ်ရာ စွမ်းအား လျော့ကျ နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်သည် မြောက်ပင်လယ်သို့  ရောက်စကတည်းကပင် နတ်ဘုရား စိတ်အာရုံကို သုံးကာ အစီအရင်ကို လေ့လာနေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ အစီအရင်၏ အဓိကနေရာကို ရှာဖွေကာ တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ရာ၌ ချန်းဖန်သည် ခွန်အား အနည်းငယ်ကိုသာ သုံးခဲ့သည့်တိုင် အဓိက ထောက်တိုင်ကို ဖျက်ဆီးကာ အစီအရင် တစ်ခုလုံးကို လဲပြိုစေခဲ့သည်။ ထိုအရာက ချန်းဖန်၏ တိုက်ခိုက်မှု ပြင်းထန်လွန်းသောကြောင့် မဟုတ်ပဲ ချက်ကောင်းကို ထိတွေ့သွားခြင်းကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ဆေးနတ်ဘုရားကျွန်းပေါ်ရှိ ကျင့်ကြံသူများမှာ ထိုအချက်ကို သတိပြုမိခြင်း မရှိချေ။ သူတို့ အားလုံးသည် အလွန်တရာ ကြောက်လန့်နေကြရာ ရန်သူအား ခုခံတိုက်ခိုက်ရန်ပင် သတ္တိများ မရှိကြတော့ချေ။

“ဝှစ်...”

တစ်စက္ကန့် အတွင်းမှာပင် ချန်းဖန်သည် ဆေးနတ်ဘုရား ဂိုဏ်းခန်းမ ရှိရာသို့ ရောက်ရှိ သွားခဲ့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

အစိမ်းရောင် အလင်း သုံးခုမှာ ဂိုဏ်းခန်းမ အတွင်းမှ ထွက်ပေါ်လာကာ ကလေးတ၊ အနီရောင် မုတ်ဆိတ် လူနှင့် ပိန်လှီသော အဘိုးအိုတို့ အဖြစ် ပြောင်းလဲသွားသည်။ သူတို့ သုံးယောက်ကား ဆေးနတ်ဘုရားဂိုဏ်း၏ ဘိုးဘေး သုံးယောက်ပင် ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း... မင်း ငါတို့ဂိုဏ်းရဲ့ အစီအရင်ကို ဖျက်ဆီးရဲတယ်ပေါ့... သတ္တိ တယ်ကောင်းနေပါလား”

အဆိပ်တစ်ထောင် ကလေးငယ်က ချန်းဖန်အား ဒေါသတကြီး ပြောလိုက်သည်။ သူ၏ အစိမ်းရောင် မျက်လုံးများသည် ဒေါသများ၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

“သေစမ်း...”

ချန်းဖန်မှာ အချိန်ဖြုန်း မနေတော့ချေ။

“ဝှစ်...”

ရွှေရောင် အလင်းတစ်ခုမှာ ချန်းဖန်၏ မျက်လုံးအတွင်း ဖျတ်ခနဲ လင်းလက်သွား၏။ ထို့နောက် တစ်ဆက်တည်း လိုလိုပင် ရွှေရောင် လှံပုဆိန် တစ်ခုမှာ ကြယ်ကြွေ တစ်စင်း အလား လေထုကို ခွဲ၍ ကလေးငယ်ထံသို့ တိုးဝင် သွားတော့သည်။

“အဆိပ် တစ်ထောင် နတ်ဘုရား အကာအကွယ်...”

ကလေးငယ်က သူ၏ အကာအကွယ် ကောင်းကင် ရတနာအား ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအချိန်မှာပင် လှံပုဆိန်မှာ သူ၏ ဦးခေါင်းအား ထိုးခွဲသွားပြီး ဖြစ်လေ၏။

“ဘုန်း...”

ကလေးငယ်၏ ဦးခေါင်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားကာ တစ်လက်မခန့် ရှိသော ပုံရိပ် တစ်ခုမှာ ပျံထွက်လာ၏။ ကလေးငယ်၏ အခြေတည် ဝိညာဥ်သည် ထိတ်လန့်တကြားဖြင့် ဂိုဏ်းခန်းမ ရှိရာသို့ ပြန်ပြေးရန် ကြိုးစားလေသည်။ သို့သော်လည်း လေထဲတွင်ပင် လှံပုဆိန်သည် ၎င်းအား ဖျက်ဆီးပစ်လိုက်၏။

“ဝှစ်...”

ထို့နောက် ရွှေရောင် လှံပုဆိန်မှာ ဘိုးဘေး ကဲ့ရန်ဘက်သို့ ဦးတည်လိုက်သည်။

“အသက် ချမ်းသာပေးပါ...”

ပိန်လှီသော အဘိုးအိုက အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားလေသည်။ သို့သော်လည်း သူ၏ ကြိုးစားမှုက မည်ကဲ့သို့ အောင်မြင်ပါမည်နည်း။

“ဘုန်း...”

တစ်ခဏ အတွင်းမှာပင် ဘိုးဘေး ကဲ့ရန်မှာ သေဆုံးသွားပြန်သည်။

ထိုကဲ့သို့ ပိုမို အစွမ်းထက်သော ဘိုးဘေး နှစ်ယောက်ပင်လျှင် မလွတ်မြောက် နိုင်ခဲ့ရာ မကြာသေးခင်ကမှ အဆင့်တက်လာသည့် အခြေတည် ဝိညာဥ် အဆင့်လေးမှာလည်း မည်ကဲ့သို့ လွတ်‌မြောက်နိုင်ပါမည်နည်း။ သူသည် ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် နောင်တော်ကြီး နှစ်ယောက် သွားရာလမ်းကိုသာ လိုက်သွားခဲ့ရလေသည်။

ဘိုးဘေး သုံးယောက်ကို သတ်ဖြတ်ပြီးနောက် ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ဓားပျံ ကိုးဆယ့် ကိုးလက်ကို သုံးကာ ကြယ်ဓား ဝင်္ကပါကို ဖန်တီးလိုက်သည်။

“ဝှစ်... ဝှစ်...”

ဓားပျံများသည် ဆေးနတ်ဘုရားကျွန်း အနှံ့ ဖြန့်ကျက်သွားကာ အကြီးအကဲများကို စတင် သတ်ဖြတ်‌တော့၏။

“ကောင်းကင်အရှင်ချန်း.. အသက်ချမ်းသာ ပေးပါ”

“ငါ့ကို မသတ်မပါနဲ့... ရတနာသိုက် ရှိတဲ့ နေရာကို ခေါ်သွားပေးပါ့မယ်”

“ချန်းပေ့ရွှမ်း... ခွေးမသား...”

ဆေးနတ်ဘုရားကျွန်း တစ်ခုလုံးမှာ အမျိုးမျိုးသော အော်ဟစ်သံများဖြင့် ဆူညံ ပွက်လောရိုက် နေခဲ့လေသည်။ သို့သော်လည်း ချန်းဖန်မှာ ဂရုစိုက်ခြင်း မရှိချေ။

ကြယ်ဓား အစီအရင်သည် အဆက်မပြတ် သတ်ဖြတ်နေသလို ရွှေရောင် လှံပုဆိန်မှာလည်း ရွှေအမြုတေ ထိပ်ဆုံး အဆင့်များကို သတ်ဖြတ်သည့် အချိန်တိုင်း၌ ပေါ်လာတတ်သည်။ အကြီးအကဲတင်းမှာ ဂိုဏ်းခန်းမ အတွင်းမှ ထွက်ခွက်ချင်းမှာပင် အသတ်ခံလိုက်ရရှာလေသည်။

အဆုံး၌...

ဆေးနတ်ဘုရားကျွန်းပေါ်ရှိ အကြီးအကဲ မျိုးဆက် တစ်ခုလုံးမှာ ပြုတ်ပြုတ်ပြုန်း သွားခဲ့ပြီ ဖြစ်လေသည်။ ချန်းဖန်သည် ဆေးနတ်ဘုရားကျွန်းပေါ်ရှိ ရတနာများ၊ ဝိညာဥ် ဆေးပင်များ အားလုံးကို သိမ်းဆည်းပြီးသည်နှင့် ရွှေရောင် အလင်း အသွင်သို့ ပြောင်းလဲကာ မြေရိုင်း ဘုရားကျောင်း ရှိရာသို့ ဦးတည်လိုက်သည်။

“ဝှစ်...”

ဆယ့်ငါးမိနစ် ကြာပြီးနောက် ချန်းဖန်သည် မြေရိုင်း  ဘုရားကျောင်းသို့ ရောက်ရှိသွား၏။

သူသည် လက်ညိုးတစ်ချောင်းဖြင့်ပင် မြေရိုင်းဘုရားကျောင်းကို ဖြိုဖျက်ကာ အတွင်းရှိ လူအားလုံးအား သတ်ဖြတ် ပစ်လိုက်သည်။ ထိုနေ့၌ မြေရိုင်း ဘုရားကျောင်း အတွင်း၌ သွေးများသည် မြစ်ကဲ့သို့ စီးဆင်းခဲ့လေသည်။

ထို့နောက် ကျိုးဖုဂိုဏ်း၊ နတ်ဘုရား သားရဲခန်းမ...

ဤသို့ဖြင့် ‌ခြောက်နာရီမျှ ကြာပြီးနောက်၌ ချန်းဖန်သည် တောင်တန်း အင်ပါယာသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ သူသည် ထိုအတောအတွင်းမှာပင် ထာဝရဂိုဏ်းကြီး ငါးဂိုဏ်း စလုံးကို ဖြိုခွဲခဲ့ပြီး ဖြစ်လေသည်။

“ဝှစ်... ဝှစ်...”

ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်၏ ဦးဆောင်မှုအောက်၌ များစွာသော ဘိုးဘေးများမှာ ခန်းမ အတွင်းမှ ထွက်ကာ ချန်းဖန်ကို ကြိုဆိုကြ၏။ ထိုအခိုက်၌ သူတို့ကား ချန်းဖန်ကို မျက်လုံးချင်းပင် ဆုံ၍ မကြည့်ဝံ့တော့ချေ။

“ကောင်းကင်အရှင်ချန်း...”

များစွာသော ဘိုးဘေးများမှာ တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြ၏။

“အဲဒါက...”

မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြလေသည်။

အခြေတည် ဝိညာဥ် အဆင့်...

အခြေတည် ဝိညာဥ် အဆင့် များကား အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင်ပင် အခြေတည် ဝိညာဥ် အဆင့်မှာ တစ်ရာ မပြည့်ချေ။ ကျင့်ကြံသူ တစ်ယောက်သည် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်သည်နှင့် သူ၏ ဂိုဏ်းမှာ ဂိတ်တံခါးများကို ဖွင့်လှစ်ကာ ဂြိုဟ်တစ်ခုလုံးအား ဖိတ်ကြားလေ့ရှိကြသည်။ ထို့နောက် သူတို့သည် ဂုဏ်ပြုပွဲကို တစ်နှစ် တိုင်တိုင် ကျင်းပကာ သာမန် ကျင့်ကြံသူများကိုပင် တက်ရောက်ခွင့် ပြုကြသည်။ ကျင့်ကြံသူသည် ထိုနေ့မှ စ၍ “ကောင်းကင်အရှင်” ဟူသော ဘွဲ့ထူးကို ခံယူကြရ၏။

သို့သော်လည်း ယခုတွင်မူ ထိုမျှ ကြီးကျယ် ခမ်းနားသော အခြေတည် ဝိညာဥ်  အဆင့်များမှာ လူတစ်ယောက်အား တစ်ညီတစ်ညွှတ်တည်း ဦးညွှတ် နေကြပြီ ဖြစ်လေသည်။

“ဘိုးဘေး...”

တောင်တန်း အင်ပါယာ၏ အကြီးအကဲ တစ်ဦး ဖြစ်သည့် ချီဝူမှာ ချန်းဖန်ကို ကြည့်ကာ အရှင်တထျန်းကို ပြန်မြင်နေရသလို ခံစားလိုက်မိ၏။

သူတို့ နှစ်ယောက်စလုံးကား အလွန် အစွမ်းထက်ကာ ထျန်ဟောင်ဂြိုဟ် တစ်ခုလုံး၏ လေးစားမှုကို ရရှိထားကြသည့် လူများ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်ကား အရှင် တထျန်းမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူ တစ်ယောက်ဖြစ်၍ ချန်းပေ့ရွှမ်းမှာမူ ငယ်ရွယ်သည့် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။

“ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးသာ တောင်တန်း အင်ပါယာမှာ မွေးဖွားလာခဲ့ရင် အရမ်းကောင်းမှာပဲ...”

အကြီးအကဲ ချီဝူက သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုသို့သာ ဆိုပါက တောင်တန်း အင်ပါယာမှာ ထျန်းဟောင်ဂြိုဟ်ကို နောင်နှစ်‌ေတစ်သိန်း ထပ်မံ အုပ်စိုးရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။

“အကို...”

ရှောင်မန်၊ လင်းဝူဟွာနှင့် မူဟုန်တို့မှာမူ ချန်းဖန်ကို ကြည့်ကာ စိတ်လှုပ်ရှားနေကြ၏။ သူတို့၏ မျက်လုံးများထဲ၌ သူတိူ့၏ အရှေ့ရှိ လူငယ်မှာ တစ်လောကလုံးတွင် အချောဆုံး၊ အခန့်ညားဆုံး ဖြစ်ပေသည်။

တစ်ချိန်တည်း၌ အကြီးအကဲ ယွီလုံမှာမူ ငြိမ်သက်နေ၏။ သူမသည် ချန်းဖန်၏ အုပ်ချုပ်မှု နည်းလမ်းမှာ မှားနေသည်ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ခြောက်နာရီ အကြာတွင်မူ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ဘိုးဘေးများမှာ ချန်းဖန်၏ အရှေ့တွင် ဒူးထောက် နေခဲ့ကြရသည်။ ထိုအပြောင်းအလဲက သွေးပျက်ဖွယ် ကောင်းလွန်းလှ၏။

“ကဲ... ခင်ဗျားတို့ ဘယ်လို သဘောရကြလဲ... ကျုပ် ဂိုဏ်းငါးဂိုဏ်းကို ရှင်းပစ်လိုက်တာ မှန်ရဲ့လား...”

ချန်းဖန်က သူ့အား ဦးညွှတ်နေသော ကောင်းကင်အရှင်များကို ကြည့်ကာ မေးလိုက်သည်။

“အဲဒီ ဂိုဏ်းငါးဂိုဏ်းက ကောင်းကင်အရှင်ချန်းကို ဆန့်ကျင်ခဲ့တာပဲ... သူတို့ သေသင့်ပါတယ်”

ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်က ပြောလိုက်သည်။

“ဟမ့်... အဲဒီဂိုဏ်းစုတ်တွေက သူတို့ကိုယ် သူတို့ ဘာထင်နေလဲ မသိဘူး... နောင်ကျရင် သတ္တိရှိတဲ့ကောင် ကောင်းကင်အရှင်ချန်းကို သစ္စာဖောက်ဖို့ ကြိုးစားကြည့်... ကျုပ်ရဲ့ မြေအောက် သရဲဂိုဏ်းက ဘယ်တော့မှ အလွတ်မပေးဘူး”

မြေအောက်သရဲဂိုဏ်းချုပ်က လက်သီးလက်မောင်း တန်းကာ အော်ဟစ်လိုက်သည်။

ထို့နောက် အခြားသော ဘိုးဘေးများကလည်း ချန်းဖန်၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း အသီးသီး ပြောဆို လိုက်ကြသည်။ သူတို့သည် ယနေ့ ဖြစ်ရပ်အား ကြည့်ကာ အမှန်တကယ်ပင် ကြောက်လန့်နေမိကြ၏။

ချန်းပေ့ရွှမ်းကား ခြောက်နာရီ အတွင်းမှာပင် နတ်ဘုရား အစီအရင်များ၏ ကာကွယ်မှု အောက်၌ ရှိနေသော ဂိုဏ်းကြီး ငါးဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်က သူသာ ဆန္ဒရှိလျှင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကိုပါ လဝက် အတွင်းပြချ ပစ်နိုင်ကြောင်း ဖော်ပြနေ၏။

ထိုအခိုက်အတန့်၌ ချန်းဖန်ကို သဘောမကျသော ကျင့်ကြံသူများ ပင်လျှင် ချန်းဖန်မှာ ထျန်းဟောင်ဂြိုဟ်၏ အုပ်စိုးသူ ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက် သွားကြပြီ ဖြစ်လေသည်။

“ဟားဟား...”

ချန်းဖန်က သူ့အား ဦးညွှတ်နေသော ကောင်းကင်အရှင်များကို ကြည့်ကာ အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို ပဲ့တင်သံထပ်ကာ ကြေညာလိုက်သည်။

“ဒီနေ့က စပြီး ငါက ထျန်းဟောင်ဂြိုဟ်ရဲ့ ဧကရာဇ်ပဲ...”

ထျန်းဟောင်ဂြိုဟ်သက် ၁၂၉၅၆၈ နှစ်၊ ၇ လပိုင်း ၄ ရက်...

ချန်းဖန်သည် ထာဝရဂိုဏ်း ငါးခုကို တစ်နေ့အတွင်း ရှင်းလင်းကာ ထျန်းဟောင်ဂြိုဟ်၏ အုပ်စိုးသူ ဧကရာဇ် ဖြစ်လာခဲ့၏။

***

All Chapters