ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်း
Vol. 11 Ch. 1025
"ဂါး…"
သစ်ပင် မွန်းစတား အုပ်စုမှာ ချန်းဖန်ကို ကြည့်ကာ ဟိန်းဟောက် လိုက်ကြ၏။ သူတို့၏ ရည်ရွယ်ချက်ကား ချန်းဖန် ထိတ်လန့်ကာ နောက်ဆုတ် သွားစေရန် ဖြစ်ပေသည်။
မူရှောင်က ချန်းဖန်ထံသို့ နတ်ဘုရား စိတ်အာရုံကို ပို့လွှတ်ကာ ထိုသစ်ပင် မွန်းစတားများ အကြောင်းကို ပြောပြသည်။ ထိုသစ်ပင် မွန်းစတားများမှာ ကောင်းကင် ဂျူပီတာဂြိုဟ်၏ မိစ္ဆာ အဆန်ဆုံး မွန်းစတားများ ဖြစ်ကာ နှစ်ပေါင်း ထောင်ချီ သက်တမ်း ရှိကြသူများ ဖြစ်သည်။ သူတို့သည် လူသားများ၊ ဝိညာဉ် သားရဲများ၏ အသွေးအသားများကို စားသုံးကာ အသက်မွေးသည့် မျိုးစိတ်များ ဖြစ်ကြ၏။
ချန်းဖန်သည် အစကတည်းကပင် ထိုစုံတွဲကို ကယ်တင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ ထိုနှစ်ယောက်ကား လူသားများသာ ဖြစ်သည်။ ကမ္ဘာများ ခြားနားနေသည့်တိုင် သူတို့ အားလုံး၏ အသွင်အပြင်နှင့် ဖွဲ့စည်းပုံမှာ အတူတူပင် ဖြစ်ပေသည်။
ယောက်ျားလေး၏ နောက်၌ ပုန်းကွယ်နေသော မိန်းကလေးက ချန်းဖန်ကို ချောင်းကြည့် လိုက်၏။
"စီနီယာ အကိုဖူ… သူက မူလ အဆင့်ပဲ ရှိသေးတာကို… ဘာလို့ သူ့ဆီမှာ အကူအညီ တောင်းရတာလဲ… နောက်ပြီး ကျွန်မတို့ အချက်ပြမီးပန်းကိုလည်း လွှတ်တင် ပြီးပြီ… မကြာခင် အကြီးအကဲစွန်း၊ အကြီးအကဲတင်းတို့ ရောက်လာတော့မှာပဲဟာ"
ထိုမိန်းကလေးကား အသက် ဆယ့်ခြောက်နှစ် မျှသာ ရှိသေးတာ ချောမော လှပသူ ကလေး ဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်နှာက မာန တစ်ခွဲသား အပြည့်ဖြင့် ဖြစ်၏။ ချန်းဖန်သည် သူမကို ကြည့်၍ တောင့်တင်းသော အသိုင်းအဝိုင်း တစ်ခုမှ လာကြောင်း ခန့်မှန်း လိုက်နိုင်သည်။
"အရူးမ… အဲဒီ အကြီးအကဲတွေ မရောက်လာခင် ငါတို့ သေသွားလိမ့်မယ်ဟဲ့…"
ဖူချင်း အော်ငေါက် လိုက်သည်။ သူ၏ မျက်နှာမှာ ဒေါသဖြင့် ပြည့်နှက် နေ၏။
မိန်းကလေးကား သူတို့ဂိုဏ်း အတွင်းရှိ အစွမ်းထက် အကြီးအကဲ တစ်ယောက်၏ မျိုးဆက် ဖြစ်သည်။ ထို့ကြောင့်ပင် ဖူချင်းမှာ မိန်းကလေးအား လှေကား အဖြစ် အသုံးချကာ သူ၏ အဆင့်အတန်း မြင့်မားအောင် အသုံးချ နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် မိန်းကလေးကို မွန်းစတား အုပ်စု အလယ်၌ ချန်ထားကာ ကိုယ်လွတ်ရုန်း ပြေးလောက်ပြီ ဖြစ်သည်။
ဖူချင်းက ချန်းဖန်ဘက်သို့ လှည့်ကာ အသနားခံဟန် ကြည့်လိုက်၏။
"ကျင့်ကြံသူလေး… စိတ်မရှိပါနဲ့နော်… ဒီကလေးမက ကလေးစိတ် မကုန်သေးဘူး… သူက ဘာကိုမှ သိတာ မဟုတ်ဘူး… ကျုပ်က ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းက ဖူချင်းပါဗျာ… ကျုပ်ကို ကူညီရင် ဂိုဏ်းက ခင်ဗျားကို ဆုချီးမြှင့် ပါလိမ့်မယ်"
"မလိုပါဘူး…"
ချန်းဖန်က ခေါင်းခါကာ လက်ထဲရှိ သစ်သား ဓားပျံအား ပစ်လွတ်လိုက်သည်။
"ဝှစ်…"
ဓားပျံသည် အလင်း၏ အမြန်နှုန်းဖြင့် ပျံသန်း သွား၏။
သစ်ပင် မွန်းစဝာားများမှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း မရိပ်မိခင်မှာပင် ဓားပျံ၏ ဖြတ်သန်းခြင်းကို ခံလိုက်ရသည်။
"ခရက်…"
သစ်ပင် မွန်းစတား ခုနစ်ကောင်မှာ အရုပ်ကျိုးပြုတ် ပြတ်ကျသွား၏။
"ဂါး…"
မွန်းစတား ခေါင်းဆောင်မှာ ဒေါသထွက် သွားခဲ့သည်။ သူသည် သစ်သား ဓားပျံတစ်စင်းမှာ သူတို့၏ ထူထပ်သော ချပ်ဝတ်များကို ထိုးဖောက် နိုင်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
ထို့အပြင် ထိုကောင်စုတ်လေး၏ သစ်သား ဓားပျံမှာ သာမန် ဝိညာဉ် ရတနာ တစ်ခုသာ ဖြစ်သည်။ ဖူချင်း၏ လက်ထဲရှိ လက်နက် လောက်ပင် အရည်အသွေး ကောင်းမွန်ခြင်း မရှိချေ။
"ဟင်…"
မိန်းကလေးမှာ ချန်းဖန်၏ တိုက်ခိုက်မှုကို ကြည့်ကာ ဆွံ့အ သွား၏။
"ကောင်းလိုက်တဲ့ ဓားကျင့်စဉ်…"
ဖူချင်းက ချီးကျူးလိုက်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် မိန်းကလေးထက် ပိုမို မြင့်မားလေရာ ချန်းဖန်၏ တိုက်ခိုက်မှုအား ပိုမို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။
"သူ့ရဲ့ ဓားကျင့်စဉ်က ဝမ်ရှင်း တန်ခိုးရှင်တွေနဲ့တောင် ယှဉ်နိုင်နေပြီ…"
ဖူချင်းက တွေးလိုက်မိ၏။ သူသည် ချန်းဖန်အား ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းကို ဖိတ်ခေါ်ရန်ပင် စဉ်းစားနေမိသည်။
"ဝှစ်…"
ချန်းဖန်က လက်ညိုးညွှန်လိုက်ရာ သစ်သား ဓားပျံမှာ စက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ်ကာ သစ်ပင် မွန်းစတားများထံ တိုးဝင် သွားပြန်သည်။ မွန်းစတားများသည် ခုခံရန် ကြိုးစားကြသော်လည်း ဓားပျံ၏ ထိုးဖောက်မှု၌ အလဲလဲ အပြိုပြို သေဆုံး ကုန်ကြပြန်၏။
"ဂါး…"
နောက်ဆုံး၌ လက်ကျန် သစ်ပင် မွန်းစတားများမှာ ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိတော့ပဲ ထွက်ပြေး ကုန်ကြတော့သည်။
"ဝှစ်…"
သစ်ပင် မွန်းစတားများ ကွယ်ပျောက် သွားပြီးနောက် ချန်းဖန်က အင်္ကျီလက်အား ခါယမ်းကာ သစ်သားဓားကို ပြန်လည် သိမ်းဆည်း လိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ သစ်ပင် မွန်းစတားများကို အမဲလိုက်ရန် မဟုတ်ပါချေ။ စုံတွဲ၏ အသက်အား ကယ်တင်ရန်သာ ဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ် ကျင့်ကြံသူလေး…"
ဖူချင်းမှာ ချန်းဖန် အနားသို့ ချည်းကပ် လာ၏။ မိန်းကလေးမှာမူ ချန်းဖန်အား အနည်းငယ် အံ့အားသင့်ဟန် ခပ်လှမ်းလှမ်းမှ ငေးကြည့် နေခဲ့သည်။
"ဟားဟား… မလိုပါဘူး…"
ချန်းဖန်က ပြုံးကာ ကောင်းကင်သို့ ပျံတက် လိုက်သည်။
ထိုအချိန်မှာပင် ဒေါသထွက်နေသော အသံ တစ်ခုမှ အထက် ကောင်းကင်မှ ကျဆင်း လာ၏။
"ငါ့တပည့်တွေကို ဘယ်သူက ထိရဲတာလဲ…"
အသံနှင့် အတူ မုတ်ဆိတ်မွေးများ ထူလပျစ် ပေါက်ရောက်နေသော လူကြီးမှာ ကောင်းကင်တွင် ပေါ်လာခဲ့၏။ သူကား လျှပ်စီးများ၏ ဝန်းရံမှု အလယ်၌ ခန့်ညား ထည်ဝါစွာ ရပ်တည်နေခဲ့လေသည်။ သူသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။
"မင်းလား…"
လူကြီးက ချန်းဖန်အား စူးစိုက်ကြည့်ကာ မေးလိုက်သည်။ သူ၏ အကြည့်တွင်ပင် ချန်းဖန်၏ ပတ်လည်ရှိ လေထုမှာ အဇူရာ လျှပ်စီးများဖြင့် ဝန်းရံ သွားတော့သည်။
"ဟမ်…"
ချန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားသည်။
ထိုလူကြီးမှာ ဖူချင်းနှင့် မိန်းကလေးတို့ အတွက် အလွန် အစွမ်းထက်ကောင်း ထက်နိုင်သော်လည်း ချန်းဖန် အတွက်မူ အားနည်းသော ရွှေအမြုတေ အလယ်ဆင့် တစ်ယောက်သာ ဖြစ်သည်။
"ဘုန်း…"
ချန်းဖန်၏ နောက်ရှိ သစ်သား ဓားပျံက စက်ဝိုင်းသဏ္ဌာန် တစ်ပတ် ပျံသန်းကာ အဇူရာ လျှပ်စီးများကို ဖြိုခွဲ ပစ်လိုက်၏။ ထို့နောက် ၎င်းက ဓားချီ အချို့ကို ထုတ်လွှတ်ကာ ချန်းဖန်၏ ပတ်လည်၌ အကာအရံ တစ်ခုကို ဖွဲ့စည်း ထားလိုက်သည်။
"စိတ်ဝင်စားစရာပဲ…"
မုတ်ဆိတ်နှင့် လူကြီး ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ဖူချင်းက လျှင်မြန်စွာ အော်ဟစ် လိုက်၏။
"အကြီးအကဲတင်း… သူက ကျုပ်တို့ အသက်ကို ကယ်ခဲ့တဲ့သူ… မတိုက်ခိုက်နဲ့တော့…"
ထို့နောက် မိန်းကလေးကလည်း ချန်းဖန်မှာ သူတို့အား ကယ်တင်ခဲ့သူ ဖြစ်ကြောင်း ပြောပြလိုက်သည်။
မုဆိတ်နှင့် လူကြီး၏ အမည်မှာ အကြီးအကဲတင်း ဖြစ်သည်။ သူသည် ဂိုဏ်း၏ အပြင်စည်း အကြီးအကဲ တစ်ယောက် ဖြစ်ရာ ဖူချင်း၏ သေရေး၊ ရှင်ရေးကို ဂရုစိုက်ခြင်း မရှိချေ။
ဤနေရာသို့ သူ ရောက်ရှိ လာခြင်းမှာ မိန်းကလေး အတွက်သာ ဖြစ်ပေသည်။ မိန်းကလေးသည် ဝိညာဉ် ကျင့်ကြံခြင်း ကောင်းကင်နယ် ဘိုးဘေး ကိုယ်တိုင်၏ ချစ်ခင်မှုကို ရထားသူ ဖြစ်ရာ ဂိုဏ်းအတွင်း အဆင့်အတန်း မြင့်မားလှသည်။ သူမ တစ်ခုခု ဖြစ်ပါက ဘိုးဘေးမှာ သူတို့အား အပြစ်ပေး ပေလိမ့်မည်။
"မိန်းကလေး ဘာမှ မဖြစ်တာ ဝောာ်သေးတာပေါ့…"
အကြီးအကဲတင်း၏ မျက်နှာက မိန်းကလေးကို ကြည့်ကာ ပျော့ပြောင်း သွားသည်။
ထို့နောက် သူက ပတ်ဝန်းကျင်အား အကဲခတ် ကြည့်လိုက်ရာ သစ်ပင် မွန်းစတား အလောင်းများကို တွေ့လိုက်ရသည်။ ၎င်းတို့ အားလုံးမှာ ဓားပျံဖြင့် နှလုံးသားကို ထိုးဖောက် ခံရကာ သေဆုံးနေပုံ ပေါ်၏။
အကြီးအကဲတင်းမှာ အနည်းငယ် အံ့အားသင့် သွားသည်။ ဖူချင်းနှင့် မိန်းကလေး နှစ်ယောက် စလုံးမှာ ဓားပျံ ကျင့်စဉ်ကို ကျင့်ကြံသူများ မဟုတ်ကြချေ။
"ကျုပ်တို့ နှစ်ယောက်က သစ်ပင် မွန်းစတားတွေရဲ့ ထောင်ချောက်မှာ ပိတ်မိ နေတာပါ… တကယ်လို့ ဒီကျင့်ကြံသူကသာ လာပြီး မကယ်ခဲ့ရင် အကြီးအကဲ မရောက်ခင်မှာတင် အသက်ထွက် နေလောက်ပါပြီ"
ဖူချင်းက ရှင်းပြလိုက်သည်။
"မင်းရဲ့ ဓားပျံ ကျင့်စဉ်က အတော်လေး အစွမ်းထက်သားပဲ…"
အကြီးအကဲတင်းက ချန်းဖန်ကို တစ်ချက် ကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။ ချန်းဖန်မှာမူ နေရာတွင်ပင် မတုန်မလှုပ် ရပ်နေခဲ့၏။
"အကိုကြီးဖူ… ညီမလေးကျန်း…"
ပိုမို များပြားသော အလင်းများမှာ ထိုနေရာသို့ ရောက်ရှိလာသည်။ သူတို့ကား ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းမှ ကျင့်ကြံသူများပင် ဖြစ်ကြသည်။
ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းကား ကောင်းကင် ဂျူပီတာဂြိုဟ်၏ ထိပ်တန်းဂိုဏ်း တစ်ခု ပီသပေသည်။ သူတို့၏ မူလ အဆင့် တပည့်များ အားလုံးမှာ ခိုင်မာသော အခြေခံကို ပိုင်ဆိုင်ထားကြသည်။ ထို့အတူ ရွှေအမြုတေ အဆင့်များမှာလည်း အနိမ့်ဆုံး အဆင့် ၅ ရွှေအမြုတေကို ပိုင်ဆိုင် ထားကြသည်။ သူတို့အား ဦးဆောင် လာသော အဖြူရောင် ဝတ်စုံဝတ် လူငယ်မှာမူ အဆင့်မြင့် ရွှေအမြုတေကိုပင် ပိုင်ဆိုင် ထားခဲ့သည်။
"စီနီယာ…"
ထိုလူငယ်အား မြင်သည်နှင့် အကြီးအကဲတင်းမှာ ချက်ချင်းပင် ဦးညွှတ် လိုက်၏။
"အင်း…"
လူငယ်က တည်ငြိမ်စွာပင် ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ ညီမလေးကျန်းကို မြင်သည့် အခါတွင်မူ သူက ညင်သာစွာ ခေါင်းညိတ် ပြ၏။
"အားလုံး အဆင်ပြေကြတယ် ဆိုရင်လည်း ဝိညာဉ် ရေတွင်းကို ခပ်မြန်မြန် သွားကြတာပေါ့… အကြီးအကဲစွန်းက ငါတို့ကို စောင့်နေတယ်"
လူငယ်က ပြောလိုက်သည်။
"မိတ်ဆွေလေး… သူက ကျုပ်တို့ရဲ့ စီနီယာ ချီဖန်းပါ… ဝိညာဉ် အက္ခရာ ဝမ်ရှင်း တန်ခိုးရှင်လို့လည်း ကျော်ကြားပါတယ်… မိတ်ဆွေလေး သူ့ကို ကြားဖူးလောက်မယ် ထင်ပါတယ်"
ဖူချင်းက ချန်းဖန် အနီးသို့ အပြုံးဖြင့် ကပ်လာကာ ပြောလိုက်သည်။
"မိတ်ဆွေလေး… ဝိညာဉ် ရေတွင်းကို သွားမယ် ဆိုရင် ကျုပ်တို့နဲ့ လိုက်ခဲ့ပါလား… ဝိညာဉ် ရေတွင်းက ဂိုဏ်းကြီး သုံးခု အတွက်ပဲ ဖွင့်ပေးတာလေ… ကျုပ်တို့နဲ့သာ အတူ လိုက်ခဲ့ရင် အကိုချန်း အတွက် အကျိုးရှိမှာပါ"
"ရပါတယ်ဗျာ… မလိုက်တော့ပါဘူး"
ချန်းဖန်က ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ် လိုက်သည်။
ထိုအချိန်မှာပင် ညီမလေးကျန်းက ဖူချင်းအား စိတ်မရှည်ဟန် လှမ်းခေါ်လိုက်၏။
"အကိုဖူ… သွားကြမယ်လေ… ဘာလုပ် နေတာလဲ… တော်ကြာ နောက်ကျလို့ အမှိုက်ကောက်နေရဦးမယ်"
"လာပြီ…"
ဖူချင်းက ချန်းဖန်အား နှုတ်ဆက်ကာ အခြားလူများနှင့် အတူ လိုက်သွားတော့သည်။
ဝတ်စုံဖြူတ် လူငယ်နှင့် အခြားလူများမှာမူ ရောက်လာချိန်မှ စ၍ ချန်းဖန်အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူတို့မှာ ကြီးကျယ် ခမ်းနားသော ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။ သို့သော်လည်း အဇူရာ ဝတ်စုံဝတ် လူငယ်မှာမူ သာမန် မူလ အဆင့် တစ်ယောက်သာ ဖြစ်ပေသည်။
"ဝှစ်… ဝှစ်…"
မကြာခင်မှာပင် ဝိညာဉ် ကျင့်ကြံခြင်း ဂိုဏ်း၏ တန်ခိုးရှင်များမှာ မိုးကုပ် စက်ဝိုင်း၌ ပျောက်ကွယ် သွားတော့၏။
"ငါ့ထက်တောင် ကြီးကြီးကျယ်ကျယ် နိုင်တဲ့ လူတွေပဲ…"
ချန်းဖန်က ပြုံးကာ ခေါင်းခါလိုက်၏။ ထို့နောက် သူက သစ်သား ဓားပျံကို စီးကာ ဝိညာဉ် ရေတွင်း ရှိရာသို့ ဦးတည် လိုက်သည်။
ကောင်းကင် ဂျူပီတာဂြိုဟ်သို့ ချန်းဖန် လာရောက်ရခြင်းမှာ ဤဂြိုဟ်တွင်လည်း ကောင်းကင်ကျေးကျွန် အစီအရင် တည်ရှိ နေသလား ဆိုသော မေးခွန်းကို အတည်ပြု လိုသောကြောင့် ဖြစ်သည်။ ဤခရီးစဉ်ကြောင့် သူ၏ ကမ္ဘာသို့ အပြန် ခရီးမှာ အနည်းငယ် နှောင့်နှေး သွားပေလိမ့်မည်။
"ဝှစ်…"
ချန်းဖန်သည် တစ်ခဏ အတွင်းမှာပင် မိုင်တစ်ရာ အကွာအဝေးကို ဖြတ်ကျော် လာ၏။ မကြာခင်မှာပင် သူသည် အလွန် ကြီးမားသည့် အစိမ်းရောင် လကြီးတစ်စင်း ကောင်းကင်၌ လွင့်မြောနေသည်ကို တွေ့မြင် လိုက်ရလေသည်။
တစ်ချိန်တည်း၌ သစ်ပင် မွန်းစတား အစောင့်များမှာ ဝိညာဉ် ရေတွင်း ပတ်ပတ်လည်၌ စောင့်ကြပ် နေကြလေသည်။ သူတို့သည် လာရောက်သမျှ လူတိုင်းကို တားဆီးကာ စစ်ဆေးနေကြ၏။
"ရပ်စမ်း… ဂိုဏ်း အမှတ်အသားပြ… ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေပဲ ဝိညာဉ် ရေတွင်းကို ဝင်နိုင်တယ်…"
"ဝှစ်…"
ချန်းဖန်သည် ခပ်လှမ်းလှမ်းရှိ လေထဲ၌ ရပ်ကာ ဝိညာဉ် ရေတွင်းအား ဓမ္မ မျက်လုံးများဖြင့် အကဲခတ် လိုက်၏။
ဝိညာဉ် ရေတွင်း၏ အဝမှာ မီးတောင်ဝ တစ်ခုနှင့် တူပေသည်။ သို့သော်လည်း အတွင်းပိုင်းမှာမူ အလွန် ကျယ်ပြန့်လှ၏။ ချန်းဖန်သည် အတွင်းပိုင်းသို့ လှမ်း၍ ကြည့်လိုက်ရာ အလွန်တရာ ထူထပ်လှသော သစ်သား ဒြပ်စင် ဝိညာဉ်ချီများကို တွေ့လိုက်ရသည်။
"ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်ချီ ထူထပ်မှုက နတ်ဘုရား ကုန်းမြေနဲ့တောင် ယှဉ်နိုင်နေပါလား… ဒီနေရာမှာ ကောင်းတာ တစ်ခုခုတော့ ရှိရမယ်"
ချန်းဖန်၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားသည်။ သူက နတ်ဘုရား စိတ်အာရုံကို ဝိညာဉ် ရေတွင်း အတွင်းပိုင်းသို့ ဆက်လက် ပို့လွှတ်လိုက်၏။
"ဟမ်… အစီအရင် တစ်ခု ရှိနေပါလား…"
ရုတ်တရက် ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။
ထိုအစီအရင်သည် နတ်ဘုရား စိတ်အာရုံများကို သံတံတိုင်းကြီး တစ်ခုအလား ပိတ်ကာထားသည်။ ချန်းဖန်သည် မည်မျှ အစွမ်းထက်သော နတ်ဘုရား စိတ်အာရုံကို ပိုင်ဆိုင်ထားစေကာမူ ထိုအစီအရင်ကို မကျော်လွန် နိုင်ခဲ့ချေ။
"ဝှစ်…"
ချန်းဖန်က ကိုယ်ပျောက် အစီအရင် တစ်ခု ခင်းကျင်း၍ အစောင့်များကို ဖြတ်ကျော်လိုက်သည်။
ဝိညာဉ် ရေတွင်းအတွင်း ရောင်သည်နှင့် ချန်းဖန်သည် အံ့အားသင့်နေသော အသံ တစ်ခုကို ကြားလိုက်ရ၏။
"မိတ်ဆွေလေး…"
ချန်းဖန်က လှည့်ကြည့်လိုက်ရာ ဖူချင်းကို တွေ့မြင်လိုက်ရသည်။
***