ဓမ္မ ဥပဒေသဖြင့် ခန္ဓာကိုယ် မွမ်းမံခြင်း
Vol. 11 Ch. 1038
“ဟူး... ဟူး...”
ချန်းဖန်သည် ဓားအားဖြည့် ကျောက်မျက် အတွင်းရှိ ကောင်းကင် ဆေးပင် အချို့ကို ထုတ်ယူကာ စားလိုက်၏။
ထိုဆေးပင်များကား ကောင်းကင် ဂျူပီတာနှင့် ကျဲ့ယွမ် တို့ကဲ့သို့သော ဂြိုဟ်များပေါ်မှ သူ ရရှိလာခဲ့သော အရာများ ဖြစ်သည်။ ဆေးပင် တစ်ခုချင်းစီမှာ နှစ်တစ်သောင်း သို့မဟုတ် ထိုထက်ပင် ပိုမိုသော သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။
“ကောင်းကင်နှလုံးသား သစ်သီး...”
“နတ်နဂါး ဆေးမြစ်...”
“ကြယ်ခုနစ်ပွင့် ဝိညာဥ် သန့်စင်ခြင်း သစ်ပင်...”
“ ... “
ချန်းဖန်သည် နတ်ဘုရားတစ်ပိုင်း ဆေးပင် ရှစ်ခုကို ထပ်မံ ထုတ်ယူလိုက်၏။ ထိုအရာများကြောင့်ပင် သူသည် ဒဏ်ရာများ အတွက် စိတ်မပူမိခြင်း ဖြစ်ပေသည်။
“ခရက်... ခရက်...”
ချန်းဖန်က နတ်ဘုရားဆေးပင်များကို ချေမွှကာ အရည်များ အဖြစ် ပြောင်းလဲလိုက်သည်။ ထိုအရည်များသည် အလင်းများ သဖွယ် သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွား၏။ ဆေးပင်များ၏ အာနိသင်သည် သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ကုစားကာ ရွှေရောင် အလင်း ထွန်းတောက် လာစေသည်။
နှစ်နာရီမျှ ကြာပြီးနောက်၌ ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်သို့ ပြန်လည် ရောက်ရှိလာ၏။ ည၏ အမှောင်ထုထဲ၌ ချန်းဖန်၏ ခန္ဓာကိုယ်သည် မီးပြတိုက် တစ်ခု သဖွယ် တင် လင်းလက် လာခဲ့လေသည်။
“ဓမ္မ ဥပဒေသများဖြင့် ခန္ဓာကိုယ်ကို မွမ်းမံခြင်း...”
“ဝှစ်...”
အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများကား ဓမ္မ ဥပဒေသများပင် ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိရန် အတွက် ကျင့်ကြံသူများသည် စွမ်းအင် သုံးခု ပေါင်းစည်းခြင်း အပြင် သူတို့၏ ခန္ဓာကိုယ်အား ဓမ္မ ဥပဒေသ ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပစ်ရန် လိုအပ်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်သည် ရေ၊ မီး၊ မရဏ စသည်ဖြင့် ဓမ္မ ဥပဒေသ တစ်ခုကိုသာ ကျွမ်းကျင်ကြသည်။
ဥပဒေသ အမျိုးအစား နှစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများမှာ အခြေတည် ဝိညာဥ် အဆင့်များ ကြားတွင် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ သူ၏ အနာဂတ် အောင်မြင်မှုမှာလည်း သာမန် ကျင့်ကြံသူများထက် ပိုမို အခြေအနေကောင်းကြ၏။ ဥပမာအားဖြင့် ဆေးနတ်ဘုရားဂိုဏ်း၏ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဘိုးဘေး ဆိုလျှင် “အဆိပ်” နှင့် “ဆေး” တည်းဟူသော ဥပဒေသ နှစ်မျိုး အထိ ပိုင်ဆိုင်ထားပေသည်။
ဥပဒေသ သုံးခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများမှာမူ ကြယ်ပင်လယ်တွင်ပင် ထိပ်တန်း နတ်ဘုရား မင်းသားများ အဖြစ် သတ်မှတ်ခံရသည်။
ဒဏ္ဍာရီများ အရဆိုလျှင် ဗဟို ဂလက်စီ၌ ဥပဒေသ ခုနစ်ခုကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများပင် ပေါ်ထွက်ခဲ့သည်။ ထိုကျင့်ကြံသူများမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ကျော်လွန်၍ အာကာသ အဆင့်၊ တာအို ပေါင်းစည်းခြင်း အဆင့်များ အထိပင် ရောက်ရှိ ခဲ့ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ချန်းဖန်ကား ဓမ္မ ဥပဒေသကို အမျိုးအစား ကိုးမျိုး အထိ အသုံးပြုနေခဲ့ခြင်း ဖြစ်လေသည်။
ရွှမ်မင် အစစ်အမှန်ရေ၊ အဇူရာ သက်ရှည် ယီသစ်သား၊ ကောင်းကင်ကိုးဘုံ မိုးကြိုး၊ အာကာသ စွမ်းအား၊ ရှေးဟောင်း မိစ္ဆာ အထွတ်အမြတ် စွမ်းအား၊ မဟာ တာအို ကျင့်စဥ် တစ်ထောင်၊ မိစ္ဆာ ခုနစ်ပါး ဖီးနစ်၊ ဟွမ်မြေကြီး၊ အစစ်အမှန် သိုင်း...
ဓမ္မ ဥပဒေသ ကိုးခုသည် စုစည်းကာ ချန်းဖန်၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ်ကို သန့်စင်နေ၏။
“ခရက်... ခရက်...”
တစ်ချိန်တည်း၌ နတ်ဘုရား စက်ဝန်းသည် လျှင်မြန်စွာ လည်ပတ်နေသည်။ ဓမ္မ ဥပဒေသ ကိုးခုသည် တည်ငြိမ်စွာပင် မတူ ကွဲပြားသော အရောင်များ ရှိသည့် ဂြိုဟ်များကို ဖွဲ့စည်း ကြသည်။
သို့သော်လည်း ချန်းဖန်နှင့် ထိုဂြိုဟ်များ အကြား၌ ဖြတ်သန်းရန် မလွယ်ကူသော အကွာအဝေး တစ်ခု ရှိနေပုံ ရ၏။ ထိုအရာသည် ကောင်းကင်ဘုံနှင့် လူသား အကြားရှိ ဥပဒေသ အတားအဆီး တစ်ခုပင် ဖြစ်၏။ ထိုအတားအဆီးကား မရေမတွက်နိုင်သည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ မကျော်ဖြတ်နိုင်သော အတားအဆီး ဖြစ်ပေသည်။
“မီး...”
ချန်းဖန်က အော်ဟစ်လိုက်သည်။ ထိုအခါ သူ့အား ချည်နှောင်ထားသည့် ဓမ္မ ဥပဒေသ စွမ်းအား တစ်ခုမှာ ရုတ်တရက် လင်းလက်လာကာ မီးတောက် အဖြစ် ပြောင်းလဲသွားသည်။
ထိုမီးတောက်သည် ပုံသဏ္ဌာန် ကင်းမဲ့သော်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို သယ်ဆောင်ထား၏။ ရွှေအမြုတေ အဆင့် မဆိုထားနှင့် အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် ထိုမီးတောက်ကို ထိမိပါက ဖျက်ဆီးခံရနိုင်သည်။ ထိုအရာကား ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သည့် အခါတွင်သာ ပေါ်လာတတ်သော ဓမ္မ ဥပဒေသ မီးတောက်ပင် ဖြစ်ပေသည်။
“ကလစ်... ကလစ်...”
ဓမ္မ ဥပဒေသ မီးတောက်သည် ပြင်းထန်စွာ လောင်ကျွမ်းရင်း ချန်းဖန်၏ ခန္ဓာကိုယ်၊ ဓမ္မ စွမ်းအားနှင့် နတ်ဘုရား စိတ်ဝိညာဥ်တို့ကို စတင် သန့်စင်၏။
မကြာခင်မှာပင် ရွှေရောင် ချွေးစက်တို့သည် ချန်းဖန်၏ နဖူးတွင် ရစ်ခိုလာ၏။ ဓမ္မ စွမ်းအားနှင့် နတ်ဘုရား စိတ်ဝိညာဥ်တို့မှာလည်း ပွက်ပွက်ဆူကာ ရေငွေ့များ အဖြစ် လေထဲသို့ ပျံတက်လာကြ၏။
ထိုချွေးစက်နှင့် ရေငွေ့ တစ်ငွေ့ချင်းစီကား ချန်းဖန် ကျင့်ကြံထားခဲ့သည့် စွမ်းအားများကို ကိုယ်စားပြုပေသည်။ ရှစ်မိနစ်မျှ ကြာပြီးနောက်၌ ချန်းဖန်သည် သူ၏ စွမ်းအား တစ်ဆယ် ရာခိုင်နှုန်းကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ရီ၍ပင် လာခဲ့၏။
“မလုံလောက်သေးဘူး...”
ချန်းဖန်က သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသလင်းကျောက်သည် ရွှေရောင် တောက်ပနေပြီး ဓားချီ တစ်ခုမှာ ၎င်းကို ဝန်းရံနေ၏။
ရှင်သံ သလင်းကျောက်...
ထိုအရာကား တင်းဟိုင်ပုလဲနှင့် နှိုင်းယှဥ်နိုင်သည့် တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာ တစ်ခု ဖြစ်ပေသည်။ ချန်းဖန်သည် ထိုရတနာကို ဂြိုဟ်တစ်ခု၏ နတ်ဘုရား ကုန်းမြေပေါ်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာတိုင်းကား ဓမ္မ ဥပဒေသ၏ စွမ်းအားကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အနည်းအများ ပမာဏသာလျှင် ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်က ရှင်သံ သလင်းကျောက်ကို ပစ်လွှတ်လိုက်သည်နှင့် ဓမ္မ ဥပဒေသ မီးတောက်မှာ ပို၍ အရှိန် ပြင်းထန်လာသည်။ ၎င်း၏ ကျွမ်းလောင်မှုတွင် ချန်းဖန်၏ ခန္ဓာကိုယ်သည် မီးပေါက်သံများကိုပင် စတင် ထုတ်လွှတ်လာသည်။
သို့သော်လည်း ချန်းဖန်၏ ပုံစံက စိုးရိမ်ခြင်း မရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။
“ဝှစ်... ဝှစ်...”
သူက အခြား တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာ ရှစ်ခုကိုပါ ထပ်မံ ပစ်လွှတ်လိုက်၏။ ထိုတစ်ခုချင်းစီကား အလွန် အဖိုးတန်ကာ ချန်ရှန်းဂိုဏ်း ကဲ့သို့သော ထာဝရဂိုဏ်းများကပင် အလိုရှိသည့် ရတနာများ ဖြစ်ပေသည်။ သို့သော်လည်း ချန်းဖန်ကမူ ထိုအရာများကို ကျောက်မီးသွေးများ ကဲ့သို့ ပေါပေါလောလော သုံးနေခဲ့လေသည်။
“ဘုန်း...”
တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာ ရှစ်ခု၏ ထပ်မံ အားဖြည့်မှုတွင် ကောင်းကင် ဥပဒေသ မီးတောက်သည် အတားအဆီးများကို ချိုးဖျက်ကာ ပိုမို တောက်လောင်လာ၏။ ချက်ချင်းပင် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက် အလယ်၌ နစ်မြုပ်သွားတော့သည်။
“စွမ်းအင် တစ်သောင်းကနေ တစ်ခု ပေါင်းစည်း...”
ချန်းဖန်က အော်ဟစ်လိုက်ရာ တာတာအို မီးပြင်းဖိုကျမ်းမှာ သူ၏ စိတ်၌ ထင်ဟပ်လာခဲ့သည်။ ၎င်းသည် ရွှေရောင် သင်္ကေတများ အဖြစ် ပြောင်းလဲသွားကာ နတ်ဘုရား စိတ်ဝိညာဥ်၊ ဓမ္မ စွမ်းအားနှင့် ခန္ဓာကိုယ်အား ဆက်သွယ်၏။
အဆုံး၌ ချန်းဖန်က သုံးချောင်းထောက် ဆေးအိုး တစ်ခုအလား တင်ပျဥ်ချိတ်ကာ ထိုင်လိုက်သည်။ ဓမ္မ ဥပဒေသများ၏ အဆုံးမဲ့ စွမ်းအားများသည် မီးအသွင် ပြုမူကာ ချန်းဖန်၏ စွမ်းအားကမူ ဆေးအသွင်ကို ယူဆောင်သည်။
ချန်းဖန်ကား လောကကို လောင်စာ၊ မဟာ တာအိုကို ဆေးအိုး အဖြစ် အသုံးပြုကာ သူ၏ ခန္ဓာကိုယ်အား သန့်စင်နေခြင်း ဖြစ်ပေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
သူ၏ ခန္ဓာကိုယ်၊ နတ်ဘုရား စိတ်ဝိညာဥ်နှင့် ဓမ္မ စွမ်းအားတို့သည် ဆေးအိုး အတွင်း၌ ပို၍ တောက်ပလာနေခဲ့၏။ တစ်ခဏမျှ ကြာပြီးနောက် မသန့်စင်မှုများသည် အပြင်သို့ စိမ့်ထွက်လာကာ အခိုးအငွေ့များအဖြစ် လွင့်ပြယ် သွားသည်။
မကြာခင်မှာပင် စွမ်းအင် သုံးခုသည် စတင် ပေါင်းစည်းတော့မည့် လက္ခဏာများ ပြသလာ၏။
ချန်းဖန် စွမ်းအား အလုံးကို လောင်ကျွမ်း ပြီးသည့် အချိန်၌ နံနက်ခင်းကား မိုးသောက်ခဲ့ပြီ ဖြစ်လေသည်။ နေဝန်းသည် မိုးကုပ်စက်ဝိုင်းတွင် ရောင်ခြည်အလင်းကို ယှက်ဖြာကာ ထွက်ပြူစ ပြုလာ၏။
ယွင်ဝူတောင်၌ နေထိုင်ကြသော လူများသည် အိပ်ရာများမှ နိုးထလာကာ တောင်ထိပ်သို့ တက်လာကြ၏။ ထိုအခါ သူတို့သည် ဖုန်နှင့် မြက်များ ကပ်နေသည့် အနက်ရောင် ဝတ်စုံဝတ် ပေစုတ်စုတ် လူငယ် တစ်ယောက်ကို တွေ့လိုက်ကြရ၏။
“သူက ဘယ်သူလဲ...”
လူများမှာ ထိုလူငယ်ကို ကြည့်ကာ စိတ်ဝင်စား သွားကြလေသည်။
***