နတ်ဘုရားဂိုဏ်းကြီး တစ်ခု ပေါ်ထွက်လာခြင်း
Vol. 11 Ch. 1028
မိုးကြိုးကျောင်းတော်၏ ခေါင်းဆောင် သုံးယောက်သည် အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့သည် ဘိုးဘေးများ၏ အထူး အလေးပေးခြင်းကို ခံရသလို နောင်တစ်ချိန်၌ အခြေတည် ဝိညာဥ် အဆင့်ကို ကျိန်းသေ တက်လှမ်းမည့် လူများ ဖြစ်ကြသည်။
သို့သော်လည်း ယခုတွင်မူ သူတို့ကား ဝိညာဥ်ရေတွင်း အတွင်း၌ အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။
မိုးကြိုးကျောင်းတော် ဂိုဏ်းချုပ် ချင်ကန်းသည် ချက်ချင်းပင် အခြား အကြီးအကဲများနှင့် အတူ ဝိညာဥ်ရေတွင်းသို့ ရောက်ရှိလာ၏။ သူတို့သည် လူသတ်သမားကို မတွေ့မချင်း လက်မလျှော့ဟု ကြုံးဝါးကြသည်။ အခြားဂိုဏ်း နှစ်ခု၏ ဂိုဏ်းချုပ်များမှာလည်း ထိုသတင်းကြောင့် ဝိညာဥ်ရေတွင်းသို့ ရောက်ရှိ လာကြလေသည်။
သို့သော်လည်း ဝိညာဥ်ရေတွင်း ဝင်ပေါက်ကား ပိတ်နေပြီ ဖြစ်ရာ သူတို့မှာ အထဲသို့ မဝင်နိုင်ကြချေ။ မည်မျှပင် ဒေါသထွက်စေကာမူ အကြီးအကဲများ၊ ဂိုဏ်းချုပ်များမှာ အပြင်ဘက်တွင်သာ စောင့်ဆိုင်း နေကြရလေ၏။
“ဘယ်လိုတွေ ဖြစ်ကုန်တာလဲကွာ... မိုးကြိုး ကျောင်းတော်ရဲ့ ညီအကို သုံးယောက် စလုံးက ခေတဲ့လူတွေ မဟုတ်ပါဘူး...”
“အမှန်ပဲ... ဘယ်လိုလူမျိုးက သူတို့ကို သတ်သွားတယ် မသိဘူး...”
များစွာသော လူများမှာ ဆွေးနွေး နေကြ၏။
“ငါတို့ရဲ့ စီနီယာ မလုပ်တာတော့ သေချာတယ်...”
ဝိညာဥ် ကျင့်ကြံခြင်းဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်က ပြောသည်။
ချီဖန်းမှာမူ တည်ငြိမ်စွာ ရပ်ကာ စဥ်းစားနေခဲ့၏။ သူသည် အနက်ရောင် မျက်လုံး၊ အနက်ရောင် ဆံပင်ပိုင်ရှင် မူလ အဆင့်၏ အကြောင်းကို မစဥ်းစားပဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုကောင်လေးကား မိုးကြိုးကျောင်းတော် ညီအကို သုံးယောက်နှင့် နောက်ဆုံး အတူရှိခဲ့သူ ဖြစ်သည်။
ဖူချင်းနှင့် ကျန်းလင်းမိန်တို့မှာလည်း ထိုသတင်းကို ကြားသိကြရသည်။ သို့သော်လည်း သူတို့ကား ရွှေအမြုတေ အဆင့်ကိုပင် မရောက်သေးသည့်လူများ ဖြစ်ကြရာ ထိုအရာများနှင့် အလှမ်းကွာဝေးလွန်းလှပေသည်။
***
ထိုအချိန်၌ ချန်းဖန်မှာမူ အလင်း ဥမင်တစ်ခု အတွင်း၌ ပျံသန်းနေခဲ့လေသည်။ ဥမင်၏ တစ်ဖက်တစ်ချက်သည် အဇူရာအလင်းများဖြင့် ပြည့်နှက်နေ၏။ ထိုအလင်းများသည် ရက်စက်ကြမ်းကြုတ်မှု အရှိန်အဝါများကို ထုတ်လွှတ်နေကာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ဟန် ရလေသည်။
“ဟူး... ဟူး...”
ချန်းဖန်သည် တောက်ပသော အလင်းများကို အကာအရံ သဖွယ် ထုတ်လွှတ်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို ကာကွယ်ထားသည်။ သူသည် အလွန် မောက်မာသူ တစ်ယောက် ဖြစ်သည့်တိုင် အဇူရာ အလင်းများနှင့် ထိတွေ့မည်ကို လိုလားဟန် မရချေ။
“ဝှစ်...”
အလင်းဥမင်ထဲမှ ထွက်ပြီးနောက် ချန်းဖန်သည် နတ်ဘုရား ကုန်းမြေ ကဲ့သို့သော နေရာ တစ်ခုသို့ ရောက်ရှိ လာခဲ့သည်။ ထိုနေရာ၌ များစွာသော သစ်ပင်ကြီးများ တည်ရှိနေပြီး ထိုသစ်ပင် တစ်ခုချင်းစီမှာ အပြင်ကမ္ဘာရှိ သစ်ပင် တစ်ခုချင်းစီထက် ဆယ်ဆမျှ ပိုမို ကြီးမားလေသည်။
ချန်းဖန်သည် ထိုနတ်ဘုရား ကုန်းမြေ၌ မရေမတွက်နိုင်သည့် ဝိညာဥ်ဆေးပင်များကို တွေ့ရ၏။ သူသည် နတ်ဘုရား ဆေးပင် ရှစ်ပင်ကိုပင် တွေ့မြင်ခဲ့ရသည်။
အချို့ သက်တမ်းရင့် ကောင်းကင် ဆေးပင်ကြီးများ ဆိုလျှင် “ခေါင်းကိုးလုံး ဖီးနစ်ငှက်” ကဲ့သို့ ကိုယ်ပိုင် အသိဉာဏ်များကိုပင် ပိုင်ဆိုင်ထားကြသည်။ သူတို့သည် နတ်မြင်း၊ မြွေ၊ သမင်၊ ကျား စသည့် သားရဲများ အဖြစ်သို့ပင် ပြောင်းလဲနိုင်စွမ်း ရှိကြလေသည်။
သို့သော်လည်း ချန်းဖန်အား အဆွဲဆောင်နိုင်ဆုံးသော အရာမှာ ကောင်းကင်၌ လွင့်မြောနေသည့် အစိမ်းရောင် အလင်းလုံး ကလေး ဖြစ်သည်။ ၎င်းသည် အသက်ရှိသည့် အလား တုန်ခါနေ၏။ မရေမတွက်နိုင်သော အလင်း နွယ်ပင်များသည် ထိုအလင်းလုံးလေးနှင့် မြေပြင်ကို ဆက်သွယ် ထားကြသည်။
“သစ်သား နတ်ဘုရား နှလုံးသား...”
ချန်းဖန်က အလင်းလုံးလေးကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာမူ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေ၏။ သူ၏ ပုံစံက မမျှော်လင့်ထားသည့် အရာတစ်ခုကို ရုတ်တရက် တွေ့မြင်လိုက်ရခြင်းကြောင့် ဆွံ့အသွားသည့်ပုံ ပေါ်လေသည်။
“ဒီဂြိုဟ်ပေါ်မှာ သစ်သား နတ်ဘုရား နှလုံးသားကို သိတဲ့လူ တစ်ယောက် ရှိလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး... ကြည့်ရတာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ ကျင့်ကြံသူတွေက လူတွေ အထင်သေးသလို ဗဟုသုတ နည်းပုံ မပေါ်ဘူးပဲ”
ချန်းဖန်၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်းဖန်က လှည့်ကြည့်လိုက်ရာ အလင်း ဥမင်ထဲမှ ထွက်ပေါ်လာသည့် စုံတွဲတစ်တွဲကို တွေ့မြင်လိုက်ရသည်။ ယောကျ်ားလေးမှာ အဝါရောင် ဝတ်စုံဝတ် လူငယ် ဖြစ်ကာ မိန်းကလေးမှာမူ မိုးကြိုးကျောင်းတော်မှ ပါရမီရှင်ပင် ဖြစ်သည်။
အဝါရောင်ဝတ် လူငယ်သည် ကြေးရောင် မီးအိမ် တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုမီးအိမ်သည် တောက်ပသော မီးရောင်ကို ထုတ်လွှတ်ကာ ဥမင် အတွင်းရှိ အဇူရာ အလင်းများကို တားဆီးပေး၏။ ထိုအရာမှာ အကာအကွယ် အစီအရင် တစ်ခု ဖြစ်ဟန်ပေသည်။
“ကြယ်ပင်လယ်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေက တကယ် မှန်နေတာပဲ... ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်မှာ တကယ်ပဲ အခွင့်အရေး တစ်ခု ရှိနေတယ်... ငါ ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာ မမှားဘူးပဲ”,
အဝါရောင်ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများမှာ အဇူရာ အလင်းလုံးလေးကို ကြည့်ကာ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။
“အကိုလင်းဟယ်... သစ်သား နတ်ဘုရား နှလုံးသားဆိုတာ ဘာလဲ”
သူ၏ ဘေးရှိ လှပသော မိန်းကလေးက နားမလည်သည့်ဟန်ဖြင့် မေးလိုက်၏။
“သစ်သား နတ်ဘုရား နှလုံးသား ဆိုတာက အရမ်းကို ရှားပါးတဲ့ ရတနာ တစ်ခုပေါ့ကွာ... အဲဒါက ကောင်းကင် ဂျူပီတာဂြိုဟ် တစ်ခုလုံးထက်တောင် ပိုပြီး အဖိုးတန်တယ်... ရှင်းရှင်းပြောရရင် သစ်သား နတ်ဘုရား နှလုံးသားကို ရတဲ့ ဘယ်သူမဆို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို အလွယ်ကလေး ရောက်နိုင်စွမ်း ရှိတယ်...မစိုးရိမ်ပါနဲ့ လိပ်ပြာလေးရဲ့... အကို မင်းကို မျှပေးမှာပါ”
လင်းဟယ်ဟု ခေါ်သော အဝါရောင်ဝတ် လူငယ်က မိန်းကလေး၏ ခါးကို ဖက်ကာ ဆိုလိုက်၏။ ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။
“ကောင်လေး... သစ်ပင် နတ်ဘုရား နှလုံးသား အကြောင်းကို မင်း ဘယ်က ကြားလာလဲ ဆိုတာ ငါမသိဘူး... အေး နောက်ပြီးတော့ မင်းက ကြောင်လက်သည်းဖွက်သလို ခွန်အားကို လျှိုထားတယ် ဆိုရင်လည်း ငါသောက်ဂရု မစိုက်ဘူးကွာ... ဒါပေမဲ့ မင်း အလိုက်တသိ ထွက်မသွားရင်တော့ ငါ မင်းကို သတ်ရလိမ့်မယ်... ငါက မိစ္ဆာနေဂိုဏ်းရဲ့ လင်းဟယ်ပဲ”
“ဘုန်း...”
စကားဆုံးသည်နှင့် လင်းဟယ်၏ ခန္ဓာကိုယ်မှ စွမ်းအင်များမှာ ထွက်ပေါ်လာခဲ့သည်။ သူသည် ချက်ချင်းပင် ငါးတစ်ကောင် အဖြစ်မှ နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ ဘေးရှိ လိပ်ပြာလေးမှာမူ ကြောက်မက်ဖွယ် ဖိအားများကြောင့် လက်တစ်ချောင်းပင် မလှုပ်ရှားနိုင်တော့ချေ။
“အခြေတည် ဝိညာဥ် အဆင့်... အကိုလင်းဟယ်က အခြေတည် ဝိညာဥ် အဆင့် ဖြစ်နေတာလား... သူရဲ့ အရှိန်အဝါက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေထက်တောင် ပိုပြီး အစွမ်းထက် နေသေးတယ်”
လိပ်ပြာလေးမှာ အသက်ရှူ ရပ်မတတ် ထိတ်လန့် သွားခဲ့သည်။ သူမသည် ခြင်္သေ့ တစ်ကောင်၏ အရှေ့၌ ရပ်နေသည့် ယုန်သူငယ် တစ်ကောင်အလား ခံစားနေရ၏။
“မိစ္ဆာနေဂိုဏ်းရဲ့ လင်းဟယ် ဟုတ်လား... မင်းနာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး...”
ချန်းဖန်က လူငယ်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ဟဟ... မင်းလို စွန့်ပစ်ခံဂြိုဟ်နယ်မြေမှာ မွေးတဲ့ ကောင်စုတ်လေးက ငါ့ကို မသိတာ မထူးဆန်းပါဘူး... ဒါ ထားလိုက်ပါလေ... လိုရင်းသွားရအောင်... မင်းက သစ်သား နတ်ဘုရား နှလုံးသား အတွက် ငါနဲ့ တိုက်ခိုက်ချင် နေတာလား”
လင်းဟယ်က မေးလိုက်၏။
“မှားနေပြီ...”
ချန်းဖန်က ခေါင်းခါလိုက်သည်။
“ဒီသစ်သား နတ်ဘုရား နှလုံးသား အခွံပဲ ကျန်တော့တယ်.. အမြုတေကို တစ်ယောက်ယောက်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် ကတည်းက ယူသွားပြီ”
“ဘယ်လို...”
လင်းဟယ်မှာ အံ့အားသင့်သွား၏။ သူက ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်ကာ သစ်သား နတ်ဘုရား နှလုံးသားကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူသည် သစ်သား နတ်ဘုရား နှလုံးသား အတွင်း၌ အမြုတေများ ပြည့်နှက်နေသည်ကိုသာ တွေ့မြင်ရ၏။ ထိုအရာက အခွံတစ်ခုနှင့် လားလားမျှ မတူချေ။
“ဟမ့်... မင်းက ညာနေတာပဲ...”
လင်းဟယ်က နှာခေါင်းရှုံ့ လိုက်သည်။
“ကောင်စုတ်လေး... မင်းက ဒီနေရာကိုတောင် တစ်ယောက်တည်း ရောက်အောင် လာနိုင်ခဲ့တယ် ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ... မင်း ငါတို့ဂိုဏ်းထဲကို ဝင်ပြီး ငါ့နောက်လိုက် လုပ်မလား... ငါတို့ဂိုဏ်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေကိုတောင် ပိုင်ဆိုင်ထားတယ်... မင်းသာ မိစ္ဆာနေဂိုဏ်းဝင် ဖြစ်ရင် ဒီစွန့်ပစ်ခံဂြိုဟ်နယ်မြေမှာ ကြိုက်သလို ထင်တိုင်းကြဲလို့ ရပြီကွ... နောက်ပြီး ငါ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တက်လှမ်းပြီးတဲ့ အခါကျရင် မင်းကို ငါ့ရဲ့ နတ်ဘုရား ဗိုလ်ချုပ် အဖြစ် ခန့်မယ်ကွာ... ဘယ်လိုလဲ”
အကယ်၍ ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်မှ ကျင့်ကြံသူများမှာ ထိုကမ်းလှမ်းချက်ကို ကြားပါက စိတ်လှုပ်ရှားလွန်းသောကြောင့် ရူးသွပ်သွားလိမ့်မည် ဖြစ်သည်။ ထိုအရာကား သူတို့ ဘဝ၌ တစ်ကြိမ်မှ မရနိုင်သည့် အခွင့်အရေးကြီး ဖြစ်ပေသည်။
သို့သော်လည်း ချန်းဖန်မှာမူ လင်းဟယ်၏ ကမ်းလှမ်းမှုကို ကြားပုံပင် မပေါ်ချေ။ သူက သစ်သား နတ်ဘုရား နှလုံးသားကိုသာ သေချာစွာ အကဲခတ်နေခဲ့လေသည်။
“မင်းက ငါဘယ်လိုလူလဲ ဆိုတာ သိပုံ မပေါ်ဘူးပဲ”
လင်းဟယ်က သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ချန်းဖန်အား ကုတ်ဆွဲရန် ကြိုးစားလိုက်၏။
“ဘုန်း...”
လင်းဟယ်မှာ ဓမ္မ စွမ်းအား အနည်းငယ်ကိုသာ အသုံးပြုခဲ့သည့်တိုင် သူ၏ တိုက်ခိုက်မှုတွင် အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့်၏ စွမ်းအားများ စီးဝင်နေသည်။ နေမင်းသည် မိစ္ဆာချီကို သယ်ဆောင်၍ ထွန်းလင်းသည့် အလား ကြောက်မက်ဖွယ် စွမ်းအားများမှာ ကုန်းမြေ တစ်လွှား၌ ပြည့်လျှံ သွား၏။ များစွာသော ဝိညာဥ် ဆေးပင်များမှာ အမျိုးမျိုးသော သားရဲများ အသွင် သဏ္ဌာန်သို့ ပြောင်းလဲကာ ထိုနေရာမှ ထွက်ပြေး ကုန်ကြလေသည်။
“သူ သေတော့မှာပဲ...”
လိပ်ပြာလေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားသည်။ သူမသည် ချန်းဖန် အတွက် စိတ်မကောင်း ဖြစ်သွားမိ၏။
သို့သော်လည်း သူမ၏ မျှော်လင့်ချက်နှင့် ကင်းကွာစွာပင် ချန်းဖန်က လက်အား ညင်သာစွာ လှုပ်ယမ်းလိုက်သည်။
“ထွက်သွားစမ်း...”
“ခရက်...”
ရုတ်တရက် ကောင်းကင်၌ ပေါ်နေသည့် လင်းဟယ်၏ ခရမ်းရောင်မြူလက်ကြီးမှာ အပိုင်းပိုင်း အစစ အဖြစ် အက်ကွဲသွား၏။
ထို့နောက် စွမ်းအားတစ်ခုက ဆက်လက်တိုးဝင်ကာ သူ၏ ရင်ဘတ်အား ထိသည်။ ထိုစွမ်းအားသည် လင်းဟယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် ဓမ္မ အစီအရင်ကို ချိုးဖျက်ကာ နောက်သို့ ပေတစ်ထောင်ခန့်ပါ လွင့်စဥ် သွားစေခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
လိပ်ပြာလေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။
လင်းဟယ်ကား အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် သူသည် အဇူရာ ဝတ်စုံဝတ် လူငယ်လေး၏ လက်ချက်ဖြင့် နောက်သို့ လွင့်စဥ် သွားခဲ့ရသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
“မင်းက သတ္တိကောင်းနေတယ်ပေါ့...”
လင်းဟယ်မှာ မျက်နှာတစ်ခုလုံး နီရဲသည်အထိ ဒေါသထွက် သွား၏။
သူကား မိစ္ဆာနေဂိုဏ်း၏ နတ်ဘုရား မင်းသား ဖြစ်သလို ကြယ်ပင်လယ်တွင်ပင် ထင်ရှားသူ တစ်ယောက် ဖြစ်ပေသည်။ သူ့သို့သော လူတစ်ယောက် အနေဖြင့် စွန့်ပစ်ခံဂြိုဟ်နယ်မြေရှိ လူငယ်လေး တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ရှက်ဖွယ်ကောင်းလွန်းလှသည်။
“ဘုန်း...”
လင်းဟယ်၏ အရှိန်အဝါမှာ ပိုမို မြင့်တက်လာ၏။ မဟူရာ နေတစ်စင်းမှာ သူ၏ နောက်၌ ထွန်းလင်းလာသည်။ ထိုနေသည် ပေတစ်ရာခန့် ကြီးမားကာ မိစ္ဆာချီများဖြင့် လွှမ်းခြုံနေ၏။
“မိစ္ဆာနေ ကျင့်စဥ်...”
လင်းဟယ်ကား မိစ္ဆာနေဂိုဏ်း၏ အစွမ်း အထက်ဆုံးသော ကျင့်စဥ်ကို ထုတ်သုံးနေခဲ့ပြီ ဖြစ်လေသည်။
“ဝှစ်...”
ချန်းဖန်က ခန္ဓာကိုယ်အား အနည်းငယ် လှုပ်ရှားလိုက်ရာ နတ်ဘုရား သစ်ပင်မှာ သူ၏ နောက်၌ ပေါ်လာခဲ့သည်။ မိုင်တစ်ထောင် ဧရိယာ အတွင်းရှိ သစ်ပင်များနှင့် လေထု တစ်ခုလုံးမှာ သူတို့၏ သခင်ကို နှုတ်ဆက်သည့် အလား ပြင်းထန်စွာ ခါယမ်း လာကြ၏။
“ဘုန်း...”
ချန်းဖန်က မဟူရာနေနှင့် လင်းဟယ်အား မြေပြင်ပေါ် ရိုက်ချလိုက်သည်။ ထို့နောက် သူက လင်းဟယ် ရင်ဘတ်အား တက်နင်းကာ ငုံ့ကြည့်လိုက်၏။
“ငါ မင်းကို နောက်ဆုတ်ဖို့ အခွင့်အရေး ပေးပြီးပြီ... ဒါပေမဲ့ မင်းက ငါ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်ဖို့ပဲ လုပ်နေတယ်... မင်းလို မိစ္ဆာနေဂိုဏ်းရဲ့ နတ်ဘုရား မင်းသားလေး မပြောနဲ့... ဒီ အဇူရာသက်ရှည် နတ်ဘုရား ထောင်ချောက် အစီအရင်ကို ဖန်တီးခဲ့တဲ့ ဒြပ်စင်ငါးပါး နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင် ကိုယ်တိုင် လာရင်တောင် ငါက သတ်ပစ်နိုင်တယ်...”
လင်းဟယ်မှာ ပထမ၌ ဆွံ့အ သွား၏။ ထို့နောက် ရုတ်ချည်းပင် သူ၏ မျက်နှာ တစ်ခုလုံးမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက် သွားသည်။
“ဒါ... ဒါက အဇူရာသက်ရှည် နတ်ဘုရား ထောင်ချောက် အစီအရင်... ဟုတ်လား”
***