← Chapters

အဝါရောင် ဝတ်စုံဝတ် လူငယ်

Vol. 11 Ch. 1026

အဝါရောင် ဝတ်စုံဝတ် လူငယ်

Vol. 11 Ch. 1026

ဖူချန်း၊ ညီမလေးကျန်း၊ အကြီးအကဲတင်းနှင့် ချီဖန်းတို့သည် ချန်းဖန်အား ကြည့်ကာ အံ့အားသင့် နေဟန် ရသည်။

"သူက ငါတို့နဲ့ အတူ လိုက်ဖို့ ငြင်းဆန်ခဲ့တယ် မလား… ဘယ်လိုလုပ်ပြီး အထဲကို ရောက်လာတာလဲ… ဟွန့်… ခိုးဝင်လာတာပဲ ဖြစ်ရမယ်… သူက ဝိညာဉ် ရေတွင်း အတွင်းပိုင်းကိုပါ ခိုးကြောင်ခိုးဝှက် ဝင်လို့ရမယ် ထင်နေတာလား မသိဘူး"

ညီမလေးကျန်းမှာ ချန်းဖန်ကို ကြည့်ကာ မကျေမနပ် ရေရွတ် လိုက်သည်။

"ညီမလေး… ပါးစပ်ပိတ်ထားစမ်း… သူက ငါတို့ အသက်ကို ကယ်တင်ထားတာလေ"

ဖူချင်းက မိန်းကလေးအား အော်ငေါက် လိုက်၏။

ထို့နောက် သူက ချန်းဖန်အား တောင်းပန်ကာ ထိုကလေးမမှာ အပြောအဆို မတတ်ကြောင်း ဖုံးကွယ် ပြောဆိုလိုက်သည်။ ထို့အပြင် သူက ချန်းဖန်အား သူတို့နှင့် အတူ  ဝိညာဉ် ရေတွင်း အတွင်း ဝင်ရောက်ရန် နောက်တစ်ကြိမ် ထပ်မံ ဖိတ်ခေါ်လိုက်၏။

"ဘာမှ အားမနာပါနဲ့ဗျာ… ခင်ဗျား တစ်ယောက်ပဲဟာ… အပန်းမကြီးပါဘူး"

ချန်းဖန်က အနည်းငယ် စဉ်းစားကာ ခေါင်းညိတ် လိုက်သည်။

သူသည် မည်သို့ နည်းလမ်းဖြင့် မဆို ဝိညာဉ် ရေတွင်း အတွင်းပိုင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ဖူချင်း၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ခြင်းမှာ သူ၏ မူလ ရည်ရွယ်ချက်ကို ပျက်ရွင်းစေလိမ့်မည် မဟုတ်ချေ။

"ဟွန့်… အစကတော့ အထာကိုင်ပြီး ငြင်းနေလိုက်သေးတယ်… ခုတော့လည်း ငါတို့နဲ့ပဲ လိုက်လာတာပဲ မလား"

ညီမလေးကျန်းက နောက်တစ်ကြိမ် မကျေမနပ် ပြောဆိုလိုက်ပြန်သည်။

ချန်းဖန်မှာ မိန်းကလေးကို တစ်ချက်သာ ကြည့်ကာ ငြိမ်နေလိုက်၏။

ညီမလေးကျန်းမှာ ပွစိပွစိ ပြောတတ်သူ တစ်ယောက်ဖြစ်သော်လည်း အနည်းဆုံးတော့ လူဆိုး တစ်ယောက် မဟုတ်ပါချေ။ သူမသည် အကြီးအကဲတင်း ချန်းဖန်ကို တိုက်ခိုက်သည့် အချိန်၌ စိုးရိမ်တကြီးဖြင့် ဝင်ရောက် တားဆီး‌ခဲ့သေးသည်။

"သွားကြစို့…အဟွတ် အဟွတ်…"

တောင်ဝှေးကို ကိုင်ဆောင်ထားသည့် အဘိုးအိုက ချောင်းဆိုးရင်း ပြောလိုက်၏။

ဖူချင်း၏ စကားအရ ဆိုလျှင် ထိုအဘိုးအို၏ အမည်မှာ အကြီးအကဲစွန်း ဖြစ်သည်။ သူသည် အတွင်းစည်း အကြီးအကဲ တစ်ယောက် ဖြစ်ကာ ယခု ခရီးစဉ်၏ ခေါင်းဆောင်လည်း ဖြစ်သည်။

အကြီးအကဲစွန်းသည် ကောင်းကင်အရှင် တစ်ပိုင်း ကျင့်ကြံသူလည်း ဖြစ်၏။

"ဟားဟား… မင်းတို့တွေက စောပြီး ရောက်နေကြတာပဲ"

ရုတ်တရက် ရယ်မောသံနှင့် အတူ မိုးကြိုး အလင်းများမှာ မိုးကုပ်စက်ဝိုင်း၌ ပေါ်လာခဲ့သည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ထို့နောက် အားလုံး၏ အရှေ့တွင်ပင် လျှပ်စီးများ ဝန်းရံနေသည့် ကျင့်ကြံသူ တစ်စုမှာ မြေပြင်သို့ ကျဆင်း လာခဲ့ကြသည်။

မိုးကြိုးကျောင်းတော်…

ထိုအခိုက်၌ ချီဖန်း၏ မျက်နှာ ပင်လျှင် လေးနက် သွား၏။

မိုးကြိုး ကျောင်းတော်ကား ဂိုဏ်းသုံးဂိုဏ်း အနက် အစွမ်း အထက်ဆုံး ဖြစ်သည်။ ကံကောင်းစွာပင် ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းနှင့် မိုးကြိုးကျောင်းတော်မှာ မဟာမိတ်များ ဖြစ်ကြပေသည်။

မိုးကြိုးကျောင်းတော်မှ ရောက်ရှိ လာသူများတွင် အယောက် နှစ်ဆယ်ခန့်မှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုကျင့်ကြံသူများကို အဆင့်မြင့် ရွှေအမြုတေ ပိုင်ရှင် အကြီးအကဲ သုံးယောက်က ဦးဆောင်ထား၏။

မကြာခင်မှာပင် ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေမှ တပည့်များမှာလည်း ရောက်ရှိ လာကြသည်။ သူတို့သည် လူသား အသွင် အပြည့်အဝ ပြောင်းလဲနိုင်ခြင်း မရှိသေးသည့် မွန်းစတား ကျင့်ကြံသူများ ဖြစ်ကြသည်။

"ဘုန်း…"

မွန်းစတားများသည် ရောက်ရှိ လာလာချင်းပင် မိုးကြိုးကျောင်းတော်မှ တပည့်များကို မျက်ထောင့်နီများဖြင့် ကြည့်ကြသည်။ တစ်ချိန်တည်း၌ မိုးကြိုးကျောင်းတော် တပည့်များမှာလည်း သွေးများ ဆူပွက် လာဟန် လက်နက်များကိုပင် ဆွဲထုတ် လိုက်ကြသည်။

ထိုနှစ်ဖွဲ့ကား စတင် တွေ့ဆုံသည်နှင့် ရန်မူ နေကြပြီ ဖြစ်လေသည်။

"စီနီယာ ချီဖန်းရော မိုးကြိုးကျောင်းတော်က ခေါင်းဆောင် သုံးယောက်နဲ့ ‌မွန်းစတား မင်းသားတို့ပါ ရောက်နေပြီ ဆိုတော့ ကောင်းကင် ဂျူပီတာဂြိုဟ်ရဲ့ ထိပ်သီး ပါရမီရှင် အားလုံးနီးပါး စုံလင်နေပြီလို့ ဆိုနိုင်တယ်"

ဖူချင်းက လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်၏။

ထိုငါးယောက်ကား ကောင်းကင် ဂျူပီတာ ဂြိုဟ်၏ ထိပ်ဆုံးဟု ဆိုနိုင်သော ပါရမီရှင်များ ဖြစ်သည်။ သူတို့သည် အားလုံး၏ အာရုံ စူးစိုက်မှုကို ရရှိကြ၏။ ညီမလေးကျန်း ပင်လျှင် ထိုလူများကို လေးစားစွာ ကြည့်နေခဲ့လေသည်။

"ဟမ်…"

ချန်းဖန်မှာ မိုးကြိုးကျောင်းတော် ကျင့်ကြံသူ အုပ်စု အတွင်းရှိ အဝါရောင်ဝတ် လူငယ်ကို ကြည့်ကာ တစ်ခုခု ထူးဆန်းနေသလို ခံစား လိုက်ရ၏။

"သူ့ရဲ့ စွမ်းအင် စီးဆင်းမှုက အခြားလူတွေနဲ့ မတူဘူး… လုံးဝ ကွဲထွက်နေတယ်…  ကြည့်ရတာ သူက ကြယ်ပင်လယ်ကနေ လာတဲ့သူပဲ ဖြစ်ရမယ်… ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက လော့ချန်ရှန်း၊ နဂါးအရှင်တို့နဲ့တော့ မတူဘူး… သူက ကြယ်ပင်လယ် ဘယ်ဂိုဏ်းက လာတာများလဲ"

ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထျန်းဟောင်ဂြိုဟ်တွင် လော့ချန်ရှန်းနှင့် နဂါးအရှင်၊ ယခု ကောင်းကင် ဂျူပီတာဂြိုဟ် ပေါ်၌ အဝါရောင်ဝတ် လူငယ်… ကြည့်ရသည်က ကြယ်ပင်လယ် အတွင်းရှိ ကျင့်ကြံသူများမှာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်လွှားကို ဖြန့်ကျက် နေရာယူထားပုံ ရသည်။

ဤသို့ဆိုလျှင် မဟာ အခွင့်အရေး ပေါ်ပေါက်လာမည်ဟု ကျော်ကြားနေသော ကမ္ဘာဂြိုဟ် တွင်ရော ကြယ်ပင်လယ်မှ ကျင့်ကြံသူ မည်မျှ အထိ ရောက်နေပြီနည်း။  ထိုအတွေးဖြင့် ချန်းဖန်မှာ ကမ္ဘာသို့ ချက်ချင်းပင် ထ၍ ပြန်ချင် လာခဲ့‌လေသည်။

"ဘုန်း…"

ထိုအချိန်မှာပင် လဝန်းသည် ပြင်းထန်စွာ တုန်ရီကာ အစိမ်းရောင် အလင်းများမှာ တဖြည်းဖြည်း ကွယ်ပျောက် သွားသည်။ ဝိညာဉ် ရေတွင်းကား ပွင့်လာခဲ့ပြီ ဖြစ်သည်။ လူထုမှာ ဆူညံသွားသော်လည်း မည်သူမှ ရုတ်ရုတ်သဲသဲ မလုပ်ဝံ့ကြချေ။

"အကိုလင်း… သွားကြမယ်လေ"

မိုးကြိုးကျောင်းတော် ကျင့်ကြံသူ အုပ်စု အတွင်းရှိ အလွန် လှပသော အမျိုးသမီး ကျင့်ကြံသူလေး တစ်ယောက်က အဝါရောင်ဝတ် လူငယ်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။

သူမသည် မိုးကြိုးကျောင်းတော်၏ ထိပ်တန်း အမျိုးသမီး ကျင့်ကြံသူ ဖြစ်ကာ အဆင့် ၆ ရွှေအမြုတေကို ပိုင်ဆိုင်ထားသည်။ သူမအား ကြည့်ရသည်က အဝါရောင်ဝတ် လူငယ်ကို စိတ်ဝင်စားနေဟန် ရသည်။

"အင်း…"

လူငယ်က အမျိုးသမီး ကျင့်ကြံသူအား စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။ သူ၏ အပြုံးကြောင့် သူမမှာ မျက်နှာ တစ်ခုလုံး နီရဲကာ ရှက်ရွံ့သွားလေသည်။

သို့သော်လည်း အခြား တစ်ဖက်သို့ လှည့်သော အခါတွင်မူ လူငယ်၏ မျက်နှာရှိ အပြုံးမှာ ပျောက်ကွယ်သွား၏။

သူကား တောင်ပိုင်းဂြိုဟ်နယ်မြေ တစ်လွှား၌ အလွန် ကျော်ကြားသော ပါရမီရှင် တစ်ယောက် ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မိစ္ဆာနေဂိုဏ်း၏ လင်းဟယ် ဆိုသော နာမည်ကို ကြားဖူးကြ၏။ ဤကောင်းကင် ဂျူပီတာဂြိုဟ် ပေါ်ရှိ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်များပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ကြချေ။

ထိုကဲ့သို့သော လူက အပယ်ခံဂြိုဟ်တစ်ခုရှိ မိန်းကလေး တစ်ယောက်ကို မည်ကဲ့သို့ အမှန်တကယ် သဘောကျမည်နည်း။

"ဒီနေရာမှာ ဘာလို့ ခြိမ်းခြောက်မှု တစ်ခု ရှိနေသလို ငါ ခံစားနေရတာလဲ…"

လင်းဟယ်မှာ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။

ကောင်းကင် ဂျူပီတာဂြိုဟ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သော မွန်းစတား အထွတ်အမြတ်မြေ ဂိုဏ်းချုပ် မူရှောင်မှာ လွန်ခဲ့သည့် နှစ်ထောင်ဂဏန်းတည်းကပင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ယခု လက်ရှိ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်များမှာ အလွန်ဆုံး ရှိမှ အခြေတည် ဝိညာဉ် အလယ်ဆင့်များသာ ဖြစ်ကြသည်။ ထိုလောက်က သူ့ အတွက် ခြိမ်းခြောက်မှုဟု မဆိုနိုင်ချေ။

"ကြည့်ရတာ တခြား ထာဝရဂိုဏ်းတွေက တပည့် အချို့လည်း ကောင်းကင် ဂျူပီတာဂြိုဟ်ကို ရောက်နေဝာာ ထင်တယ်… ဟမ့်… သူတို့က ငါနဲ့ ယှဉ်ချင်တဲ့ အထိ သတ္တိ တယ်ကောင်း နေကြပါလား"

လင်းဟယ်၏ မျက်လုံးတွင် ခရမ်းရောင် အလင်း တစ်ခု ဖြတ်ပြေးသွား၏။

ထို့နောက် သစ်သား မွန်းစတားတို့၏ ဦးဆောင်မှု အောက်၌ ဂိုဏ်းကြီး သုံးဂိုဏ်း၏ တပည့်များမှာ ဝိညာဉ် ရေတွင်း အတွင်း တစ်သုတ်ပြီး တစ်သုတ် ဝင်ခွင့် ရကြသည်။ ဝိညာဉ် ရေတွင်း အတွင်းသို့ ဝင်ရောက်သည့် တပည့် အများစုမှာ မူလ အဆင့်နှင့် ရွှေအမြုတေ အဆင့်များသာ ဖြစ်သည်။ အကြီးအကဲစွန်းနှင့် အကြီးအကဲတင်းတို့မှာမူ အပြင်ဘက်တွင်သာ နေခဲ့ကြရ၏။

"ဟမ့်… ဟိုကောင်လေးက အချောင် အခွင့်အရေး ဝင်ယူသွားတာပဲ"

အကြီးအကဲတင်းက ချန်းဖန်ကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်သည်။

"သူက လင်းမန်ရဲ့ အသက်ကို ကယ်ထားတာပဲလေ… နောက်ပြီး သူ့ အတွက် နေရာ တစ်ခု ပေးရတာ ငါတို့ အတွက် အပန်းကြီးတာမှ မဟုတ်တာ"

အကြီးအကဲစွန်းက အေးဆေးစွာ ပြုံးရင်း ပြောလိုက်၏။

ထိုအချိန်၌ ဂိုဏ်းကြီး သုံးခု၏ ကျင့်ကြံသူများမှာ ဝိညာဉ် ရေတွင်း အတွင်း ရောက်ရှိ နေကြပြီ ဖြစ်သည်။ သူတို့သည် ဝိညာဉ် ရေတွင်း အတွင်းရှိ အလွန်အမင်း ထူထပ်သော ဝိညာဉ်ချီကြောင့် ချက်ချင်းပင် ထိုင်ကာ ကျင့်ကြံလိုသော ဆန္ဒပင် ဖြစ်ပေါ်လာခဲ့ကြသည်။

"ဝှစ်… ဝှစ်…"

များစွာသော ကျင့်ကြံသူများမှာ ဝိညာဉ် ရေတွင်း အတွင်းပိုင်းသို့ ဦးတည်၍ ပျံသန်း နေကြ၏။

ဒဏ္ဍာရီများ အရ ဆိုလျှင် မဟာ အခွင့်အရေးမှာ ရေတွင်း အောက်ခြေတွင်သာ ရှိသည်။ ထိုမဟာ အခွင့်အရေးအား သိမ်းပိုက် လိုပါက ပထမဦးစွာ ရေတွင်း အောက်ခြေသို့ သွားရောက်ရန် လိုအပ်၏။

သို့သော်လည်း သာမန် မူလ အဆင့်များမှာမူ ပေတစ်ထောင် အထိသာ ဆင်းနိုင်ခဲ့ကြသည်။ ပိုမို အစွမ်းထက်သော မူလ အဆင့်များ ပင်လျှင် ပေ တစ်ထောင့် သုံးဆယ်ထက် ပို၍ မဆင်းသက် နိုင်ခဲ့ချေ။

"ဒီနေရာလည်း မဆိုးပါဘူး…"

ဖူချင်းနှင့် ကျန်းလင်းမန်တို့မှာ အနက်ပေ တစ်ထောင်ကျော်ရှိ ကျောက်ဖြာ တစ်ခုပေါ်တွင် ထိုင်ချ လိုက်ကြသည်။ သူတို့သည် ရေတွင်း အောက်‌ခြေသို့ လိုက်မသွားတော့ပဲ ဤနေရာတွင်သာ ကျင့်ကြံရန် အစီအစဉ် ဆွဲထားကြ၏။

"ဒါနဲ့ ဟိုငါတို့နဲ့ အတူ လာတဲ့ အကိုချန်း ဘယ်ရောက်သွားတာလဲ"

ဖူချင်းမှာ ပတ်ပတ်လည်ကို ဟိုဟိုဒီဒီ ကြည့်ရင်း မေးလိုက်၏။

"သူက သာမန် မူလ အဆင့် တစ်ယောက်ပဲဟာ… ဒီအထိ‌ ရောက်အောင် မဆင်းနိုင်တာ ဖြစ်မှာပေါ့"

ကျန်းလင်းမန်က ဖူချင်းအား မျက်စောင်း ထိုးလိုက်၏။

"အကို… အကို တွေးနေတာကို ကျွန်မ သိပါတယ်… အကိုက သူ့ကို ဝိညာဉ် ကျင့်ကြံခြင်း ဂိုဏ်းထဲ ဖိတ်ခေါ်ချင် နေတာမလား… တကယ်ဆိုလေ အကို့ အနေနဲ့ ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်သင့်တယ်… အကိုသာ အဆင့် ခြောက် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ရင် ဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင် စာရင်းထဲ ကျိန်းသေ ဝင်မှာပဲ… အဲဒီ အခါကျရင် အဘိုးက အကိုနဲ့ ကျွန်မ လက်ထပ်ဖို့ကို သဘောတူလာမှာ"

ဖူချင်းမှာ ကျန်းလင်းမန်ထံမှ ထိုစကားမျိုး ကြားရသဖြင့် အံ့အားသင့် သွားမိ၏။ သူက သက်ပြင်း တစ်ချက် ချကာ ခေါင်းညိတ် လိုက်သည်။

"အင်း… ညီမလေးပြောတာ မှန်ပါတယ်… အကို့ အနေနဲ့ ကျင့်ကြံခြင်းကိုပဲ ဦးစားပေးသင့်တယ်… အကိုသာ အဆင့် ၆ ရွှေအမြုတေ လောက်ကို ဖွဲ့စည်းနိုင်ရင် ညီမလေးနဲ့ လက်ထပ်ဖို့ ပိုလွယ်လာမှာ"

ထို့နောက် ဖူချင်းက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။

သူသည် ဤအခွင့်အရေးကို ယူကာ တတ်နိုင်သမျှ အဆင့်တက်နိုင်အောင် ကျင့်ကြံတော့မည် ဖြစ်လေသည်။

…

ထိုအချိန်၌ ချန်းဖန်မှာ ဝိညာဉ်ရေတွင်း၏ အနက် ‌ပေပေါင်း တစ်သောင်းသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။ ထိုနေရာသည် ရေတွင်း၏ အောက်ခြေ ဖြစ်သလို ဖိအား အများဆုံး နေရာလည်း ဖြစ်၏။ ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ပင်လျှင် ထိုနေရာ၌ ကြာကြာ နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒီနေရာပဲ…"

ချန်းဖန်က ရေတွင်း အောက်ခြေအား ငုံ့ကြည့် လိုက်သည်။

ထိုနေရာတွင်မူ အစိမ်းရောင် အလင်း အကာအရံ တစ်ခု ရှိနေခဲ့၏။ ထိုအကာအရံကား သစ်သား ဒြပ်စင်ကို သုံး၍ ခင်းကျင်းထားသည့် အစီအရင် တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ထိုအရာက "ကောင်းကင် ကျေးကျွန်" အစီအရင် မဟုတ်ပါချေ။

"နေဦး… ဒီဟာက…"

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွားခဲ့၏။

ထိုအချိန်မှာပင် သူ၏ နောက်မှ အံ့အားသင့်နေသော အသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"မင်းကိုး…"

***

All Chapters