← Chapters

ရှင်းပြမရနိုင်သော လူ

Vol. 51 Ch. 751

ရှင်းပြမရနိုင်သော လူ

Vol. 51 Ch. 751

ထင်ထားတဲ့အတိုင်းပါပဲ။

ကျန်းဝေ့သာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ထူထောင်ဖြစ်ခဲ့ရင် သူ့ဘဝကတော့ ဒေဝါလီခံရမှာ မြေကြီးလက်ခတ်မလွဲ။ ဒါပေမဲ့ ကံကြမ္မာကို ဘယ်သူက ငြင်းနိုင်မှာလဲ။ သန်းထောင်ချီချမ်းသာတဲ့အဖေတစ်ယောက် ရှိနေသရွေ့ သူဘယ်လောက်ပဲ မိုက်မိုက်မဲမဲ လုပ်နေပါစေ၊ သူဌေးသားဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ပျောက်သွားမှာ မဟုတ်ဘူး။

"ကျန်းဝေ့၊ မင်းဘာတွေလုပ်နေတာလဲ။"

ယန်ကျန့်က သူ့ကို နှုတ်ဆက်ရင်း လျှောက်လာခဲ့သည်။

သူတို့နှစ်ယောက် မတွေ့ဖြစ်တာ အတော်ကြာသွားပြီလို့ ထင်ရသည်။

ကျန်းဝေ့က ချက်ချင်းလှည့်ကြည့်လိုက်သည်။ စောစောက ဒေါသထွက်နေတဲ့ သူ့မျက်နှာဟာ ချက်ချင်းဆိုသလို အပြုံးတွေ ဝေသွားတော့သည်။

"ယန်ကျန့်... မင်းကွာ၊ နှစ်သစ်ကူးမှာ မင်းဘာသာမင်း တောပြန်ပြီး ငါ့ကိုကျတော့ ခေါ်မသွားဘူးပေါ့လေ။ ရုံးမှာ တစ်ယောက်တည်း အလုပ်တွေပိပြီး သေမတတ်ပဲ။ ဝမ်ရှန်းရှန်းရဲ့ အဖေကလည်း ခရီးထွက်သွားရော။ ငါသာ ဒီမှာမရှိရင် ဒီကုမ္ပဏီကြီး ပြုတ်သွားတာကြာလှပြီ။"

သူ့ကိုယ်သူ အရှက်မရှိ ကြွားလုံးထုတ်နေလိုက်တာများ၊ ကုမ္ပဏီကြီးတစ်ခုလုံးက သူ့ကျေးဇူးကြောင့် တိုးတက်နေရသလိုလို။

"မင်းက ဘာလို့ ငါနဲ့အတူ တောကိုလိုက်ချင်ရတာလဲ။ အဲ့ဒီမှာ ပျော်စရာဆိုလို့ ဘာမှမရှိဘူး။ ပြီးတော့ ပြဿနာနည်းနည်းလည်း တက်သွားသေးတယ်၊ လူတချို့ သေသွားတာမျိုးပေါ့။"

ယန်ကျန့်က ခပ်အေးအေးပဲ ပြန်ပြောလိုက်သည်။

"ဟာ... လူသေပြန်ပြီလား။ မင်း တကယ်ပဲကွာ၊ မင်းသွားတဲ့နေရာတိုင်းမှာ လူသေတွေချည်းပဲ။"

ကျန်းဝေ့က မကောင်းတဲ့အရာတွေနဲ့ ချက်ချင်း တွဲမြင်လိုက်သည်။

ယန်ကျန့်က ခေါင်းကို ဖြည်းဖြည်းချင်းခါလိုက်သည်။

"ဖြစ်နိုင်တာကတော့ ငါ့ကံက မကောင်းတာနေမှာပါ။ ကံတရားက ငါ့ဘက်မှာ တစ်ခါမှ ရှိခဲ့တာမဟုတ်ဘူး။"

"ဟုတ်တယ်၊ မင်း စာမေးပွဲမှာ ခန့်မှန်းဖြေတာတောင် တစ်ခါမှ မှန်ဖူးတာမဟုတ်ဘူး။ ငါကတော့ ဖြစ်သလိုဖြေရင်တောင် အောင်တုန်းပဲ။ ဒါက မတူညီတဲ့ ကွာခြားချက်ပဲ။ ဒါကြောင့်လည်း ငါတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနိုင်တာပေါ့။ မင်းသိလား၊ ငါ့မှာ မင်းထက်နည်းနည်း ရုပ်ချောတာကလွဲလို့ တခြားအားသာချက် သိပ်မရှိဘူး။"

"ပြီးတော့ မင်းက မနာလိုအောင်လုပ်ပြီး အထိုးခံရတာလည်း လွယ်တယ်လေ၊ ခုနက မင်းကြုံခဲ့သလိုပေါ့။"

ကျန်းဝေ့က သက်ပြင်းတစ်ချက်ချရင်း သူ့ခြေရင်းမှာ သတိလစ်နေတဲ့ ဝန်ထမ်းကို လက်ညှိုးထိုးပြသည်။

"ငါက သူ့ကို ဒီလောက်ကောင်းကောင်း ဆက်ဆံခဲ့တာကို သူက ငါ့ကိုပြန်ထိုးချင်နေတယ်။ ဒါ ဘာကြောင့်လဲသိလား၊ ငါက သူ့ထက်ရုပ်ချောလို့ မနာလိုဖြစ်နေတာ။ သူ ငါ့အပေါ် မကျေမနပ်ဖြစ်နေတာ ကြာပြီ။ ဒါကြောင့် ယောက်ျားလေးတွေ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်ဆိုတာ ဒါပဲ။ မြင်လား၊ အခုဆို ငါအပြင်သွားရင်တောင် သက်တော်စောင့်တွေ ခေါ်သွားနေပြီ။"

ယန်ကျန့်က သူ့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

မင်း အထိုးခံရတာက မင်းရဲ့ မောက်မာတဲ့အကျင့်ကြောင့်ပဲ။

သက်တော်စောင့်ကိစ္စကလည်း အရင်တစ်ခါ မင်းကို စုန့်ရန်က ပြန်ပေးဆွဲခဲ့လို့ ခေါ်ထားရတာလေ။ မင်းရုပ်ချောတာနဲ့ ဘာမှမဆိုင်ဘူး။

"ဒါပေမဲ့ သက်တော်စောင့်ရှိတာလည်း သိပ်ပြီးတော့ စိတ်မချရပါဘူးကွာ။ မင်းရှိနေမှ ငါ့အတွက် ပိုလုံခြုံသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ မင်းက ရန်ဖြစ်ရင် တစ်ခါမှ မရှုံးဖူးဘူးလေ။"

ကျန်းဝေ့က အတိတ်ကို တမ်းတသလို ပြောလိုက်သည်။

"ဒါနဲ့... ယန်ကျန့်၊ မင်း ထမင်းစားပြီးပြီလား။ အောက်ထပ်မှာ အသားကင်ဆိုင်အသစ်တစ်ဆိုင် ဖွင့်ထားတယ်၊ အရသာက တော်တော်ကောင်းတယ်။ စားဖိုမှူးကို မြို့ပြင်ကနေ အထူးခေါ်ထားတာတဲ့။ ငါတို့ အသားကင်သွားစားကြမလား။"

"မင်း အစည်းအဝေးလုပ်နေတာ မဟုတ်ဘူးလား။"

ယန်ကျန့်က မေးသည်။

"ဘာအစည်းအဝေးလဲ။ ဒီဝန်ထမ်းတွေက ပျင်းလည်းပျင်းတယ်၊ အသုံးမကျဘူး။ မကြာခင် သူတို့အားလုံးကို ငါအလုပ်ဖြုတ်ပစ်မှာ။ ဒီနှစ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု ရလဒ်ကိုကြည့်စမ်းပါဦး၊ ကြည့်လို့တောင်မကောင်းဘူး။ ဘယ်က ကြောင်တောင်တောင်က ဒီအဖွဲ့ကို ခန့်ထားမှန်းမသိဘူး။"

ကျန်းဝေ့က ကျိန်ဆဲလိုက်သည်။

ဝန်ထမ်းခန့်အပ်ရေးဌာနရဲ့ အကြီးအကဲဟာ သူကိုယ်တိုင်ဖြစ်ပြီး ဝန်ထမ်းအများစုကို သူကိုယ်တိုင် လူတွေ့စစ်ဆေးခဲ့တာကိုတော့ သူ မေ့နေပုံရသည်။

"ထားလိုက်ပါတော့၊ ငါကလည်း ဒီကုမ္ပဏီကနေ ငွေရှာဖို့ မျှော်လင့်ထားတာမှ မဟုတ်တာ။ ဒီလောက်ကြီး ဒေါသထွက်မနေပါနဲ့။"

ယန်ကျန့်က ပြောလိုက်သည်။

ကျန်းဝေ့က ခေါင်းညိတ်သည်။

"မင်းပြောတာမှန်တယ်။ ကံကောင်းတာက ငါတို့မှာ ငွေအိတ်ကြီးကြီးရှိလို့ ကိုယ့်အားကိုယ်ကိုးနိုင်တယ်၊ ဝန်ထမ်းတွေကို အားကိုးစရာမလိုဘူး။ အစကနေပြန်စရမှာ။ သူတို့ပေါ်မူတည်နေရရင်တော့ ငတ်သေမှာသေချာတယ်။"

"..."

ယန်ကျန့် သူ့ကို နှစ်သိမ့်ပေးစရာမလိုတော့ဘူးဟု တွေးလိုက်မိသည်။

သူ့မှာ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် အားနာခြင်း စိုးစဉ်မျှမရှိဘဲ ထူးဆန်းတဲ့ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေသည်။

"ထားလိုက်တော့၊ သွားစားရအောင်။"

ကျန်းဝေ့က ယန်ကျန့်ရဲ့ ပခုံးကိုဖက်ကာ ရယ်မောရင်း ပြောလိုက်သည်။

မသွားခင်မှာ သူက လှမ်းအော်ပြောလိုက်သေးသည်။

"ဟေ့... အပေါက်ဝက အမှိုက်တွေကို တစ်ယောက်ယောက် ရှင်းလိုက်ဦး။ နောက်တစ်ခါ ငါလာစစ်တဲ့အချိန်မှာ ဒီလိုအမှိုက်တွေပုံနေတာတွေ့လို့ မရှင်းရသေးရင် မင်းတို့လစာထဲက ဖြတ်ပစ်မယ်။"

"ဒါနဲ့ မင်းက ဒီအထပ်ကို ဘာလာလုပ်တာလဲ။"

ယန်ကျန့်က မေးလိုက်သည်။

"သန့်ရှင်းရေး လိုက်စစ်တာလေ၊ ဘာရှိရမှာလဲ။ ငါက အစည်းအဝေးလုပ်ဖို့သက်သက် လာတယ်ထင်လို့လား။ ငါက အဲ့ဒီလောက် အားနေတဲ့ကောင် မဟုတ်ဘူး။"

ကျန်းဝေ့က ပြန်ဖြေသည်။

"..."

ယန်ကျန့်မှာတော့ ပြောစရာစကားပင် မရှိတော့။

မျှော်စင်အောက်ထပ်မှာတော့ ဆိုင်ခန်းတွေ ဖွင့်လှစ်ထားပြီး အသားကင်ဆိုင်တစ်ဆိုင်က သိသိသာသာကို လူရှင်းနေသည်။ အသိဉာဏ်ရှိတဲ့လူတွေ ဒီနေရာမှာ ဆိုင်လာဖွင့်မှာမဟုတ်၊ ဘာကြောင့်လဲဆိုတော့ ဆိုင်ငှားခနဲ့ ဝင်ငွေက ဘယ်လိုမှ ကာမိမှာမဟုတ်လို့ပဲ။ ဒီဆိုင်လေး ဖွင့်နိုင်နေတာဟာ ကျန်းဝေ့ရဲ့ အထူးအခွင့်အရေးပေးမှုကြောင့်ဆိုတာ သေချာသည်။

ဆိုင်ငှားခကို ကင်းလွတ်ခွင့်ပေးထားတဲ့အပြင် ဆိုင်ရှင်ကို လစာပါ ပေးထားလောက်သည်။

"ဟုတ်သားပဲ၊ မင်းကိုပြောဖို့ မေ့နေတာတစ်ခုရှိတယ်။"

သူတို့နှစ်ယောက် အစားအသောက်မှာနေတုန်း ကျန်းဝေ့က ရုတ်တရက် အော်ပြောလိုက်သည်။

"ဘာလဲ။ အရေးကြီးလို့လား။"

ယန်ကျန့်က မေးသည်။

"သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ စီစဉ်နေလို့။ အခုချိန်မှာတော့ နှစ်ကုန်ပါတီလို့ ခေါ်လို့မရတော့ဘူးပေါ့၊ တွေ့ဆုံပွဲသက်သက်ပဲ။ ငါ့အဖေက စီစဉ်တာ။ သူက မင်းကို အတိအကျ တက်စေချင်နေတာ။ မင်းသာမလာရင် ဒီပွဲက သိပ်ပြီးစည်မှာမဟုတ်ဘူးတဲ့။ ကြားရတာတော့ နာမည်ကြီးအနုပညာရှင်တချို့ကိုတောင် ဖျော်ဖြေဖို့ ဖိတ်ထားတယ်တဲ့၊ အသေးစိတ်တော့ ငါလည်းမသိဘူး။ မင်းရဲ့ အတွင်းရေးမှူးတော့ သိလောက်တယ်။"

ကျန်းဝေ့က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

ယန်ကျန့် စဉ်းစားလိုက်သည်။ ကျန်းလီချင်က ဒီလိုပွဲမျိုးအကြောင်း ပြောခဲ့တာကို သူ မှတ်မိသလိုလိုရှိသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အထက်တန်းလွှာတွေကိုဖိတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ဖို့နဲ့ ကုမ္ပဏီရဲ့ဩဇာကို ချဲ့ထွင်ဖို့ စီစဉ်တဲ့ တွေ့ဆုံပွဲတစ်ခုပေါ့။

"ကောင်းပြီလေ၊ ငါ ကျန်းလီချင်ကို မေးကြည့်လိုက်မယ်။ တကယ်လုပ်ဖြစ်တယ်ဆိုရင် မနက်ဖြန် ငါတက်ခဲ့မယ်။"

သူက ပြောလိုက်သည်။

သူ ဒီ့ထက်ပိုပြီး ပေါ့ပေါ့ဆဆ နေလို့မဖြစ်တော့ဘူး။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဂရုစိုက်ရဦးမည်။

နောက်ဆုံးတော့ အနာဂတ်အတွက် သူကြိုတင်ပြင်ဆင်ထားရမည် မဟုတ်လား။

"ဒါဆို အရမ်းကောင်းတာပေါ့။ ဒီလိုတွေ့ဆုံပွဲတွေက ဘာမှထူးထူးခြားခြားမရှိပါဘူးကွာ။ ငါ အများကြီးတက်ဖူးတယ်။ ထောင့်တစ်နေရာမှာကပ်ပြီး တစ်ယောက်တည်းစားနေရတာပဲ။ တစ်ယောက်ယောက်က ငါ့ကို ကဖို့လာခေါ်ရင် တော်တော်ဒေါသထွက်ဖို့ကောင်းတယ်။ ငါကလည်း ပြန်ဆဲလွှတ်လိုက်တာပေါ့၊ ငါမကတတ်မှန်း သိသိကြီးနဲ့ကို လာခေါ်တာ။ သူတို့က ငါအရှက်ကွဲတာကို ကြည့်ချင်နေကြတာ။ သူတို့ကို ဆဲလိုက်တာတောင် နည်းသေးတယ်။ ဒါပေမဲ့ မင်းပါလာရင်တော့ ပိုကောင်းသွားမှာ။ ငါတို့နှစ်ယောက် ထောင့်မှာ အတူတူကပ်ထိုင်လို့ရတာပေါ့၊ အဖော်မမဲ့တော့ဘူးလေ။"

ကျန်းဝေ့က မပျော်ရွှင်ခဲ့တဲ့ အမှတ်တရတချို့ကို ပြန်ပြောပြနေသည်။

"တော်ပြီ တော်ပြီ၊ မင်းက ငါထင်ထားတာထက် အများကြီးတော်ပါတယ်။ ကိုယ့်ကိုယ်ကို ဒီ့ထက်ပိုကြွားမနေနဲ့တော့။"

ယန်ကျန့်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

ကျန်းဝေ့က ဆက်ပြောသည်။

"ဒါနဲ့ပြောရရင်၊ အဲ့ဒီ စုန့်ရန်ဆိုတဲ့ ငမိုက်သားကို မင်းရှာတွေ့ပြီလား။ ငါ့အဖေကသာ ငါ့ကို တာချန်းမြို့ကနေ ထွက်ခွင့်မပိတ်ထားရင်၊ ငါ့ရဲ့ရွှေသေနတ်နှစ်လက်နဲ့ သူ့ခေါင်းကို တစ်ချက်၊ အောက်ပိုင်းကို တစ်ချက် ပစ်ခွဲပစ်လိုက်ချင်တာ။"

"မင်းက တကယ်ကံဆိုးတာပဲ။ သူ့အသက်ကို ကယ်ဖို့ ဒီလောက်ဒုက္ခခံခဲ့ရပြီးမှ ကျေးဇူးမသိတတ်တဲ့ ခွေးတစ်ကောင်ကို ကယ်လိုက်မိသလို ဖြစ်သွားတယ်။ အား... အခုပြန်တွေးကြည့်ရင် ဆူလေ့သာ အဲ့ဒီတုန်းက ပြုတ်ကျမသေခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ငါတို့အတန်းရဲ့ အလှဘုရင်မလေး၊ ဒီလိုနဲ့ပဲ ဆုံးသွားရတယ်။ ကျောက်လေ့လည်း သေတာ သနားစရာကောင်းလိုက်တာ။ အသက်ရှင်ဖို့ ဒီလောက်ကြိုးစားခဲ့ရပြီးမှ ဒီလိုနဲ့ပဲ ဆုံးသွားရတယ်။"

သူက ကျိန်ဆဲနေပေမဲ့ သူ့အတန်းဖော်ဟောင်းတွေအကြောင်း ပြန်ပြောရင်း နောင်တတွေနဲ့ ပြည့်နှက်နေဆဲဖြစ်သည်။

နောက်ဆုံးတော့ ဒီအဖြစ်အပျက်တွေဖြစ်ခဲ့တာမှ နှစ်ဝက်ပဲရှိသေးသည်၊ အချိန်အကြာကြီး မဟုတ်သေး။

"ဒါနဲ့ မြောင်ရှောင်ရှန်း အခုဘယ်လိုနေလဲ။ မင်းတစ်ခေါက်က ခရီးထွက်ရင်း သူ့ကိုတွေ့ခဲ့သေးတယ် မဟုတ်လား။"

ကျန်းဝေ့က ထပ်မေးသည်။

"သူအဆင်ပြေပါတယ်၊ တက္ကသိုလ်တက်နေပြီး အဆောင်ဖော်ကောင်းတွေလည်း ရထားတယ်။"

ယန်ကျန့်က ပြောသည်။

ကျန်းဝေ့က ခေါင်းညိတ်သည်။

"ကြားရတာ ဝမ်းသာပါတယ်။ နောက်ဆုံးတစ်ခေါက် ငါ ဝမ်ရှန်းရှန်းကို သွားတွေ့တုန်းက သူက ငါ့အပေါ်မှာ အေးတိအေးစက်နိုင်လွန်းတယ်၊ ငါမေးတာကိုတောင် လစ်လျူရှုထားတယ်။ ပြီးတော့ ငါတို့နဲ့ သိပ်မရင်းနှီးတဲ့ လျိုချီ ဘာဖြစ်သွားလဲဆိုတာလည်း ငါမသိတော့ဘူး။ အဲ့ဒီတစ်ခါပြီးကတည်းက သူ တာချန်းမြို့ကနေ ထွက်သွားပြီး ပျောက်ခြင်းမလှ ပျောက်သွားတာပဲ၊ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လည်းမရှိ၊ ဘာမှမရှိဘူး။"

"သူ့အကြောင်းကို မေ့လိုက်ပါတော့။"

ယန်ကျန့်က ခေါင်းကို ဖြည်းညင်းစွာခါယမ်းလိုက်သည်။

ကျောင်းကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အတန်းဖော်ခုနစ်ယောက်ထဲမှာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရသူက ခပ်ရှားရှားပင်။

ကျန်းဝေ့နဲ့ စကားပြောရတာကတော့ တကယ်ကို စိတ်လက်ပေါ့ပါးစေသည်။ ကြောက်စရာကောင်းတဲ့ အရာတွေကို ခေါင်းထဲမရောက်အောင် တားဆီးပေးနိုင်ပြီး ယန်ကျန့်ကိုယ်တိုင် တစ္ဆေဆရာတစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ အဖြစ်မှန်ကို ခေတ္တမေ့သွားစေသည်။

သူတို့ အအေးသောက်ကြသည်၊ အသားကင်စားကြသည်။

လွန်ခဲ့တဲ့ခြောက်လက ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရပေမဲ့ အခုတော့ အရာရာဟာ မှတ်မိမရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။

ယန်ကျန့်က အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရပြီး သူ့ရဲ့စိတ်ခံစားမှုတွေက တဖြည်းဖြည်း ထုံကျဉ်လာခဲ့သည်။ ကျန်းဝေ့ကတော့ ကုတ်အင်္ကျီနဲ့ နက်ခ်တိုင်တွေဝတ်ပြီး ကုမ္ပဏီတစ်ခုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သင်ယူနေပြီ။ သူက ရုန်းကန်နေရဆဲဖြစ်ပေမဲ့ သူက ငယ်သေးသည်။ နောက်ဆယ်နှစ်လောက် ဒီလိုရုန်းကန်နေရလည်း ပြဿနာမရှိ၊ တစ်နေ့မှာတော့ ကျန်းရှန်ကော့ရဲ့ သန်းထောင်ချီတန်တဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်စွမ်းရှိလာမှာပဲ။

နောက်နှစ်အနည်းငယ်ကြာလို့ မြောင်ရှောင်ရှန်းဘွဲ့ရသွားရင် သူလည်း တာချန်းမြို့ကို ပြန်လာပြီး အားလုံးနဲ့ ပြန်ဆုံစည်းလောက်သည်။

အနာဂတ်ရဲ့ လမ်းကြောင်းက မြင်နေရသလိုပင်။

ဒါပေမဲ့... အဲ့ဒီအချိန်အထိ လူတိုင်း အသက်ရှင်နေနိုင်ပါ့မလား။

တစ္ဆေသရဲတွေရဲ့ ပြန်လည်ပေါက်ဖွားလာမှုက ဖုံးကွယ်ထားလို့၊ ဖိနှိပ်ထားလို့မရနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီ။ အခြေအနေရဲ့ ဟန်ချက်ညီမှု ပျက်ပြားသွားတဲ့အခိုက်အတန့်မှာ စက္ကူနဲ့ပတ်ထားတဲ့မီးလိုမျိုး ချက်ချင်း ပြန်လောင်ကျွမ်းလာမှာပဲ။

ပြီးတော့ တာချန်းမြို့ကရော အနာဂတ်မှာ သဘာဝလွန်ဖြစ်ရပ်တွေကနေ တကယ်ပဲ ကင်းဝေးနိုင်ပါ့မလား။

ယန်ကျန့်မှာ ယုံကြည်မှုမရှိ။

သူလုပ်နိုင်တာကတော့ သူအသက်ရှင်နေစဉ်မှာ အကောင်းဆုံးကြိုးစားဖို့ပဲ။ တစ်နေ့မှာ သူသေသွားခဲ့ရင်တောင် သူ့နောက်ကလူတွေ ကြိုးစားပေးကြဖို့ပဲ သူမျှော်လင့်နိုင်တော့သည်။

မသိလိုက်မသိဘာသာနဲ့ ယန်ကျန့်ဟာ မြို့တစ်မြို့ရဲ့ တာဝန်ကိုပါ ထမ်းပိုးထားမိခဲ့ပြီ။

တစ်နာရီလောက် စားသောက်ပြီးတဲ့နောက်မှာတော့...

ယန်ကျန့်ရဲ့ လက်ကိုင်ဖုန်းထဲကို စာတစ်စောင်ဝင်လာသည်။

ပို့လိုက်သူက ဝမ်ရှန်းရှန်း ဖြစ်သည်။

"တစ္ဆေငယ် အပြင်ထွက်သွားပြီ။"

ဟမ်?

စာကိုမြင်လိုက်ရုံနဲ့ ယန်ကျန့်ရဲ့ မျက်ခုံးတွေက ချက်ချင်း တွန့်ချိုးသွားသည်။

တစ္ဆေငယ် ထွက်သွားပြီလား။

စာက တိုတောင်းပေမဲ့ ဝှက်ထားတဲ့ သတင်းအချက်အလက်တွေ အများကြီးပါဝင်နေသည်။

ဘာကြောင့်လဲဆိုတော့ တစ္ဆေငယ်က ကွမ်းကျန်းလူနေအိမ်ရာဝင်းရဲ့ လုံခြုံရေးကို သူ့ကိုယ်စား စောင့်ရှောက်ပေးနေတာဖြစ်လို့၊ သူအပြင်ထွက်သွားတယ်ဆိုရင် ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုပဲရှိသည်။ တခြား တစ္ဆေဆရာတစ်ယောက် အိမ်ရာဝင်းနားကို ချဉ်းကပ်လာနေပြီး တစ္ဆေငယ်က အနံ့ခံမိသွားတာပဲ ဖြစ်ရမည်။

"ကျန်းဝေ့၊ ငါဗိုက်ပြည့်ပြီ။ ရုံးခဏသွားပြီး ဖြေရှင်းစရာလေးတွေ ရှိလို့။ မနက်ဖြန် တွေ့ဆုံပွဲမှာပဲ ဆက်ပြောကြတာပေါ့။"

ယန်ကျန့်က ပြောလိုက်သည်။

"ပြဿနာမရှိဘူး၊ ဒီကအစားအသောက်တွေ ကောင်းသားပဲ။ မနက်ဖြန် သူဌေးကိုပါ ငါတို့နဲ့အတူလာဖို့ ဖိတ်လိုက်မယ်။"

ကျန်းဝေ့က ပြောသည်။

ယန်ကျန့်က ခေါင်းညိတ်ပြီး ထွက်လာကာ သူ့ရုံးခန်းရှိရာသို့ ပြန်သွားခဲ့သည်။

သူ့ရုံးခန်းက ရှန်ထုံမျှော်စင်ရဲ့ အပေါ်ဆုံးထပ်မှာရှိပြီး အဲ့ဒီကနေ မြို့တစ်မြို့လုံးကို အပေါ်စီးကနေ မြင်နိုင်သလို၊ မြို့လယ်ခေါင်မှာတည်ရှိတဲ့အတွက် နေရာတော်တော်များများကို သူလေ့လာစောင့်ကြည့်နိုင်သည်။

"ဥက္ကဋ္ဌယန်။"

ရုံးခန်းထဲမှာ လူမရှိတာမဟုတ်၊ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို ညင်သာစွာ နှုတ်ဆက်လိုက်သည်။

ယန်ကျန့် ဝင်လာတာကိုမြင်တော့ သူမရဲ့ မျက်နှာက ဝမ်းသာမှုတွေနဲ့ လင်းလက်သွားပြီး သူ့အပေါ်မှာ အကြည့်တွေက စွဲမြဲနေခဲ့သည်။

"ကျန်းလီချင်၊ မင်း နှစ်သစ်ကူးမှာ အိမ်မပြန်ဘူးလား။"

ယန်ကျန့်က မေးလိုက်သည်။

ကျန်းလီချင်က နားဘေးကဆံပင်ကို သပ်တင်ရင်း ပြုံးလိုက်သည်။

"ဥက္ကဋ္ဌယန် မေ့နေပြီထင်တယ်၊ ကျွန်မဆွေမျိုးတွေအားလုံး လူနေအိမ်ရာဝင်းကို ပြောင်းသွားကြပြီလေ။ နှစ်သစ်ကူးကို ဒီမှာပဲ ကုန်ဆုံးခဲ့တာ၊ တခြားဘယ်သွားစရာရှိတော့မှာလဲ။ ကုမ္ပဏီကလည်း တိတ်ဆိတ်နေတော့ ရုံးတက်ပြီး အလုပ်လုပ်တာက ပိုကောင်းမယ်လို့ထင်လို့ပါ။"

သူမ ဒီနေရာမှာ နေရတာကို သဘောကျသည်။

ဘာကြောင့်လဲဆိုတော့ ယန်ကျန့်က ရုံးကို အလုပ်လုပ်ဖို့ ပြန်လာလိမ့်မယ်လို့ သူမ အမြဲတမ်း ခံစားနေရလို့ပဲ။

"ကျန်းယန် အခုအဆင်ပြေရဲ့လား။ သူ ကျွန်မကို စိတ်ဆိုးနေတုန်းပဲလား။"

ကျန်းလီချင်က ချက်ချင်းပဲ အနည်းငယ် ရှက်ရွံ့စွာ မေးလိုက်သည်။

"မဟုတ်ပါဘူး၊ သူက မင်းကို ဘယ်လိုလုပ် စိတ်ဆိုးမှာလဲ။ ဟိုနားမှာ ခဏနားလိုက်ဦး၊ ငါ့အတွက် ရေတစ်ခွက်လောက်ထည့်ပေး၊ ငါဖြေရှင်းစရာလေးတွေ ရှိလို့။"

ယန်ကျန့်က ပြောလိုက်သည်။

ကျန်းလီချင်က ခေါင်းညိတ်ပြီး တိုးတိုးလေးပြန်ဖြေကာ သူ့အတွက် ရေတစ်ခွက်ထည့်ပေးပြီးနောက် ရုံးခန်းထဲက ဆိုဖာပေါ်မှာ ယဉ်ကျေးစွာထိုင်ရင်း တိတ်ဆိတ်နေလိုက်သည်။

ယန်ကျန့်က ဧရာမ မှန်ပြတင်းပေါက်ကြီးရှေ့မှာရပ်ရင်း သူ့အကြည့်တွေကို ကွမ်းကျန်းလူနေအိမ်ရာဝင်းရှိရာဘက်သို့ လှည့်လိုက်ကာ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

"တစ္ဆေငယ်က ဘာလို့ အပြင်ထွက်သွားရတာလဲဆိုတာ ငါသိမှဖြစ်မယ်။"

သူ၏ တစ္ဆေမျက်လုံး ပွင့်လာခဲ့သည်။

တခြားတစ္ဆေတွေကို ဖိနှိပ်မထားတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်က အံ့ဩစရာကောင်းလောက်အောင် အခြေအနေကောင်းနေခဲ့သည်။

All Chapters