ကမ္ဘာသို့ ပြန်ခြင်း
Vol. 11 Ch. 1032
နှုတ်ဆက်ပါတယ် ကောင်းကင်အရှင်...”
ကောင်းကင်အရှင်များမှာ လက်နှစ်ဖက်ကို ယှက်ကာ တစ်ပြိုင်နက်တည်း ဦးညွှတ် လိုက်ကြ၏။
သူတို့သည် ချန်းဖန် မိုင်ပေါင်းသောင်းချီ အကွာအဝေးသို့ မရောက်မချင်း ခန္ဓာကိုယ်အား မဆန့်တန်းရဲခဲ့ချေ။
“အကို ချင်ကန်း... ကျုပ်တို့ အသက်ရှင်နေသေးတာ ကံကောင်းတာပဲ... ခင်ဗျားက ကျုပ်ထက် အခြေအနေ ပိုဆိုးတယ် ဆိုပေမဲ့ ပြန်ပြီး ကုစားဖို့ အခွင့်အရေး ရှိပါသေးတယ်”
ကျန်းမိသားစု ဘိုးဘေးက ဖြူရော်စွာ ပြုံးရင်း ပြောလိုက်သည်။
“အဲဒီလိုပဲ တွေးရတော့မှာပဲ...”
ကောင်းကင်အရှင် ချင်ကန်းက လေးပင်စွာဖြင့် ခေါင်းအား ခါယမ်း လိုက်သည်။
ထိုအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ်သည် သာမန် လူတစ်ယောက်အလား အားနည်း နေခဲ့သည်။ သူသည် သူ၏ အခြေတည် ဝိညာဥ် ဓမ္မ စွမ်းအား ပေါ်တွင်သာ မှီခို နေရ၏။
“ဂိုဏ်းချုပ်... ဘာဖြစ်လို့ ချန်းပေ့ရွှမ်းကို ရိုင်းစိုင်းခွင့် ပေးရတာလဲ... ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်က ကောင်းကင် အရှင်တွေ၊ ဓမ္မ အစီအရင်တွေကို စုစည်းပြီး သူ့ကို ဖမ်းဆီးလို့ ရတာပဲကို”
မိုးကြိုးကျောင်းတော်၏ အကြီးအကဲ တစ်ယောက်က ကောင်းကင်အရှင် ချင်ကန်းကို လာရောက် ဖေးမရင်း မေးလိုက်သည်။
“ဟားဟား... ချန်းပေ့ရွှမ်းကို ဖမ်းမယ် ဟုတ်လား...”
ကောင်းကင်အရှင် ချင်ကန်းက ဟာသ တစ်ခုကို ကြားရသည့် အလား အော်ဟစ် ရယ်မော လိုက်သည်။
“ချန်းပေ့ရွှမ်းရဲ့ ကိုယ်ပိုင် စွမ်းအားကို မေ့ထားလိုက်ဦး... သူက ဒီကို တစ်ယောက်တည်း လာမယ်လို့ မင်းတို့က ထင်နေတာလား”
“မဟုတ်ဘူးလား...”
လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
ဟမ့်... လူ့ငနွားတွေ...”
ကောင်းကင်အရှင် ချင်ကန်းက နှာခေါင်းရှုံ့ လိုက်သည်။
“တောင်တန်း အင်ပါယာရဲ့ ထောင်ထဲမှာ မွန်းစတားနဲ့ ရှေးဟောင်း နတ်ဆိုး အကျဥ်းသား ခြောက်ယောက် ရှိတယ်... သူတို့ အားလုံးက အရမ်း အစွမ်းထက်ကြတဲ့ လူတွေ ချည်းပဲ... ချန်းပေ့ရွှမ်းက အခု သူတို့ ခြောက်ယောက်ကို သူနဲ့ အတူ ခေါ်လာတယ်... သူတို့ထဲက တစ်ယောက်ကိုတော့ မင်းတို့ သိကြပါတယ်”
“ဘယ်သူလဲ...”
ကျန်းမိသားစု ဘိုးဘေး ပင်လျှင် စိတ်ဝင်စား သွား၏။
“မူ ရှောင်...”
ကောင်းကင်အရှင် ချင်ကန်းက တစ်လုံးချင်း ဖြေလိုက်သည်။
“မူရှောင် ဟုတ်လား...”
လူတိုင်းမှာ ကိုယ့်နားကိုယ် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ၏ ဖူဟိုင်နှင့် ထုံရှန်းတို့ ဆိုလျှင် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း၍ပင် သွားကြ၏။
မူရှောင်...
မူရှောင်ကား ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်ဟောင်း ဖြစ်ကာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ကောင်းကင် ဂျူပီတာဂြိုဟ်ကို နှစ်သောင်း တစ်သောင်းကျော် စိုးမိုးနိုင်ခဲ့ပြီး ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေကို ထိပ်တန်းဂိုဏ်း တစ်ခု ဖြစ်အောင် ဆွဲတင်ခဲ့သည်။ သူကား ကောင်းကင် ဂျုပီတာဂြိုဟ်၏ သံသရာ ရှိစရာ မလိုသော နံပါတ်တစ် ကျင့်ကြံသူ ဖြစ်ခဲ့ပေသည်။
သို့သော်လည်း ယခု၌ ထိုကဲ့သို့သော ကျင့်ကြံသူ တစ်ယောက်မှာ ချန်းပေ့ရွှမ်း၏ နောက်လိုက် တစ်ယောက် ဖြစ်နေခဲ့သည်။ ပို၍ ဆိုးသည်ကား ချန်းပေ့ရွှမ်း မူရှောင်နှင့် တန်းတူ အစွမ်းထက်သော အခြား နောက်လိုက် လေးယောက်ပါ ရှိနေသည် ဆိုခြင်းပင်။
ကျန်းမိသားစု ဘိုးဘေးမှာ ချွေးများပင် နောက်တစ်ကြိမ် ပြန်လာခဲ့သည်။
“သူက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံသူပဲ...”
အကြီးအကဲစွန်းက သက်ပြင်းတစ်ချက် ချလိုက်၏။
ကျန်းလင်းမန်၊ ဖူချင်းနှင့် အကြီးအကဲတင်းတို့မှာမူ တုန်ရီ၍ပင် နေကြသည်။ သူတို့သည် သေဘေးမှ ကပ်သီလေး လွတ်လာသလို ခံစားနေကြရသည်။
ကောင်းကင် ဂျူပီတာဂြိုဟ်မှ ထွက်ခွာလာပြီးနောက် ချန်းဖန်သည် အနီးအနားရှိ အခြားဂြိုဟ်များတွင် ဆယ်ရက်ခန့် အချိန်ဖြုန်းလိုက်သေးသည်။ သူသည် ဂြိုဟ်တစ်ခုချင်းစီ၌ မတူညီသည့် နတ်ဘုရားဂိုဏ်းကြီးများ ခင်းကျင်းထားသည့် အစီအရင်များကို တွေ့ရ၏။ ထို့အပြင် ထိုဂြိုဟ်များထက်ရှိ အခွင့်အရေးများမှာလည်း အခြားလူများ၏ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။
ချန်းဖန်သည် စကားတစ်ခွန်းပင် မဆိုခဲ့ချေ။ နောက်ဆုံး၌ သူသည် ထျန်းဟောင်ဂြိုဟ်သို့ ပြန်လာကာ ကောင်းကင်လမ်းကြောင်း ရှိရာနေရာသို့ ဦးတည်လိုက်သည်။ ထို့နောက် သူသည် မွေးရပ်မြေ ကမ္ဘာသို့ အပြန်ခရီးကို စတင် တော့၏။
နှစ်ပတ်ကြာပြီးနောက်...
နေအဖွဲ့အစည်း အပြင်ဘက်ရှိ ဂြိုဟ်အိုကြီး တစ်ခုသည် လင်းလက်သွားကာ ချန်းဖန် ပြန်ပေါ်လာခဲ့သည်။ နောက်ဆုံး၌ ချန်းဖန်ကား အိမ်သို့ ပြန်လည် ရောက်ရှိတော့မည် ဖြစ်ပေသည်။
***
မူလ တောင်ပိုင်းဂိတ်ဂြိုဟ်...
ထိုရှေးဟောင်ဂြိုဟ်ကြီးသည် ကီလိုမီတာ ထောင်ဂဏန်းမျှသာ ကျယ်ဝန်းသည်။ အထက်မှ ကြည့်ပါက ထိုဂြိုဟ် တစ်ခုလုံးမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်ကိုသာ တွေ့မြင်နိုင်သည်။ ဖုံများသည် နှစ်ပေါင်းများစွာ အသုံးပြုခြင်း မရှိတော့သော လမ်းမများ၊ ကျောက်တုံး တံတိုင်းများထက်၌ ဖုံးအုပ်နေ၏။
“ဟူး... ဟူး...”
ချန်းဖန်သည် ကောင်းကင်၌ ဖြည်းညင်းစွာ ပျံသန်းနေ၏။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများမှာမူ နက်ရှိုင်းစွာ တောက်ပနေ၏။
မူလ တောင်ပိုင်းဂိတ်သည် နေအဖွဲ့အစည်းနှင့် အပြောကျယ်သော စကြဝဠာကို ချိတ်ဆက်ပေးထားသည့် နေရာ ကူးပြောင်းခြင်း အစီအရင် တစ်ခု ဖြစ်သည်။ အတိတ်၌ ချန်းဖန်သည် ထိုနေရာမှ တစ်ဆင့် ထျန်းဟောင်ဂြိုဟ်သို့ သွားခဲ့ခြင်း ဖြစ်ပေသည်။ ဆယ်နှစ် ကြာပြီးနောက် သူကား မွေးရပ်မြေသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
“အဖေ အမေ ရှောင်ချုံး... ကျွန်တော် ပြန်လာပြီ”
ချန်းဖန်၏ မျက်နှာ တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် နေ၏။
“ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်နေမလဲ မသိဘူး..."
ချန်းဖန်က နေအဖွဲ့အစည်းသို့ လှမ်းမျှော်ကြည့်လိုက်၏။ ရွှေရောင်အလင်း တစ်ခုသည် ချန်းဖန်၏ မျက်လုံး အတွင်း ကခုန်လာ၏။ ၎င်းသည် အာကာသ အမှောင်ထုကို ကျော်ဖြတ်၍ တောက်ပသွားသည်။
“နေဦး...”
ချန်းဖန်မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် တစ်ခုခု လွဲချော်နေကြောင်း ခံစားလိုက်မိသည်။ သို့သော်လည်း မည်သည့် အရာက လွဲချော်နေကြောင်း သူ စဥ်းစား၍ မရခဲ့ချေ။
“ငါ မြန်မြန်ပြန်မှ ဖြစ်တော့မယ်”
ချန်းဖန် ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် နေရာ ကူးပြောင်းခြင်း အစီအရင်မှာ လင်းလက်လာကာ လူတစ်စု ထွက်ပေါ် လာခဲ့သည်။
“ဘယ်သူတွေ ရောက်လာတာလဲ...”
ချန်းဖန်က ကြည့်လိုက်ရာ ကျင့်ကြံသူ ငါးယောက်ပါဝင်သော အုပ်စု တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုအုပ်စုထဲ၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူမှာ အခြေတည် ဝိညာဥ် အဆင့်တွင် ရှိနေသည့် လူငယ် တစ်ယောက် ဖြစ်၏။
“ခင်ဗျား နှလုံးသားကုန်းမြေကို လာတာလား...”
ရွှေရောင် အလင်းများ ဝန်းရံနေသည့် သန်မာ ထွားကြိုင်းသော ကျင့်ကြံသူက ချန်းဖန်အား ကြည့်ကာ မေးလိုက်သည်။
ချန်းဖန်သည် ထိုကျင့်ကြံသူ အသုံးပြုလိုက်သော ဘာသာစကားကို ကြားကာ အံ့အားသင့်သွား၏။ ထိုအရာကား အာကာသ အတွင်း၌ ကျင့်ကြံသူများ ဆက်သွယ်ပြောဆိုကြသည့် ဘုံဘာသာစကား ဖြစ်ပေသည်။ ချန်းဖန်သည် ပြန်လည် မွေးဖွားပြီးနောက် ထိုဘာသာစကားကို ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ကြားခဲ့ရခြင်း ဖြစ်ပေသည်။
“ဟုတ်တယ်... ကျုပ် နှလုံးသားကုန်းမြေကို သွားမလို”
ချန်းဖန်က အေးဆေးစွာ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
ကျင့်ကြံသူ အုပ်စုမှာ ချန်းဖန်ကို သေချာစွာ အကဲခတ် လိုက်ကြ၏။ လူစိမ်း ကျင့်ကြံသူမှာ ရွှေအမြုတေ အဆင့်တွင်သာ ရှိနေသေးကြောင်း သေချာသွားသော အခါ၌ သူတို့၏ အမူအရာက အလေးအနက် မထားဟန်သို့ ပြောင်းလဲသွားကြသည်။
“ဒါဆို ခင်ဗျားလည်း တောင်ပိုင်းဒေသငယ်က လာတာပေါ့... ကျုပ်တို့က ရှန်းယန်ဂြိုဟ်က ကျင့်ကြံသူတွေပါ... သူက ကျုပ် တို့ရဲ့ ဂိုဏ်းတူ အကိုကြီး ချန်းဟိုင်ဖုန်းတဲ့... သူက တောင်ပိုင်းဒေသငယ် ပါရမီရှင် ဇယားမှာ အဆင့် ၃၉၅ လေ... ကျန်တဲ့ လူတွေကတော့ ကျုပ်တို့ဂိုဏ်းက ညီငယ် ညီမငယ်တွေပါ”
သန်မာ ထွားကြိုင်းသော ကျင့်ကြံသူက မိတ်ဆက်လိုက်သည်။ သူ၏ အမူအရာသည် ဂိုဏ်းတူ အကိုကြီး ချန်းဟိုင်ဖုန်း၏ နာမည်ကို ပြောသော အခါ၌ ဂုဏ်ယူခြင်းများဖြင့် ပြည့်နှက် နေခဲ့၏။
ချန်းဟိုင်ဖုန်းသည် ငွေရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက် ဖြစ်ပေသည်။ သူက ချန်းဖန်ကို အလေးအနက် သိပ်မထားသောဟန်ဖြင့် ခေါင်းညိတ်ပြ၏။
သို့သော်လည်း ချန်းဖန်က ထိုအရာကို စိတ်မရှိပါချေ။ သူက အေးဆေးစွာပင် ပြန်လည် ခေါင်းညိတ် ပြလိုက်သည်။
သန်မာ ထွားကြိုင်းသော ကျင့်ကြံသူ၏ အမည်မှာ ကျန်းထန်ချိုး ဖြစ်သည်။ သူ၏ ဂိုဏ်းသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မရှိသည့် သာမန်ဂိုဏ်း တစ်ခု ဖြစ်သည့်တိုင် ကျန်းထန်ချိုးမှာ ဂုဏ်ယူစွာ မိတ်ဆက် ပြောဆို၏။
“ဒါပေမဲ့ ကျုပ်တို့လို သာမန်ဂိုဏ်းက လာတဲ့လူတွေ အတွက် မဟာ အခွင့်အရေးကို ရယူဖို့ အခွင့်အရေး မရှိပါဘူးဗျာ... မဟာ အခွင့်အရေးက ထိပ်သီးဂိုဏ်းတွေက လာတဲ့ နတ်ဘုရား မင်းသားတွေ အတွက် သီးသန့်ဗျ”
ကျန်းထန်ချိုးက အောင့်သက်သက်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချန်းဖန်ကို မေးလိုက်သည်။
“ဒါနဲ့ ခင်ဗျား နာမည်က ဘယ်သူလဲဗျ... ပြောလို့ မရဘူး ကျုပ်တို့ ဂိုဏ်းတွေက ဆက်စပ်ချင် ဆက်စပ် နေမှာ”
“ကျုပ်က မိစ္ဆာနေဂိုဏ်းရဲ့ လင်းဟယ်ပါ...”
ချန်းဖန်က ပြန်ဖြေလိုက်သည်။
***