← Chapters

ပြန်လည် မွေးဖွားခြင်း

Vol. 11 Ch. 1037

ပြန်လည် မွေးဖွားခြင်း

Vol. 11 Ch. 1037

မြေပြင်ပေါ်၌ အချိန် အတန်ကြာ လဲလျောင်း အနားယူပြီးနောက် ချန်းဖန်က ဖြည်းညင်းစွာ ပြန်လည် ထလိုက်ည်။

သူသည် ဖန့်ချုံးကို တွေ့ရသဖြင့် အနည်းငယ် စိတ်အေးသွားပြီ ဖြစ်သည့်တိုင် မိဘများနှင့် အန်ရာတို့ အတွက် စိတ်ပူနေမိဆဲ ဖြစ်သည်။ သူ၏ ဆရာ ထန်ချင်သည် သူတို့ကိုပါ ခေါ်သွားသည်လား သူ သေချာ မသိရသေးချေ။ ထို့ကြောင့်ပင် သူ့အနေဖြင့် အမှန်တရားကို ရှာဖွေရဦးမည် ဖြစ်သည်။

သို့သော်လည်း ယခု၌ သူသည် ကြီမားစွာ ဒဏ်ရာရနေခဲ့သည်။ ထို့ကြောင့်ပင် ကမ္မရေစက်နှင့် ဆက်စပ်သည့် မဟာ နတ်ဘုရား ကျင့်စဥ်ကို လတ်တ‌လော အသုံးပြုနိုင်ဦးမည် မဟုတ်သေးချေ။

“ငါ့အနေနဲ့ မြန်မြန် ပြန်ကောင်းအောင် ကျင့်ကြံရမယ်... ပြီးရင် သူတို့ကို ကမ္ဘာပေါ်မှာ ပိုက်စိပ်တိုက် ရှာဖွေမယ်... ကမ္ဘာပေါ်မှာ မတွေ့ရင်တော့ ဆရာက သူတို့ကိုပါ ခေါ်သွားတာ ဖြစ်ရမယ်”

“ဆရာက အတိတ်ဘဝမှာလည်း ရှောင်ချုံးကို ခေါ်သွားခဲ့ဖူးတယ်... ဒါကြောင့် ဒီဘဝမှာလည်း ခေါ်သွားတာ သိပ်မထူးဆန်းလှဘူး.. ဒါပေမဲ့ အမအန်၊ အဘိုးနဲ့ ငါ့မိဘတွေကိုတော့ သူက ဘာဖြစ်လို့ ခေါ်သွားရမှာလဲ”

ချန်းဖန်မှာ မည်သို့မျှ မတွေးတတ်အောင် ဖြစ်နေခဲ့သည်။

သူသည် တင်ပျဥ်ချိတ်ကာ ကြိုးစားထိုင်ရင်း ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်၏။ ထိုအခိုက်အတန့်၌ သူ၏ ရွှေခန္ဓာသည် သေးငယ်သော ဒဏ်များဖြင့် ပြည့်နှက်နေသည်။ ထို့အတူ သူ၏ ဓမ္မ စွမ်းအားနှင့် အမတေချီမှာလည်း ခမ်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

ပို၍ ဆိုးသည်ကား များစွာသော နတ်ဘုရား နှောင်ကြိုးများမှာ ကောင်းကင်မှ ဆင်းသက်လာကာ သူ၏ စိတ်အတွင်း တိုးဝင်၍ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ကို ပိတ်ဆို့ရန် ကြိုးစားနေခြင်းပင်။

ချန်းဖန်သည် ဓမ္မ စွမ်းအားကို အသုံးပြုရန် ကြိုးစားကြည့်လိုက်၏။ သို့သော်လည်း ကမ္ဘာ၏ ဥပဒေသက သူ၏ စွမ်းအားများကို ဖိအားပေးကာ ချိုးနှိမ် ပိတ်ဆို့ထား၏။

“ဝှစ်...”

ချန်းဖန်က လက်ညိုးကို ညွန်၍ တိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုမှာ ပေအနည်းငယ် အကွာတွင်သာ ရပ်တန့် သွားခဲ့သည်။ သူသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် ထိုအခိုက်အတန့်၌ ချီသန့်စင်ခြင်း အဆင့် တစ်ယောက်၏ စွမ်းအားကိုသာ ဆင့်ခေါ်နိုင်ခဲ့ပေသည်။

“အင်း... ကမ္မ ကမ္မ... ကမ္မ ကျင့်စဥ်တိုင်းက တကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ...”

ချန်းဖန်က ခေါင်းခါရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

ကမ္မကား စကြဝဠာ၏ နားလည်ရန် အခက်ခဲဆုံး၊ အလျှို့ဝှက်ဆုံး စွမ်းအား တစ်ခု ဖြစ်ပေသည်။ ဗုဒ္ဓ၏ ပြိုင်ဘက်ကင်း ရွှေခန္ဓာ ပင်လျှင် ထိုစွမ်းအား၏ ရင်နှောင်မှုကို မလွန်ဆန်နိုင်ခဲ့ချေ။

“ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပြီ... ငါ့ရဲ့ စွမ်းအင်ကလည်း ခမ်းခြောက်လုနီးပါး ဖြစ်နေပြီ... နောက်ပြီး ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်ကလည်း ချိတ်ပိတ် ခံထားရတယ်... အဆိုးဆုံးက ငါ့ရဲ့ ဘေးမှာ ဥပဒေသ စွမ်းအားတွေ ဝန်းရံနေတာပဲ...”

ချန်းဖန်က ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ခါယမ်းလိုက်သည်။ သိုသော်လည်း သူသည် ကြောက်လန့်ခြင်း မရှိခဲ့ချေ။ တားမြစ် ကျင့်စဥ်ကို သုံးရန် ဆုံးဖြတ်လိုက်ပြီးကတည်းက ထိုအကျိုးဆက်များကို သူ မျှော်လင့်ခဲ့ပြီး ဖြစ်သည်။

“ငါ ဒီအခွင့်အရေးကို ယူပြီး အပြည့်အဝ ပြန်လည် မွေးဖွားဖို့ ကျင့်ကြံရမယ်”

ချန်းဖန်၏ အနက်ရောင် ဆံပင်များသည် လေနှင့်အတူ လွင့်မြောနေ၏။ နက်မှောင်သော ဝတ်စုံနှင့် နက်ရှိုင်းသော မျက်လုံးတို့က သူ့အား နတ်ဆိုးတစ်ကောင်အလား ထင်မှတ်မှားစေသည်။

သူသည် ပြိုင်ဘက်ကင်း နတ်ဘုရား ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုရွှေအမြုတေနှင့် အတူ သူသည် နတ်ဘုရား စွမ်းအား ကိုးခုကိုပါ ပိုင်ဆိုင်ခဲ့သည်။ ထိုစွမ်းအား တစ်ခုချင်းစီမှာ အခြေတည် ဝိညာဥ် အဆင့်များနှင့်ပင် နှိုင်းယှဥ်နိုင်ခဲ့သည်။

ထို့အတူ သူ၏ အဇူရာသက်ရှည် ခန္ဓာကိုယ်မှာလည်း မဟာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ သူသည် ကောင်းကင် ပန်းချီ ငါးခုကိုလည်း လေ့ကျင့် ထားခဲ့သေးသည်။ ထိုငါးခု၏ ပြုပြင် မွမ်းမံမှုတွင် သူ၏ ခန္ဓာကိုယ်သည် ပို၍ အစွမ်းထက် လာခဲ့ရာ အခြေတည် ဝိညာဥ် အဆင့် ခန္ဓာကိုယ်များတွင်ပင် ရှားပါးအဆင့်ဟု သတ်မှတ် ခံနိုင်နေပြီ ဖြစ်သည်။

နတ်ဘုရား စိတ်ဝိညာဥ် အတွက်မူ သုံးနှစ်ကြာ သန့်စင်ပြီးနောက်၌ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်မှာ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံနှင့် ပေါင်းစည်းလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သူ၏ နတ်ဘုရား စိတ်အာရုံသည် မိုင်ထောင်ဂဏန်းကိုပင် လွယ်ကူစွာ ဖုံးလွှမ်းနိုင်၏။ ထို့အတူ သူ၏ နတ်ဘုရား လက်နက် ကျင့်စဥ်မှလည်း အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။

ချန်းဖန်၏ ဓမ္မ စွမ်းအား၊ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ် သုံးခုစလုံးကား ရွှေအမြုတေ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ အခြေခံမှာလည်း အလွန် ခိုင်မာလှရာ ဗဟို ဂလက်စီ၏ ထိပ်တန်း အထွတ်အမြတ် မင်းသား တစ်ယောက်နှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း ထိုစွမ်းအင် သုံးခုကို ပေါင်းစပ်ရန်မှာမူ အမှန်တကယ် ခက်ခဲလွန်းလှသည်။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်သည် အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်လိုပါက နတ်ဘုရား စိတ်ဝိညာဥ်၊ ဓမ္မ စွမ်းအားနှင့် ခန္ဓာကိုယ်တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းပြီး စွမ်းအား အလုံးစုံ ကိန်းအောင်းနေသည့် ကလေးငယ် အဖြစ် ပြောင်းလဲပစ်ရန် လိုအပ်သည်။ ထိုကလေးငယ်သည် ခန္ဓာကိုယ် မပါလျှင်ပင် စကြဝဠာ တစ်ခုလုံးကို ဖြတ်သန်း၍ သွားလာနိုင်စွမ်း ရှိကြသည်။

ခန္ဓာကိုယ်ကို ကျော်လွန်၍ စစ်မှန်စွာ သွားလာနိုင်စွမ်း ရှိသော တန်ခိုးရှင် ကျင့်ကြံသူများကို နတ်ဘုရားများဟု ခေါ်ဆိုကြသည်။ သူတို့သည် ခန္ဓာကိုယ်၏ သက်တမ်း သတ်မှတ်ချက်ကို ချိုးဖျက်နိုင်စွမ်း ရှိရာ အနည်းဆုံး နှစ်ပေါင်း နှစ်သောင်း အထိ နေထိုင်နိုင်ပေသည်။

ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်နှင့် အာကသ အဆင့်တို့မှာ အခြေတည် ဝိညာဥ် အဆင့်ကို အချိုပေါ် သကာလောင်းထားခြင်း ဖြစ်သည်။

အခြေတည် ဝိညာဥ် အဆင့်သည် တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဥ်၏ စစ်မှန်သော အစ ဖြစ်သည်။ ချီသန့်စင်ခြင်း အဆင့်၊ မူလ အဆင့် နှင့် ရွှေအမြုတေ အဆင့်တို့မှာ အခြေခံ အဆင့်လေးများသာ ဖြစ်ပေသည်။

“ငါ့ရဲ့ စွမ်းအား သုံးခုက အမြင့်ဆုံး အဆင့်ကို ရောက်နေပြီ... ဒါပေမဲ့ သူတို့ကို ပေါင်းစည်းဖို့က အရမ်းကို ခက်ခဲလွန်းတယ်... ငါ့အနေနဲ့ မကြာခင်မှာ ကြယ်ပင်လယ်ထဲက နတ်ဘုရား မင်းသားတွေ၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေနဲ့ တိုက်ခိုက်ကောင်း တိုက်ခိုက်ရနိုင်တယ်... ငါ့မှာ ဝှက်ဖဲတွေ ရှိတယ် ဆိုပေမဲ့ သူတို့ကို အနိုင်ရဖို့က တစ်ရာ ရာခိုင်နှုန်း မသေချာဘူး”

“ကမ္မ ကျင့်စဥ်ရဲ့ အကျိုးဆက်ကြောင့် ငါ့ရဲ့ စွမ်းအားတွေ ဆုံးရှုံးခဲ့တယ် ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် ငါ့အတွက် ကောင်းတယ် ဆိုရမယ်... ငါ ဒီအခွင့်အရေးကို ယူပြီး ငါ့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ရမယ်... အခြေတည် ဝိညာဥ် အဆင့် အတွက် အခိုင်မာဆုံး အခြေခံကို တည်ဆောက်ရမယ်”

ချန်းဖန်က မျက်လုံးကို မှိတ်ကာ စတင် ကျင့်ကြံလိုက်၏။

လတ်တလော၌ ချန်းဖန် အလွန် အားနည်းနေသည်က အမှန်တရား ဖြစ်သည်။ သို့သော်လည်း သူ ကျင့်ကြံသည့် ကျင့်စဥ် တစ်ခုချင်းစီမှာ စကြဝဠာ၏ အစွမ်း အထက်ဆုံး ကျင့်စဥ်များ ဖြစ်ကြသည်။

အသက်ရှူလိုက်တိုင်း၌ အမတေချီများသည် မုန်တိုင်းများ သဖွယ် ချန်းဖန်ထံ တိုးဝင်နေ၏။ ကမ္ဘာသည် ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေပြီ ဖြစ်ရာ ကျင့်ကြံသူတို့ အတွက် နိဗ္ဗာန်ဘုံ တစ်ခု သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ဟူး... ဟူး...”

ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် လျှင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာနေ၏။ တစ်ချိန်တည်း၌ သူ၏ စွမ်းအင်များကမူ နှေးကွေး တည်ငြိမ်စွာ ပြန်လည် ဖြစ်တည် လာနေခဲ့သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်...

ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်...

ဝိညာဥ် ပင်လယ် အဆင့်...

တစ်နာရီ အတွင်းမှာပင် ချန်းဖန်သည် ဝိညာဥ် ပင်လယ် ထိပ်ဆုံး အဆင့်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ထိုသို့ရောက်သည်နှင့် သူက ပါးစပ်ကို ဖွင့်ကာ အော်ဟစ် လိုက်၏။

“ပွင့်စမ်း...”

“ဘုန်း...”

ကမ္ဘာတစ်ခုလုံးမှာ ငလျင်လှုပ်သည့် အလား လှုပ်ခါသွား၏။ တစ်ချိန်တည်း၌ တွင်း‌ပေါက်ကြီး ကိုးခုမှာ ချန်းဖန်၏ ဦးခေါင်းပေါ်၌ ပေါ်လာခဲ့သည်။

ထိုတွင်းပေါက် ကိုးခုသည် မတူ ကွဲပြားသော ကမ္ဘာကိုးခုနှင့် ချိတ်ဆက်ထား၏။ အမျိုးမျိုးသော စွမ်းအင်များသည် မီးတောင် ပေါက်ကွဲသည့် အလား ထိုတွင်းပေါက် ကိုးခုမှ ထွက်ပေါ်လာကြလေသည်။

အနက်ရောင်ရေ...

ယီသစ်သား...

မိုးကြိုး...

စသည်ဖြင့် စွမ်းအင်များသည် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း ရေတံခွန်များ ကဲ့သို့ စီးဝင်ကြသည်။ နတ်ဘုရား အသွင်ပြောင်းခြင်း စက်ဝန်းသည် ချန်းဖန်၏ စိတ်အတွင်း လည်ပတ်ကာ ကမ္ဘာကိုးခုမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူ၏။ ထိုအခါ ၎င်းကို ဖုံးလွှမ်းနေသော အက်ကြောင်းများမှာ ပြန်လည် ကောင်းမွန် လာခဲ့လေသည်။

တစ်ချိန်တည်း၌ ချန်းဖ်န်၏ စွမ်းအင်သည် မူလ အဆင့်ကို ချိုးဖျက်ကာ ရွှေအမြုတေ အဆင့်သို့ ဆက်လက် မြင့်တက် လာနေခဲ့သည်။

ချန်းဖန် ကျင့်ကြံနေသည့် အချိန်တွင်ပင် မိုင်ပေါင်း ရာချီ ဧရိယာ အတွင်းရှိ ရာသီဥတုမှာ တဖြည်းဖြည်း ပြောင်းလဲ လာနေခဲ့၏။

***

All Chapters