← Chapters

ပြင်းထန်သော အရှိန်အဟုန်

Vol. 40 Ch. 599

ပြင်းထန်သော အရှိန်အဟုန်

Vol. 40 Ch. 599

အသူရာမျိုးနွယ်သည် သူတို့၏အံ့ဩဖွယ်တိုက်ခိုက်ရေးစွမ်းရည်ရှိသော်လည်း သူတို့၏ သဘောတူညီချက်များကို အမြင့်ဆုံးတန်ဖိုးထားသည်မှာ လူသိများသည်။ သူတို့တွင် ကိုယ်ပိုင်ဂုဏ်သိက္ခာအသိ ရှိသည်။

အကယ်၍ သခင်ကြီးဒန်မသေဆုံးဘဲ အသူရာမျိုးနွယ်က သဘောတူညီချက်ကို ကိုယ်တိုင် ဖောက်ဖျက်ခဲ့မည်ဆိုလျှင် ဒါက သူတို့မျိုးနွယ်၏စည်းမျဉ်းများကို သေချာပေါက် ဆန့်ကျင်ရာ ရောက်မည်ဖြစ်ပြီး အသာစီးရမည့်သူမှာ လူသားမျိုးနွယ်ဖြစ်ပေလိမ့်မည်။

ဒီအခွင့်အရေးဖြင့် လူသားမျိုးနွယ်သည် အသူရာမျိုးနွယ်နှင့် သဘောတူညီချက်အသစ်တစ်ခုပြုလုပ်ပြီး ထာဝရ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေနိုင်ပေမည်။

တစ်ဖန် လူတိုင်းသည် အဖြူရောင်ဝတ်စုံနှင့် ဆံပင်ဖြူပုံရိပ်ကို ကြည့်လိုက်ကြပြီး မတွေးဘဲ မနေနိုင်တော့ပေ၊ ဒါတွေအားလုံးက ကောင်းကင်ဘုံမျှော်စင်၏ နိုင်ငံတော် ဆရာ၏ တွက်ချက်မှုများ၏ တစ်စိတ်တစ်ပိုင်းများ ဖြစ်နေမလား။

ရန်သူများ၊ မဟာမိတ်များ၊ အားလုံးသည် နိုင်ငံတော် ဆရာ၏လက်ထဲမှ နယ်ရုပ်များသာ၊ တကယ်ပဲ ကောက်ကျစ်လှသည်...

ကောင်းကင်ဘုံမျှော်စင်၏ နိုင်ငံတော် ဆရာက လှမ်းကြည့်လိုက်ရာ လူတိုင်းအလျင်အမြန် မျက်နှာလွှဲလိုက်ကြသည်။

ချန်းဖေးလန်က အေးစက်စွာမေးလိုက်သည်။

"ဒါဆိုရင် အခုငါတို့လုပ်နိုင်တာက ဒီမှာစောင့်နေဖို့ပဲလား။ ငါ့ယောက်ျားကို လျှို့ဝှက် ကြံစည် သတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ အဲ့ဒီလူတွေအတွက်ရော ဘာလုပ်သင့်လဲ။"

အကယ်၍သာ ချင်ဖုန်းက ဒါတွေအားလုံးကို စောစောစီးစီးမမျှော်လင့်ထားဘဲ ကြိုတင်ကာကွယ်မှုများ မလုပ်ဆောင်ခဲ့လျှင် ဒီအတုအယောင်အားလုံးမှာ အမှန်တကယ်ဖြစ်လာသကဲ့သို့ ထင်မှတ်ရပေမည်။ ဒီအကြောင်းကို စဉ်းစားရင်း သူမ မကျေမနပ်ဖြစ်ကာ ဒီလူတွေကို အရင် သတ်ပစ်ချင်စိတ် ပေါက်လာသည်။

"ချက်ချင်းလှုပ်ရှားလိုက်ရင် ရန်သူကိုသတိပေးလိုက်သလိုပဲဖြစ်သွားလိမ့်မယ်။ ငါတို့ အသူရာ မျိုးနွယ်ဆီက လှုပ်ရှားမှုတစ်ခုခုရှိလာတဲ့အထိ စောင့်ရမယ်။"

"ဒါ့အပြင် မိစ္ဆာနှိမ်နင်းရေးဌာနကို သခင်ကြီးဒန်က လျှို့ဝှက်စေလွှတ်ပြီးသားဖြစ်သလို အရှင်မင်းကြီး ကိုယ်တိုင်ကတောင် အတွင်းပိုင်းရှင်းလင်းရေးလုပ်ဖို့ စုံစမ်းစစ်ဆေးရေးဌာနက ယုံကြည်စိတ်ချရတဲ့ အရာရှိတွေကို စေလွှတ်ထားပြီးပြီ။"

"ရန်သူအားလုံးကို ဖမ်းမိဖို့က အချိန်ကာလတစ်ခုပဲလိုတော့တယ်။"

ချင်ဖုန်းက ဆိုလိုက်သည်။

ချန်းဖေးလန်သည် တိတ်ဆိတ်နေဆဲဖြစ်သော်လည်း သူမ၏မျက်ခုံးအနည်းငယ်တွန့်ချိုးမှုကတော့ သူမ၏လက်ရှိ မကျေနပ်မှုကို ပြသနေဆဲပင်။

ဘေးတွင် လျိုကျန့်လီသည် တည်ငြိမ်အေးဆေးနေပုံရသော်လည်း သူမ၏မျက်လုံးများထဲမှ အေးစက်မှုကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။

သူတို့နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် ဒေါသများသိုလှောင်ထားသည်။ သူတို့က သူတို့၏ကိုယ်ပိုင် ယောက်ျားကို အနိုင်ကျင့်နိုင်သော်လည်း တခြားသူများကိုတော့ အနိုင်ကျင့်ခွင့်မပြု။

လက်ရန်းမှကြည့်လျှင် အပြင်ဘက်မှမိုးမှာ မသိမသာသာဖြစ်သော်လည်း ကောင်းကင်မှာ မှောင်မိုက်နေဆဲပင် ဖြစ်သည်။

ကောင်းကင်ဘုံမျှော်စင်၏ နိုင်ငံတော် ဆရာသည် အရှေ့ဘက်သို့ငေးကြည့်နေပြီး သူ၏မျက်လုံးများမှာ ကောင်းကင်ကိုထင်ဟပ်နေကာ အတွေးထဲနစ်မြောနေသည်။

'ညမှောင်မိုးရွာ အိမ်ပေါက်က ရေယိုသလို ဒုက္ခတွေ တစ်ခုပြီးတစ်ခု ရောက်လာတယ်' ဟူသော ဆိုရိုးစကားအတိုင်းပင်။

လွန်ခဲ့သောနှစ်ရက်က မင်းသား၏ သေဆုံးမှုသတင်းသည် ပြည်သူများ၏နှလုံးသားကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး ယခုနောက်ထပ်သတင်းတစ်ခုက ကောင်းကင်ပြိုကျလာသကဲ့သို့ ခံစားလိုက်ရကာ အရှေ့ပိုင်းနယ်မြေမှ မင်းနေပြည်တော်အထိ ပျံ့နှံ့လာသည်။

အသူရာမျိုးနွယ်သည် အရှေ့ပိုင်းနယ်မြေ၏ နယ်နိမိတ်များကို ကျော်လွန်သွားခဲ့ပြီး မူလသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီ။

အစပိုင်းတွင် အချို့လူများ မယုံကြည်ကြသော်လည်း သတင်းမှာ ပို၍ပို၍ပျံ့နှံ့လာသည်။

အချို့မှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး အမြဲတမ်း ကတိစကားကိုတန်ဖိုးထားသော အသူရာမျိုးနွယ်က ဘာလို့ရုတ်တရက် သူတို့၏ရပ်တည်ချက်ကို ပြောင်းလဲရသနည်း။ သတ်ဖြတ်လိုသည့်စိတ် ရည်ရွယ်ချက်က ထိန်းမထားနိုင်လောက်အောင် သိသာထင်ရှားလာလို့များလား။

တစ်စုံတစ်ယောက်က အသူရာမျိုးနွယ်နှင့် သဘောတူညီမှုပြုလုပ်ခဲ့သူမှာ မိစ္ဆာနှိမ်နင်းရေးဌာနမှ သခင်ကြီးဒန်ဖြစ်ကြောင်း ထောက်ပြလိုက်သည့်တိုင်အောင်ပင်။

ပြီးတော့ သခင်ကြီးဒန်က သေဆုံးသွားပြီ။

တစ်ခဏအတွင်း သူတို့၏နှလုံးသားများ ကြောက်ရွံ့မှုဖြင့်တုန်လှုပ်သွားသည်။

အသူရာမျိုးနွယ်သည် ကြမ်းတမ်းပြီး တိုက်ခိုက်ရေးကျွမ်းကျင်ကာ တစ်ယောက်တည်းဖြင့် တစ်ရာကိုတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု လောကတွင်လူသိများသည်။

ထို့အပြင် ကြောက်မက်ဖွယ် အသူရာဘုရင်သည် နတ်ဘုရားအစောင့်အရှောက်နှင့်ပင် တစ်ခါတိုက်ခိုက်ပြီး သူယှဉ်နိုင်ခြင်းမရှိသော်လည်း ထိခိုက်မှုမရှိဘဲ လွတ်မြောက်နိုင်ခဲ့ရာ သူ၏အစွမ်းမည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။

ဒါ့အပြင် နတ်ဘုရားအစောင့်အရှောက်သည် အချိန်အတော်ကြာ လှုပ်ရှားမှုမပြုခဲ့ဘဲ ဖြစ်နိုင်တာက သူအသက်ကြီးလာပြီး အသူရာဘုရင်နှင့် မယှဉ်နိုင်တော့လျှင်...

အကယ်၍သာ ဒီလိုဖြစ်ခဲ့လျှင် လူသားမျိုးနွယ်အတွက် ကပ်ဘေးဆိုက်ရောက်လာမည် မဟုတ်ဘူးလား။

မည်သူမျှ ဆက်လက်မစဉ်းစားဝံ့တော့ပေ။ တစ်ချိန်ကစည်ကားခဲ့သော စားသောက်ဆိုင်သည် ယခုအခါ ကြောက်မက်ဖွယ် တိတ်ဆိတ်နေသည်။

နောက်ဆုံးတော့လည်း မကြာသေးမီကဖြစ်ရပ်များသည် သာမန်ပြည်သူများ ပေါ့ပေါ့ဆဆ ဆွေးနွေးနိုင်သော ကိစ္စများမဟုတ်ပေ။

ဒါ့အပြင် ပြည်သူများသည် မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုကို ဆုပ်ကိုင်ထားဆဲပင်။ ဖြစ်နိုင်တာက အရှေ့ပိုင်းမိစ္ဆာနှိမ်နင်းရေးဌာနမှ လေးစားရပါသောပုဂ္ဂိုလ်များက အသူရာမျိုးနွယ်ကို သူတို့၏အစွန်အဖျားနယ်မြေသို့ ပြန်လည်မောင်းထုတ်နိုင်မည်လား။

အရှေ့ပိုင်းမိစ္ဆာနှိမ်နင်းရေးဌာနနှင့် ဟွိုင်မင်းသားတို့သည် အသူရာမျိုးနွယ်အား မဟာချန်ကို လွတ်လပ်စွာ ကျူးကျော်ခွင့်ပြုမည် မဟုတ်ပေ။

စစ်သည်တော်တစ်သိန်းနီးပါး အတူတကွစုဝေးပြီး အသူရာမျိုးနွယ်၏ အနောက်ဘက်သို့သွားရာ တစ်ခုတည်းသောလမ်းကို ပိတ်ဆို့ထားသည်။

မိစ္ဆာနှိမ်နင်းရေးဌာန၏ ထိပ်တန်းအင်အားစုများအားလုံး ရှိနေကြသည်၊ အရှေ့ပိုင်းနယ်မြေ တပ်မှူးချုပ်၊ နတ်စစ်သူကြီးဆယ့်နှစ်ဦးမှ သုံးဦးနှင့် ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးမှ အများအပြားသည် လေထဲတွင်ဆိုင်းငံ့နေကြပြီး ချဉ်းကပ်လာသော လွှမ်းမိုးနေသည့်သတ်ဖြတ်လိုသောအရှိန်အဝါကို မျက်မှောင်ကြုတ်လျက် ကြည့်ရှုနေကြသည်။

အသူရာမျိုးနွယ်၏ ချီတက်မှုမှာ အစီအစဉ်မရှိဘဲ ပေါ့ဆပုံရသော်လည်း မြစ်ကိုဖြတ်ကူးနေသော ကြမ်းတမ်းသည့်နဂါးတစ်ကောင်ကဲ့သို့ လူတိုင်းကို အသက်ရှူမှားသွားစေသည်။

ထိုသွေးဆာသောမျက်လုံးများ၊ ထိုကြောက်မက်ဖွယ်တိုက်ခိုက်လိုစိတ်တို့သည် ငှက်များနှင့် သားရဲများကို ထွက်ပြေးစေပြီး မြင်းများကို မငြိမ်မသက်ဖြစ်စေသည်။

အထူးသဖြင့် ကောင်းကင်သတ် အသူရာနှင့် ဧရာမသားရဲကြီးများ၏ခေါင်းများပေါ်တွင် စီးနင်းနေသော ကြီးမြတ်သည့်စစ်ဘုရင်လေးပါးပင်။ သူတို့သည် ကောင်းကင်ကိုဝါးမြိုနေသော မိစ္ဆာများကဲ့သို့ပင်။ သူတို့ထံမှအကြည့်တစ်ချက်ကပင် စိတ်ဓာတ်ခိုင်မာသူများ၏ သတ္တိကို ချက်ချင်းကြိတ်ချေပစ်နိုင်သည်။

တိုက်ခိုက်ခြင်းပင်မပြုဘဲ လူတိုင်းကိုဖိအားပေးနေသည်၊ ဒါက အသူရာမျိုးနွယ်၏ ပြိုင်ဘက်ကင်းသောအစွမ်းပင်။

အင်အားအကြီးဆုံး အရှေ့ပိုင်းတပ်မှူးချုပ်က ရှေ့သို့တစ်လှမ်းတိုးပြီး အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့အရင်က ငါ့ဆရာနဲ့လုပ်ခဲ့တဲ့သဘောတူညီချက်က အခုပျက်ပြယ်သွားပြီလို့ ဆိုလိုတာလား။"

အမှန်စင်စစ် သူသည် တစ္ဆေတစ်ရာ တာအိုမျိုးဆက်ကိုကျင့်ကြံသော ဒန်မော့၏တပည့်ဖြစ်ပြီး 'တောကန္တာရရှစ်ခွင်မှ တစ္ဆေငိုသံ' ဟုလူသိများသော ချိုးဝူဟန် ဖြစ်သည်။

ကောင်းကင်သတ် အသူရာ၏ပလ္လင်ဘေးတွင် လက်မောင်းနှင့်အရိုးများပေါ်လွင်နေသော အရပ်ရှည်ပြီးပိန်သော အသူရာတစ်ဦးက ဆိုလိုက်သည်။

"အရင်က ငါတို့မျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တဲ့သူက အဲ့ဒီအဘိုးကြီးဒန်မော့ပဲ၊ ပြီးတော့ မကြာသေးခင်က သူ့သေဆုံးမှုသတင်းက ငါတို့မျိုးနွယ်ဆီကိုရောက်လာခဲ့တယ်။"

"ငါတို့က သတင်းရဲ့အမှန်တရားကို ကိုယ့်မျက်စိနဲ့ကိုယ်အတည်ပြုဖို့ မင်းနေပြည်တော်ကို သွားရမယ်။ အကယ်၍သာမှန်ခဲ့ရင် သဘောတူညီချက်က သဘာဝကျကျ ပျက်ပြယ်သွားမှာပဲ။"

ဒီပုဂ္ဂိုလ်မှာ စစ်ဘုရင်လေးပါးထဲမှတစ်ဦးဖြစ်သော မိစ္ဆာဘုရင် ဘီမာလာပင်။

"ဒီကိစ္စရဲ့အမှန်တရားကို အတည်မပြုခင်မှာ ခင်ဗျားတို့အရှေ့ပိုင်းဒေသကို ကျူးကျော်ဝင်ရောက်တာက သဘောတူညီချက်ကို ချိုးဖောက်ပြီးသားပဲ။"

ချိုးဝူဟန်က လေသံမာမာဖြင့်ဆိုလိုက်သည်။

စစ်ဘုရင် ထျန်းကျီလော့က ကြမ်းတမ်းသောပြုံးရိပ်တစ်ခုပြသလိုက်သည်။

"ငါတို့က မင်းတို့လိုလူတွေနဲ့ သဘောတူညီချက်ကိုဖောက်ဖျက်ချင်တယ်ဆိုရင် ငါတို့မျိုးနွယ်ရဲ့ စစ်သည်တော်တွေကို မင်းဘယ်လိုတားဆီးနိုင်မှာလဲ။"

သူစကားဆုံးသည်နှင့် ထျန်းကျီလော့သည် အလွန်ကြမ်းတမ်းသောသားရဲ၏ခေါင်းပေါ်မှ ချက်ချင်းခုန်ဆင်းပြီး အရှေ့ပိုင်းနယ်မြေ တပ်မှူးချုပ်ကို ရင်ဆိုင်လိုက်သည်။

အခြားအသူရာစစ်ဘုရင်သုံးပါးနှင့် နတ်စစ်သူကြီးသုံးပါးတို့သည် လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။

နှစ်ဖက်လုံးမှ အင်အားအကြီးဆုံးအင်အားစုများကြားမှ တိုက်ပွဲသည် စတင်တော့မည်ဖြစ်သည်။

ကောင်းကင်သတ် အသူရာတစ်ဦးတည်းသာ သားရဲ၏ဦးခေါင်းခွံမှပြုလုပ်ထားသော မြင့်မားသည့်ပလ္လင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ငုံ့ကြည့်နေသည်။

နောက်တစ်နေ့ကုန်လွန်သွားပြီး အရှေ့ပိုင်းဒေသမှသတင်းသည် ဆူပွက်နေသောအိုးထဲသို့ ရေတစ်စက်ကျသွားသကဲ့သို့ မင်းနေပြည်တော်တွင် ချက်ချင်း အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

အသူရာမျိုးနွယ်သည် အရှေ့ဖျားဒေသမှ အနောက်ဘက်သို့ချီတက်နေပြီး တစ်နေ့တည်းဖြင့် မိုင်ထောင်ချီဖုံးလွှမ်းသွားကာ မည်သူမျှသူတို့ကိုမတားဆီးနိုင်ခဲ့ပေ။

အရှေ့ပိုင်းနယ်မြေမှ မိစ္ဆာနှိမ်နင်းရေးဌာန၏ တပ်မှူးချုပ်သည် နတ်စစ်သူကြီးသုံးပါးနှင့်အတူ သူတို့ကိုတားဆီးရန်ကြိုးစားခဲ့သော်လည်း သူတို့သည် အသူရာမျိုးနွယ်၏ စစ်ဘုရင်လေးပါးနှင့် မယှဉ်နိုင်ဘဲ ပြင်းထန်စွာဒဏ်ရာရကာ မတိုက်ခိုက်နိုင်တော့ပေ။

နှစ်ဖက်လုံးမှ အမြင့်မြတ်ဆုံးအင်အားစုများကြားမှ တိုက်ပွဲမှာ လုံးဝနီးပါးတစ်ဖက်သတ်ဖြစ်ခဲ့ပြီး သာမန်စစ်သားများနှင့် အဆင့်နိမ့်မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့ဝင်များမှာ သဘာဝကျကျ ရင်ဆိုင်ပွဲထဲသို့ ဝင်ရောက်ရန်ပင် ကြောက်ရွံ့နေကြသည်။

တော်ဝင်အမိန့်တော်ကို လက်ခံရရှိပြီးနောက် မင်းသားသည် သူ၏တပ်ဖွဲ့များကို မိုင်တစ်ရာအကွာသို့ ဆုတ်ခွာရန်ဦးဆောင်ခဲ့ပြီး လမ်းရှင်းပေးလိုက်သည်။

ပြီးတော့ အစမှအဆုံး အသူရာဘုရင်သည် လှုပ်ရှားမှုတစ်စုံတစ်ရာမပြုခဲ့ပေ။

မင်းနေပြည်တော်မှပြည်သူများ ကြောက်ရွံ့စိုးရိမ်နေစဉ် မဟာစာပေ အကယ်ဒမီ၏ ကောင်းကင်ဘုံမျှော်စင်မှ နိုင်ငံတော် ဆရာသည် အရှေ့ဘက်သို့ကြည့်လိုက်ပြီး ရုတ်တရက်ဆိုလိုက်သည်။

"အချိန်တန်ပြီ။"

တစ်ချိန်တည်းမှာပင် ကိုးခွေမြစ်ကမ်းဘေးတွင် ငါးမျှားနေသောအဘိုးအိုသည် ရုတ်တရက်သူ၏ငါးမျှားတံကိုချလိုက်ပြီး ထရပ်လိုက်သည်။

လက်နောက်ပစ်လျက် သူသည် လေထဲတွင် ခြေတစ်လှမ်းချင်းစီလျှောက်သွားသည်။ သူ၏ခြေလှမ်းများမှာ နှေးကွေးပုံရသော်လည်း အသက်ရှုအနည်းငယ်အကြာတွင် သူ၏ပုံရိပ်မှာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

မင်းနေပြည်တော်အပြင်ဘက်၊ အရှေ့ဘက်သို့မိုင်တစ်ထောင်အကွာတွင် မြေကြီးသည် ပြင်းထန်စွာ လှုပ်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားသော သားရဲကြီးတစ်ကောင်သည် ခြေလေးချောင်းပေါ်တွင်ရပ်နေပြီး သူ၏ဦးခေါင်းမှာ တောင်များထက်ပင်မြင့်မားသည်။

မြေကြီးတုန်ခါသွားပြီး သူ၏ခြေသံများ အဆက်မပြတ်ပဲ့တင်ထပ်နေစဉ် အသူရာမျိုးနွယ်၏ စစ်တပ်သည် ချဉ်းကပ်လာသည်။

ပလ္လင်ပေါ်တွင် ကောင်းကင်သတ် အသူရာသည် တစ်စုံတစ်ခုကိုအာရုံခံမိပြီး ချက်ချင်းယုတ်မာသော အပြုံးရိပ်တစ်ခုပြုံးလိုက်ရာ သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

သူသည် သူ၏ညာလက်ကိုမြှောက်လိုက်ရာ သားရဲကြီးရပ်တန့်သွားသည်။

"ငါ့ဘုရင်မင်းမြတ်၊ ငါတို့ဘာလို့ ရပ်လိုက်တာလဲ။"

မိစ္ဆာဘုရင် ဘီမာလာက ရှုပ်ထွေးစွာမေးလိုက်သည်။

"ငါတို့အဘိုးကြီးရဲ့ပိုင်နက်ကို ရောက်ရှိနေပြီ။ အမြဲတမ်းသတိထားတာက ပညာရှိရာကျတယ်။"

ကောင်းကင်သတ် အသူရာက ဆိုလိုက်ပြီး သူ၏အကြည့်မှာ ရှေ့တွင်စူးစိုက်နေသည်။

အသူရာအုပ်စုသည် သူ၏အကြည့်နောက်သို့လိုက်သွားပြီး ဆံပင်ဖြူနှင့် မုတ်ဆိတ်နက်ဖြင့် အဘိုးအိုတစ်ဦး ကောင်းကင်တွင် ရပ်နေပြီး သူတို့ကိုအေးစက်စွာစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဝေါင်း!

ကြမ်းတမ်းသောသားရဲကြီးသည် ရုတ်တရက်ထိတ်လန့်တကြားဟိန်းဟောက်လိုက်ပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်မှာ ပြိုကျသွားသည်။

ကောင်းကင်သတ် အသူရာသည် ထရပ်လိုက်ပြီး သူ၏ညာခြေဖြင့်ရှေ့သို့တက်လှမ်းလိုက်ရာ သားရဲကြီး၏ဦးခေါင်းသည် ချက်ချင်းကြေမွသွားပြီး အရိုးအသားများလွင့်စင်ကာ သွေးများ မိုးကြီးသကဲ့သို့ရွာကျလာသည်။

"ငါကလွဲရင် တခြားသူ့ရှေ့မှာ ဒူးထောက်ရင် သေထိုက်တယ်။"

"မင်းအဘိုးကြီး မင်းရဲ့အထွတ်အထိပ်အချိန်ကနေ အစွမ်းဘယ်လောက်ကျန်သေးလဲ။"

နတ်ဘုရားအစောင့်အရှောက်သည် အသူရာများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဆိုလိုက်သည်။

"အရှေ့ပိုင်းနယ်မြေရဲ့ ငြိမ်းချမ်းတဲ့မြေက တော်တော်လေးကောင်းပါတယ်။ မင်းတို့ဒီကို ဘာလို့လာသေကြတာလဲ။"

All Chapters