← Chapters

ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်မှ ထွက်ခွာခြင်း

Vol. 11 Ch. 1031

ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်မှ ထွက်ခွာခြင်း

Vol. 11 Ch. 1031

ဝိညာဥ် ရေတွင်းသည် ပေထောင်ပေါင်းများစွာ ကြီးမားသော မီးတောင်တစ်ခု အလား ငွားငွားစွင့်စွင့် တည်ရှိနေသည်။ အစိမ်းရောင် အလင်းများသည် ဝိညာဥ်ရေတွင်း အတွင်းမှ ကောင်းကင်သို့ တိုးဝင် တောက်ပနေ၏။ ဝိညာဥ် ရေတွင်းကား ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ အမတေများ စုစည်းရာ နေရာ ဖြစ်ပေသည်။ အပြင်ဘက်ရှိ လူများ ပင်လျှင် ဝိညာဥ် ‌ရေတွင်းအတွင်း စုစည်းနေသော စွမ်းအားများကို ခံစားနိုင်ကြသည်။

ယနေ့၌ ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများစွာသည် ဝိညာဥ် ရေတွင်း အရှေ့၌ စုစည်းနေကြသည်။ သူတို့သည် အဇူရာ ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်ကို မျက်တောင် မခပ်မတမ်း ကြည့်နေကြလေသည်။

“ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင်အရှင်ချန်း... ဘာကောင်းကင်အရှင်ချန်းလဲ... သူက အခုမှ မူလ အဆင့်မှာပဲ ရှိနေသေးတာလေ... ဘယ်လိုလုပ်ပြီး ကောင်းကင်အရှင် ဖြစ်နိုင်မှာလဲ”

ကျန်းလင်းမန်က မကျေမနပ် ပုံစံဖြင့် ပြောလိုက်သည်။

ထိုအခါ သူမ၏ ဘေး၌ ရပ်နေသော အကြီးအကဲများမှာ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်လှုပ် သွားကြလေ၏။

အသက်လတ် မိန်းမကြီးက ချက်ချင်းပင် ကျန်းလင်းမန်အား အနားသို့ ဆွဲခေါ်ကာ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း... နင် ငါတို့ကို သေစေချင်နေတာလား”

ကျန်းလင်းမန်မှာ ကြောက်လန့်ကာ တိတ်ဆိတ် သွား၏။ သို့သော်လည်း သူမမှာ ယခုထိ နားမလည်နိုင်သေးရာ မိန်းမကြီးကို နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်၍ မေးလိုက်သည်။

“ဒါပေမဲ့ အဲဒီ ကောင်လေး အခုမှ မူလ အဆင့်မှာပဲ ရှိနေသေးတာလေ... ဘာဖြစ်လို့ ကောင်းကင်အရှင်တွေက သူ့ကို ကြောက်နေကြတာလဲ”

“ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင်အရှင်ချန်းပါဆို... နင် အခုထိ သဘောမပေါက်သေးတာလား ငတုံးမရဲ့”

အသတ်လတ် မိန်းမကြီးက မိန်းကလေးအား ဒေါသတကြီး ဆူလိုက်သည်။ ထိုကလေးမ၏ အထူအပါး နားမလည်ရိုးကား ကမ်းကုန်လွန်းသည်။ သူမ၏ စကားက ဝိညာဥ် ကျင့်ကြံခြင်းဂိုဏ်း တစ်ခုလုံးကို ဒုက္ခ အကြီးအကျယ် ရောက်သွားစေနိုင်သည်။

“ထျန်းဟောင်ဂြိုဟ်... ချန်း...”

ကျန်းလင်းမန်က ခေါင်းကိုကုတ်ရင်း စဥ်းစား လိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် သူမ၏ မျက်နှာက ပြာနှမ်း သွားသည်။

သူ... သူက ထျန်းဟောင်ဂြိုဟ်ရဲ့  အရှင် ချန်းပေ့ရွှမ်းလား”

ကျန်းလင်းမန်မှာ ထိုစကားကို အကျယ်ကြီး ရေရွတ်လိုက်ခြင်း မဟုတ်သည့်တိုင်အောင် ကျင့်ကြံသူများမှာ မိုင်ပေါင်းများစွာ အကွာအဝေးမှ ခြင်သံကို ကြားနိုင်သည် အထိ နားပါးသူများ ဖြစ်ကြပေသည်။ ထို့ကြောင့်ပင် သူတို့သည် “ချန်းပေ့ရွှမ်း” ဆိုသော နာမည်ကို ကြားဖူးကြ၏။

ချန်းပေ့ရွှမ်းကား ကမ္ဘာခြားရှိ ကောင်းကင် ဂျူပီတာဂြိုဟ်ကိုပင် တုန်လှုပ်စေခဲ့သူ ဖြစ်သည်။

သူကား ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သည်။ တောင်တန်း အင်ပါယာကို တစ်ယောက်တည်း ရှင်းလင်းပစ်ခဲ့သူ ဖြစ်သည်။ ပတ်ဝန်းကျင်ဂြိုဟ်များတွင်ပင် အခြေတည် ဝိညာဥ် သတ်ဖြတ်သူ ဟု ကျော်ကြားနေသူ ဖြစ်သည်။

သို့သော်လည်း ယနေ့၌ ထိုအခြေတည် ဝိညာဥ် သတ်ဖြတ်သူသည် ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုအချင်းအရာကို မထိတ်မလန့် မည်သူက နေနိုင်ပါမည်နည်း။

“သူက ချန်းပေ့ရွှမ်းလား...”

ဖူချင်းမှာ ချန်းဖန်ကို မျက်တောင် မခပ်စတမ်း ငေးကြည့် နေခဲ့မိသည်။ ဝမ်ရှင်း တန်ခိုးရှင် ပို့ဖာမှာမူ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီနေ၏။

တစ်ချိန်တည်း၌ အကြီးအကဲစွန်းနှင့် အကြီးအကဲတင်းတို့မှာလည်း နေရာတွင်ပင် ကြောင်တောင်တောင် ရပ်နေမိကြသည်။

သူတို့သည် နောက်ဆုံး၌ အဘယ်ကြောင့် ကောင်းကင်အရှင်များ ထိတ်လန့်နေကြသည်ကို နားလည် သွားကြပြီ ဖြစ်လေသည်။

“ထလို့ရပြီ...”

ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းရင်း ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်... ကောင်းကင်အရှင်...”

ကောင်းကင်အရှင် ချင်ကန်း၊ ကျန်းမိသားစု ကောင်းကင်အရှင်နှင့် အထွတ်အမြတ် မွန်းစတားမြေ၏ အကြီးအကဲ နှစ်ယောက်မှာ နဖူးမှ ချွေးများကို သုတ်ရင်း မတ်တပ်ရပ်လိုက်ကြသည်။

“မင်းတို့က ငါ့ကို သိကြတယ်ပေါ့ ဟုတ်လား...”

“ကောင်းကင်အရှင်ချန်းရဲ့ နာမည်က ထျန်းဟောင်ဂြိုဟ်ရဲ့ အနီးအနား တစ်ဝိုက်လုံးမှာ ပျံ့နှံ့ နေတာပါ... ကျုပ်တို့ အားလုံး ကောင်းကောင်း သိကြပါတယ် ခင်ဗျာ...”

ကောင်းကင်အရှင် ချင်ကန်းက တရိုတသေ ပြောလိုက်သည်။

ကောင်းကင် ဂျူပီတာဂြိုဟ်ကား ထျန်းဟောင်ဂြိုဟ်နှင့် အနီးကပ်ဆုံးသော အိမ်နီးနားချင်း ဂြိုဟ် ဖြစ်သည်။ ထို့ကြောင့်ပင် ပုံမှန်အားဖြင့် သူတို့သည် ထျန်းဟောင်ဂြိုဟ်တွင် ဖြစ်ပျက်သမျှ အားလုံးကို ကြားသိကြရသည်။

ကျန်းမိသားစု ဘိုးဘေး ဆိုလျှင် ထျန်းဟောင်ဂြိုဟ်ရှိ ကုန်းစွန်း မိသားစု ဘိုးဘေးနှင့် ရင်းနှီးသော ဆက်ဆံရေး တစ်ခုပင် ရှိသည်။ ထို့ကြောင့်ပင် ချန်းဖန်အား မြင်သည်နှင့် သူ ချက်ချင်း မှတ်မိခဲ့ခြင်း ဖြစ်ပေသည်။

“အဲ့လိုလား...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရဟန် မေးလိုက်သည်။

“ဒါနဲ့ မင်းတို့ လေးယောက် ဒီကို ရောက်နေတာ ငါ့ကို ဖမ်းဖို့လား...”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး...”

ကောင်းကင်အရှင် လေးယောက်မှာ ခေါင်းတခါခါ လည်တခါခါဖြင့် ငြင်းဆန် လိုက်ကြသည်။

ရွှေအမြုတေ အဆင့် သုံးယောက်ကို သတ်ဖြတ်ခြင်းကား ကြီးကျယ်သော ကိစ္စ မဟုတ်လှချေ။ အကယ်၍ ချန်းဖန်က ကောင်းကင်အရှင် ချင်ကန်း၏ သားကို သတ်လျှင်ပင် ထိုအရာက ခွင့်လွှတ်နိုင်သော ကိစ္စ တစ်ရပ် ဖြစ်ပေသည်။

“ကောင်းပြီလေ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်အရှင် ချင်ကန်းကို အေးစက်စွာ ကြည့်လိုက်၏။

“မင်းက မိုးကြိုးကျောင်းတော်ရဲ့ ဂိုဏ်းချုပ်မလား...မင်းရဲ့ တပည့် သုံးယောက်က ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်...  မင်းတို့ မိုးကြိုးကျောင်းတော် တစ်ခုလုံးက အဲဒီလို လူတွေချည်းပဲ ထင်တယ်”

ချန်းဖန်၏ စကားကြောင့် မိုးကြိုးကျောင်းတော်၏ အကြီးအကဲများမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

အတန်ကြာပြီးနောက် ကောင်းကင်အရှင် ချင်ကန်းက ဖြူရော်စွာ ပြုံးကာ မေးလိုက်၏။

“ကောင်းကင်အရှင်ချန်း... ဘာကို ပြောချင်တာလည်း မသိဘူး”

“ဒုံးဝေးလိုက်တဲ့လူပဲ... မင်းတို့ မိုးကြိုးကျောင်းတော်လို ဂိုဏ်းမျိုးက လောကမှာ မရှိသင့်ဘူး လို့ ပြောတာ...”

ချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။

“မင်းက မိုးကြိုးကျောင်းတော်ကို ရှင်းပစ်ချင်တယ်ပေါ့ ဟုတ်လား...”

မိုးကြိုးကျောင်းတော်၏ များစွာသော အကြီးအကဲများ၊ တပည့်များမှာ ဒေါသထွက် သွားကြသည်။

မည်မျှပင် အစွမ်းထက်စေကာမူ ချန်းပေ့ရွှမ်းမှာ ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့တိုင်အောင် သူက ကောင်းကင် ဂျူပီတာဂြိုဟ်သို့ လာရောက်ကာ မိုးကြိုးကျောင်းတော် တစ်ခုလုံးကို ရှင်းပစ်မည်ဟု ပြောဆိုနေသည်။

“ကောင်းကင်အရှင်ချန်း...”

ကောင်းကင်အရှင် ချင်ကန်း၏ မျက်နှာရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ် သွား၏။

“ဘာလဲ... မင်းက မကျေနပ်ဘူးလား”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ သူ့အား ကြည့်လိုက်၏။

ကောင်းကင်အရှင် ချင်ကန်းမှာ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ၏ မျက်နှာသည် ဖြူရော်နေ၏။ ဒေါသ အရိပ်အယောင်များကည်း တစ်ခါတစ်ရံ ယှက်သန်းနေသည်။ သို့သော်လည်း အဆုံး၌ သူက ပိုမို ရိုသေ လေးစားသော အမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။

“ကျုပ်ရဲ့ တပည့် သုံးယောက် ရိုင်းစိုင်းခဲ့တာက ကျုပ်ရဲ့ သွန်သင် ဆုံးမမှု ညံ့လို့ပါ ခင်ဗျာ... တကယ်လို့ အပြစ်ပေးချင်တယ် ဆိုရင် ကျုပ်ကို အပြစ်ပေးပါ... မိုးကြိုးကျောင်းတော်က အပြစ်ကင်းပါတယ်”

ထို့နောက် သူက ခန္ဓာကိုယ် တစ်လျှောက် ကာကွယ်ထားသော ဓမ္မ ရတနာများနှင့် အစီအရင်များကို ပြန်လည် ရုတ်သိမ်းလိုက်၏။ သူကား အသတ်ခံရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“ဂိုဏ်းချုပ်...”

မိုးကြိုးကျောင်းတော်၏ အကြီးအကဲများမှာ မျက်နှာပျက် သွား၏။ သူတို့က ချက်ချင်းပင် ကောင်းကင်အရှင် ချင်ကန်းကို ဝန်းရံ ကာကွယ် လိုက်ကြသည်။

“သွားကြစမ်း...”

ကောင်းကင်အရှင် ချင်ကန်းက ဒေါသတကြီးဖြင့် သူ၏ နောက်လိုက်များကို မောင်းထုတ်လိုက်၏။ ထိုအကြီးအကဲများကား မလိုက်နာချင်သည့်တိုင် သူ၏ စကားကို မလွန်ဆန်နိုင်ကြရာ နောက်သို့ ဆုတ်လိုက် ကြရသည်။

ချန်းဖန်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်ည်။ ထို့နောက် သူက လက်ကို ခါယမ်းလိုက်ရာ သစ်သား ဓားပျံမှာ ကောင်းကင်ကို ဖြတ်သန်း၍ ဖျတ်ခနဲ လင်းလက်သွား၏။

ထို့နောက်တွင် ကောင်းကင်အရှင် ချင်ကန်းမှာ မြေပြင်ပေါ် ခွေယိုင်ကာ လဲကျ သွားတော့သည်။

“မိုးကြိုးကျောင်းတော်ရဲ့ တပည့်တွေဟာ အရမ်းကို ရိုင်းစိုင်းလွန်းတယ်... အဲဒီ အတွက် ငါက မင်းရဲ့ စွမ်းအားတွေကို ယူဆောင်တယ်... ကျေနပ်ရဲ့လား”

“ကျေနပ်ပါတယ် ခင်ဗျာ...”

ကောင်းကင်အရှင် ချင်ကန်းက တုန်တုန်ရီရီဖြင့် ကြိုးစား မတ်တပ်ရင်း ပြန်ဖြေလိုက်သည်။

သူ၏ မျက်နှာ တစ်ခုလုံးသည် ဖြူရော်နေ၏။ သို့သော်လည်း သူ၏ မျက်လုံးများကမူ တဖျတ်ဖျတ် လင်းလက်ကာ ချန်းဖန်၏ သက်ညှာမှု အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနေခဲ့လေသည်။

ထို့နောက် ချန်းဖန်က ကျန်းမိသားစု ဘိုးဘေးဘက်သို့ လှည့်လိုက်၏။

“မင်းရဲ့ မျိုးဆက်က ငါ့အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ်... သူ့ကို ရာစုနှစ် တစ်ခု ကြာအောင် တံခါးပိတ် ကျင့်ကြံခိုင်းပါ... အပြင်လောကကို ခြေတ်လှမ်းတောင် မထွက်ပါစေနဲ့”

“ကောင်းပါပြီ... ကောင်းကင်အရှင်”

ကျန်းမိသားစု ဘိုးဘေးက နဖူး၌ စီးကျနေသော ချွေးများကို သုတ်ရင်း ခေါင်းညိတ်လိုက်၏။ ကျန်းလင်းမန်၏ မျက်နှာမှာမူ ချက်ချင်းပင် ဖြူရော်သွား၏။ သို့သော်လည်း သူမသည် အဘိုး ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို စောဒက မတက်ဝံ့ခဲ့ချေ။

တစ်ချိန်တည်း၌‌ ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ၏ ဘုရင် နှစ်ပါးမှာ တဆတ်ဆတ်တုန်အောင် ကြောက်လန့် နေကြပြီ ဖြစ်သည်။ သူတို့သည် ချန်းဖန် သူတို့ဘက် လှည့်လာပြီး အပြစ် တစ်စုံတစ်ရာ ပေးမည်ကို အလွန်တရာ စိုးရိမ်နေကြ၏။

သို့သော်လည်း ချန်းဖန်က သူတို့အား ဂရုမစိုက်ခဲ့ချေ။ ထို့အစား သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက် သွား၏။ ထို့နောက် အားလုံး၏ ရှေ့မှောက်တွင်ပင် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့၏။

***

All Chapters