ဘယ်သူမှ မရှိတော့ခြင်း
Vol. 11 Ch. 1035
“ဝှစ်...”
မြေပြင်အထက် မီတာ တစ်သောင်း၌ ရွှေရောင် အလင်းတန်း တစ်ခုသည် အလွန် လျှင်မြန်စွာ ပျံသန်းနေ၏။ ချန်းဖန်သည် ကြီးမားသော ဖိအား၏ သက်ရောက်မှုကို ခံထားရသည့်တိုင် အလွန် လျှင်မြန်နေဆဲ ဖြစ်သည်။
“ဂီး... ဂီး...”
မီတာတစ်ရာခန့် ကြီးမားသည့် ငှက်ကြီးများသည် ကောင်းကင်ကို ဖြတ်သန်း၍ လွန်းထိုး ပျံသန်း နေကြသည်။ သူတို့သည် သူတို့၏ နယ်မြေပိုင်နယ်သို့ လူသား တစ်ယောက် ကျူးကျော်လာသည်ကို တွေ့မြင်ကြရာ ထိုးသုတ်ရန် ကြိုးစားကြသည်။
သို့သော်လည်း ကံမကောင်းစွာပင် ထိုလူသား၏ အနားသို့ ကပ်လာသမျှ ငှက်တိုင်းမှာ အပိုင်းပိုင်း၊ အစစ ဖြစ်သွားစမြဲ ဖြစ်လေသည်။
“မြန်စမ်း... မြန်စမ်း...”
ချန်းဖန်သည် သူ၏ အရှိန်ကို အမြင့်ဆုံး အထိ တွန်းပို့လိုက်၏။
ကျင်းမြို့တော်နှင့် ချူကျိုးမြို့သည် မိုင်ငါးရာခန့်သာ ကွာဝေးရာ တစ်မိနစ် မကြာခင်မှာပင် ချန်းဖန်မှာ မြို့ထဲသို့ ရောက်လာခဲ့သည်။
ချူကျိုးမြို့၏ လူဦးရေသည် ပိုမို ထူထပ်နေခဲ့၏။ ထို့အတူ အဆောက်အဦးများမှာလည်း ပိုမို ပိုမို မြင့်မား လာခဲ့သည်။ မရေမတွက်နိုင်သော လူငယ်များသည် ဖက်ရှင်ကျသော အဝတ်အစားများကို ဝတ်ဆင်ကာ လမ်းမများထက်၌ သွားလာနေကြ၏။
ချန်းဖန်မှာ ထိုအရာများကို ဂရုမစိုက်အားချေ။ သူသည် တန်းတန်းမတ်မတ်ပင် ယွင်ဝူ တောင်ထိပ်သို့ ဦးတည် လိုက်သည်။
ထိုနေရာကား သူ စတည်းချခဲ့သည့် နေရာ တစ်ခု ဖြစ်သည်။ ထိုနေရာ၌ မရေမတွက်နိုင်သော အစီအရင်များ ရှိပေသည်။ ချန်းဖန်သည် ကမ္ဘာမြေမှ မထွက်ခွာခင် ချန်းဟွိုက်အန်းအား အရှေ့တောင်ကို ဆုံးရှုံးပါက ရွေးချယ်စရာများထဲမှ တစ်ခု အဖြစ် ယွင်ဝူတောင်သို့ ရွှေ့ပြောင်းရန် မှာကြားခဲ့သည်။
ယွင်ဝူတောင်ထိပ်၌ များစွာသော အဆောက်အဦးများ ရှိပြီး ချန်းဖန်သည် ထိုအထဲမှ တစ်ခုကို အန်တီထန်အား လက်ဆောင်အဖြစ် ပေးခဲ့သည်။
“ဝှစ်...”
ချန်းဖန်သည် ယွင်ဝူတောင်ထိပ်သို့ ကျဆင်း လာ၏။ သူသည် ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ တောင်ထိပ် တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ရှာဖွေလိုက်သည်။ အထူးသဖြင့် သူ ထားခဲ့သည့် လျှို့ဝှက် ခြံဝင်းကို အလေးထား ရှာဖွေခဲ့သည်။ သူသည် ထိုနေရာ၌ ရိက္ခာများ၊ ဆေးများ၊ လက်နက်များစွာကို သိုလှောင်ထားခဲ့သည်။ ထိုအရာများမှာ သူ၏ မိသားစုဝင်များ ဆယ်စုနှစ် တစ်ခု ပုန်းအောင်း နေရန် လုံလောက်သော ပမာဏ ဖြစ်ပေသည်။
သို့သော်လည်း သူထားခဲ့သမျှ အရာအားလုံးမှာ နေရာမပျက် ရှိနေသည်ကိုသာ ချန်းဖန် တွေ့ရှိခဲ့ရသည်။ ကြည့်ရသည်က ဖန်ချုံးတို့မှာ ဤနေရာသို့ ရောက်လာကြပုံ မပေါ်ချေ။
“ဘယ်လိုဖြစ်ရတာလဲ... ရှောင်ချုံးတို့က ဘယ်ကို ရောက်သွားတာလဲ... သူတို့က လွတ်အောင်တောင် ထွက်မပြေးနိုင်ပဲ အသတ်ခံလိုက်ရတာလား...”
ချန်းဖန်က ခေါင်းခါလိုက်၏။ ထိုအချက်က မဖြစ်နိုင်ချေ။ သူတို့နှင့် ချိတ်ဆက်ထားသည့် ဝိညာဥ်ကျောက်ပြားမှာ ယခုထိ လင်းလက်နေဆဲ ဖြစ်သည်။ ထိုအချက်က သူတို့ အသက်ရှင်နေသေးကြောင်း ဖော်ပြနေသည်။
“ဒီနေရာမှာ မရှိဘူး ဆိုပေမဲ့ အခြား အခြေစိုက် စခန်းတွေ ရှိသေးတယ်... သူတို့ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ရမယ်”
ထိုအတွေးဖြင့် ချန်းဖန်က ကောင်းကင်သို့ ပျံတက်လိုက်၏။
အချိန်ကား နံနက်ခင်း ဖြစ်လေရာ များစွာသော မြို့သူ၊ မြို့သားများမှာ အပြင်သို့ ထွက်ကာ ကျင့်ကြံနေကြသည်။ ကမ္ဘာ၌ ဝိညာဥ်ချီ အလွန်တရာ ထူထပ်နေပြီ ဖြစ်သည့်တိုင် ယွင်ဝူတောင်သည် ကျင့်ကြံခြင်း အထွတ်အမြတ်မြေ တစ်ခု အဖြစ် ကျော်ကြားနေဆဲ ဖြစ်၏။ ထိုနေရာရှိ စံအိမ်များမှာ အလွန် စျေးကြီးလေရာ သာမန် သူဌေးများမှာ ဝယ်ယူရန် စိတ်ကူးပင် မယဥ်နိုင်ကြချေ။
ချန်းဖန် ထွက်ခွာသွားပြီးနောက် လှပသော အသက် လေးဆယ်အရွယ် မိန်းမကြီး တစ်ဦးသည် ယွင်ဝူတောင် စံအိမ် တစ်ခုမှ ထွက်လာခဲ့သည်။ သူမသည် ကောင်းကင်ရှိ ရွှေရောင် အလင်းတန်းကို ကြည့်ကာ အံ့အားသင့် သွား၏။
“ရှောင်ဖန်လား...”
သို့သော်လည်း ကံမကောင်းစွာပင် ချန်းဖန်ကား မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
မိန်းမကြီးသည် နေရာတွင်ပင် အတန်ကြာရပ်ရင်း ကောင်းကင်ကို ကြည့်နေမိခဲ့၏။ သူမ၏ စိတ်မှာ ထူးခြားစွာပင် ဗလာ ဖြစ်နေခဲ့သည်။ အတန်ကြာပြီးနောက်မှ သူမက ခေါင်းကိုခါကာ စံအိမ်အတွင်း ပြန်လည် ဝင်ရောက်သွားတော့သည်။
ချန်းဖန်မှာမူ ထိုအရာကို မသိပါချေ။ သူသည် စိတ်ပူစွာပင် အခြား အခြေစိုက် စခန်း တစ်ခုဆီသို့ အရှိန်မြှင့် ပျံသန်းနေခဲ့လေသည်။
သူသည် ကမ္ဘာမှ မထွက်ခွာခင် လျှို့ဝှက် အခြေစိုက် စခန်း အချို့ကို ဆောက်လုပ်ခဲ့သည်။ အကယ်၍ အင်အားကြီး ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရပါက မြောက်ပိုင်းချုံးဂိုဏ်းဝင်များမှာ ထိုစခန်းများကို ရွှေ့ပြောင်း၍ ရှောင်တိမ်းနိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်သည် တစ်ခဏ အတွင်းမှာပင် အခြေစိုက် စခန်း ခုနစ်ခုကို ရောက်ရှိခဲ့ပြီး ဖြစ်၏။ သို့သော်လည်း ထိုစခန်း တစ်ခုချင်းစီမှာ သူ ထားခဲ့စဥ်က အတိုင်း ခြေရာ၊ လက်ရာ မပျက် တည်ရှိနေဆဲ ဖြစ်သည်။ ထွန်းညှိထားသော ဖယောင်းတိုင် တစ်တိုင် ပင်လျှင် နေရာရွေ့ခဲ့ခြင်း မရှိခဲ့ချေ။
“အမေ အဖေ ရှောင်ချုံး အဘိုး... သူတို့ ဘယ်ကို ရောက်နေတာလဲ...”
ချန်းဖန်မှာ ပို၍ စိတ်ပူလာခဲ့၏။ သူတို့၏ ဝိညာဥ် ကျောက်ပြားများမှာ လင်းလက်နေဆဲ ဖြစ်ရာ မသေသေး ဟူသော အချက်က သေချာသည်။ သို့သော်လည်း သေသည်ထက် ပို၍ ဆိုးရွားသော အဖြစ်များကို ကြုံတွေ့ နေရမည်လား မဆိုနိုင်ချေ။
“ငါ ရှာစရာဆိုလို့ ယင်ကျိုးကျွန်း တစ်ခုပဲ ကျန်တော့တယ်... သူတို့ကို အဲဒီနေရာမှာသာ မတွေ့ရရင် ငါ ကမ္ဘာ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မယ်... ဘာတွေပဲ ဖြစ်ဖြစ် ငါမိဘတွေနဲ့ ရှောင်ချုံးကို တွေ့အောင် ရှာမယ်”
ယင်ကျိုးကျွန်း...
ယင်ကျိုးကျွန်းသည် အရှေ့ပင်လယ်တွင် တည်ရှိပြီး ရှေးဟောင်းခေတ်၏ ကျင့်ကြံခြင်း နယ်မြေ တစ်ခု အဖြစ် ထင်ရှားသည်။ သို့သော်လည်း ချန်းဖန်သည် ယင်ကျိုးကျွန်းကို သိမ်းပိုက်ကာ မြောက်ပိုင်းချုံး၏ အခြေစိုက် စခန်း တစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။
“ဘုန်း...”
ချန်းဖန်သည် ယင်ကျိုးကျွန်း ဝင်ပေါက်ကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်၏။ ထိုအခါ အံ့အားသင့်လောက်စရာ မြင်ကွင်းတစ်ခုက သူ့အား ဆီးကြိုနေပေသည်။
ယင်ကျိုးကျွန်း တစ်ခုလုံးသည် ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေ၏။ များစွာသော သားရဲများမှာ ကောင်းကင်၌ ပျံသန်းနေကြပြီး ထိုသားရဲ တစ်ကောင်ချင်းစီမှာ မူလ အဆင့်များ ဖြစ်ကြသည်။
“ဘုန်း...”
ပေတစ်ရာ ရှည်လျားသော မြွေဖြူကြီး တစ်ကောင်သည် ကောင်းကင်တွင် လူးလိမ့် ပျံသန်းနေ၏။ ၎င်းသည် နဂါးတစ်ကောင်အလား ဦးချို နှစ်ချောင်းကို ပိုင်ဆိုင်ထားသည်။ ထိုမြွေကြီးကား ရွှေအမြုတေ အဆင့်ကိုပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
ထို့အပြင် ချန်းဖန်သည် မိုးကြိုးစွမ်းအားများ ဝန်းရံနေသည့် ကမ္ဘာလိပ် တစ်ကောင်နှင့် နတ်မြင်းပျံ တစ်ကောင်ကိုပါ တွေ့လိုက်ရ၏။
“မြွေဖြူ၊ လိပ်နက်နဲ့ မြင်းပျံ...”
ချန်းဖန်မှာ ထိုသားရဲ သုံးကောင်ကို ကြည့်ကာ ချက်ချင်းပင် မှတ်မိလိုက်သည်။
သို့သော်လည်း သူသည် ထိုအရာကို အမှုမထားအားပဲ ယင်ကျိုးကျွန်း တစ်ခုလုံးကိုသာ နတ်ဘုရား စိတ်အာရုံဖြင့် ဖြန့်ကျက် ရှာဖွေလိုက်၏။ သို့သော်လည်း ကံမကောင်းစွာပင် ယင်ကျိုးကျွန်း၏ မည်သည့် နေရာတွင်မှ ဖန့်ချုံးတို့ကို မတွေ့ရချေ။
“ဂီး...”
ရုတ်တရက် လင်းယုန်အော်သံ တစ်ခုသည် ကျွန်းတစ်ခုလုံးကို လွှမ်းခြုံ၍ ထွက်ပေါ်လာ၏။ ချန်းဖန်က ကြည့်လိုက်ရာ သူ့ထံသို့ ပျံသန်းလာနေသည့် ရွှေရောင် လင်းယုန်ကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုလင်းယုန်ကြီး၏ အမွေး အားလုံးသည် ရွှေရောင် အဆင်းရှိကာ သူ၏ လက်သည်းများမှာမူ ဓားများအလား ထက်ရှနေသည်။
ထိုငှက်ကြီးကား ရွှေအမြုတေ အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။ ၎င်းပေါ်လာသည်နှင် အခြား သားရဲများ အားလုံးမှာ ကြောက်လန့်စွာဖြင့် ခေါင်းငိုက်စိုက်ချကြရ၏။
“မင်းကိုး...”
ချန်းဖန်မှာ လင်းယုန်ငှက်ကြီးကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွား၏။ ထိုသတ္တဝါကား သူနှင့် အတူ အပြင် ကမ္ဘာသို့ လိုက်ခဲ့ဖူးသည့် ယင်ကျိုးကျွန်း၏ လင်းယုန်ငှက်ကြီးပင် ဖြစ်လေသည်။
“ဟူး... ဟူး...”
လင်းယုန်ကြီးသည် ဘာကိုမှ အမှုမထားသည့်နှယ် ကောင်းကင်တွင် ပျံသန်းနေသည်။ သို့သော်လည်း သူသည် ချန်းဖန်ကို မြင်သည့် အခါ၌ တစ်ကိုယ်လုံး တုန်ရီသွား၏။ သူက ချက်ချင်းပင် အတောင်ပံကို လျှင်မြန်စွာ ခတ်ရင်း အဝေးသို့ ပြန်ပြေးရန် ကြိုးစားတော့သည်။
“ဒီကိုလာစမ်း...”
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ ထိုအခါ ရွှေရောင် လင်းယုန်ကြီးမှာ မမြင်ရသည့် လက်ကြီး တစ်ခု၏ ဆွဲခေါ်မှုကို ခံရသည့်နှယ် နောက်သို့ ပြန်လည် ပါလာတော့သည်။
“ဘာလဲ... မင်းက ကိုယ့်သခင်နဲ့ ပြန်တွေ့ရတာ ဝမ်းမသာဘူးလား”
ချန်းဖန်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
လင်းယုန်ကြီးမှာ ချန်းဖန်၏ အမူအရာကြောင့် ကြောက်လန့် သွား၏။ သူက ဦးခေါင်းဖြင့် ချန်းဖန်၏ ခြေထောက်အား အသနားခံဟန် ပွတ်တိုက်လိုက်၏။
“တော်စမ်း... ငါမေးတာကိုဖြေ... ငါ့အဘိုး ချန်းဟွိုက်အန်းတို့ကို မင်းတွေ့ဖူးတယ် မလား... အခု သူတို့ ဘယ်ကို ရောက်သွားပြီလဲ”
ချန်းဖန်က မေးလိုက်သည်။
လင်းယုန်ငှက်ကြီးမှာ တစ်ခဏမျှ စဥ်းစားကာ ချန်းဖန်အား နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။ သူသည် သဘာဝအရ လူသား ဘာသာစကားကို မပြောဆိုနိုင်သော်လည်း နတ်ဘုရား စိတ်အာရုံကိုမူ အသုံးပြုနိုင်ပေသည်။
လင်းယုန်ငှက်ကြီး၏ စကားကို နားထောင်ပြီးနောက် ချန်းဖန်မှာ မျက်မှောင်ကြုတ်သွား၏။
“လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်မှာ သူတို့က ယင်ကျိုးကျွန်းကို မင်းကို ပြန်လိုက်ပို့တယ်ပေါ့ ဟုတ်လား... အဲဒီ အချိန်က စပြီး သူတို့ကို လုံးဝ မတွေ့ရတော့ဘူးပေါ့”
လင်းယုန်ငှက်ကြီးက ခေါင်းညိတ် လိုက်သည်။
“လွန်ခဲ့တဲ့ ခြောက်နှစ် အတိအကျပဲ...”
ချန်းဖန်၏ မျက်လုံးများမှာ တဖျတ်ဖျတ် လင်းလက် တောက်ပ သွား၏။