← Chapters

နတ်ဘုရား အစီအရင်များ၏ ချိပ်ပိတ်မှု

Vol. 11 Ch. 1033

နတ်ဘုရား အစီအရင်များ၏ ချိပ်ပိတ်မှု

Vol. 11 Ch. 1033

သူသည် ကြယ်ပင်လယ် အတွင်းမှ ဆိုလျှင် နဂါးအရှင်၊ လော့ချန်ရှန်းနှင့် လင်းဟယ်တို့ကိုသာ သိရှိထားသည်။ ထိုသုံးယောက်ထဲ၌ လင်းဟယ်သည် သူ၏ တိုက်ခိုက်မှု တစ်ခုကိုပင် မခုခံနိုင်ခဲ့ရာ သိပ် အဆင့်အတန်း မြင့်မားလိမ့်မည် မထင်ချေ။ ထို့ကြောင့်ပင် ချန်းဖန်သည် လင်းဟယ်၏ နာမည်ကို ယူကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် လင်းဟယ်၏ နာမည်သည် ထိုအုပ်စု၏ သဘောထားကို ပြောင်းလဲသွားစေခဲ့သည်။

“ခင်... ခင်ဗျားက နတ်ဘုရား မင်းသား လင်းဟယ်လား... တောင်း... တောင်းပန်ပါတယ်... မသိလို့ပါ ခင်ဗျာ...”

သန်မာ ထွားကြိုင်းသော ကျင့်ကြံသူက ချန်းဖန်အား တုန်တုန်ရီရီဖြင့် တောင်းပန်လိုက်သည်။

တစ်ချိန်တည်း၌ အခြားလူများမှာလည်း ချန်းဖန်ကို ကြည့်ကာ အလွန်တရာ ထိတ်လန့် နေကြပုံ ပေါ်၏။ သူတို့သည် ထိုချောမော ခန့်ညားသော လူငယ်လေးမှာ ကြောက်မက်ဖွယ် ကောင်းသော နာမည်ကျော် မိစ္ဆာကောင် ဖြစ်နေလိမ့်မည်ဟု တွေးပင် မတွေးခဲ့မိချေ။  သူတို့သည် ချက်ချင်းပင် ခန္ဓာကိုယ်အား ချီစွမ်းအင်ဖြင့် ကာကွယ် လိုက်မိ၏။

“ရောင်းရင်းကျန်း... ဘာဖြစ်တာလဲ... အဆင်ပြေရဲ့လားဗျ”

ချန်းဖန်က နားမလည်သော ဟန်ပန်ဖြင့် မေးလိုက်သည်။

“ပြေ... ပြေပါတယ်... ကျွန်တော့်ကို ကျန်းလေးလို့ပဲ ခေါ်ပါ ခင်ဗျာ”

ကျန်းထန်းချိုးက အထစ်ထစ် အငေါ့ငေါ့ဖြင့် ခေါင်းငုံ့ရင်း ပြောလိုက်သည်။ ချန်းဖန်က အခြား မိန်းကလေး ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာများမှာ ဖြူရော် သွားကြလေသည်။

“နတ်ဘုရား မင်းသားလင်း... ကျွန်တော်တို့ သွားတော့မယ်နော်... တွေ့ရတာ ဝမ်းသာပါတယ်”

ချန်းဖန် ပြန်မပြောရသေးခင်မှာပင် ထိုအုပ်စုမှာ နောက်ပင် လှည့်မကြည့်တော့ပဲ ထွက်ခွာ သွားကြတော့သည်။

“လင်းဟယ်က ငါ့ရဲ့ တိုက်ခိုက်မှု တစ်ခုကိုတောင် မခုခံနိုင်တဲ့ဟာကို သူတို့က ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။ ထို့နောက် သူက ဝိညာဥ် ကျောက်တုံးများကို ထုတ်ယူကာ နေရာ ကူးပြောင်းခြင်း အစီအရင်အား အက်သွင်း လိုက်သည်။

“ဘုန်း...”

ရောင်စုံအလင်း တစ်ခုမှာ ပေါက်ကွဲကာ ချန်းဖန်မှာ မူလ တောင်ပိုင်းဂိတ်ဂြိုဟ်ပေါ်မှ ပျောက်ကွယ် သွားတော့၏။

***

“ဝှစ်...”

‌ရောင်စုံ အလင်း စက်ဝန်းတစ်ခုသည် လေဟာနယ်အား ချိုးဖျက်ကာ မူလ တောင်ပိုင်းဂိတ်ဂြိုဟ်ဆီမှ ကမ္ဘာသို့ ဦးတည်နေ၏။

ချန်းဖန်သည် အလင်းစက်ဝန်း အတွင်း၌ တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူ၏ အနောက်တွင်မူ ကြယ်အလင်းများသည် လျှင်မြန်စွာ ကျန်ရစ်နေခဲ့၏။ ချန်းဖန်သည် ကမ္ဘာသို့ ရောက်ရှိမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

ထိုအချိန်မှာပင် ရုတ်တရက်...

“ဘုန်း...”

အလင်းစက်ဝန်းသည် သံတံတိုင်း တစ်ခုနှင့် ရိုက်နှက်မိသည့် အလား အက်ကွဲသွားလေ၏။

မရေမတွက်နိုင်သော လေဟာနယ် မုန်တိုင်းများသည် အလင်းစက်ဝန်းဆီသို့ ဦးတည်ကာ အဖက်ဖက်မှ တိုးဝင်လာ၏။ ထိုမုန်တိုင်း တစ်ခုချင်းစီမှာ ရွှေအမြုတေ အဆင့်ကို လွယ်ကူစွာ သတ်နိုင်သော အစွမ်းကို သယ်ဆောင်ထား၏။ အခြေတည် ဝိညာဥ် အဆင့်ပင်လျှင် ထိုမုန်တိုင်းများကို ကြာရှည်စွာ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“လာစမ်း...”

ချန်းဖန်က နတ်ဘုရား စက်ဝန်းကို ဆင့်ခေါ်လိုက်သည်။ ရွှေရောင် အလင်းသည် ချက်ချင်းပင် သူ့အား ဝန်းရံလာကာ မုန်တိုင်းများကို ကာကွယ်လေ၏။

“အစီအရင်က ဘယ်လိုဖြစ်ပြီး ပျက်စီးသွားတာလဲ... တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တာလား... ဒါမှမဟုတ် မတော်တဆလား”

ချန်းဖန် တွေးတော နေစဥ်မှာပင် လေဟာနယ် မုန်တိုင်းများမှာ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ရွှေရောင် အလင်းများကို အလွန် လျှင်မြန်စွာ တိုက်စားနေ၏။ ထိုနှုန်းအတိုင်းသာ ဆက်လက် ပျက်စီးနေပါက အလင်း အကာအကွယ်မှာ မကြာခင် ပျက်စီးသွားပေလိမ့်မည် ဖြစ်သည်။

“ငါဒီနေရာကနေ ထွက်တော့မှ ဖြစ်မယ်...”

ချန်းဖန်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။

လေဟာနယ် မုန်တိုင်းများမှာ စကြဝဠာ၏ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်သည်။ ရွှေအမြုတေ အဆင့်များနှင့် သာမန် အခြေတည် ဝိညာဥ် အဆင့်များမှာ လေဟာနယ် မုန်တိုင်းများကို ရှောင်တိမ်းနိုင်စွမ်း မရှိကြချေ။ သူတို့သည် နေရာ ကူးပြောင်းခြင်း အစီအရင်များ၏ အကူအညီဖြင့်သာ ချောမွေ့စွာ သွားလာနိုင်ကြသည်။

“တွေ့ပြီ...”

ချန်းဖန်သည် လေဟာနယ် အက်ကြောင်း တစ်ခုကို တွေ့သည်နှင့် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ထိုအထဲ ဝင်ရောက်လိုက်သည်။

“ဘုန်း...”

ချန်းဖန်၏ ခန္ဓာကိုယ်သည် သွေးရောင်ဂြိုဟ် တစ်ခုပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွား၏။

“ဒါက ယင်ကူးဂြိုဟ်မလား... ကံကောင်းတာပဲ... ငါ ခုထိ နေအဖွဲ့အစည်းထဲမှာပဲ ရှိနေသေးတယ်”

ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ရင်း သက်ပြင်း ချလိုက်သည်။

ယင်ကူးဂြိုဟ်ဟူသော အမည်မှာ စကြဝဠာ အတွင်းရှိ ကျင့်ကြံသူများ သတ်မှတ်ထားသော အမည် တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်တွင်မူ ယင်းဂြိုဟ်ကို မားစ်ဂြိုဟ် သို့မဟုတ် အင်္ဂါဂြိုဟ်ဟု ခေါ်ဆိုကြသည်။

ချန်းဖန်သည် ယင်ကူးဂြိုဟ်ကို အကြိမ် အနည်းငယ် ရောက်ခဲ့ဖူးသည်။ ထိုအချိန်တိုင်း၌ သူသည် ယင်ကူးဂြိုဟ်ကို သာမန်ဂြိုဟ်ပျက် တစ်ခု အနေဖြင့်သာ တွေ့မြင် ခဲ့ရသည်။  သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ ယင်ကူးဂြိုဟ်သည် မျှတသော ‌‌‌‌ရေ၊ လေ၊ မိုးကြိုးတို့ဖြင့် ဖွဲ့စည်းထားသည့် ဂြိုဟ်တစ်လုံး ဖြစ်နေခဲ့သည်။

“ဒီဂြိုဟ်က ပြန်ပြီး ရှင်သန်လာနေတာလား”

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

ကြည့်ရသည်က ကမ္ဘာပေါ်၌ မဟာ အခွင့်အ‌‌ရေး ဆိုသော အရာ ပေါ်လာခြင်းမှာ ပတ်ဝန်းကျင်ရှိ ဂြိုဟ်များကိုပါ အကျိုးသက်ရောက်စေပုံ ပေါ်သည်။

ချန်းဖန်က ယင်ကျိုးဂြိုဟ်ပေါ်တွင် ရပ်ရင်း ကမ္ဘာအား လှမ်းမျော် ကြည့်လိုက်၏။ ထိုအခါ သူသည် ချက်ချင်းပင် အစီအရင် အဘယ်ကြောင့် ကျိုးပျက် သွားရသည်ကို နားလည်သွားသည်။

အပြာရောင်ဂြိုဟ်ငယ်သည် ပတ္တမြား တစ်ခုအလား စကြဝဠာ အလယ်၌ လင်းလက် တောက်ပနေ၏။ ကြောက်မက်ဖွယ် စွမ်းအင်များသည် နဂါးများ အလား ကမ္ဘာ၏ ပတ်လည်တွင် ပျံသန်းနေသည်။

ချန်းဖန်သည် အလွန် အစွမ်းထက်သော နတ်ဘုရား စိတ်အာရုံကို ပိုင်ဆိုင်ထာသည်။ ထို့ကြောင်ပင် သူသည် ကမ္ဘာ၏ ဥပဒေသနှင့် မဟာ တာအိုတို့ကို ချိပ်ပိတ်ထားသည့် အစီအရင် အလွှာများကိုပင် တွေ့မြင်နေရသည်။

“ကောင်းကင်ကျေးကျွန် အစီအရင်...”

“အဇူရာ သက်ရှည် နတ်ဘုရားထောင်ချောက် အစီအရင်...”

“နတ်ဘုရားပျံ အစီအရင်...”

“ ... ”

ချန်းဖန်သည် နတ်ဘုရား အစီအရင် ခုနစ်ခု၏ နာမည်များကို ချက်ချင်းပင် မှတ်မိလိုက်၏။ ထိုအစီအရင် တစ်ခုချင်းစီမှာ နတ်ဘုရားဂိုဏ်း တစ်ခုစီကို ကိုယ်စားပြုကာ စကြဝဠာ တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေနိုင်သော အစီအရင်များ ဖြစ်ကြသည်။

သို့တိုင်အောင် ထိုအစီအရင်များမှာ ကမ္ဘာ အပြင်ဘက်၌ ဖွဲ့စည်းထားသည့် အစီအရင်များသာ ဖြစ်ပေသည်။ ကမ္ဘာ၏ မျက်နှာပြင်ပေါ်၌ အလွှာချင်းထပ်နေအောင် များပြားသော နတ်ဘုရား အစီအရင် များစွာ ရှိနေချေသေးသည်။

ကမ္ဘာဂြိုဟ်ကား လုံးဝ ချိပ်ပိတ်ခံထားရခြင်း ဖြစ်ပေသည်။ ထိုအခိုက်အတန့်၌ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများပင် ကမ္ဘာကို ကြည့်ကာ ကြောက်လန့် သွားနိုင်ပေသည်။

“ငါထင်ထားတဲ့ အတိုင်းပဲ...”

ချန်းဖန်က တွေးလိုက်၏။

ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်မှ ထွက်ခွာပြီးနောက် သူသည် ကျဲ့ယွမ်ဂြိုဟ်၊ လုံယာဂြိုဟ်နှင့် အမှောင်မြူဂြိုဟ်တို့ အပါအဝင် ဂြိုဟ်ပေါင်းများစွာထွ သွားရောက် လေ့လာခဲ့သည်။ ထိုအခါ သူသည် ဂြိုဟ် တစ်ခုချင်းစီ၌ မတူညီသော နတ်ဘုရား အစီအရင်၊ အထွတ်အမြတ် အစီအရင်များ ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအစီအရင်များသည် ကောင်းကင်ကျေးကျွန် အစီအရင်‌လောက် အစွမ်း မထက်ကြသော်လည်း ကောင်းကင် ဥပဒေသများကိုမူ ပိတ်လှောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် ဂြိုဟ်တစ်ခုလုံး၏ စွမ်းအားကို ယူဆောင်ကာ တာအို သစ်သီး၊ သစ်သား နတ်ဘုရား နှလုံးသားတို့ ကဲ့သို့သော ရတနာများကို ပျိုးထောင် ထားကြ၏။

သို့သော်လည်း ချန်းဖန် ရောက်ရှိသည့် အချိန်၌ ထိုရတနာများမှာ အခွံမျှသာ ကျန်ရှိတော့သည်။ တစ်စုံတစ်ယောက်မှာ ထိုရတနာများကို ယူဆောင်သွားခဲ့ပြီ ဖြစ်လေသည်။

ထို့ကြောင့်ပင် ချန်းဖန်သည် ဝိညာဥ်ဆေးပင်၊ ကောင်းကင် ဆေးပင်၊ ကျဲ့ယွမ်ဂြိုဟ်၏ မီးနတ်ဘုရား ကျောက်တုံး နှင့် အမှောင်မြူဂြိုဟ်၏ လောက ဝိညာဥ်ရေ တို့ ကဲ့သို့သော ရတနာများကိုသာ ယူဆောင်နိုင်ခဲ့သည်။ အကယ်၍ ကမ္ဘာသို့ ပြန်ရန် အလျင်လိုခြင်းသာ မရှိပါက ထိုရတနာများကို သုံး၍ အခြေတည် ဝိညာဥ် အဆင့်ကိုပင် ချိုးဖျက်ရန် ကြိုးစားနိုင်ပေလိမ့်မည် ဖြစ်သည်။

“ကမ္ဘာမှာ ဘယ်လိုဟာမျိုးတွေ ရှိနေမလဲ...”

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။ မြင်တွေ့ရသော အစီအရင်များ အရဆိုလျှင် စကြဝဠာထဲရှိ အင်အားကြီးဂိုဏ်း အားလုံး နီးပါးမှာ ကမ္ဘာ၌ စတည်းချ နေကြခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ကမ္ဘာက သူတို့ အတွက် မည်မျှအထိ အဖိုးထိုက်တန်နေသနည်း။

“အဲဒါက ကောင်းကင် ညီမျှခြင်း ပြောတဲ့ နတ်ဆိုး တစ်ကောင်ကို အရှေ့ဂြိုဟ်မှာ ထောင်ထားတယ် ဆိုတဲ့ စကားနဲ့များ ပတ်သက်နေမလား”

ချန်းဖန်က မေးစေ့အား ပွတ်သပ်လိုက်၏။

ကမ္ဘာနှင့် ပတ်သက်၍ အထူးဆန်းဆုံးသော အရာမှာ မြေအောက်မှ စိမ့်ထွက်နေသည့် မိစ္ဆာချီများ ဖြစ်သည်။ ချန်းဖန်တွင် ယူဆချက် တစ်ခု ရှိနေ‌သော်လည်း ထိုအရာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ထိုအရာသာ အမှန်ဆိုပါက ကမ္ဘာဂြိုဟ်မှာ စကြဝဠာ တစ်ခုလုံး၏ ရန်သူပင် ဖြစ်သွားနိုင်သည်။ ချန်းဖန်သည် ထိုအရာကို မယုံကြည်ချင်ပေ။

“ဘာပဲဖြစ်ဖြစ်ကွာ... ငါ ပြန်‌ရောက်ရင် အားလုံး ရှင်းသွားမှာပဲ”

ချန်းဖန်က ကောင်းကင်သို့ ပျံတက်ကာ ကမ္ဘာဆီသို့ ဦးတည် လိုက်တော့၏။

***

All Chapters