ဘယ်သူမှ ငါ့ကို မသိဘူး
Vol. 11 Ch. 1036
လွန်ခဲ့သည့် ခြောက်နှစ်...
လွန်ခဲ့သည့် ခြောက်နှစ်မှာ ၂၀၂၀ ခုနှစ် ဖြစ်သည်။ ထိုနှစ်သည် ချန်းဖန် အတွက် ထူးခြားသော နှစ်တစ်နှစ် ဖြစ်ပေသည်။
ထိုနှစ်တွင်ပင် ထန်ချင်သည် သူနှင့် ဖန့်ချုံးတို့ကို ကမ္ဘာမှ နေ၍ ကျင့်ကြံခြင်း လောကသို့ ခေါ်ဆောင် သွားခဲ့သည်။ ထိုအဖြစ်အပျက်သည် သူ၏ ဘဝ နှစ်ခု စလုံးကို ကြီးမားစွာ အကျိုးသက်ရောက်ခဲ့ပြီး အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့လေသည်။
ချန်းဖန်သည် လင်းယုန်ကြီးကို ခေါ်ဆောင်ကာ ယင်ကျိုးကျွန်းမှ ပြန်လည် ထွက်ခွာလာခဲ့၏။ သူသည် ယန်ကျင်း၊ အနောက်တောင်၊ ဟောင်ကောင်၊ ကျုံးဟိုင်နှင့် ကျင်းမြို့တော်တို့ကို ဖြတ်ကာ ပျံသန်းခဲ့သည်။
ခရီးစဥ် တစ်လျှောက်၌ ချန်းဖန်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ကမ္ဘာကြီး မည်မျှပြောင်းလဲသွားကြောင်း တွေ့မြင်ခဲ့ရသည်။
ချီထူထပ်လာခြင်းနှင့် အတူ ကျင့်ကြံသူများ၊ သိုင်းသမားများမှာ ပို၍ ပေါများ လာခဲ့သည်။ ဂိုဏ်းများ၊ လက်ရည်စမ်းကွင်းများသည် ရှော့ပင်းစင်တာများ ပြီးနောက် ဒုတိယေမြောက် လူအစည်ကားဆုံး နေရာများ ဖြစ်လာခဲ့သည်။
ကျင့်ကြံခြင်း အမှုကို မပြုနိုင်ကြသေးသည့် လူများ ပင်လျှင် ခန္ဓာကိုယ်အား သန်မာစေသည့် လှုပ်ရှားမှုမျိုးကို အချိန်ပေးကာ လေ့ကျင့်နေကြသည်။ ချီသန့်စင်ခြင်း အဆင့် လူများမှာမူ နိုင်ငံတော်မှ အထူး ချီးမြှင့်သော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ လျှောက်လှမ်းလာသည့် အခါတိုင်း၌ သာမန် လူများမှာ ဘေးသို့ ဆင်းကာ လမ်းတစ်ခု ပြုလုပ်ပေးရသည်။
သို့သော်လည်း မူလ အဆင့်များမှာမူ ရှားပါးကာ မြို့ကြီးများတွင်ပင် တွေ့ရခဲသည်။
ချန်းဖန်သည် သူ ရောက်ရှိသည့် မြို့တိုင်းတွင် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးသည်။ သို့သော်လည်း သူသည် ရှောင်ချုံးတို့ကို မတွေ့ရချေ။ သူတို့ကား ကမ္ဘာမှ ခြေရာဖျောက်ကာ ပျောက်ကွယ်သွားပုံ ပေါ်ပေသည်။
ထိုခရီးစဥ်၌ ချန်းဖန်သည် သူ၏ သူငယ်ချင်းများ ဖြစ်ကြသည့် ကျန်းထန်ချိုးနှင့် ရန်ရှောင်ပိုင်တို့ကို အမှတ်မထင် တွေ့ခဲ့ရသေးသည်။ သူတို့သည် လက်ထပ်ပြီးစီးကာ ကလေး ကိုယ်စီပင် ရနေကြပြီ ဖြစ်သည်။ သူတို့သည် ပျော်ရွှင်သော ဘဝလေးများကို ပိုင်ဆိုင်ထားကြရာ ချန်းဖန်မှာ သူတို့အား မနှောက်ယှက်တော့ချေ။
ချန်းဖန်သည် မြို့ပေါင်းများစွာကို ဖြတ်သန်း ခရီးနှင်ရင်း လူပျောက်ရှာပုံပေါ်ဖွင့် နေခဲ့သည်။ သူသည် ပင်ကိုယ် ရုပ်သွင်ကိုပင် ကွယ်ဝှက်ခြင်း မပြုပဲ လမ်းမများထက်၌ လျှောက်သွားသည်။ သို့သော်လည်း တစ်ချိန်က ကမ္ဘာ၏ အကျော်ကြားဆုံး ဖြစ်သည့် ချန်းပေ့ရွှမ်းကို မည်သူမျှ မမှတ်မိကြချေ။
ဆယ်စုနှစ် တစ်ခုဟူသော အချိန်သည် အရာအားလုံးကို တိုက်စား သွားခဲ့သည်။ ကမ္ဘာပေါ်၌ သူရဲကောင်း အသစ်၊ ခေါင်းဆောင် အသစ်၊ အုပ်စိုးသူ အသစ်များ ပေါ်ထွန်းလာခဲ့သည်။ ချန်းပေ့ရွှမ်း ဆိုသော ပုဂ္ဂိုလ်ကား သမိုင်း စာအုပ်များ အတွင်း ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး၌ ချန်းဖန်သည် ချူကျိုးမြို့သို့ ပြန်လာခဲ့သည်။ သူသည် တောင်ထိပ်၌ ရပ်ရင်း လက်ထဲရှိ ဝိညာဥ် ကျောက်ပြားလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ရှိ ကြယ်များကို မော့ကြည့် လိုက်၏။ ထိုအခိုက်အတန့်၌ သူ၏ မျက်လုံးများကား ထူးခြားစွာပင် ညိုးလျော် နေခဲ့လေသည်။
သူ၏ မှတ်ဉာဏ်အတွင်း၌ သွေးနှင့် နတ်ဘုရား စိတ်ဝိညာဥ်ကို ခြေရာခံနိုင်သော ကမ္မ ကျင့်စဥ် တစ်ခု ရှိပေသည်။ ထိုကျင့်စဥ်သည် အလင်းနှစ် ထရီလျံချီသော အကွာအဝေးမှ လူကိုပင်လျှင် ကမ္မရေစက်ကြိုးဖြင့် ခြေရာခံ ရှာဖွေနိုင်ပေသည်။ သို့သော်လည်း မဟာ ကျင့်ကြံသူများ ပင်လျှင် ထိုကျင့်စဥ်ကို သုံးပါက ကြီးမားစွာ ပေးဆပ်ရလေ့ရှိသည်။
ချန်းဖန်သည် ထိုကျင့်စဥ်ကို သုံးရမည်လား စဥ်းစား မရချေ။ ကမ္မကား လောက၌ ကြောက်မက်ဖွယ် အကောင်းဆုံး အရာ ဖြစ်သည်။
နောက်ဆုံး၌ ချန်းဖန်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ထိုအခါ သူ၏ မျက်လုံးများက ပြတ်သားမှုဖြင့် ပြန်လည် တောက်ပလာသည်။
“ကလန့်...”
ချန်းဖန်က ဘယ်ဘက်လက်ဖြင့် ဓားတစ်ချောင်းကို ထုတ်ယူကာ ညာဘက်လက်အား ခုတ်ထစ်လိုက်သည်။
“ဘုန်း...”
သူ၏ ညာဘက်လက်မောင်း၌ လက်မ အနည်းငယ် ကြီးမားသော ဒဏ်ရာ တစ်ခု ပေါ်လာကာ အဇူရာ သွေးစက် တစ်စက် စီးထွက်လာသည်။ ထိုသွေးစက်သည် ဝိညာဥ်ကျောက်ပြား ပေါ်သို့ ကျဆင်းသွား၏။
“သွေးက သွေးသားဆီကို သွားတယ်... နတ်ဘုရား စိတ်ဝိညာဥ်... ကျေးဇူးပြုပြီး လမ်းကို ညွှန်ပြပေးပါ...”
ချန်းဖန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ ထိုအခါ မမြင်နိုင်သော အင်အား တစ်ခုသည် ဝိညာဥ်ကျောက်ပြားကို သူ၏ ရင်ဘတ်ရှေ့ အထိ ရောက်အောင် မတင်လာ၏။
“ကလန့်...”
သွေးအား စုပ်ယူပြီးနောက် ဝိညာဥ် ကျောက်ပြားသည် အဇူရာ အလင်းများကို ထုတ်လွှတ်လာ၏။ ၎င်းသည် အဆက်မပြတ် လည်ရင်း ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို ကမ္ဘာများ ဖြတ်၍ ခေါ်ဆောင်သွားသည်။ အဆုံး၌ သူသည် အဖြူရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို မြူမှုန်များ အကြား၌ မှုန်ဝါးဝါး တွေ့လိုက်ရသည်။
“ရှောင်ချုံးလား...”
ချန်းဖန်က မျက်လုံးကို ပြူးပြဲရင်း ထိုပုံရိပ်ကို သေချာစွာ ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုပုံရိပ်သည် လျှင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွား၏။
“နောက်တစ်ခါ...”
ချန်းဖန်၏ မျက်လုံးများထဲတွင် မီးတစ်ခုက လောင်မြိုက်လာသည်။
“ဘုန်း...”
ပိုမို များပြားသော သွေးစက်များသည် ဝိညာဥ်ကျောက်ပြားပေါ် စီးဆင်းကျ သွား၏။ ၎င်းသည် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို နောက်တစ်ကြိမ် ကမ္ဘာများကို ဖြတ်သန်း၍ ခေါ်ဆောင်သွားပြန်သည်။ ထိုအခါ သူသည် ထိုမိန်းကလေးကို နောက်တစ်ကြိမ် တွေ့လိုက်ရပြန်၏။
“ပိုပြီး ကပ်စမ်း... ပိုပြီး...”
ယခုတစ်ကြိမ်၌ ဝတ်စုံဖြူဝတ် မိန်းကလေး၏ ရုပ်သွင်က ပို၍ ထင်ရှားလာသည်။
“ရှောင်ချုံး... သူက ရှောင်ချုံးပဲ ဖြစ်ရမယ်”
ချန်းဖန်၏ မျက်လုံးများမှာ ပို၍ လင်းလက်လာသည်။
“ဘုန်း...”
သူသည် ပိုမို ရှင်းလင်းစွာ မြင်တွေ့ခွင့် ရရန် အတွက် သွေးစက်များကို ဝိညာဥ်ကျောက်ပြား အပေါ် သွန်းလောင်းလိုက်ပြန်၏။
ယခုတစ်ကြိမ်တွင်မူ သူသည် အဖြူရောင်ဝတ် မိန်းကလေး၏ ဘေးရှိ ပုံရိပ်များကိုပင် တွေ့မြင် လာရသည်။ မိန်းကလေးသည် တောင်ကြီးတစ်ခု၏ အပေါ်၌ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ ထိုတောင်သည် မိုးကောင်းကင်ကို ထိသည် အထိ အလွန် မြင့်မားလှ၏။ နေ၊ လ နှင့် ကြယ်များသည် တောင်၏ ပတ်လည်၌ ဝန်းရံကာ လွင့်မြော နေလေသည်။
မိန်းကလေးသည် ဆရာ ဖြစ်သူ၏ သင်ကြားပြသပေးမှုကို အလေးထားကာ နားထောင်နေသည်။ သူမ၏ ဘေးတွင်မူ သူမအား တစ်ခုခု ပြောနေဟန် ရှိသည့် လူငယ် ကျင့်ကြံသူ အချို့ ရှိနေ၏။ သူတို့ တစ်ယောက်ချင်းစီကား လော့ချန်ရှန်း၊ လင်းဟယ်တို့ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကြသည့် လူများ ဖြစ်ကြသည်။
ရုတ်တရက် အဖြူရောင်ဝတ် မိန်းကလေးသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်နှယ် ချန်းဖန် ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။ သူမ၏ ရုပ်သွင်ကို မြင်သည်နှင့် ချန်းဖန်မှာ အလုံးစုံ ဆွံ့အ သွားတော့၏။
“ရှောင်ချုံး...”
သူ မည်ကဲ့သို့ မှားနိုင်မည်နည်း။ ထိုမိန်းကလေးကာ ပိုမို ကျက်သရေ ရှိလာသည်မှ လွဲ၍ ရှောင်ချုံးမှ ရှောင်ချုံး ဖြစ်သည်။
“ခရက်...”
ချန်းဖန် အတည်ပြုပြီးသည်နှင့် မြင်ကွင်း တစ်ခုလုံးမှာ ကြေမွ ပျက်စီးသွား၏။ ကြည်လင်သော ဝိညာဥ်ကျောက်ပြားသည် အသံတစ်ခု မြည်ကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ထိုအရာကား အခိုက်အတန့် တစ်ခုမျှ အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ချန်းဖန်သည် ဂရုစိုက်ခြင်း မရှိချေ။ နောက်ဆုံး၌ သူကား ဖန့်ချုံး ရောက်ရှိနေသည့် နေရာကို သိရှိသွားခဲ့ပြီ ဖြစ်လေသည်။
ဗဟို ဂလက်စီ၊ မြောက်ပိုင်းနယ်မြေ၊ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း...
ထိုနေရာကား အတိတ်ဘဝ၌ နှစ်ပေါင်း လေးရာတိုင်တိုင် နေထိုင်ခဲ့သော အိမ် ဖြစ်လေရာ သူ အမြင်မှားခြင်း မဖြစ်နိုင်ချေ။
“မင်းအဆင်ပြေနေတာကို တွေ့ရတာ ငါဝမ်းသာပါတယ်...”
ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်၏။
ယခုအခိုက်အတန့်၌ ရှောင်ချုံးကား အလင်းနှစ် ဘီလျံချီသော အကွာအဝေးတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ လက်ရှိ စွမ်းအားဖြင့် ဆိုပါက ထိုနေရာသို့ ရောက်ရန် သူ နှစ်ပေါင်း သိန်းသန်းချီ ပျံသန်းရပေလိမ့်မည်။
သို့သော်လည်း ချန်းဖန်သည် ပျော်ရွှင်နေခဲ့၏။
ရှောင်ချုံးသည် လုံခြုံနေသည်။ ကြည့်ရသည်က ဆရာ ထန်ချင်မှာ ရှောင်ချုံးကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ရှောင်ချုံး ပင်လျှင် အဆင်ပြေနေရာ သူ၏ မိဘများမှာလည်း အဆင်ပြေလောက်သည်။ သူတို့ အားလုံးသည် တစ်ချိန်တည်း၌ ပျောက်ကွယ် သွားခဲ့ခြင်း ဖြစ်ပေသည်။
ချန်းဖန်သည် မြေပြင်ပေါ် ခြေပစ်လက်ပစ် လဲချလိုက်၏။
“အဖေ အမေ ရှောင်ချုံး အဘိုး... ကျွန်တော်ကတော့ ဟိုးအဝေးကြီးမှာ ရှိတဲ့ ထျန်းဟောင်ဂြိုဟ်ကနေ ပြန်လာခဲ့ရတာ... ဘာလို့ ကျွန်တော့်ကို မစောင့်ကြတာလဲ...”
ချန်းဖန်က စကားပြောလိုက်ရာ သွေးစက်များမှာ သူ၏ ပါးစပ်မှ လျှံတက်လာကာ အင်္ကျီများကို စွန်းထင်း သွားစေသည်။ သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာများကို သတိပြုမိခြင်း မရှိချေ။
သူ အသုံးပြုခဲ့သည့် ကျင့်စဥ်ကား မဟာ ကျင့်ကြံသူများကိုပင် ပေးဆပ်မှု ကြီးမားစေသည့် ကျင့်စဥ် ဖြစ်သည်။ သူ့ ကဲ့သို့ ရွှေအမြုတေ အဆင့် တစ်ယောက်က မည်ကဲ့သို့ ထိခိုက်မှု မရှိပဲ အသုံးပြုနိုင်ပါမည်နည်း။
“အဖေ အမေ ရှောင်ချုံး အဘိုး... ကျွန်တော့်ကို စောင့်နေကြပါ... တစ်နေ့ကျရင် ကျွန်တော် စကြဝဠာကို ဖြတ်သန်းပြီး ရောက်အောင် လာခဲ့မှာပါ”
ထိုအခိုက်အတန့်၌ ချန်းဖန်သည် ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ အားနည်းနေခဲ့သည့်တိုင် သူ၏ မျက်လုံးများမှာမူ နတ်ဘုရား တစ်ပါး အလား တလက်လက် တောက်ပနေခဲ့လေသည်။
***