ဆုံးရှုံးဖူးမှ တန်ဖိုးထားတတ်တယ်
Vol. 40 Ch. 588
နေ့လယ်ခင်းတွင် ရုတ်တရက်ပြင်းထန်သော အပူလှိုင်းတစ်ခုက မင်းနေပြည်တော်မှ ပြည်သူများအပေါ်သို့ တိုက်ခတ်လာသည်။
ဒါက ရှင်းလင်းစွာပင် နွေဦးရာသီဖြစ်ပြီး အပူချိန်မှာ အနေတော်သာဖြစ်ရာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက်ပြင်းထန်တဲ့အပူရှိန်မျိုး ဖြစ်ပေါ်လာနိုင်မည်နည်း။
မြို့တွင်းမှလူများ၏ နဖူးများတွင် ချွေးများစီးကျနေပြီး ချင်စံအိမ်တော်အနီးမှလူများ၏ ကျောများမှာ ချွေးများဖြင့် စိုရွှဲနေသည်။
ထိုအချိန်တွင် သူတို့သည် မီးဖိုကြီးတစ်ခုဘေးတွင် ရပ်နေရသကဲ့သို့ ခံစားနေရသည်။
ထိုအချိန်တွင် ကျယ်လောင်သောဖီးနစ်ငှက်၏အော်သံနှင့်အတူ တစ်စုံတစ်ယောက်က ကောင်းကင်ကိုညွှန်ပြကာ အော်ဟစ်လိုက်သည်။
"နေ၊ နေနှစ်စင်းထွက်နေတယ်။"
အသံလာရာသို့ လှည့်ပတ်ကြည့်လိုက်ကြရာ သူတို့သည် အမှန်တကယ်ပင် မျက်စိကျိန်းလောက်အောင် တောက်ပသော မီးလုံးကြီးတစ်ခု ကောင်းကင်သို့တက်သွားသည်ကို တွေ့လိုက်ရသည်။
ဒီလိုထူးဆန်းသောမြင်ကွင်းသည် သဘာဝကျကျပင် မြို့ထဲမှလူအများစု၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
ကောင်းကင်တွင် နေနှစ်စင်းထွက်နေသည်မှာ ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်လိုက်သနည်း။
မီးလုံးကြီးသည် တိမ်များထဲသို့ တက်သွားသည်နှင့် မီးတောက်များ ပေါက်ကွဲထွက်လာပြီး မျက်စိများကို ကျိန်းစပ်သွားစေသည်၊ မီးတောက်များဖုံးလွှမ်းနေသော တောင်ပံများ ဖြန့်ကားလိုက်ပြီး တောင်ပံတစ်ချက်ခတ်တိုင်း မီးတောက်ရေစီးကြောင်းများ ထုတ်လွှတ်နေသည်။
ဒီအချိန်တွင် လူများသည် ထိုမီးလုံးကြီးမှာ နေမဟုတ်ဘဲ မီးဖီးနစ်ငှက်တစ်ကောင်ဖြစ်ကြောင်း ထိတ်လန့်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်ကြသည်။
နောက်ထပ်ကျယ်လောင်သော ဖီးနစ်ငှက်ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ကောင်းကင်မှ တိမ်များသည် ချက်ချင်းအငွေ့ပျံသွားပြီး မြို့ထဲမှ ကိုးခွေမြစ်၏ ရေမျက်နှာပြင်ပင်လျှင် လက်တစ်လုံးခန့် ကျဆင်းသွားသကဲ့သို့ပင်။
သစ်ကိုင်းများ ခြောက်သွေ့သွားပြီး မြေကြီးမှာ ကွဲအက်သွားသည်။
မင်းနေပြည်တော်၏ သုံးပုံတစ်ပုံမှာ ပေါင်းအိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
မြို့ထဲမှ လူကြီးပိုင်းများ၏ မျက်လုံးများမှာ မီးဖီးနစ်ငှက်ဆီသို့ ဆွဲဆောင်ခံလိုက်ရပြီး အကယ်ဒမီ အတွင်း၌ ကျောင်းသားများလည်း ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ကြရာ သူတို့၏မျက်နှာများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
ဖေးရွှမ်နှင့် ယန်ချန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏အံ့ဩမှုကို မဖုံးကွယ်နိုင်ကြပေ။
"ဒါက နတ်ဘုရား ဖီးနစ်နတ်သမီး မီးလျှံပညာရပ်လား။"
ယန်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းနေပြည်တော်ထဲမှာ ဒီလိုပညာရပ်တွေကို ပြသရဲတာ ဘယ်သူကများ ဒီလောက် ချုပ်တည်းမှု ကင်းမဲ့နေရတာလဲ။"
"စီနီယာယန်၊ အဲ့ဒီဘက်က ညီလေးချင်ရဲ့စံအိမ်တော်ဘက်ထင်တယ်။"
"ဒါ..."
ယန်ချန်သည် သတိဝင်လာပြီး တုန်လှုပ်သွားသည်။
ချင်စံအိမ်တော်ထဲတွင် ချင်ဖုန်းသည် ကောင်းကင်မှမီးဖီးနစ်ငှက်ကို ကြောင်ငေးကြည့်ရင်း ဘဝအကြောင်းကို နောက်တစ်ကြိမ်သံသယ ဝင်စပြုလာသည်။
တစ်နာရီခွဲအတွင်းမှာပင် သူမသည် နတ်ဘုရားပညာရပ်ကို ကျွမ်းကျင်ရုံသာမက ဒီလောက် စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ခဲ့သည်။ ဒီလောက်တောင် ကြောက်စရာကောင်းလောက်အောင် ပါရမီထူးချွန်ဖို့ လိုလို့လား။
တစ်ဖက်တွင် လျိုကျန့်လီသည် သူမ၏လက်ထဲမှ နဂါးတစ်ကောင်နှင့်တူသော အဖြူအမည်းဝေ့ဝဲနေသည့် စွမ်းအင်တိုင်လုံးကြီးကို ကြည့်လိုက်သည်။
သူမသည် ကောင်းကင်မှ မီးဖီးနစ်ငှက်ကို မော့ကြည့်လိုက်ပြီးနောက် သူမ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်တိုင်လုံးကြီးသည် လျှပ်စီးအရှိန်ဖြင့် ကောင်းကင်သို့ ပစ်လွှတ်လိုက်ပြီး လေထဲတွင် ကျယ်ပြန့်သွားသည်။
တောက်ပသော အလင်းဖြူတစ်ချက်ထွက်ပေါ်လာသည်နှင့် လေတိုင်လုံးပတ်လည်မှ အနက်ရောင် လေကွင်းများသည် အလင်းဖြူထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။ တစ်ခဏအတွင်း ကြီးမားသော အဖြူအမည်းစက်ဝိုင်းတံခါးကြီးတစ်ခု ပေါ်လာသည်။ တံခါးမှထွက်ပေါ်လာသော အားကောင်းသည့် စုပ်ယူအားမှာ အလင်းကိုပင် ဝါးမြိုနိုင်စွမ်းရှိနေသကဲ့သို့ပင်။
ပြီးတော့ ဆိုင်းငံ့နေသော ကြီးမားသည့်မီးဖီးနစ်ငှက်မှာ စက်ဝိုင်းတံခါးထဲသို့ အဆက်မပြတ် ဆွဲသွင်းခံလိုက်ရပြီး စူးရှစွာအော်ဟစ်ကာ နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်မှာ စက်ဝိုင်းတံခါးမှ ဝါးမြိုခံလိုက်ရပြီး ပျောက်ကွယ်သွားတော့သည်။
ဒီတိုက်ကွက်မှာ နတ်ဘုရားပညာရပ် 'ကောင်းကင်တံခါး လည်ပတ်တံဆိပ်' ပင်။
ထူးဆန်းသောမြင်ကွင်းသည် အသက်ရှုချိန်သုံးဆယ်ခန့်အတွင်း ဖြစ်ပျက်ခဲ့သည်။ မင်းနေပြည်တော်မှ လူအများစုမှာ တုန်လှုပ်မှုမှ ပြန်လည်မထူထောင်နိုင်သေးဘဲ နေရာမှာပင် ကြောင်ငေးနေကြဆဲ ဖြစ်သည်။
လျိုကျန့်လီနှင့် ချန်းဖေးလန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက်လင်းလက်သွားသည်။
"ဒီနတ်ဘုရားပညာရပ်က မဆိုးဘူးပဲ။"
သူတို့နှစ်ဦးစလုံး တစ်ညီတစ်ညွတ်တည်းဆိုလိုက်ကြပြီး တူညီသောအကဲဖြတ်ချက်ကို ပေးခဲ့သည်။
'လုံးဝမဆိုးဘူး ဟုတ်လား...' ချင်ဖုန်း၏မျက်နှာမှာ တောင့်တင်းသွားပြီး ဒါက ဖီးနစ်နတ်သမီး မီးလျှံပညာရပ်ကြောင့်လားတော့မသိ၊ ဒီအချိန်တွင် သူ၏ပါးပြင်များတွင် ပူလောင်သော ခံစားမှုတစ်ခုကိုသာ ခံစားနေရသည်။
အရင်ဘဝက သူသည် 'သူများသားသမီး' များ၏ ဖိနှိပ်မှုကိုခံစားခဲ့ရသော်လည်း ဒီဘဝတွင် သူသည် သူ၏ကိုယ်ပိုင်ဇနီး၏ ဖိနှိပ်မှုကို သည်းခံနေရသည်။
ယောက်ျားနှင့်မိန်းမကြားမှ စွမ်းအားမညီမျှမှုက ဘဝကူးပြောင်းသူကို တကယ်ပဲအရှက်ရစေသည်။
ကံကောင်းစွာဖြင့် သူသည် အားနည်းပြီး သူတစ်ပါးကိုကပ်စားရတာကို ကြိုက်နှစ်သက်သည်။
ချင်ဖုန်းက ချောင်းတစ်ချက်ဟန့်လိုက်သည်။
"တကယ်ပဲမဆိုးဘူး။ ဆရာက လမ်းပြတယ်၊ ဒါပေမဲ့ လေ့ကျင့်ဖို့ကတော့ တစ်ဦးချင်းစီအပေါ်မှာပဲ မူတည်တယ်။ မင်းတို့နှစ်ယောက်ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ဒါပေမဲ့ ခုနကလို နတ်ဘုရားပညာရပ်ကို ပေါ့ပေါ့ဆဆ မသုံးမိအောင် သတိထားရမယ်၊ မဟုတ်ရင် တခြားသူတွေကို မတော်တဆ ထိခိုက်မိသွားနိုင်တယ်။"
သူ၏စကားကြောင့် နှစ်ဦးသား အနည်းငယ်ခေါင်းညိတ်လိုက်ကြသည်။
စင်္ကြံထောင့်တွင် ဖုရော့ယွင်သည် သူမ၏မျက်လုံးများမှ တုန်လှုပ်မှုကိုဖိနှိပ်ကာ သက်ပြင်းချလိုက်သည်။
"ဒါက ကောလဟာလများအရ နတ်ဘုရားပညာရပ်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
"ရှင့်ရဲ့ချွေးမနှစ်ယောက်က တကယ်ပဲထူးချွန်တာပဲ။ အနာဂတ်မှာ သူတို့ဘာတွေ လုပ်ဆောင်နိုင်မလဲ မသိဘူး။ ဖြစ်နိုင်တာက အနာဂတ်မှာ ရှင့်စံအိမ်တော်ထဲက အင်အားတစ်ခုတည်းကတောင် မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ နယ်မြေတစ်ခုနဲ့ နှိုင်းယှဉ်နိုင်လောက်တယ်။"
သူမဘေးမှ ချင်သခင်ကြီးက အဖြေမပေးသော်လည်း သူ၏မျက်လုံးများထဲမှ ကျေနပ်မှုမှာတော့ လူတိုင်းအတွက်ထင်ရှားနေသည်။
ခဏအကြာတွင် ချင်သခင်ကြီးက စကားဆိုလိုက်သည်။
"ဒါဆို မင်းက ဘာလို့မင်းနေပြည်တော်ကိုလာခဲ့တာလဲ။"
ဖုရော့ယွင်က အမှန်အတိုင်းပြန်ဖြေသည်။
" အနောက်ပိုင်းနယ်မြေရဲ့ မိစ္ဆာနှိမ်နင်းရေးဌာနအတွက်ပေါ့။"
"အနောက်ပိုင်းနယ်မြေက ဘေးအန္တရာယ်တွေမှာ ဆုံးရှုံးမှုကြီးမားခဲ့တယ်၊ ပြီးတော့ မူလနတ်စစ်သူကြီး ဆယ့်နှစ်ဦးထဲကတစ်ယောက်ဖြစ်တဲ့ ကုန်းတူးက ကျွန်မတို့ကိုသစ္စာဖောက်သွားတယ်။ ကျွန်မက လစ်လပ်သွားတဲ့ နတ်စစ်သူကြီးနေရာကို ဖြည့်ဆည်းဖို့ တခြားတစ်ယောက်ကိုရှာရမယ်။"
"ဒါပေမဲ့ ကျန်ရှိနေတဲ့ ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးထဲမှာ ဒီလောက်ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိတဲ့သူတစ်ယောက်မှမရှိဘူး။ ဒါကြောင့် အကူအညီမဲ့စွာနဲ့ပဲ ကျွန်မက ချူမင်းသားနဲ့ဆွေးနွေးပြီး ကိုယ်စားလှယ်လောင်းတစ်ယောက်ရှာဖို့ မင်းနေပြည်တော်ကိုလာခဲ့တာ။"
"ဒီလိုလား။"
ချင်သခင်ကြီးက ခေါင်းညိတ်လိုက်သည်။
နတ်စစ်သူကြီးဆယ့်နှစ်ဦးနှင့် ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးသည် မိစ္ဆာနှိမ်နင်းရေးဌာန၏ တိုက်ခိုက်ရေးအင်အား၏ အထွတ်အထိပ်ဖြစ်သလို မိစ္ဆာများနှင့် တစ္ဆေများကို ခြိမ်းခြောက်သော အဖွဲ့အစည်းလည်းဖြစ်သည်။ သူတို့ကို အချိန်မီပြန်လည်ဖြည့်ဆည်းရန်လိုအပ်သည်။
ဖုရော့ယွင်သည် တစ်စုံတစ်ခုကိုစဉ်းစားနေပုံရပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့်မေးလိုက်သည်။
"ရှင်ကရော၊ မိစ္ဆာနှိမ်နင်းရေးဌာနကို ပြန်လာဖို့ စဉ်းစားဖူးလား။"
"လောကကြီးက မြောက်ပိုင်းတစ္ဆေခေါင်းဆောင်မသေဆုံးသေးဘဲ လောကကြီးထဲမှာ ရှိနေတုန်းပဲဆိုတာကိုသာ သိခဲ့ရင် ဒါက မဟာချန်ရဲ့ပြည်သူတွေအတွက် စိတ်ဓာတ်တက်ကြွစရာ ကိစ္စတစ်ခုဖြစ်မှာပဲ။"
"ဒါ့အပြင်... မြောက်ပိုင်းနယ်မြေမှာ တပ်မှူးချုပ်အသစ်ရှိနေပြီး ရှင်ပြန်သွားလို့မရရင်တောင် ရှင် အနောက်ပိုင်းနယ်မြေကို လာလို့ရသေးတယ်။ ကျွန်မက ရှင့်ရဲ့တပ်မှူးချုပ်အဖြစ် အမှုထမ်းပါ့မယ်။ ဘယ်သူမှ ကန့်ကွက်မှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။"
ဒါက နောက်ပြောင်သောလေသံဖြင့်ပြောခဲ့သော်လည်း ဖုရော့ယွင်၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ရှိနေသည်။
ချင်သခင်ကြီးက ခေါင်းခါယမ်းလိုက်ပြီး သူ၏အကြည့်မှာ ခြံဝင်းထဲမှ လူသုံးဦးအပေါ်တွင် စူးစိုက်နေသည်။
အတိတ်က သူ၏နှလုံးသားသည် ငြိမ်းချမ်းသောခေတ်တစ်ခေတ်ဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုသူသည် ဒီမိသားစုအတွက်သာ နေရာရှိတော့သည်။
ဒါက ဘဝပဲ၊ တစ်စုံတစ်ခုကို ဆုံးရှုံးဖူးမှ အဲ့ဒါကို ပိုပြီးတန်ဖိုးထားတတ်လာတာ။
ဖုရော့ယွင်သည် တစ်ခုခုပြောရန်ပြင်ဆင်လိုက်သော်လည်း ရုတ်တရက်သူမ၏နောက်မှ ခြေသံများကို ကြားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း ချင်သခင်ကြီး ပျောက်ကွယ်သွားသည်။
ဒုတိယအမေ (မေမေလေး) သည် ထောင့်ချိုးကိုကွေ့လာပြီး အစပိုင်းတွင်မှင်တက်သွားကာ ထို့နောက်သူမက လေးစားစွာဆိုလိုက်သည်။
"သခင်မကြီးဖု ဒီမှာကိုး။ နေ့လယ်စာပြင်ဆင်ပြီးပါပြီ၊ သွားပြီးစားလို့ရပါပြီ။"
"ကျေးဇူးတင်ပါတယ်၊ ကျွန်မ ချက်ချင်းသွားပါ့မယ်။"
ဖုရော့ယွင်က ခပ်ရေးရေးပြုံးလိုက်ရာ သူမ၏ကျက်သရေမှာ ငြင်းဆိုဖွယ်မရှိပေ။
မေမေလေးသည် စိတ်လှုပ်ရှားမဆုံးဖြစ်သွားသည်။ ဒီလောက်လှပတဲ့အမျိုးသမီးတစ်ယောက်၊ ပြီးတော့ ဒီလောက်မြင့်တဲ့ရာထူးမှာ။ ဘယ်သူကများ သူမရဲ့နှလုံးသားကိုအနိုင်ယူဖို့ ကံကောင်းမလဲဆိုတာ ပြောဖို့ခက်လှသည်။
"စကားမစပ် သခင်မကြီးဖု၊ ကျွန်မယောက်ျားကိုများ တွေ့မိသေးလား။ ဘာကြောင့်မှန်းမသိဘူး၊ သူခဏလောက်ပျောက်နေလို့။"
ဖုရော့ယွင်က လားရာတစ်ခုကို ညွှန်ပြလိုက်သည်။
"ကျွန်မသူအဲ့ဒီဘက်ကိုသွားတာ ခုနကတွေ့လိုက်တယ်။"
"ကျေးဇူးပါ။"
မေမေလေးက အနည်းငယ်ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။
ဖုရော့ယွင်သည် သူမ၏အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ကောင်းကင်သို့မော့ကြည့်ကာ မလွှဲမရှောင်သာ သက်ပြင်းချလိုက်သည်။
သူမလက်ရှိရာထူးသို့ရောက်ရှိကတည်းက သူမသည် တစ်စုံတစ်ခုကို မလွှဲမရှောင်သာ ဆုံးရှုံးခဲ့ရသည်။
"အဲ့ဒီတုန်းကသာ ငါအနောက်ပိုင်းနယ်မြေကို နတ်စစ်သူကြီးအဖြစ် အမှုထမ်းဖို့မသွားခဲ့ရင် အရာရာကွဲပြားသွားမလား။"
ကံမကောင်းစွာဖြင့် ဒီလောကကြီးထဲမှာ "သာ...ခဲ့ရင်" တွေ အများကြီးဘယ်တော့မှမရှိခဲ့ပေ။
နန်းတော်အတွင်း၊ တော်ဝင်ဥယျာဉ်ထဲတွင်။
မင်ဧကရာဇ်သည် ချူမင်းသားနှင့်အတူ လမ်းလျှောက်နေသည်။
ချူမင်းသား မင်းနေပြည်တော်သို့လာရောက်လည်ပတ်စဉ်အတွင်း အနောက်ပိုင်းဒေသများမှ မိစ္ဆာနှိမ်နင်းရေးဌာနအတွက် အင်အားဖြည့်တင်းရန်ရှာဖွေသည့်အပြင် သူသည် အနောက်ပိုင်း ဒေသများမှ စစ်သည်တော်များအတွက် အချို့သောအရင်းအမြစ်များကို ရယူလိုခဲ့သည်။
ဥပမာအားဖြင့် လူတိုင်းလိုချင်ကြသော ယမ်းမှုန့်နှင့် ချင်ဖုန်း ချုံးယွီမြို့၏ညကောင်းကင်ယံတွင် ပြသခဲ့သော ထူးဆန်းသည့်စွမ်းအားတို့ပင်။
"မိစ္ဆာနဲ့တစ္ဆေဘေးအန္တရာယ်ပြီးတဲ့နောက်မှာ အနောက်ပိုင်းဒေသက ပြန်လည်အသက်ဝင်ဖို့ လိုအပ်နေတယ်။ ကိုယ်တော် မင်းကိုကတိပေးနိုင်တာက နောက်တစ်သုတ်ယမ်းမှုန့်တွေမှာ ငါတို့ အနောက်ပိုင်းဒေသတွေကို နောက်ထပ်ဆယ်ရာခိုင်နှုန်းခွဲဝေပေးမယ်။"
"မင်းပြောခဲ့တဲ့တခြားကိစ္စအတွက်တော့..."
မင်ဧကရာဇ်က ခဏစဉ်းစားပြီးနောက် ထပ်မံပြောလိုက်သည်။
"စာပေရတနာရဲ့စွမ်းအားကိုအသုံးချဖို့အတွက် စာပေသူတော်စင် တာအိုမျိုးဆက်မှာ ပဉ္စမအဆင့် ခန့်ညားထည်ဝါသော သီလနယ်ပယ်ကို ရောက်ရှိရမယ်ဆိုတာ မင်းသိသင့်တယ်။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ ပညာတတ်တွေက ရှားပါးတယ်။"
"မင်းသာ ချင်မိသားစုကကောင်လေးကို အနောက်ပိုင်းဒေသတွေကို သွားစေချင်တယ်ဆိုရင် ကိုယ်တော်သဘောတူမှာမဟုတ်ဘူး။ သူကပါရမီရှိတယ်၊ ပြီးတော့ ကိုယ်တော်သူ့ကို ကိုယ်တော့်ဘေးမှာပဲထားချင်တယ်။"
"မင်းသာ တခြားအဆင့်မြင့် စာပေသူတော်စင်တွေကို ရှာနေတယ်ဆိုရင် ကိုယ်တော့်ဆီမလာနဲ့၊ မဟာစာပေအကယ်ဒမီကိုသွားပြီး နိုင်ငံတော် ဆရာကိုမေး။"
ဒီစကားကိုကြားသော် ချူမင်းသားက ခေါင်းခါယမ်းလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော့်ရည်ရွယ်ချက်ကို နားလည်မှုလွဲနေပါပြီ။ ကျွန်တော်က အသင့်ရှိနေတဲ့ အဆင့်မြင့် စာပေသူတော်စင်ကို ရှာနေတာမဟုတ်ပါဘူး။ အဲ့ဒီအစား ကျွန်တော်က အနောက်ပိုင်း ဒေသတွေ အတွက် ဖြစ်နိုင်ခြေရှိတဲ့အနာဂတ်တစ်ခုကို ရယူချင်တာပါ။"
ခဏရပ်နားပြီးနောက် သူဆက်ပြောသည်။
"နန်းတွင်းစာမေးပွဲစနစ်ကို မင်းနေပြည်တော်မှာ အကောင်အထည်ဖော်ပြီးတဲ့နောက်မှာ အဲ့ဒါကို အနောက်ပိုင်းဒေသတွေအထိ တိုးချဲ့လို့ရနိုင်မလား။"