← Chapters

နှုတ်ဆက်ပါတယ် မြောက်ပိုင်းချုံး

Vol. 11 Ch. 1034

နှုတ်ဆက်ပါတယ် မြောက်ပိုင်းချုံး

Vol. 11 Ch. 1034

အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့် မိုင်တစ်သန်းခန့်သာ ကွာဝေးသည်။ ချန်းဖန်သည် ကမ္ဘာသို့ ရောက်ရှိရန် နေ့တစ်ဝက်ခန့်သာ ပျံသန်းခဲ့ရသည်။

ချန်းဖန်သည် ပိုမို နီးကပ်လာသည်နှင့် အမျှ ကမ္ဘာ၏ ပတ်လည် မိုင်တစ်သောင်းဝန်းကျင်မှာ ချီစွမ်းအားများဖြင့်  ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်ရှိ ဝိညာဥ်ချီကား ထျန်းဟောင်ဂြိုဟ်ထက်ပင် ပို၍ ထူထပ်နေခဲ့ပြီ ဖြစ်လေသည်။ ကမ္ဘာကား သက်ဝင် လှုပ်ရှားသော ကျင့်ကြံခြင်းဂြိုဟ် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“ကံကောင်းတာပဲ... ဒီမှာ ခင်းကျင်းထားတဲ့ အစီအရင်တွေက အပြင် အာကာသထဲက လာတဲ့ သာမန် ရွှေအမြုတေ အဆင့်၊ အခြေတည် ဝိညာဥ် အဆင့်တွေကို အလွယ်တကူ ဝင်ခွင့်ပေးထားတယ်”

ချန်းဖန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဂရုတစိုက် ပျံသန်းနေခဲ့၏။

သူသည် တိုက်ခိုက်မည့် အရိပ်အယောင် တစ်ချက်ကိုပင် မပြရဲချေ။ မဟုတ်ပါက ထိုနေရာရှိ သတ်ဖြတ်ခြင်း အစီအရင်များမှာ နိုးထကာ တိုက်ခိုက် လာလိမ့်မည် ဖြစ်သည်။ ထိုအခါ သူ့ကဲ့သို့ ရွှေအမြုတေ အဆင့် မဆိုထားနှင့်၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ပင်လျှင် အလွယ်တကူ အမှုန့်ချေ ခံရလိမ့်မည် ဖြစ်သည်။

ထိုအစီအရင်များအား ကြည့်ရသည်က လွန်ခဲ့သည့် နှစ်ထောင်ဂဏန်းကပင် ခင်းကျင်း ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ အတိတ်၌ ထိုအရာများကို ချန်းဖန် သတိ မထားမိခဲ့ခြင်းမှာ လုံလောက်အောင် အစွမ်း မထက်‌သေးခြင်းကြောင့် သို့မဟုတ် ခင်းကျင်းသူများက ထိုအစီအရင်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

“အင်းလေ... ငါ အာရုံမခံမိတိုင်း အစီအရင်တွေ မရှိတာမှ မဟုတ်တာ... ကြည့်ရတာ အခြေတည် ဝိညာဥ် အဆင့်တွေကိုပဲ ကမ္ဘာဆီ ဝင်ခွင့်ပြုထားပုံ ရတယ်...  ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေဆို ဝင်ဖို့ကြိုးစားတာနဲ့ အစီအရင်တွေက တိုက်ခိုက်မှာ သေချာတယ်”

ချန်းဖန်က အစီအရင်များကို အနီးကပ်ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အလင်းတန်း အသွင် ပြောင်းလဲကာ ကမ္ဘာဆီသို့ တိုးဝင် သွားသည်။

လေထုအတွင်းသို့ ဝင်ရောက်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်သည် ဥပဒေသ စွမ်းအားများ၏ ပွတ်တိုက်မှုကို ခံရသလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်၌ တောက်ပနေသော ရွှေရောင် အလင်းဆိုလျှင် ပေတစ်သောင်းမှ ပေတစ်ရာ အထိပင် ကျဆင်း သွားခဲ့သည်။

“ဘာဖြစ်တာပါလိမ့်...”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွား၏။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ခါကာ မြေပြင်ပေါ် ကြယ်ကြွေ တစ်စင်းအလား အရှိန်ပြင်းစွာ ပြုတ်ကျတော့မလိုပင် ဖြစ်သွားခဲ့သည်။

ချန်းဖန်သည် သူ၏ ကျောထက်၌ တောင်တန်းပေါင်း တစ်ရာကို ထမ်းပိုးထားရသလို ခံစားနေရသည်။ ကမ္ဘာ၏ ပတ်လည် မိုင်တစ်ထောင်ရှိ အမတေချီသည် သံမဏိပြား တစ်ခုအလား ထူထပ် သိပ်သည်းနေခဲ့သည်။

ထိုဖိအားကြောင့်ပင် ချန်းဖန်၏ ခန္ဓာကိုယ်သည် ကမ္ဘာပေါ်သို့ အသံထက် ဆယ်ဆ မြန်သောနှုန်းဖြင့် မထိန်းနိုင် မသိမ်းနိုင် ကျဆင်းသွားခဲ့၏။ ကမ္ဘာနှင့် မိုင်တစ်ရာခန့် အကွာသို့ အရောက်တွင်မှ ချန်းဖန်သည် ခန္ဓာကိုယ်အား အနည်းငယ် ပြန်လည် ထိန်းလာနိုင်ခဲ့သည်။

“ကမ္ဘာရဲ့ အမတေချီတွေနဲ့ ဥပဒေသတွေက မယုံကြည်နိုင်လောက်အောင်ကို သန်မာနေတာပဲ...”

စစ်ဆေးမှု အနည်းငယ် ပြုလုပ်ပြီးနောက် ချန်းဖန်က ထိုအချက်ကို အတည်ပြုလိုက်သည်။

ထိုအခိုက်၌ သူသည် အံ့အားသင့်ခြင်း မရှိတော့ချေ။ သူတော်စင် တစ်ပါး သို့မဟုတ် မဟာ ကျင့်ကြံသူ တစ်ယောက်၏ ပြုပြင်ခြင်းကို ခံရပါက ကျင့်ကြံခြင်းဂြိုဟ်များထက်ရှိ ဥပဒေသများမှာ အလွန်အမင်း သန်မာလာတတ်သည်။ မူလ အဆင့် ရွှေအမြုတေ အဆင့်များဆိုလျှင် ထိုနေရာ၌ ပျံသန်းနိုင်စွမ်းပင် မရှိတော့ချေ။

စကြဝဠာ အတွင်းပိုင်းရှိ အချို့ အင်အားကြီးဂြိုဟ်များတွင် အခြေတည် ဝိညာဥ် အဆင့်များမှာ သာမန်လူသားများ သာသာ ဖြစ်သည်။ သူတို့သည် ပျံသန်းနိုင်စွမ်းပင် မရှိကြရာ လမ်းလျှောက်၍ပင် သွားလာကြရသည်။ မဟာ ကျင့်ကြံသူများ၊ သူတော်စင်များ သာလျှင် ထိုဂြိုဟ်များ၌ ပျံသန်းနိုင်စွမ်း ရှိကြသည်။

ရှေးဟောင်း ဒဏ္ဍာရီများတွင် ဖော်ပြထားချက်များ အရ ဆိုရလျှင် တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများပင်လျှင် နတ်ဘုရားနယ်မြေ၌  ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ အလား အားနည်းလှပေသည်။

ပေတစ်သောင်း...

ပေကိုးထောင်...

ပေရှစ်ထောင်...

ချန်းဖန်သည် ကမ္ဘာနှင့် နီးလာလေလေ ပိုမို ကြီးမားသော ဖိအားကို ခံစားရလေလေ ဖြစ်နေခဲ့သည်။ ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်ရှိ အမတေချီစွမ်းအင်ကား စကြဝဠာ အတွင်းရှိ ကြီးမားသော ဂြိုဟ်ကြီးများနှင့်ပင် ယှဥ်နိုင်နေခဲ့ပြီ ဖြစ်လေသည်။

“ဘုန်း...”

ချန်းဖန်သည် ပင်လယ်ရေ မျက်နှာပြင် အထက်သို့ တည်တည့်ကျ၏။ သူသည် စက်လှေ တစ်ခုအလား ရှည်လျားသော ရေလှိုင်းတစ်ခုကို ချန်ရစ်ကာ ပျံသန်းသွား၏။

“ဘုန်း...”

ရုတ်တရက် မီတာတစ်ရာမျှ ရှည်လျားသော အသားစား ငါးကြီးတစ်ကောင်သည် ပင်လယ်ထဲမှ ခုန်ထွက်လာ၏။ ၎င်းက ပါးစပ်ကို ဟကာ ချန်းဖန်အား စားသုံးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်၏ လက်တစ်ဖက် အဝှေ့တွင်ပင် ထိုငါးကြီးမှာ အပိုင်းပိုင်း၊ အစစ အဖြစ် ပြောင်းလဲသွားတော့၏။

“ဒီပင်လယ် မွန်းစတားက မူလ အဆင့် ကျင့်ကြံသူလောက်တောင် အစွမ်းထက်တာပဲ...”

ချန်းဖန်က တွေးလိုက်မိသည်။

ဆယ်စုနှစ်တစ်ခု...

သူ ကမ္ဘာမှ ထွက်ခွာသွားသည်မှာ ဆယ်စုနှစ် တစ်ခုသာလျှင် ကြာခဲ့သေးသည်။ သူ မထွက်ခွာခင်က ကမ္ဘာ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူများမှာ မူလ အဆင့်တွင်သာ ရှိခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ ပင်လယ်၏ ကျပန်း ငါးတစ်ကောင်ပင်လျှင် မူလ အဆင့်နှင့် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။

ကမ္ဘာ၌ မည်သည့် အရာများ ဖြစ်ပေါ်ခဲ့လေ သနည်း။

ချန်းဖန်က လျှင်မြန်စွာပင် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ တည်နေရာကို စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် မိသားစုများ တည်ရှိရာ တရုတ်နိုင်ငံဘက်သို့ ဦးတည်လိုက်တော့၏။

၂၀၂၆ ခုနှစ်၊ တရုတ်နိုင်ငံ၊ ကျုံးဟိုင်မြို့...

ဆယ်စုနှစ် တစ်ခုကား တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ အတွက် ရှည်လျားလွန်းသော အချိန် မဟုတ်လှချေ။ သို့သော်လည်း မြင်တွေ့ရသော အပြောင်းအလဲများကမူ ချန်းဖန်၏ ခန့်မှန်းချက်ထက် များစွာ ကျော်လွန်နေခဲ့လေသည်။

ချန်းဖန်သည် ကျုံးဟိုင်မြို့အား အထက်မှ ကြည့်ရှုလေရာ များစွာသော အထပ်မြင့် အဆောက်အဦးများကို တွေ့မြင်လိုက်ရသည်။ လွန်ခဲ့သည့် ဆယ်နှစ်က ကျုံးဟိုင်၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ကျုံးဟိုင် မျှော်စင်မှာ ယခုတွင်မူ အခြား အဆောက်အဦးများ အကြား၌ အပုဆုံးလေး ဖြစ်နေခဲ့သည်။

ကျုံးဟိုင်သာလျှင် မကချေ။ ချန်းဖန် ရောက်ရှိဖူးသည့် မြို့ပေါင်းများစွာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲ နေခဲ့လေသည်။ ပုံမှန်ဆိုလျှင် ထိုမြို့များ၌ လူဦးရေ တစ်သန်းခန့်သာ ရှိတတ်‌သော်လည်း ယခုတွင်မူ မူလကထက် များစွာ ထူထပ်နေခဲ့လေသည်။ ကျုံးဟိုင်တွင် ဆိုလျှင် လူဦးရေ သန်းတစ်ထောင်ကျော်ပင် နေထိုင်နေကြသည်။

သို့သော်လည်း ဆန့်ကျင်ဘက်ပင် ကျေးလက် ဒေသများမှာမူ လူသူမရှိခြောက်ကပ်နေ၏။ များစွာသော သစ်တောကြီးများ၊ လွင်ပြင်များ၊ တောင်ကုန်း တောင်တန်းများကား မြေရိုင်းဒေသများ သဖွယ် ဖြစ်နေခဲ့လေသည်။

ထိုနေရာများတွင် နေရာယူထားကြသူများကား သားရဲများပင် ဖြစ်သည်။ မျောက်ဝံကြီးများသည် သစ်ပင်များကို ကိုက်ဝါးနေကြကာ ကျားတောင်ကျားများမှာ ဟိန်းဟောက် နေကြသည်။ တစ်ချိန်တည်း၌ စိမ်းဖန့်ဖန် မျက်လုံးပိုင်ရှင် ဆင်ကြီးများမှာ တောင်လုံးကြီးများ အလား လှုပ်လီလှုပ်လဲ့ ကခုန် နေကြသည်။ ချန်းဖန်သည် ပင်လယ်ရေ မျက်နှာပြင်ထက်၌ ပျံသန်းနေသည့် မီတာတစ်ရာ နဂါး တစ်ကောင်ကိုပင် တွေ့မြင်ခဲ့ရသည်။

အံ့အားသင့်စွာပင် ထိုသားရဲ အားလုံး နီးပါးကား အနည်းဆုံး မူလ အဆင့်ကိုပင် ရောက်ရှိနေခဲ့ကြပြီ ဖြစ်လေသည်။

“ဆယ်စုနှစ် တစ်ခု အတွင်း ကမ္ဘာက ဒီ‌လောက်တောင် ပြောင်းလဲသွားတာလား...”

ချန်းဖန်မှာ တအံ့တသြပင် ရေရွတ်လိုက်မိ၏။

အတိတ် ကာလ၌ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ ကမ္ဘာကို အုပ်စိုးနိုင်ခဲ့ကြသည်။ အီဂျစ်၏ မရဏ နတ်ဘုရား အနူးဘစ် ပင်လျှင် ‌ရွှေအမြုတေ အစောပိုင်း ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း တောတွင်းရှိ ဉာဏ်ရည်နိမ့် မွန်းစတားများ သားရဲများ ပင်လျှင် ရွှေအမြုတေ အဆင့်ကို နီးကပ်နေခဲ့ပြီ ဖြစ်သည်။

“ဒီ‌လောက် များတဲ့ သားရဲတွေကို လူတွေ ဘယ်လို ခုခံနိုင်မှာလဲ... ဒီသားရဲတွေက ရွှေအမြုတေ အဆင့်ကို ရောက်တာနဲ့ နျူကလိယကိုတောင် ကြောက်ကြတော့မှာ မဟုတ်ဘူး”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

သို့သော်လည်း သူမြင်တွေ့ရ သလောက် ဆိုလျှင် တောထဲရှိ သားရဲများမှာ ရိုင်းစိုင်း သကဲ့သို့ မြို့များ၌ နေထိုင်ကြသော လူသားများမှာလည်း ငြိမ်းချမ်းနေကြဆဲ ဖြစ်သည်။ တောထဲ၌ အစွမ်းထက် သားရဲ အရေအတွက် တိုးလာသကဲ့သို့ မြို့ကြီးများရှိ လူသား ကျင့်ကြံသူ အရေအတွက်မှာလည်း ပိုမို တိုးပွား လာနေခဲ့သည်။

ချန်းဖန်သည် လိုင်းကား (Bus car) ပေါ်သို့ မီတာ အနည်းငယ် အကွာအဝေးမှပင် ခုန်တက်နေသော လူများကို တွေ့ခဲ့ရသည်။ သို့သော်လည်း ထိုအရေအတွက်ကား လူဦးရေ ပမာဏနှင့် နှိုင်းယှဥ်ပါက အလွန် သေးငယ်သေးသည်။ မြို့ကြီးများရှိ များစွာသော ပုဂ္ဂိုလ်များမှာ ယခုထိ ကျင့်ကြံခြင်း အမှုကို ပြုနိုင်စွမ်း မရှိကြ‌သေးချေ။

“ဒီမူလ အဆင့်တွေလောက်နဲ့တော့ အပြင်မှာ ရှိတဲ့ သားရဲတွေကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး... သားရဲတွေ အပြင် အခြားဂြိုဟ်တွေက လာတဲ့ အခြေတည် ဝိညာဥ် အဆင့်၊ ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေရဲ့ အန္တရာယ်ကလည်း ရှိသေးတယ်”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။

သူသည် များစွာသော မြို့များအား ဖြတ်သန်းခဲ့ရာ လျှို့ဝှက်စွာ ပုန်းအောင်းနေသော စွမ်းအင်များကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထိုအထဲမှ အများစုမှာ မူလ အဆင့်နှင့် ရွှေအမြုတေ အဆင့်များ ဖြစ်သည်။ သို့သော်လည်း အခြေတည် ဝိညာဥ် အဆင့်ကိုမူ ယခုထိ မမြင်တွေ့ရသေးချေ။

“ဒါတွေ ထားလိုက်ပါလေ... ငါ့မိဘတွေနဲ့ ရှောင်ချုံးကို အရင် သွားတွေ့တာပဲ ကောင်းမယ်”

ချန်းဖန်က တွေးတောကာ ကျန်းနန်နယ်၊ ကျင်းမြို့တော်ကို ဦးတည် ပျံသန်းလိုက်၏။ မြောက်ပိုင်းချုံးနှင့် ချန်းမိသားစုသည် ထိုနေရာတွင် တည်ရှိပေသည်။

“ဝှစ်...”

ရှစ်မိနစ် အတွင်းမှာပင် ချန်းဖန်သည် ကျင်းမြို့တော်သို့ ရောက်ရှိလာ၏။ သို့သော်လည်း အရှေ့တောင်ကို တွေ့မြင်ပြီးနောက် သူသည် ငေးငိုင်သွားလေသည်။ အေးစက်ခြင်းများကမူ သူ၏ မျက်လုံးမှ တစ်ဆင့် ကောင်းကင်ကို ထိုးဖောက်သွား၏။

“အရှေ့တောင်မှ ဘာတွေ ဖြစ်သွားတာလဲ...”

အရှေ့တောင်ကား မြောက်ပိုင်းချုံး၏ အထွတ်အမြတ်မြေ ဖြစ်သည်။ ဂိုဏ်းအခြေစိုက်ရာ ဒေသ ဖြစ်သည်။

သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ အရှေ့တောင်ကား မြေရိုင်းနယ် တစ်ခု ကဲ့သို့ ပြောင်းလဲ သွားခဲ့လေပြီ။ ချန်းဖန် ချန်ရစ်ခဲ့သော အစီအရင်များပင်လျှင် အပျက်အစီးပုံများ သဖွယ် ဖြစ်နေခဲ့သည်။

“ဝှစ်...”

ချန်းဖန်သည် မြောက်ပိုင်းချုံး နန်းတော် အနီးသို့ ရောက်ရှိလာ၏။

အထပ်ပေါင်း ဆယ့်နှစ်ထပ် ပါဝင်သည့် မြောက်ပိုင်းချုံး နန်းတော်ကား ယခုတွင်မူ ဆိုးရွားသော ပုံပန်းသဏ္ဌာန်ဖြင့် ယိုယွင်း ပြိုကျနေခဲ့လေသည်။ မြက်များ၊ နွယ်ပင်များသည် နန်းတော် တစ်ခုလုံးကို ဝါးမျိုထား၏။

“ဝှစ်...”

ချန်းဖန်က လက်ကို ဝှေ့ယမ်း၍ နန်းတော်ကို ဖုံးအုပ်ထားသည့် မြက်များ၊ နွယ်ပင်များကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူသည် အတွင်းသို့ ဝင်ရောက်ကာ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ သို့သော်လည်း ထိုနေရာ၌ လူခြေရာ တစ်ခုပင် မတွေ့ရတော့ချေ။ မြောက်ပိုင်းချုံး နန်းတော်ကား လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် အစွန့်ပစ်ခံ နေရာတစ်ခု ဖြစ်သွားခဲ့ပုံ ပေါ်ပေသည်။

“သူတို့အားလုံး ဘယ်ကို ရောက်သွားကြတာလဲ...”

ချန်းဖန်၏ မျက်နှာက သွေးဆုတ်ကာ ဖြူရော်သွား၏။ လွန်ခဲ့သည့် ဆယ်နှစ် အတွင်း မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သနည်း။

ချန်းဖန်သည် အရှေ့တောင် တစ်ခုလုံး ပိုက်စိပ်တိုက် ရှာဖွေသည့်တိုင် သူတွေ့ရသမျှက အပျက်အစီးပုံများသာ ဖြစ်လေသည်။ ချန်းဖန်မှာ ထိုမြင်ကွင်းကို ဆက်၍ မြင်နိုင်စွမ်း မရှိတော့ချေ။ သူက ကောင်းကင်သို့ ပျံတက်ကာ အရှေ့တောင်ကို တိုက်ခိုက်လိုက်၏။

“ဘုန်း...”

တောင်တစ်ခုလုံးမှာ ပြိုကျကာ မြေပြင်မှာ အက်ကွဲသွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးများမှာ လွင့်ပျံကာ မြောက်ပိုင်းချုံး နန်းတော်နှင့် အပျက်အစီးပုံများကို ဖုံးအုပ် သွားသည်။

“မေမေ... ဟိုမှာ နတ်မင်းကြီး တစ်ပါး”

ကလေးမလေး တစ်ယောက်က အရှေ့တောင်ကို တိုက်ခိုက်နေသည့် ချန်းဖန်အား လက်ညိုးထိုးရင်း ပြောလိုက်၏။

“လက်ညိုးသွားမထိုးနဲ့လေ... သမီးရဲ့”

ဘေးနား၌ ရှိနေသော အမေ ဖြစ်သူက က‌လေးမလေးအား ချီခေါ်ရင်း ပြောလိုက်သည်။

ထိုအခိုက်အတန့်၌ ကျင်းမြို့တော် တစ်ခုလုံးရှိ လူများမှာလည်း လမ်းမများ ထက်သို့ ရောက်ရှိ နေကြလေသည်။ သူတို့သည် တောင်တစ်လုံးကို တိုက်ခိုက် ဖျက်ဆီးနေသော လူငယ်အား မျက်တောင် မခပ်စတမ်း ငေးမော နေမိကြသည်။

“အစွမ်းထက်လိုက်တာ...”

အချို့လူများက သူတို့၏ ဖုန်းများကို ထုတ်ယူကာ မှတ်တမ်းတင်ရန် ဟန်ပြင် လိုက်ကြသည်။ သို့သော်လည်း ကံမကောင်းစွာပင် လူငယ်သည် ကောင်းကင်၌ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

“မေမေ... သူ့ပုံစံကို ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ... နတ်မင်းကြီးတွေကလည်း ဝမ်းနည်းတတ်တာလား...”

ချန်းဖန် ပျောက်ကွယ် သွားပြီးနောက် ကလေးမလေးက မိခင်ဖြစ်သူအား မော့ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

ထိုအချိန်၌ ချန်းဖန်ကမူ ချူကျိုးမြို့သို့ အပြင်းနှင်နေခဲ့ပြီ ဖြစ်တော့၏။

***

All Chapters