← Chapters

အံ့အားသင့်မှု

Vol. 11 Ch. 1030

အံ့အားသင့်မှု

Vol. 11 Ch. 1030

“မကြာခင် လူသတ်သမားကို တွေ့ရတော့မယ်ဟေ့... မိုးကြိုး ကျောင်းတော်ရဲ့ ညီအကို သုံး‌ယောက်ကို သတ်ရဲတဲ့ အထိ သတ္တိကောင်းတာ ဘယ်သူလဲ ဆိုတာ ငါ သိချင်နေပြီ”

များစွာသော  လူများမှာ စိတ်လှုပ်ရှား လာကြသည်။

“ကျုပ် ကြားရတာတော့ သူက လေလွင့် ကျင့်ကြံသူ တစ်ယောက်တဲ့ဗျ... ဂိုဏ်းသုံးဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ဘူး တဲ့”

“လေလွင့် ကျင့်ကြံသူ... ဖြစ်နိုင်ပါ့ မလားဗျာ”

“အကြီးအကဲစွန်း... ခင်ဗျား သတင်းက သေချာလို့လား...”

အကြီးအကဲတင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“သေချာတာပေါ့ဗျ... သခင်လေး ချီဖန်း ကိုယ်တိုင် ဝိညာဥ် ရေတွင်းထဲက ဆက်သွယ်ပြီး ပြောထားတာ... လူသတ်သမားက အဲဒီ ကောင်လေး မဟုတ်ရင်တောင် သူက တစ်ခုခုတော့ ပတ်သက်နေမှာ သေချာတယ် တဲ့”

“သူက တစ်ခုခု ထူးဆန်းနေတယ်လို့ ကျုပ် အစောတည်းက သတိထားမိသား...ဟမ့်... ကျန်းဘိုးဘေး လက်ကနေ သူ ဘယ်လိုလွတ်အောင် ရှောင်တိမ်းမလဲ ကြည့်ရသေးတာပေါ့”

အကြီးအကဲတင်းက ဒေါသတကြီး ပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ နားမလည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။

ထိုအဇူရာ ဝတ်စုံဝတ် ကောင်လေးကား မူလ အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူက မည်ကဲ့သို့ မိုးကြိုး ကျောင်းတော်၏ ညီအကို သုံးယောက်ကို သတ်နိုင်ပါမည်နည်း။

“ဘာပဲဖြစ်ဖြစ်... ဂိုဏ်းသုံးဂိုဏ်းရဲ့ ကောင်းကင်အရှင်တွေက သူ့ကို သတ်ပစ်မှာ သေချာတယ်”

အကြီးအကဲတင်းက ပြုံးလိုက်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

အလင်းတန်းများမှာ ဝိညာဥ်ရေတွင်းဆီမှ တစ်ခုပြီး တစ်ခု ပျံတက် ထွက်ပေါ်လာ၏။

သူတို့ အပြင်သို့ ‌ရောက်သည်နှင့် ဂိုဏ်းသုံးဂိုဏ်း၏ အကြီးအကဲများမှာ ချက်ချင်းပင် သွားကာ စစ်ဆေးမေးမြန်း ကြသည်။ အချို့ အခြေတည် ဝိညာဥ် အဆင့်များကလည်း နတ်ဘုရား စိတ်အာရုံကို သုံးကာ သူတို့အား စစ်ဆေးကြ၏။

သူတို့က သံသယ ဖြစ်စရာ တစ်ခုမှ မရှိသော ကျင့်ကြံသူများကိုသာ လွှတ်ပေးကြသည်။

“ဝှစ်...”

မကြာခင်မှာပင် ဖူချင်းနှင့် ကျန်းလင်းမန်တို့မှာလည်း အပြင်သို့ ရောက်ရှိ လာကြသည်။

“လင်းမန်... ဒီကိုလာ...”

ကျန်းမိသားစု ဘိုးဘေး၏ နံဘေးတွင် ရပ်နေသော အသက်လတ် အရွယ် ရွှေအမြုတေ အဆင့် မိန်းမကြီးက လက်ယပ်ခေါ်လိုက်သည်။ ကျန်းလင်းမန်မှာ ကျန်းမိသားစု ဘိုးဘေး၏ အချစ်တော် ဖြစ်လေရာ အစစ်ဆေးခံစရာ မလိုခဲ့ချေ။

ဖူချင်းမှာမူ အများနှင့် တန်းတူ စစ်ဆေး မေးမြန်းခံရ၏။

“အဇူရာ ဝတ်စုံဝတ်ထားတဲ့ မူလ ကောင်လေးကို ဝိညာဥ် ရေတွင်းထဲ ခေါ်တာ မင်းမလား...”

ဝမ်ရှင်း တန်ခိုးရှင် ပို့ဖာက မျက်မှောင်ကြုတ်ရင်း မေးလိုက်ည်။

“ကျုပ်...”

ဖူချင်းမှာ ချက်ချင်းပင် ချွေးများ ပျံလာခဲ့၏။

ထိုအရာက သူ၏ ဘဝတစ်လျှောက် အကြီးကျယ်ဆုံးသော ကံဆိုး မိုးမှောင်ကျခြင်း ဖြစ်သည်။ သူသည် ထိုမူလ အဆင့် ကောင်လေးမှာ မိုးကြိုးကျောင်းတော်၏ ညီအကို သုံးယောက်ကို သတ်ဖြတ်ရဲလိမ့်မည်ဟု စိတ်ကူးပင် မယဥ်ခဲ့မိချေ။

“မင်း ဒီအဖြစ်အပျက်ကို သင်ခန်းစာ ယူဖို့လိုတယ်... လူတစ်ယောက်ရဲ့ အကြောင်းကို မသိပဲ ဘယ်တော့မှ အရောမဝင်ပါနဲ့”

ဝမ်ရှင်း တန်ခိုးရှင် ပို့ဖာက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

“ကောင်းပါပြီ ခင်ဗျာ... ကျွန်တော်လည်း အဲဒီ လူသတ်သမားကို ရှာဖို့ အကောင်းဆုံး ကြိုးစား ပါ့မယ်...”

ဖူချင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

ကျန်းလင်းမန်ကမူ သူ့အား လှမ်းကာ မျက်စောင်းထိုးသည်။

“အကို့ကို ကျွန်မ အစောတည်းက မပြောဘူးလား... အဲဒီ ကောင်စုတ်လေးကို အကူအညီ မတောင်းပါနဲ့ ဆိုတာကို”

“အင်းပါ... အကို မှားသွားတာ”

ဖူချင်းက ခေါင်းငုံ့ရင်း ပြောလိုက်၏။ သူ၏ စိတ်ထဲတွင်မူ ချန်းဖန်ကို ကြိတ်ကာ ကျိန်ဆဲ နေမိ၏။

အကြီးအကဲတင်း၊ အကြီးအကဲစွန်းနှင့် များစွာသော တပည့်များသည် ဝိညာဥ်ရေတွင်း ဝင်ပေါက်ကို မျက်တောင် မခပ်စိုက်ကြည့်နေကြသည်။ အကယ်၍ ချန်းဖန် ယင်ကောင် တစ်ကောင် အဖြစ် ပြောင်းလဲသွားလျှင်ပင် လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

ဝိညာဥ် ရေတွင်း အတွင်းမှ ထွက်ပေါ်လာသော ကျင့်ကြံသူ အရေအတွက်မှာ ပို၍ နည်းပါးလာ၏။ နောက်ဆုံး မည်သူမျှ ထွက်ပေါ်မလာတော့သော အခါတွင်မှ ဘိုးဘေးများက ဝင်ပေါက်အား ပိတ်ဆို့ရန် အမိန့်ထုတ်လိုက်ကြသည်။

ထိုအချိန်မှာပင် အစိမ်း‌ရောင် အလင်း တစ်ခုမှာ ရေတွင်းထဲမှ အပေါ်သို့ ပျံတက်လာ၏။ တစ်စုံတစ်ယောက်ကား ထွက်ပေါ်လာချေပြီ။ လူတိုင်းသည် ထိုထွက်ပေါ်လာသည့် သူအား စိတ်လှုပ်ရှားစွာ အကဲခတ် လိုက်ကြ၏။

“သူပဲ...”

ဖူချင်းမှာ ချန်းဖန်ကို မြင်သည်နှင့် ချက်ချင်းပင် အတည်ပြုလိုက်သည်။

“သေချာလား...”

ဝမ်ရှင်း တန်ခိုးရှင် ပို့ဖာက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“သေချာပါတယ်... ကျွန်တော်ကိုယ်တိုင် သူ့ကို ဝိညာဥ် ရေတွင်းထဲကို ခေါ်ခဲ့တာပါ... ခွေးချီသွားတောင် သူ့မျက်နှာကြီးကို ကျွန်တော် မှတ်မိပါတယ်”

ဖူချင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ...”

ဝမ်ရှင်း တန်ခိုးရှင် ပို့ဖာက ရယ်မောကာ ရန်သူအား ဖမ်းဆီးရန် အသင့်ပြင်လိုက်သည်။

ရေတွင်းနှင့် အနီးဆုံး နေရာ၌ ရှိနေသည့် ဖူဟိုင်နှင့် ထုံရှန်းတို့မှာ နတ်ဘုရား စိတ်အာရုံများကို ဖြန့်ကျက် လိုက်ကြသည်။ သူတို့သည် မိုးကြိုးကျောင်းတော်ကို ရန်စရဲသည့် ကျင့်ကြံသူက မည်ကဲ့သို့ ဖြစ်သည်ကို တွေ့မြင် လိုကြပေသည်။

သို့သော်လည်း သူတို့သည် ချန်းဖန်ကို တွေ့မြင်သော အခါ၌ လုံးဝ ဆွံ့အ သွားကြလေ၏။

“အဲဒါ သူပဲ...”

ကျန်းလင်းမန်က ချန်းဖန်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။ ဝိညာဥ် ကျင့်ကြံခြင်းဂိုဏ်း၏ များစွာသော တပည့်များကို ချန်းဖန်ကို စိတ်ဝင်တစား ကြည့်လိုက်ကြ၏။

ကျန်းမိသားစု ဘိုးဘေး ပင်လျှင် တစ်ချက် လှမ်းကာ ကြည့်သည်။ သူသည် ပထမ၌ သံသယ ဖြစ်ဟန် မျက်မှောင်ကြုတ် သွား၏။ သို့သော်လည်း ချက်ချင်း ဆိုသလိုပင် သူ၏ မျက်နှာက အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက် သွားခဲ့သည်။

“လူသတ်သမားကို ဖမ်းကြဟေ့...”

ချီဖန်းမှာကား ချန်းဖန်အား ဖမ်းဆီးရန် စတင် လှုပ်ရှား နေခဲ့ပြီ ဖြစ်လေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များမှာလည်း သူ၏ နောက်မှ လိုက်ပါကာ ချန်းဖန်၏ လွတ်လမ်း မှန်သမျှကို ပိတ်ဆို့ကြသည်။ ဖူချင်း ပင်လျှင် ကောင်းကင်၌ နေရာယူကာ ချန်းဖန်အား ကြည့်၏။

မိုးကြိုးကျောင်းတော် ဂိုဏ်းချုပ် ကောင်းကင်အရှင် ချင်ကန်းက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ ချန်းဖန်အား ကြည့်လိုက်သည်။

ထိုအခိုက်အတန့်၌ ဂိုဏ်းသုံးဂိုဏ်း၏ များစွာသော အကြီးအကဲများ၊ တပည့်များသည် ချန်းဖန်အား ဝန်းရံနေကြလေသည်။ သူတို့သည် ဘိုးဘေးများ ထံမှ သတိထားမှုကို ရရှိရန် ချန်းဖန်အား ဖမ်းဆီးပြလိုကြသည်။

အကြီးအကဲ ပို့ဖာသည် ချန်းဖန်၏ လှုပ်ရှားမှု မှန်သမျှ မလွတ်တမ်း စောင့်ကြည့်နေ၏။ ကျန်းလင်းမန်ကမူ မောက်မာသော အမူအရာနှင့် မေးစေ့အား ‌မော့ထားခဲ့သည်။ တစ်ချိန်တည်း၌ ချီဖန်မှာ ရယ်မောကာ ချန်းဖန်ထံ တစ်လှမ်းချင်း တိုးလာနေခဲ့ပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင် ရုတ်တရက်...

“ခွင့်လွှတ်ပေးပါ ကောင်းကင် အရှင်ချန်း...”

ထိတ်လန့်ခြင်းများ စွက်နေသည့် အသံ လေးခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

“ဘာလဲ...”

လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ စောစောက အော်ဟစ်လိုက်သူများမှာ ကောင်းကင်အရှင် ဘိုးဘေးများ ဖြစ်နေသည် မဟုတ်ပါလား။

လူများက ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

“ဝှစ်... ဝှစ်... ဝှစ်...”

မိုးကြိုးကျောင်းတော် ဂိုဏ်းချုပ်၊ ကျန်းမိသားစု ဘိုးဘေး၊ ဖူဟိုင်နှင့် ထူရှန်းတို့မှာ လျှင်မြန်စွာ လှုပ်ရှားကာ ချန်းဖန်၏ အ‌ရှေ့သို့ ရောက်ရှိ လာကြသည်။ ထို့နောက် သူတို့သည် ဆရာကို တွေ့ဆုံရသည့် တပည့်များ အလား ချန်းဖန်အား အကြိမ်ကြိမ် ဦးညွှတ်လိုက်ကြတော့၏။

“နှုတ်ဆက်ပါတယ်... ထျန်းဟောင်ဂြိုဟ်ရဲ့ ဧကရာဇ် ကောင်းကင်အရှင်ချန်း”

ထျန်းဟောင်ဂြိုဟ်ရဲ့ ဧကရာဇ်၊ ကောင်းကင် အရှင်ချန်း...

မရေမတွက်နိုင်သော လူများမှာ ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ ဖူချင်း၊ ကျန်းလင်းမန်နှင့် ချီဖန်းတို့ အားလုံးမှာ ဆွံ့အ နေကြ၏။ တစ်ချိန်တည်း၌ အကြီးအကဲတင်းမှာမူ ရုပ်တု တစ်ခု အလား အေးခဲ နေခဲ့လေသည်။

“အင်း...”

ချန်းဖန်က ကောင်းကင်အရှင်များ၏ အရိုအသေ ပြုမှုကို အသိအမှတ် ပြုဟန် ခေါင်းညိတ်လိုက်သည်။ သူ၏ အမူအရာက သားမြေးများကို တွေ့ဆုံနေသည့် ဘိုးဘေး တစ်ဦးအလား မောက်မာနေခဲ့လေသည်။

***

All Chapters