← Chapters

မိတ်ဆွေဟောင်း တစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1039

မိတ်ဆွေဟောင်း တစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1039

ကျန်းနန်နယ်၊ ချူကျိုးမြို့၊ ယွင်ဝူတောင်ထိပ်...

လွန်ခဲ့သည့် ဆယ်စုနှစ်များ၌ ထိုနေရာသည် ချူကျိုးမြို့၏ ဇိမ်ခံခြံအိမ်ရာ တစ်ခု ဖြစ်ခဲ့သည်။ အချမ်းသာဆုံးသော သန်းကြွယ် သူဌေးကြီးများသာလျှင် ထိုနေရာရှိ စံအိမ်တော်များကို ဝယ်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြောက်ပိုင်းချုံးဂိုဏ်းသည် ထိုနေရာအား သိမ်းပိုက်ကာ ပြန်လည် မွမ်းမံခဲ့သည်။

အချိန်ကာလ၏ ရွေ့လျားမှုနှင့် အတူ ယွင်ဝူတောင်သည် သာမန် ဇိမ်ခံခြံရာ တစ်ခု အဖြစ်မှ ကျင့်ကြံခြင်း အထွတ်အမြတ်မြေ တစ်ခု အဖြစ် ထင်ရှား ကျော်ကြားလာခဲ့သည်။ လူများသည် ထိုနေရာ၌ စံအိမ်ငယ် တစ်လုံးကို ပိုင်ဆိုင်ရန်ပင် အလွန် များပြားသည့် ငွေကြေးများကို အသုံးပြုကြရသည်။ သူတို့သည် သူတို့ မိသားစုများ၏ ပါရမီ အမြင့်မားဆုံး လူများကို ထိုနေရာသို့ စေလွှတ်ကာ ကျင့်ကြံစေသည်။

ထို့အတူပင် အငြိမ်းစား ယူပြီးသော လူအိုကြီးများမှာလည်း ထိုနေရာ၌ စိတ်လွတ်ကိုယ်လွတ် လာရောက် နေထိုင်လေ့ရှိ၏။

“အဘိုးကြီးရဲ့... မောနီးဗျာ...”

“ဟာ အကိုစွန်း... မင်းလည်း ဒီနေရာကို လာပြီး လေ့ကျင့် နေတာလား”

“ဟုတ်တယ်ဗျ... ကျုပ်သားက ခန္ဓာကိုယ် ကြံ့ခိုင်စေတဲ့ ကျင့်စဥ် တစ်ခုကို ကျုပ်ကို လက်ဆောင် ပေးခဲ့တယ်လေ... ဘာပဲဖြစ်ဖြစ် ချီသန့်စင်ခြင်း အဆင့်ကို မကျင့်ကြံနိုင်ရင်တောင် အသက် ဆယ်နှစ်လောက် ပိုနေရလည်း နည်းလား”

“မှန်တယ်ဗျို့... ဟား ဟား...”

အဘိုးကြီး အချို့မှာ တစ်ယောက်နှင့် တစ်ယောက် ရယ်ရယ်မောမော နှုတ်ဆက် ပြောဆိုနေကြ၏။ သူတို့သည် ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သည့်တိုင် တက်ကြွလန်းဆန်းကာ ခွန်အား ပြည့်ဝ နေကြသည်။

တစ်ချိန်တည်း၌ လူငယ် အချို့မှာ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် ကျန်းနန်နယ်၊ မိသားစုကြီးများ၏ ပါရမီရှင် အသစ်ကလေးများပင် ဖြစ်သည်။ သူတို့သည် အသက် ဆယ့်ရှစ်နှစ်မျှသာ ရှိသေးပုံ ပေါ်သည့်တိုင် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပြီ ဖြစ်လေသည်။

“ဟမ်... ငါ့နေရာကို တစ်ယောက်ယောက်က ယူထားတာပဲ... အဲဒီ တစ်ယောက်က ဘယ်သူလဲ မင်းသိလား”

လုယန်သည် ချီသန့်စင်ခြင်း အဆင့်များ အတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် မျောက်တစ်ကောင် အလား လျှင်မြန်လှရာ တောင်ထိပ်ပေါ်သို့ မျက်တောင် တစ်ခပ် အတွင်း ရောက်ရှိ လာခဲ့လေသည်။

တစ်ချိန်တည်း၌ အခြားလူငယ်များမှာလည်း ချန်းဖန်ကို စိတ်ဝင်တစား ကြည့်နေကြသည်။

“ငါ သူ့ကို တစ်ခါမှတောင် မမြင်ဖူးဘူး... ကြည့်ရတာ သူက ယွင်ဝူတောင်က မဟုတ်ဘူး ထင်တယ်”

လူငယ် တစ်ယောက်က ပြောလိုက်သည်။

“သူ့ကို သေချာကြည့်လိုက်... ညစ်ပစ်နေတာပဲ... ဖုန်တွေ မြက်တွေကလည်း သူ့ အင်္ကျီမှာ ပေကျံနေတာ... ငါ ခန့်မှန်းတာ မမှားရင် သူက ညဘက်မှာ ခိုးတက်လာတာပဲ... ယွင်ဝူတောင်က တားမြစ်နယ်မြေ တစ်ခု ဆိုတာ သူ မသိဘူးလား”

လူသန်ကြီး တစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူသည် ဉာဏ်အလင်း စုဆောင်းခြင်း အလယ်ဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ကျားတစ်ကောင် ကဲ့သို့ သန်မာပေသည်။

“သူ့ဘာသာသူ ဘာကောင်ဖြစ်ဖြစ်ကွာ... ငါ သူ့ကို လုံခြုံရေးတွေဆီ သွားအပ်မယ်”

လုယန်၏ လက်မောင်းသည် မျောက်ဝံတစ်ကောင် ကဲ့သို့ ရှည်ထွက်လာ၏။ တစ်ချိန်တည်း၌ သူ၏ လက်ချောင်းများက သိမ်းငှက် လက်သည်းသဖွယ် ကွေးညွှတ်သွားကာ ချန်းဖန်အား ကုတ်ဆွဲလိုက်သည်။

“လုယန်... နင်ဒါ ဘာလုပ်တာလဲ... သူက သာမန်လူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“ဘုန်း...”

အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက်က အပြေးအလွှား ရောက်ရှိလာကာ လုယန်၏ လက်ကို ပိတ်ဆို့လိုက်သည်။ လုယန်မှာ ဒေါသထွက်သွားသော်လည်း မိန်းကလေးကို မြင်ပြီးနောက် ဘာမှ ဆက်မလုပ်ရဲတော့ချေ။ သူသည် နှာခေါင်းတစ်ချက် ရှုံ့ကာ နောက်သို့ ဆုတ်သွား၏။

“ဟမ့်... ကျန်းဖေးဖေး... နင့်အမ မျက်နှာကြောင့် ငါ သူ့ကို လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ ဒီတစ်ခါက နောက်ဆုံး အကြိမ် ဖြစ်ပါစေ... နောက်တစ်ခါဆို နင့်အမ ကိုယ်တိုင် လာတားရင်တောင် ငါ လွှတ်မပေးဘူး”

လုယန်က ချန်းဖန်အား စူးစူးဝါးဝါး ကြည့်ကာ ပြောလိုက်သည်။

“ဟွန့်... အမ ရန်ရန်သာ ဒီမှာ ရှိနေရင် အမြီးကုပ်နေမယ့် အကောင်ကများ...”

ကျန်းဖေဖေး ဘာမှ ပြန်မပြောရသေးခင်မှာပင် ပန်းရောင် အင်္ကျီဝတ် ကောင်မလေး တစ်ယောက်က ဝင်‌ရောက် ပြောလိုက်သည်။

“အေးလေ... ရှောင်ရွှမ်ရယ်...”

ကျန်းဖေးဖေးက ထောက်ခံလိုက်၏။

ထိုအချိန်မှာပင် ချန်းဖန်သည် ကျင့်ကြံရာမှ နိုးထလာခဲ့သည်။ သူသည် မျက်လုံး ဖွင့်သည်နှင့် သူ၏ အရှေ့၌ ရပ်နေသော မိန်းကလေး နှစ်ယောက်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားသည်။

“ရှင် အဆင်ပြေရဲ့လား...”

ကျန်းဖေးဖေးက ချန်းဖန်အား ကြည့်ကာ မေးလိုက်သည်။

“ရှင်က ဒီနေရာမှာ တစ်ညလုံး အိပ်နေတာလား... ယွင်ဝူတောင်က ညဘက်တွေဆို ရေခဲမှတ်ထက်တောင် ပိုပြီး အေးတာ... အထွတ်အထိပ် အဆင့်တွေတောင် ဒီနေရာမှာ အကြာကြီး မကျင့်ကြံနိုင်ကြဘူး... ရှင် ဆေးရုံသွားမှ ဖြစ်မယ် ထင်တယ်”

“ရပါတယ်... ငါ ဘာမှ မဖြစ်ဘူး”

ချန်းဖန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ သူကား ဓမ္မ ဥပဒေသများကိုပင် အကြောက်အလန့် မရှိသူ ဖြစ်သည်။တောင်ထိပ်ပေါ်ရှိ လေအေးလေးက သူ့အား မည်ကဲ့သို့ ခြောက်လှန့်နိုင်ပါမည်နည်း။ သို့သော်လည်း အစိမ်းရောင် မိန်းကလေး၏ စိတ်ပူနေသော ပုံစံက သူ့အား နွေးထွေးစေသည်။

ချန်းဖန်က ကျန်းဖေးဖေးကို တစ်ချက် ခေါင်းညိတ်ပြကာ ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။

“ဟွန့်... ရှင်က ကျေးဇူးတင်စကားတောင် မပြောပဲ ဒီအတိုင်း ထွက်သွားချင်နေတယ်ပေါ့ ဟုတ်လား... ဖေးဖေးသာ ဝင်မတားခဲ့ရင် ခုချိန်လောက်ဆို ရှင် လုမိသားစုက လုယန်ရိုက်တာကို ခံနေရလောက်ပြီ”

ပန်းရောင်ဝတ် ကောင်မလေးက မကျေမနပ်ဖြင့် ချန်းဖန်အား ပြောလိုက်သည်။

“လုမိသားစုက လုယန်...”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွား၏။ ကျန်းနန်နယ်သည် လုမိသားစု ဟူသော မိသားစု တစ်ခုကို မည်သည့် အချိန်က မွေးထုတ်လိုက်သနည်း။ ချန်းဖန်သည် ကျန်းနန်နယ်၏ မိသားစု အားလုံးနီးပါးကို သိသော်လည်း လုမိသားစုကိုမူ မသိချေ။

“ရှောင်ရွှမ်... ပေါက်ကရ လျှောက်မပြောနဲ့...”

ကျန်းဖေးဖေးက ရှောင်ရွှမ်ကို ငေါက်လိုက်သည်။ ထို့နောက် သူက ချန်းဖန်ကို ကြည့်ရင်း ထပ်မံ မေးလိုက်၏။

“ရှင် တကယ်ပဲ အဆင်ပြေရဲ့လား...”

“အင်း...”

ချန်းဖန်က မိန်းကလေးကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးများက တစ်စုံတစ်ခုကို သတိထားမိဟန် အရောင်ပြောင်း သွား၏။

“နင်က မြောက်ပိုင်းချုံးရဲ့  အခြေခံ ခန္ဓာ ကျင့်စဥ်ကို ကျင့်ကြံထားတာလား...”

ကျန်းဖေး‌ဖေးမှာ ချန်းဖန်၏ စကားကြောင့် အံ့အားသင့် သွားခဲ့သည်။

“မြောက်ပိုင်းချုံးရဲ့ အခြေခံ ခန္ဓာကျင့်စဥ်မှန်း ရှင် ဘယ်လိုသိတာလဲ... မြောက်ပိုင်းချုံးက လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်လောက်တည်းက ကွယ်ပျောက်သွားခဲ့ပြီလေ... သာမန် လူတွေ ဆိုရင် နာမည်ကိုတောင် ကြားဖူးကြတော့တာ မဟုတ်ဘူး”

တစ်ချိန်တည်း၌ ကျန်းဖေးဖေးမှာ ချန်းဖန်ကို ကြည့်ကာ အတွေးနက် သွားမိ၏။ သူက ပျောက်ကွယ်သွားသော မြောက်ပိုင်းချုံး၏ လူတစ်ယောက်ယောက် ဖြစ်နေမည်လား။

သို့သော်လည်း ထိုအနက်ရောင်ဝတ် လူငယ်အား ကြည့်ရသည်က မည်သည့် စွမ်းအားကိုမျှ ပိုင်ဆိုင်ထားပုံ မပေါ်ချေ။ သူကား သာမန် သေမျိုး တစ်ယောက် အလားပင်။

“ငါ အရင်တုန်းက မြင်ဖူးလို့ပါ...”

ချန်းဖန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ထို့နောက်သူက တောင်အောက်သို့ ဆင်းရန် ဟန်ပြင်လိုက်သည်။

သို‌သော်လည်း ကျန်းဖေးဖေးက သူ၏ လမ်းကို ပိတ်ကာ ရပ်လိုက်၏။

“ရှင် ကျွန်မရဲ့ ကျင့်စဥ်ကို ဘယ်လိုသိတာလဲ ဆိုတာ ပြောခဲ့ဦးလေ...”

ချန်းဖန်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“ငါ့ အသိ တစ်ယောက်နဲ့သာ တူမနေဘူး ဆိုရင် နင် အရိုက်ခံ နေရပြီ... ဘေးဖယ်စမ်း...”

“ရှင် ဘယ်လို သိလဲ ဆိုတာ ပြောပြ... အဲဒါဆို ကျွန်မ ဖယ်ပေးမယ်”

ကျန်းဖေးဖေးကား အလွန် ခေါင်းမာပုံ ရသည်။ သူမသည် ချန်းဖန် မပြောမချင်း နေရာမှ ဖယ်ပေးမည့်ပုံ မရချေ။

ချန်းဖန်က မိန်းကလေးကို စိတ်မရှည်ဟန် ကြည့်လိုက်၏။

“ဒီမယ် ကလေးမ... ငါ အရင်တုန်းက မြင်ဖူးလို့ လို့ ပြောပြီးပြီလေ”

“ဘာ ကလေးမ ဟုတ်လား... ရှင့်က ကျွန်မထက် ဘယ်‌လောက်ပိုပြီး ကြီးနေလို့လဲ”

ကျန်းဖေးဖေးမှာ ဒေါသထွက်သွားဟန် ရသည်။

“ကောင်းပြီလေ... ရှင် မပြောချင်လည်း မမေးတော့ဘူး... ဒါပေမဲ့ ရှင်က ကျွန်မ ကျင့်ကြံတဲ့ ကျင့်စဥ်ကို တန်းပြီးသိတယ် ဆိုတော့ မြောက်ပိုင်းချုံးဂိုဏ်းနဲ့ တစ်ခုခုတော့ ပတ်သက်နေမှာ သေချာတယ်... ဒါနဲ့ ကျွန်မမှာလည်း မြောက်ပိုင်းချုံးဂိုဏ်းနဲ့ အရမ်း ရင်းနှီးတဲ့ အဒေါ်တစ်ယောက်ရှိတယ် သိလား... သူကလည်း ဒီယွင်ဝူတောင်မှာပဲ နေတာလေ... ရှင် လိုက်လည်ပြီး တစ်ခုခု စားပါလား”

“မြောက်ပိုင်းချုံးနဲ့ အရမ်း ရင်းနှီးတယ် ဟုတ်လား...”

ချန်းဖန်၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပသွား၏။

“သူ့နာမည်က ဘယ်သူလဲ...”

“သူ့နာမည်လား... ရှင်က ဒီလောက် အသက်ငယ်သေးတာ သူ့နာမည်ကို မသိလောက်ပါဘူး... မြောက်ပိုင်းချုံး ဂိုဏ်းချုပ်နဲ့တောင် အရမ်း ရင်းနှီးခဲ့ဖူးတဲ့ လူတစ်ယောက် လို့ပဲ မှတ်ထားလိုက် ဟုတ်ပြီလား... ကဲ ကျွန်မနောက်က လိုက်ခဲ့တော့... တော်ကြာ မနက်စာ လွတ်သွားဦးမယ်”

“ကောင်းပြီလေ...”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ မိန်းကလေး၏ နောက်ကို လိုက်သွားလိုက်၏။

ကျန်းဖေးဖေး နေထိုင်သော စံအိမ်သည် ယွင်ဝူတောင်ထိပ်မှ ပေနှစ်ရာခန့်သာ ကွာဝေး၏။ ချန်းဖန်သည် ခြေတစ်လှမ်းချင်းစီ၌ ပိုမို စိတ်လှုပ်ရှား လာနေခဲ့သည်။ သူသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် မထားသည့်တိုင် မိန်းကလေး၏ ရုပ်သွင်ကို ကြည့်၍ တစ်ခုခုအား သတိထားမိနေပြီ ဖြစ်သည်

“ဒီကောင်လေးက မြောက်ပိုင်းချုံးနဲ့ တစ်ခုခု ဆက်စပ်ချင် ဆက်စပ်နေမှာ ပြောလို့ မရဘူး... အဒေါ်က မြောက်ပိုင်းချုံးဂိုဏ်းသားတွေဆို အရမ်း ဂရုစိုက်တာ... သူက မြောက်ပိုင်းချုံးဂိုဏ်းဝင်ဟောင်းတွေကို တွေ့ရရင် အရမ်း ပျော်နေတတ်တာ”

မိန်းကလေးက ချန်းဖန်အား တစ်ချက် စောင်းကြည့်ရင်း ပြုံးလိုက်၏။

မကြာခင်မှာပင် ချန်းဖန်နှင့် ကျန်းဖေးဖေးတို့သည် စံအိမ် တစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ချန်းဖန်သည် ထိုစံအိမ်ရှေ့တွင် ရပ်ရင်း မျက်တောင်မခတ် ငေးကြည့် နေမိသည်။ သူသည် တစ်ချိန်တည်း၌ ရင်းနှီးခြင်းနှင့် မရင်းနှီးခြင်းတို့ကို ခံစားနေခဲ့ရသည်။

“အဒေါ်... သမီး ပြန်လာပြီ... ဘယ်သူ့ကို ခေါ်လာသလဲ ထွက်ကြည့်ပါဦး”

ကျန်းဖေးဖေးက တံခါးအား ခေါက်ရင်း အော်ဟစ်လိုက်သည်။

“လာပြီ… ဖေးဖေးရေ..”

သိမ်မွေ့ကာ အေးချမ်းသော အသံ တစ်ခုသည် စံအိမ် အတွင်းမှ ထွက်ပေါ်လာ၏။ ထို့နောက် တံခါးပွင့်ဟ လာကာ အသက်လေးဆယ် အရွယ် မိန်းမကြီး တစ်ယောက် ထွက်လာခဲ့သည်။ သူမသည် ချန်းဖန်ကို မြင်သည်နှင့် အေးခဲကာ တောင့်တင်း သွားခဲ့၏။

“ရှောင်ဖန်...”

***

All Chapters