← Chapters

ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာခြင်း

Vol. 11 Ch. 1023

ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာခြင်း

Vol. 11 Ch. 1023

မကြာခင်မှာပင် ကောင်းကင်အရှင်များသည် ချန်းဖန်နှင့် အတူ ခန်းမ အတွင်းသို့ ပြန်လည် ရောက်ရှိ နေခဲ့ကြပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ မည်သူမျှ ချန်းဖန်အား စောဒက တက်ရဲခြင်း မရှိတော့ချေ။ ကောင်းကင် အရှင်များမှာ သူတို့၏ နေရာများတွင်သာ ကြောက်ရွံ့စွာ ထိုင်နေကြသည်။

"ဝှစ်… ဝှစ်…"

လှပသော အစေခံ မိန်းမပျိုလေးများသည် ဝိညာဉ် သစ်သီးမျိုးစုံကို ယူဆောင် လာကြ၏။ မွှေးပျံ့သော ရနံ့များမှာ သစ်သီးများထံမှ ထွက်ပေါ်နေသည်။

ကောင်းကင်အရှင်များသည် ထိုသစ်သီးများကို ကြည့်ကာ အံ့ဩ သွားကြ၏။ ထိုအရာများကား ရှားပါးသည့် ကောင်းကင် ဝိညာဉ် သစ်သီးများ ဖြစ်ပေသည်။ ထိုသစ်သီးများသည် ဝိညာဉ် ဆေးပင်များနှင့် တန်းတူ ဈေးကြီးသည်။

သို့သော်လည်း ကောင်းကင်အရှင်ချန်းသည် ထိုသစ်သီးများကို ထုတ်ကာ သူတို့အား ဧည့်ခံ နေခဲ့သည်။ သူက ရတနာများကို တန်ဖိုး မထားတတ်သည်လား။ သို့မဟုတ် အလွန် ချမ်းသာလွန်း နေသည်လား။

ကောင်းကင်အရှင်များမှာ လိုက်၍ပင် မတွေးတော နိုင်ကြတော့ချေ။

"ခင်ဗျား ကျုပ်နဲ့ ပတ်သက်ပြီး ပြောစရာ တစ်ခုခုများ ရှိနေဝာာလား…"

ရုတ်တရက် ချန်းဖန်က ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ် လီယွမ်ကို ကြည့်ကာ မေးလိုက်၏။

လီယွမ်မှာ ချန်းဖန်၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း သူက ချက်ချင်းပင် လေးစားသော အမူအရာဖြင့် ပြန်ဖြေ လိုက်သည်။

"မရှိပါဘူး…"

"ဒီမယ်… ချန်ရှန်း ကောင်းကင်နယ်ရဲ့ နောက်ကွယ်မှာ ကြယ်ပင်လယ်က ချန်ရှန်းဂိုဏ်း တည်ရှိနေတယ် ဆိုတာ ကျုပ် သိတယ်… နောက်ပြီး ချန်ရှန်းဂိုဏ်းရဲ့ ကောင်းကင်မင်းသား လော့ချန်ရှန်းကို သတ်လိုက်တဲ့ အတွက် ခင်ဗျား စိတ်ရှုပ် နေတယ် ဆိုတာလည်း ကျုပ် သိပါတယ်"

ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကောင်းကင်အရှင်ချန်းက ဘယ်လို သိသွားတာလဲ…"

လီယွမ်မှာ ချန်းဖန်ကို ကြည့်ကာ အံ့အားသင့် သွား၏။

"ဟားဟား…"

ချန်းဖန်က ရယ်မောလိုက်သည်။

သူသည် လီချန်း သိထားသည်ထက်ပင် ပို၍ သိထားသူ ဖြစ်သည်။ အခြားလူများ အရှေ့၌ ထုတ်မပြောချင်သောကြောင့် ထိုနှစ်ချက်ကိုသာ ပြောခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်အရှင်ချန်း သိထားတယ် ဆိုရင်လည်း ကျုပ်အနေနဲ့ ဖွင့်ပြောဖို့ အခက်မတွေ့တော့ဘူးပေါ့လေ…"

ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်၏ အသံက ညင်သာနေသည်။ သူက အသံကို ခန်းမ အပြင်ရှိ လူများ မကြား‌နိုင်အောင် အစီအရင် တစ်ခုဖြင့် တားဆီးကာ ဆက်ပြောလိုက်၏။

"ကောင်းကင်အရှင်ချန်း သိထားတဲ့ အတိုင်း ချန်ရှန်းဂိုဏ်းက ဂြိုဟ်နယ်မြေ တစ်ခုလုံးကိုတောင် အုပ်စိုးနိုင်တဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပါပဲ… သူတို့မှာ အခြေတည် ဝိညာဉ် အဆင့်တွေ၊ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တွေ အများကြီး ရှိတယ်… နောက်ပြီး ဒီမျိုးဆက် တစ်ခုတည်းမှာတင် သူတို့က ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် သုံးယောက်ကို ပိုင်ဆိုင် ထားခဲ့တယ်လေ… လော့ချန်ရှန်းက သူတို့ဂိုဏ်းရဲ့ ကောင်းကင် မင်းသားပါ… ကောင်းကင်အရှင်ချန်းက သူ့ကို သတ်လိုက်တာ ဆိုတော့ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး အန္တရာယ် ကျရောက်လိမ့်မှာကို ကျုပ် စိုးရိမ် နေမိတယ်"

"ဘယ်လို…"

မဟာ အကြီးအကဲ အပါအဝင် ခန်းမ အတွင်းရှိ လူများ အားလုံးမှာ အံ့အားသင့် သွားကြလေသည်။

ထိုအကြောင်းအရာကို ယခုမှ ပထမဆုံး အကြိမ် အဖြစ် သူတို့ ကြားဖူးကြခြင်း ဖြစ်သည်။ သူတို့သည် ချန်ရှန်း ကောင်းကင်နယ်တွင် ထိုမျှ ကြီးမားသော‌ နောက်ခံရှိလိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြချေ။

"မျိုးဆက် တစ်ခုတည်းမှာ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် သုံးယောက်…"

သူတို့မှာ ထိုအရာကို စဉ်းပင် မစဉ်းစား ခဲ့မိကြချေ။

တောင်တန်း အင်ပါယာသည် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင် ခဲ့ရုံဖြင့်ပင် နှစ်ပေါင်းတစ်သိန်းကျော် စိုးမိုး နိုင်ခဲ့သည်။

ထိုသို့ဆိုလျှင် ချန်ရှန်းဂိုဏ်းမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။ ထို့အပြင် ချန်ရှန်းဂိုဏ်း၏ ကောင်းကင် မင်းသားကို သတ်ပစ်လိုက်သည့် ချန်းပေ့ရွှမ်း ကရော မည်မျှ သတ္တိကောင်းလိုက် သနည်း။

"ကောင်းကင်အရှင်ချန်း… ကျုပ် ဘယ်သူ့ကိုမှ မလေးစားဖူးဘူး… ဒီတစ်ကြိမ်မှာတော့ ခင်ဗျားကို သောက်ရမ်း လေးစားမိနေပြီဗျာ"

မိစ္ဆာ အကျဉ်းထောင် ကောင်းကင်နယ်၏ အခြေတည် ဝိညာဉ် အဆင့် လူအိုကြီး တစ်ယောက်က ပြောလိုက်သည်။

သို့သော်လည်း အခြား ကောင်းကင်အရှင်များမှာမူ စိုးရိမ် နေကြ၏။ အကယ်၍ ချန်ရှန်းဂိုဏ်းကသာ လက်စားချေရန် ကြိုးစားပါက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး ပြိုပျက်ရ ပေလိမ့်မည်။

"စိတ်မပူကြနဲ့… ချန်ရှန်းဂိုဏ်းရဲ့ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တွေက ထျန်းဟောင်ဂြိုဟ်ကို ဝင်မလာနိုင်ပါဘူး"

‌ချန်းဖန်က ခေါင်းခါလိုက်သည်။

ထျန်းဟောင်ဂြိုဟ်မှာ "ကောင်းကင် ကျေးကျွန် အစီအရင်" ၏ လွှမ်းခြုံမှု အောက်၌ တည်ရှိရာ ချန်ရှန်းဂိုဏ်း၏ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များမှာ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။  ‌

ထို့နောက် ချန်းဖန်က နဂါးအရှင်ကို လက်ညိုးထိုးပြကာ မေးလိုက်၏။

"ခင်ဗျားတို့ သူ့ကို သိလား…"

"သူက…"

လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့သည် တောင်တန်း အင်ပါယာ၌ နဂါးအရှင် တစ်ကြိမ် တိုက်ခိုက်သည်ကိုသာ တွေ့မြင်ဖူးသည်။ ထိုလူအိုကြီးမှာ အခြေတည် ဝိညာဉ် အလယ်ဆင့်လောက် အစွမ်းထက်သည် ဆိုသော အကြောင်းအရာမှ လွဲ၍ သူတို့သည် မည်သည်ကိုမှ မခန့်မှန်း နိုင်ကြချေ။

ချန်းဖန်က ခေါင်းညိတ်ပြလိုက်ရာ နဂါးအရှင်မှာ မတ်တပ်ထရပ်ကာ မိတ်ဆက် လိုက်၏။

"ကျုပ်က ကြယ်ပင်လယ် ထဲမှာရှိတဲ့ နတ်ဘုရား သားရဲဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပါ"

နဂါးအရှင်၏ ပုံစံက ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ အခြေတည် ဝိညာဉ် အဆင့်များနှင့် လုံးဝ ကွာခြား၏။ သူ၏ ကိုယ်ယောင်ကိုယ်ဝါက ပြည့်စုံသည့် အခြေတည် ဝိညာဉ် အလယ်ဆင့် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေသည်။

"သူက ကြယ်ပင်လယ်က လာတဲ့ ကျင့်ကြံသူ ဟုတ်လား…"

များစွာသော ကောင်းကင်အရှင်များမှာ နဂါးအရှင်ကို မျက်လုံး အပြူးသားဖြင့် ကြည့်လိုက် မိကြသည်။

ကြယ်ပင်လယ်ရှိ ကျင့်ကြံသူများမှာ ပြည့်စုံသော ကျင့်စဉ်များကို ကျင့်ကြံကြသည် ဟု ဆိုသည်။ ထျန်းဟောင်ဂြိုဟ်မှ ကျင့်ကြံသူများ အတွက်မူ ထိုအရာက အလှမ်း မမီနိုင်သော ဖြစ်တည်မှုပင် ဖြစ်လေ၏။

"ခင်ဗျားက နတ်ဘုရား သားရဲဂိုဏ်းက လာတာကိုး… အဲဒီဂိုဏ်းက ချန်ရှန်းဂိုဏ်းနဲ့တောင် ယှဉ်နိုင်တဲ့ ဂိုဏ်ကြီး တစ်ခုပါပဲ"

လီယွမ်က နဂါးအရှင်ကို ကြည့်ကာ ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူက နားမလည်စွာ ဆက်မေးလိုက်၏။

"ဒါပေမဲ့ ခင်ဗျားက ဘာလို့ ကောင်းကင်အရှင်ချန်း အတွက် အလုပ်လုပ်ပေး နေတာလဲဗျ… ခင်ဗျားဂိုဏ်းက‌ ဒေါသထွက်မှာ မကြောက်ဘူးလား"

လီယွမ်၏ အမြင်အရ ဆိုလျှင် လော့ချန်ရှန်းနှင့် နဂါးအရှင် တို့ကဲ့သို့သော ပုဂ္ဂိုလ်များမှာ အလွန်တရာ ကြီးကျယ် မြင့်မြတ်သူများ ဖြစ်သည်။ သူတို့သည် ကြယ်ပင်လယ် အတွင်းရှိ ဂိုဏ်းများတွင်ပင် အဆင့်အတန်း မြင့်မားသူများ ဖြစ်သည်။ တောင်တန်း အင်ပါယာ ပင်လျှင် သူတို့အား မစော်ကားဝံ့ချေ။

ယခုတွင်မူ  ထိုကဲ့သို့သော နဂါးအရှင်မှာ ထျန်းဟောင်ကဲ့သို့သော ဂြိုဟ်ငယ်လေး၏ ချန်းပေ့ရွှမ်း ထံ၌ အစေခံ တစ်ယောက် အဖြစ် အမှုထမ်း နေခဲ့သည်။ ထိုအရာက ဆန်းကြယ်လွန်းလှ၏။

ကောင်းကင်အရှင်များမှာ ပထမ၌ နားမလည်ကြသော်လည်း လီယွမ်၏ ရှင်းပြမှုကို ‌နားထောင်ပြီး နောက်တွင်မူ ဆွံ့အ သွားမိကြ၏။ ကြယ်ပင်လယ်မှ လာသော ကျင့်ကြံသူ တစ်ယောက်ကို အစေခံ အဖြစ် ထားထားခြင်းက တောင်တန်း အင်ပါယာကို အနိုင်ယူခဲ့ခြင်းထက် ပို၍ ကြီးကျယ်သော လုပ်ရပ် တစ်ခု ဖြစ်ပေသည်။

"ကောင်းကင်အရှင်ချန်းက ကြယ်ပင်လယ်က ဂိုဏ်းကြီးနှစ်ဂိုဏ်းကို တစ်ပြိုင်နက်တည်း စော်ကားထားတာလား…"

ဝမ်မိသားစု ဘိုးဘေးမှာ ချန်းဖန်အား ပါးစပ် အဟောင်းသားဖြင့် ကြည့်လိုက်မိ၏။

"ဟဟ…"

နဂါးအရှင်က ခေါင်းခါရင်း ရယ်မော လိုက်သည်။

"ကြယ်ပင်လယ်ထဲက ဂိုဏ်းတွေက ကျုပ် သခင်ရဲ့ ရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး‌ဗျာ"

နဂါးအရှင်က သူ၏ နေရာ၌ ငြိမ်သက်စွာပင် ပြန်လည် ထိုင်လိုက်သည်။

ထို့နောက် ခန်းမမှာ အပ်ကျသံ ကြားရလောက်အောင် ပြန်လည် တိတ်ဆိတ် သွားခဲ့၏။

ကောင်းကင်အရှင်များမှာ နဂါးအရှင် ပြောသည့် စကား အဓိပ္ပာယ်ကို ကောက်ရန် ကြိုးစားရင်း ချွေးပြန်နေကြသည်။ ချန်းပေ့ရွှမ်းက အဘယ်ကြောင့် ကြယ်ပင်လယ် အတွင်းရှိ ဂိုဏ်းကြီးများကို မကြောက်ရ သနည်း။ သူက ရွှေအမြုတေ အဆင့် တစ်ယောက် မဟုတ်ဘူးလား...။

မည်သို့ပင် ဆိုစေ ချန်းပေ့ရွှမ်းကား သွားမရှုပ်သင့်သူ တစ်ယောက် ဖြစ်ပေသည်။  အကယ်၍ သူ ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာသွားလျှင်ပင် နှစ်ထောင်ချီ အကြာ၌ ဒေါသတကြီး ပြန်လည် ရောက်ရှိ လာကာ ဂိုဏ်းအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ သူနှင့် ပတ်သက်လျှင် အသေးစိတ်က အစ ဂရုစိုက် သင့်ပေသည်။

‌သုံးရက်တိုင်တိုင် ကြာမြင့်ပြီးနောက် မြောက်ပိုင်းချုံး၏ ဖွင့်ပွဲ အခမ်းအနားမှာ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ အံ့အားသင့် နေကြဆဲ ဖြစ်၏။

ချန်းပေ့ရွှမ်းသည် အားလုံး၏ ရှေ့မှောက်တွင်ပင် ထာဝရဂိုဏ်းကြီး ငါးခု စလုံးကို ရှင်လင်းပစ်ခဲ့သည်။ ထိုတိုက်ပွဲ အပြီးမှ စ၍ မြောက်ပိုင်းချုံးသည် ‌ထျန်းဟောင်ဂြိုဟ်၏ တရားဝင် အုပ်စိုးသူ ဖြစ်လာခဲ့သည်။

မိစ္ဆာ ကျင့်ကြံသူများ အပါအဝင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြောက်ပိုင်းချုံးဂိုဏ်းဝင် ဖြစ်လိုသော မျှော်လင့်ချက်ဖြင့် တောင်တန်း အင်ပါယာသို့ ရောက်ရှိ လာကြသည်။ ချန်းဖန်သည် သူတို့ အားလုံးကို လက်ခံခဲ့၏။

သို့သော်လည်း သူက အပြင်စည်း တပည့်နှင့် အတွင်းစည်း တပည့် ဟူ၍ ခွဲခြားလိုက်သည်။ ထို့အပြင် ဂိုဏ်းသားများကို ကျင့်ကြံခြင်း အဆင့် အလိုက် ထပ်မံ ခွဲခြား ထားသေးသည်။

အခြေတည် ဝိညာဉ် အစောပိုင်း အဆင့်များမှာ ခေါင်းဆောင်များ ဖြစ်လာကြကာ ရွှေအမြုတေ ထိပ်ဆုံး အဆင့်များမှာမူ အကြီးအကဲများ ဖြစ်လာကြသည်။ ထို့အောက်တွင်မူ တပည့်များ ဟူ၍ ရှိသေး၏။

တစ်ချိန်တည်း၌ အခြေတည် ဝိညာဉ် အလယ်ဆင့်များမှာမူ ခေါင်းဆောင်ကြီးများ ဟူသည့် ရာထူးကို ရကြသည်။ ချန်းဖန်သည် သူတို့အား နတ်ဘုရား တစ်ပိုင်း ကျင့်စဉ်များကို လက်ဆင့်ကမ်း သင်ကြားပေး၏။

ထို့အပြင် ချန်းဖန်သည် တောင်တန်း အင်ပါယာ အနောက်ဖက်ရှိ အကျဉ်းထောင် ကမ္ဘာငယ် အတွင်းကို ဒုတိယ အကြိမ်မြောက် ဝင်ခဲ့သေးသည်။ သူသည် ကောင်းကင် ညီမျှခြင်းနှင့် စကားစမြည် ပြောပြီးနောက် အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား ခြောက်ယောက်ကို ခေါ်ထုတ် လာခဲ့သည်။

အကျဉ်းသားများသည် အခြေတည် ဝိညာဉ် အလယ်ဆင့်များ ဖြစ်ကြရာ အလွန် အစွမ်းထက်ကြ၏။ ပထမ၌ သူတို့သည် ချန်းဖန်အား သစ္စာ မခံလိုကြချေ။

နောက်ဆုံး ချန်းဖန်က နတ်ဘုရား လက်နက် ကျင့်စဉ်ဖြင့် ခြိမ်းခြောက်သော အခါတွင်မှ သစ္စာခံ လာကြ၏။ ချန်းဖန်သည် သူတို့ကို ထျန်းဟောင်ဂြိုဟ်၌ မထားခဲ့ပဲ ကမ္ဘာသို့ ခေါ်သွားရန် စီစဉ် ထားခဲ့သည်။

"အကို… တကယ်ပဲ ဒီကနေ ထွက်သွားတော့မှာလား…"

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ အနက် ရှောင်မန်၊ မဟာ အကြီးအကဲနှင့် အခြား လူအချို့ သာလျှင် ချန်းဖန် ထွက်ခွာတော့မည် ဖြစ်ကြောင်း သိရှိကြသည်။

ရှောင်မန်မှာ ကြိတ်ငိုထားသောကြောင့် မျက်လုံးများ အနည်းငယ် နီရဲနေခဲ့၏။

ချန်းဖန်က သူမ၏ ခေါင်းအား ပွတ်သပ်ရင်း ပြုံးလိုက်သည်။

"အကိုက ‌ထျန်းဟောင်ဂြိုဟ်သား မဟုတ်ဘူးလေ… အဲဒီတော့ ထွက်ခွာရမှာ သဘာဝပဲ မလား… မငိုပါနဲ့… အကိုက ပြန်မလာတော့မှာမှ မဟုတ်တာ… ရှောင်မန် ရွှေအမြုတေ အဆင့်ကို တက်လှမ်းပြီးတာနဲ့ အကို လာခေါ်မှာပါ"

"ဟုတ်ကဲ့…"

ရှောင်မန်က ခေါင်းညိတ် လိုက်သည်။ မဟာ အကြီးအကဲမှာမူ ဘာစကားမှ မပြောပဲ တိတ်ဆိတ် နေခဲ့သည်။

ချန်းဖန်သည် ရှောင်မန်၏ လုံခြုံရေးနှင့် ထျန်းဟောင်ဂြိုဟ် ငြိမ်ဝပ် ပိပြားရေး အတွက် နဂါးအရှင်၊ ကျိုးကျူရှင်းနှင့် တောင်တန်း အင်ပါယာ အကြီးအကဲ ငါးယောက်အား ချန်ရစ် ထားရန် ဆုံးဖြတ်ခဲ့၏။ ထို့နောက် သူသည် တောင်တန်း အင်ပါယာ၌ ခြောက်လ အထိ ဆက်လက် နေထိုင်ကာ ကောင်းကင် ညီမျှခြင်း ကျင့်စဉ် အောင်မြင်မည့် အချိန်ကို စောင့်နေခဲ့သည်။

ထိုအတောအတွင်း၌ ချန်းဖန်သည် မြောက်ပိုင်းချုံး၏ တပည့်များကို သင်ကြား ပြသ ပေးနေခဲ့သည်။ သူ သင်ကြားပေးသည့် ကျင့်စဉ်များမှာ ကြယ်ပင်လယ်ထဲမှ ကျင့်စဉ်များ ဖြစ်ရာ ထျန်းဟောင်ဂြိုဟ်ရှိ ကျင့်စဉ်များထက် အပြတ်အသတ် ပိုမို ကောင်းမွန်ပေသည်။

တစ်ချိန်တည်း၌ ချန်းဖန်သည် ‌အလွန် ကြီးမားသည့် ဝိညာဉ် ဆေးစိုက်ခင်း ဥယျာဉ် များကို ဖန်တီး နေခဲ့သည်။ သူသည် ထိုစိုက်ခင်း ဥယျာဉ်များ၌ ဆေးနတ်ဘုရားဂိုဏ်းနှင့် နတ်ဘုရား ကုန်းမြေမှ ရရှိသော အပင် မျိုးစိတ် အမျိုးမျိုးကို စိုက်ပျိုးခဲ့သည်။ အပင်များ၏ ရှင်သန်ကြီးထွားမှု အတွက်မူ အလွန် ကြီးမားသော ချီ စုစည်းခြင်း အစီအရင်များကို ခင်းကျင်းခဲ့သည်။

ထိုဝိညာဉ် စိုက်ခင်းများသည် ခြောက်လလျှင် တစ်ကြိမ် ရင့်မှည့်လေရာ ချန်းဖန်မှာ ထျန်းဟောင်ဂြိုဟ်မှ မထွက်ခွာခင် တစ်ကြိမ် ရိတ်သိမ်း နိုင်ခဲ့သည်။ အကယ်၍ ထျန်းဟောင်ဂြိုဟ်သို့ နောက်တစ်ကြိမ် သူ ပြန်လာခဲ့ပါကလည်း ထိုစိုက်ခင်းမှာ သူ့အား တစ်စုံတစ်ခု အကျိုးပြုနိုင်ပေသည်။

ချန်းဖန်သည် နတ်ဘုရား ကုန်းမြေသို့လည်း တစ်ခေါက် သွားခဲ့သေးသည်။ ထို့အပြင် သူသည် နေ့စဉ်နေ့တိုင်း ကောင်းကင်နယ်များကို သွားကာ ဘိုဘေးများကို ခြိမ်းခြောက် ခဲ့သေးသည်။

"ထွက်ခွာဖို့ အချိန်ရောက်ပြီ…"

နောက်ဆုံး၌ ချန်းဖန်မှာ တောင်တန်း အင်ပါယာသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ထိုအချိန်၌ တောင်တန်း အင်ပါယာမှာ "မြောက်ပိုင်းချုံးတောင်" ဟု အမည် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

ချန်းဖန် ထွက်ခွာသည့် အချိန်၌ ရှောင်မန်နှင့် မဟာ အကြီးအကဲတို့ သာလျှင် လိုက်ပို့ကြသည်။

ထိုနေ့၌…

ဂိုဏ်းချုပ်ကြီး ချန်းပေ့ရွှမ်းမှာ ဆယ်စုနှစ်မှ ရာစုနှစ်ချီ ကြာနိုင်သည် အထိ တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်ကြောင်း မြောက်ပိုင်းချုံးက ကြေညာခဲ့သည်။

ထိုကြေညာချက်ကြောင့် ထျန်းဟောင်ဂြိုဟ်မှာ လှုပ်ရှားခြင်း မရှိခဲ့ချေ။ အခြေတည် ဝိညာဉ် အဆင့်များ ရာစုနှစ်နှင့်ချီ တံခါးပိတ် ကျင့်ကြံခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာ တစ်ခု ဖြစ်ပေသည်။

"ရှောင်မန်.. မပျင်းနဲ့နော်… နင် ကောင်းကင် ရွှေအမြုတေ ဖွဲ့စည်းနိုင်မယ့် အချိန်ကို အကို စောင့်နေမယ်"

ချန်းဖန်က ရယ်မောရင်း ရှောင်မန်၏ ခေါင်းကို ပွတ်သပ်လိုက်၏။

ရှောင်မန်မှာမူ ကြိတ်ကာ မျက်ရည်ကျ နေခဲ့လေသည်။ သူမသည် စကား တစ်ခွန်းပင် မဆိုနိုင်ခဲ့ချေ။

"ဝှစ်…"

ထို့နောက် ချန်းဖန်မှာ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ ကောင်းကင်သို့ ပျံတက် သွား၏။ မကြာခင်မှာပင် သူကား မိုးကုပ်စက်ဝိုင်း အဆုံး၌ ပျောက်ကွယ် သွားခဲ့တော့သည်။

ချန်းဖန်သည် လူမသိ၊ သူမသိ ဘဝဖြင့် ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိ လာခဲ့သည်။ ယခု ပြန်လည် ထွက်ခွာချိန်တွင်မူ သူသည် ဂြိုဟ် အနှံ့ မသိသူ မရှိအောင် ကျော်ကြားနေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters