← Chapters

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1027

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1027

ချန်းဖန်က လှည့်ကြည့်လိုက်ရာ ဝိညာဥ် ကျင့်ကြံခြင်းဂိုဏ်း၏ စီနီယာ ချီဖန်းကို တွေ့လိုက်ရသည်။

ချီဖန်းသည် ဓမ္မ စွမ်းအားကို ဖြန့်ကျက်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထား၏။ ကြည့််ရသည်က သူသည် ဝိညာဥ် ရေတွင်း ပေတစ်သောင်း အနက်၏ ဖိအားကို အတော်လေး ခံစားနေရဟန် ရသည်။

“သူက လင်းမန်ကို ကယ်ခဲ့တယ် ဆိုတဲ့ မူလ အဆင့်မလား... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ”

ချီဖန်းမှာ သူ့ထက်ပင် စော၍ ‌ရောက်နေသော ချန်းဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ် သွားသည်။

ဤနေရာကား ဝိညာဥ်ရေတွင်း အနက်ပေ တစ်သောင်း ဖြစ်သည်။ ရွှေအမြုတေ ထိပ်ဆုံး အဆင့်များသာ အသက်ရှင် လွတ်မြောက်နိုင်သည့် နေရာ ဖြစ်သည်။ သာမန် မူလ အဆင့် ဆိုလျှင် ဖိအားဒဏ်ကြောင့် တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။

“ဘုန်း...”

ချီဖန်း ‌ရောက်ရှိပြီး စက္ကန့် သုံးဆယ်မျှ အကြာမှာပင် မိုးကြိုး အလင်း သုံးခုမှာ ထိုနေရာသို့ ထပ်မံ ရောက်ရှိ လာခဲ့သည်။ သူတို့ကား မိုးကြိုး ကျောင်းတော်၏ အုပ်စု ခေါင်းဆောင် သုံးယောက်ပင် ဖြစ်လေ၏။

ထိုသုံးယောက်သည် အဇူရာ၊ ခရမ်းနှင့် အဝါတည်းဟူသော အရောင်အဝါ အသီးသီးကို ပိုင်ဆိုင် ထားကြသည်။ သူတို့ တစ်ယောက်ချင်းစီသည် ရွှေအမြုတေ အဆင့် ထိပ်ဆုံး ကျင့်ကြံသူများ ဖြစ်ကာ အလွန်တရာ အစွမ်းထက်ကြသည်။

“ချီဖန်း... ဘာလဲ မင်းကလည်း ဒီနေရာကို လိုချင်နေတာလား… မင်းက ငါတို့နဲ့ တိုက်ခိုက်ချင်တဲ့ အထိ သတ္တိကောင်းနေတယ်ပေါ့”

ခရမ်းရောင် မိုးကြိုးများ ဝန်းရံနေသည့် ခေါင်းဆောင်က ချီဖန်းအား စူးစူးရဲရဲ ကြည့်ရင်း မေးလိုက်သည်။

“မင်း...”

ချီဖန်းမှာ မောက်မာသော စကားကြောင့် ဒေါသထွက် သွား၏။

သို့သော်လည်း သူကား အခြေအနေဖြင့် အချိန်အခါကို နားလည် သဘောပေါက်သူ ဖြစ်သည်။ သူသည် ထိုသုံးယောက်ထဲမှ မည်သူ့ကို မဆို တစ်ယောက်ချင်း ယှဥ်၍ တိုက်ခိုက်ရဲသော်လည်း သုံးယောက် တစ်ယောက် တိုက်ခိုက်ရန် အတွက်မှာမူ ယုံကြည်ချက် မရှိချေ။

သူက ချန်းဖန်ကို တစ်ချက် ကြည့်ကာ ထိုနေရာမှ ထွက်ခွာ သွားတော့၏။

“ဟား ဟား... ဒီနေရာက တကယ့်ကို ဝိညာဥ် ရေတွင်းရဲ့ အကောင်းဆုံး နေရာပဲ... အပြင်မှာ နာမည်ကြီးနေတဲ့ မဟာ အခွင့်အရေး ဆိုတာက ဒီမှာပဲ ရှိရမယ်”

မိုးကြိုးကျောင်းတော်၏ ခေါင်းဆောင် သုံးယောက်က အော်ဟစ် ရယ်မောလိုက်သည်။ သူတို့သည် ချန်းဖန်အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

ထို့နောက် ကျင့်ကြံသူ အချို့မှာ ထိုနေရာသို့ ထပ်မံ ရောက်ရှိလာကြသော်လည်း မိုးကြိုးကျောင်းတော်၏ ခေါင်းဆောင် သုံးယောက်ကို တွေ့မြင်ပြီးနောက် ချက်ချင်းပင် ပြန်လည် ထွက်ခွာသွားကြသည်။ မွန်းစတား အထွတ်အမြတ်မြေ၏ မွန်းစတား မင်းသား ပင်လျှင် တိတ်ဆိတ်စွာ နောက်ဆုတ်သွား၏။

နောက်ဆုံး၌ မိုးကြိုးကျောင်းတော် ခေါင်းဆောင် သုံးယောက်နှင့် ချန်းဖန်တို့သာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။

ခေါင်းဆောင် သုံးယောက်မှာ ယခုထိ ထွက်ခွာ မသွားသေးသော ချန်းဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ် သွားကြသည်။ ခရမ်းရောင် မိုးကြိုးများ ဝန်းရံနေသော ခေါင်းဆောင်က သူ၏ အရှိန်အဝါကို ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်၏။

“ကောင်လေး... ဒီနေရာက မူလ အဆင့်တွေရဲ့ နေရာ မဟုတ်ဘူး... ခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း”

“ဘုန်း...”

ခရမ်းရောင် မိုးကြိုးများမှာ ချန်းဖန်၏ ခန္ဓာကိုယ်ပေါ် ဝန်းရံကာ ကျဆင်းလာ၏။ ထိုမိုးကြိုးများထဲ၌ မူလ အဆင့် မဆိုထားနှင့် ရွှေအမြုတေ အစောပိုင်း အဆင့်ကိုပင် ပြာကျသွားစေနိုင်သည့် စွမ်းအားများ စီးဝင်နေသည်။

အကယ်၍ ချန်းဖန်သာ အမှန်တကယ် မူလ အဆင့် တစ်ယောက်ဖြစ်ပါက ချန်းဖန်မှာ ထိုနေရာတွင်ပင် သေဆုံး သွားလောက်ပြီ ဖြစ်သည်။

“ဟမ်...”

ချန်းဖန်က မျက်မှောင်ကြုတ်သွားကာ ပေတစ်ရာ အကွာအဝေးထိ ဆုတ်ခွာလိုက်၏။ ထို့နောက် သူက ခေါင်းဆောင် သုံးယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

“ဒါက မင်းတို့ မိုးကြိုးကျောင်းတော်ရဲ့ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းပေါ့ ဟုတ်လား....”

“ဟမ့်... မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ‌ရှောင်နိုင်တယ်ပေါ့ ဟုတ်လား... ဒါကြောင့် မင်းက ဘဝင်မြင့်‌နေတာ ဖြစ်ရမယ်”

ခရမ်းရောင် မိုးကြိုး ပိုင်ရှင် ခေါင်းဆောင်မှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း သူက ချက်ချင်းပင် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်ပြန်သည်။

“ဘုန်း...”

ကောင်းကင်၌ ခရမ်းရောင် လျှပ်စီးများ ဝန်းရံနေသည့် လက်ကြီး နှစ်ဖက်မှာ ပေါ်လာခဲ့၏။ လက်တစ်ခုချင်းစီမှာ ဆယ်ပေခန့် ကြီးမားလေရာ နတ်ဘုရား တစ်ပါး၏ လက်အစုံအလား ထင်မှတ်မှားရလေသည်။ သူတို့သည် လေထုကို ဖြတ်သန်း၍ ချန်းဖန်ထံသို့ ကျဆင်းလာရာ ပေါက်ကွဲသံများပင် ထွက်ပေါ်လာသည်။

“မင်းက တော်တော် သတ္တိကောင်း နေတာပဲ...”

ချန်းဖန်၏ မျက်လုံးများမှာ တဖျတ်ဖျတ် လင်းလက်သွား၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ အနောက်ရှိ သစ်သား ဓားမှာ ပျံတက်သွားလေသည်။

“ဟဟ... ဒီကောင်လေးက တော်တော် သတ္တိကောင်းပါလားကွ... သူက ငါတို့ မိုးကြိုးကျောင်းတော်ရဲ့ နာမည်ကျော် ခရမ်းရောင် မိုးကြိုး လက်ဝါးကိုတောင် ကြောက်တဲ့ပုံ မပေါ်ဘူး”

အဇူရာ မိုးကြိုးများ ဝန်းရံနေသည့် ခေါင်း‌ဆောင်က အနည်းငယ် ရယ်မောလိုက်သည်။

“သူက ရူးနေလို့ နေမှာပါ”

အဝါရောင် မိုးကြိုး ပိုင်ရှင် ခေါင်းဆောင်က ခေါင်းအား ခါယမ်းလိုက်သည်။

သူတို့ ဂိုဏ်းတူ ညီအကို သုံးယောက်သည် မတူညီသော မိုးကြိုး နတ်ဘုရား စွမ်းအားများကို ကျင့်ကြံကြကာ အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့သည် ကောင်းကင် ဂျူပီတာဂြိုဟ် တစ်ခုလုံးတွင်ပင် ထိပ်တန်း ပါရမီရှင်များ အဖြစ် ကျော်ကြားကာ အလွန်တရာ လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။ မူလ အဆင့် တစ်ယောက်ကို သတ်ဖြတ်ခြင်းကား သူတို့ အတွက် ထမင်းစား ရေသောက်ထက် မပိုချေ။

သို့သော်လည်း ကံမကောင်းစွာပင် ယခုတစ်ကြိမ် သူတို့ ရင်ဆိုင်နေရသော ပုဂ္ဂိုလ်မှာ ထျန်းဟောင်ဂြိုဟ်၏ ဧကရာဇ် ချန်းပေ့ရွှမ်း ဖြစ်နေခဲ့လေသည်။

“ဝှစ်...”

သူတို့ နှစ်ယောက်၏ အကြည့်များ အောက်တွင်ပင် သစ်သား ဓားပျံမှာ ခရမ်းရောင် မိုးကြိုး လက်ဝါး နှစ်ဖက်ကို ဖောက်ထွက်သွား၏။ ထို့နောက် ၎င်းက ဆက်လက် ပျံသန်းကာ ခရမ်းရောင် မိုးကြိုး ပိုင်ရှင်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားတော့သည်။

“ညီလေး...”

“ရပ်စမ်း...”

အခြား နှစ်ယောက်မှာ ခရမ်းရောင် မိုးကြိုး ပိုင်ရှင် အခြေအနေ မကောင်းကြောင်း မြင်သည်နှင့် ချက်ချင်းပင် လှုပ်ရှား လာကြသည်။

"ဘုန်း…"

တစ်ယောက်သည် နတ်ဘုရား စွမ်းအားကို ဖြန့်ကျက်၍ ခရမ်းရောင် မိုးကြိုး ပိုင်ရှင်ကို ကာကွယ်လိုက်၏။

တစ်ချိန်တည်း၌ အဇူရာ မိုးကြိုးပိုင်ရှင်က ချန်းဖန်ထံ တိုးဝင်ကာ ပေဒါဇင်ပေါင်းများစွာ ကြီးမားသော တူကြီးဖြင့် ထုနှက်လိုက်လေသည်။

“မင်းတို့ကလည်း သေချင်နေတယ်‌ပေါ့... ဟုတ်လား”

ချန်းဖန်က သစ်သားဓားကို ပြန်လည် ဆင့်ခေါ်၍ အဇူရာတူကြီးအား ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူက တစ်ဆက်တည်းပင် အဇူရာ မိုးကြိုး ပိုင်ရှင်၏ ခန္ဓာကိုယ်ကိုပါ ထက်ပိုင်းပိုင်း ပစ်လိုက်၏။

“အကိုကြီး...”

အခြား နှစ်ယောက်မှာ လုံးဝ ဆွံ့အ သွားကြလေသည်။ သူတို့သည် ချန်းဖန်ကို သရဲတစ္ဆေ တစ်ယောက်အလား ကြည့်နေမိကြ၏။

သူတို့ တွေ့ရသလောက် ဆိုလျှင် ချန်းဖန် အသုံးပြုသည့် ဓားမှာ မည်သည့် ဓမ္မ စွမ်းအားမျှ မပါသည့် သာမန် ဓားတစ်လက်သာ ဖြစ်သည်။ သို့သော်လည်း ထိုဓားသည် ထိပ်တန်း ဓမ္မ လက်နက် ဖြစ်သည့် အဇူရာတူကို ဖျက်ဆီးပစ်ခဲ့သည့် အပြင် သူတို့ထဲတွင် အစွမ်း အထက်ဆုံး ဖြစ်သည့် အဇူရာ မိုးကြိုး ပိုင်ရှင်ကိုပါ သတ်ဖြတ် ပစ်ခဲ့သည်။ ထိုအရာက သူတို့၏ စဥ်းစားဆင်ခြင်နိုင်စွမ်းထက်ပင် ကျော်လွန်နေ၏။

“ပြေး...”

အဝါရောင် မိုးကြိုးပိုင်ရှင်မှာ ဒဏ်ရာရနေသည့် ခရမ်းရောင် မိုးကြိုး ပိုင်ရှင်အား ထမ်းကာ ထွက်ပြေးရန် ကြိုးစားတော့၏။ သို့သော်လည်း ချန်းဖန်၏ လက်မှ မည်ကဲ့သို့ လွတ်နိုင်ပါမည်နည်း။ နောက်တစ်စက္ကန့် အကြာ၌ သစ်သား ဓားပျံမှာ သူတို့ နှစ်ယောက်စလုံး၏ အသက်ကို နှုတ်ယူသွားခဲ့လေသည်။

မိုးကြိုးကျောင်းတော်၏ ခေါင်းဆောင် သုံးယောက်ကား ဝိညာဥ် ရေတွင်း အောက်ခြေ၌ လူမသိ၊ သူမသိ အသတ်ခံ လိုက်ရပြီ ဖြစ်လေသည်။

“မသေချင်ရင် ကိုယ့်အခြေအနေ ကိုယ်သိသင့်တယ်...”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။

‌ရွှေအမြုတေ အဆင့် သုံးယောက်မှာ သူ့အတွက် အရေးမကြီးလှချေ။ ချန်းဖန် ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ သူ၏ ခြေထောက်အောက်ရှိ အဇူရာ အလင်း မျက်နှာပြင် သာလျှင် ဖြစ်ပေသည်။

"ပျက်စီးစမ်း…"

ချန်းဖန်က ခြေဖနှောင့်ကို ညင်သာစွာ ပေါက်ကာ ထိုမျက်နှာပြင်ကို ဖျက်ဆီးရန် ကြိုးစား လိုက်သည်။

သို့သော်လည်း အလင်း မျက်နှာပြင်ကား တုတ်တုတ်မျှပင် မလှုပ်ခဲ့ချေ။ ချန်းဖန်သည် သူ၏ ခွန်အားကို မြှင့်တင်ကာ ထပ်မံကြိုးစားလိုက်ပြန်သည်။ အဇူရာ အလင်း မျက်နှာပြင်ကား အလွန်တရာ ခိုင်ခန့်လွန်းလှသည်။ ရွှေအမြုတေ ထိပ်ဆုံး အဆင့်၏ စွမ်းအားပင်လျှင် ၎င်းအား အနည်းငယ်သာ တုန်လှုပ်စေခဲ့၏။

“ဘုန်း...”

နောက်ဆုံး၌ ချန်းဖန်က အခြေတည် ဝိညာဥ် အဆင့်၏ တိုက်ခိုက်မှုနှင့် ညီမျှသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အဇူရာ အလင်းသည် ပြင်းထန်စွာ တုန်ခါသွားကာ ချန်းဖန်ကို နောက်သို့ ပြန်လည် တွန်းကန် လိုက်၏။

“ထူးဆန်းတယ်...”

ချန်းဖန်က အစီအရင်ကို အနီးကပ် ကြည့်ကာ သေချာ လေ့လာလိုက်သည်။ ထိုအစီအရင်၌ အသုံးပြုထားသော သင်္ကေတများမှာ အလွန် လျှို့ဝှက် ဆန်းကြယ်ကာ သစ်သား ဒြပ်စင်နှင့် ဆက်စပ်နေ၏။ ထိုအရာမှာ ကောင်းကင် ကျေးကျွန် အစီအရင်နှင့် ဆင်တူသယောင်ရှိသော်လည်း အတိအကျတော့ မတူပါချေ။

“ဒီဟာက...”

ချန်းဖန်မှာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ မျက်လုံးများ ပြူးကျယ်သွား၏။ သူက တခဏမျှ စဥ်းစားပြီးနောက် အဇူရာ အလင်း မျက်နှာပြင်ကို လက်ညိုးဖြင့် ညင်သာစွာ တို့ထိလိုက်သည်။

“ဝှစ်...”

ထိုအခါ အဇူရာ အလင်း မျက်နှာပြင်တွင် လူတစ်ကိုယ် ဝင်စာ အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ချန်းဖန်သည် ထိုအပေါက်အတွင်း လျှင်မြန်စွာ ဝင်လိုက်၏။ ချန်းဖန် အခြား တစ်ဖက်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် အဇူရာ အလင်း မျက်နှာပြင်ရှိ အပေါက်မှာ ပြန်လည် ပျောက်ကွယ်သွားလေ၏။

တစ်ခဏမျှ ကြာပြီးနောက်...

ကျင့်ကြံသူ အချို့မှာ ထိုနေရာသို့ ရောက်ရှိလာကာ မိုးကြိုးကျောင်းတော်၏ အကြီးအကဲ သုံးယောက်၏ အလောင်းများကို တွေ့ရှိ သွားကြသည်။ တစ်ခဏ အတွင်းမှာပင် ထိုသတင်းသည် သူတို့ထံမှ တစ်ဆင့် အခြားလူများဆီသို့ပါ ပျံ့နှံ့ သွားလေ၏။ နေ့တစ်ဝက် အတွင်းမှာပင် ကောင်းကင် ဂျူပီတာဂြိုဟ် တစ်ခုလုံးမှာ ထိုအကြောင်းအရာကို သိရှိ သွားကြလေသည်။

***

All Chapters