← Chapters

ကမ္ဘာပေါ်မှ အခြေအနေ

Vol. 11 Ch. 1040

ကမ္ဘာပေါ်မှ အခြေအနေ

Vol. 11 Ch. 1040

"ရှောင်ဖန်… တကယ်ပဲ သားလား"

မိန်းမကြီးသည် အသက် လေးဆယ်ခန့် ရှိ၏။ သူမသည် တည်ငြိမ် ရင့်ကျက်ကာ ကျက်သရေရှိသော အလှကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ချန်းဖန်ကို တွေ့သည့် အခါတွင်မူ သူမမှာ ဣန္ဒြေပင် မဆည်နိုင်အောင်လောက်အောင် အံ့ဩ နေခဲ့လေသည်။

သူမသည် ချန်းဖန်ကို စိုက်ကြည့် နေခဲ့မိ၏။ ဖြစ်နိုင်လျှင် ချက်ချင်းပြေးကာ ဖက်လိုက်ချင်သော်လည်း ထိတွေ့သည်နှင့် ချန်းဖန် ပျောက်ကွယ်သွားမည်ကို သူမ စိုးရိမ် နေခဲ့သည်။

"အန်တီထန်… ကျွန်တော် ပြန်လာပြီ…"

ချန်းဖန်က ခပ်ဖြည်းဖြည်း လျှောက်သွားကာ သူမအား ဖက်လိုက်သည်။

ချန်းဖန်၏ မျက်လုံးများသည် အနည်းငယ် စိုစွတ်နေ၏။ သူသည် ဆယ်စုနှစ် တစ်ခုသာ ကမ္ဘာမှ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ပြန်ရောက်လာသည့် အချိန်၌ ဆီးကြိုနေခဲ့သော အရာများက သူ့အား အကြီးအကျယ် စိတ်ထိခိုက် စေခဲ့သည်။

သူ၏ မိန်းမနှင့် မိဘ၊ ဆွေးမျိုးများမှာ ကမ္ဘာပေါ်တွင် မရှိကြတော့ချေ။ ထို့အတူ မြောက်ပိုင်းချုံးများမှာလည်း ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ အားလုံးထဲ၌ အန်တီထန် တစ်ယောက်သာလျှင် သူ့အား သတိတရဖြင့် စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်ပေသည်။

"ကောင်းတယ်… ကောင်းတယ်…"

အန်တီထန်က ချန်းဖန်၏ မျက်နှာကို ကြင်နာစွာ ပွတ်သပ်ရင်း ပြောလိုက်၏။ သူမသည် ချန်းဖန်အား အမြဲတမ်း လိုလို သားအရင်းလေး အဖြစ် သဘောထားခဲ့သူ ဖြစ်သည်။

"ဒါနဲ့ သားအဘိုးနဲ့ မိဘတွေ အကြောင်း ကြားပြီးပြီလား…"

အန်တီထန်က မျက်ရည်စများကို သုတ်ရင်း မေးလိုက်၏။

"ကျွန်တော် ကျင်းမြို့ကိုတော့ ရောက်ခဲ့ပြီးပြီ… ဒါပေမဲ့ အန်တီထန်ကို မေးစရာတွေ ရှိသေးတယ်…"

ချန်းဖန်က ပြောလိုက်သည်။ သူသည် အန်တီထန် တစ်ခုခုတော့ သိလိမ့်မည်ဟု မျှော်လင့် နေမိသည်။

"လာလာ သား… အထဲမှာ ပြေကြမယ်"

အန်တီထန်က ချန်းဖန်၏ လက်ကို ဆွဲကာ အထဲသို့ ခေါ်သွား၏။

ကျန်းဖေးဖေးမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

"ဘာလားဟ… အန်တီထန်က အဲ့ကောင်လေးနဲ့ ရင်းနှီးတာလား… သူတို့ ပုံစံကို ကြည့်ရတာ သားအမိလိုပဲ"

အန်တီထန်ကား အမြဲလိုလို ရင့်ကျက် တည်ငြိမ်သည့် ဣန္ဒြေရှင် တစ်ယောက် ဖြစ်သည်။ သူမသည် တစ်ခါမှ ယခုလောက် မတည်မငြိမ် မဖြစ်ဖူးချေ။

ကျန်းဖေးဖေးက ခေါင်းအား ခါကာ စံအိမ် အတွင်း ခြေလှမ်းဝင်လိုက်၏။

"ရှောင်ဖန်… သူက ကျန်းချူရန်ရဲ့ ညီမ ဝမ်းကွဲလေးလေ… ကျန်းဖေးဖေးတဲ့"

အန်တီထန်က ချန်းဖန်နှင့် ကျန်းဖေးဖေးကို မိတ်ဆက်ပေး၏။

"ဖေးဖေး… သူက နင့်အကိုတော်တယ်"

"ဟုတ်…"

ကျန်းဖေးဖေးမှာ ခေါင်းညိတ်လိုက်သော်လည်း သိပ် ကျေနပ်ပုံ မရချေ။

ထိုလူငယ်မှာ ဆယ့်ခြောက်နှစ် အရွယ်  မျှသာ ရှိသေးပုံ ပေါ်သည်။ သူမကပင် သူ့ထက် ပို၍ အသက်ကြီးလောက်သည်။ သို့ဖြစ်လေရာ သူမ အနေဖြင့် "အကို"ဟု မည်ကဲ့သို့ ခေါ်နိုင်ပါမည်နည်း။

"သူက ရန်ရန်ရဲ့ ညီမ ဝမ်းကွဲလား… ထင်တော့ ထင်သားပဲ…"

ချန်းဖန်က မိန်းကလေးကို ကြည့်ကာ ပြုံးလိုက်၏။ သူသည် စတင် တွေ့ခါစ အချိန်ကပင် ကျန်းဖေးဖေး၏ ရုပ်ရည်မှာ ကျန်းချူရန်နှင့် တူသည်ဟု စဉ်းစား ခဲ့မိသေးသည်။

"ဪ ဒါနဲ့  အန်တီထန်… ရန်ရန်နဲ့ ဦးလေးကျန်းတို့ရော အခြေအနေ ဘယ်လိုလဲ"

"အမ ချူရန်က တရုတ်ရဲ့ အစွမ်း အထက်ဆုံး လူငယ် ကျင့်ကြံသူ ဖြစ်နေပြီ… သူက အခု ရန်တောင်မှာ ကျင့်ကြံနေတာလေ… မကြာခင် ရွှေအမြုတေ အဆင့်ကိုတောင် ဝင်နိုင်တော့မှာ"

ကျန်းဖေးဖေးက ဂုဏ်ယူစွာဖြင့် အဖြေပေး လိုက်၏။

"ရန်ရန်က ရွှေအမြုတေ အဆင့်ကိုတောင် ဝင်တော့မှာလား…"

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွား၏။

"ဟုတ်တယ် သားရေ… ရန်ရန်က အကြီးအကျယ် ပြောင်းလဲသွားခဲ့တာ… ဪ ဒါနဲ့ သား အန်တီ့ကို ပေးထားတဲ့ အခြေခံ ခန္ဓာ ကျင့်စဉ်လေ… အဲဒါကို အန်တီ သူ့ကို ပေးလိုက်မိတယ်… စိတ်မရှိပါနဲ့နော်"

အန်တီထန်က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး အန်တီရဲ့…"

ချန်းဖန်က ပြုံးလိုက်၏။ အန်တီထန်ကား အတိတ်ဘဝနှင့် လက်ရှိဘဝ နှစ်ဘဝ စလုံးတွင် သူ့အပေါ် ကောင်းခဲ့သူ ဖြစ်သည်။ အခြေခံ ခန္ဓာ ကျင့်စဉ် မဆိုထားနှင့် အစစ်အမှန် သိုင်းနတ်ဘုရား ကျင့်စဉ်ကို ပေးလျှင်ပင် သူ စိတ်ရှိလိမ့်မည် မဟုတ်ချေ။

ထို့နောက် သူတို့ နှစ်ယောက်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ကမ္ဘာပေါ်ရှိ ပြောင်းလဲမှုများ အကြောင်းကို ပြောဖြစ်ကြ၏။

ချန်းဖန် ပျောက်ကွယ်သွားပြီးနောက်၌ ကမ္ဘာမှာ အချိန် အတန်ကြာ ဆက်လက် ငြိမ်းချမ်းနေဆဲ ဖြစ်သည်။ သူ နှိမ်နင်းခဲ့သည့် ကောင်းကင်နယ်မြေများ၊ မျိုးနွယ်ခြားများ အားလုံးမှာ ငြိမ်ဝပ် ပိပြားစွာ နေထိုင် ခဲ့ကြ၏။

ထို့အတူ မြောက်ပိုင်းချုံးသည်လည်း များစွာသော အစွမ်းထက် ကျင့်ကြံသူ များစွာကို ဆက်လက် မွေးထုတ် နေခဲ့သည်။ သူတို့၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သော ချန်းဟွိုက်အန်း ဆိုလျှင် ရွှေအမြုတေ အဆင့်နှင့် ခြေတစ်လှမ်း အလို အထိပင် တက်လှမ်းနိုင်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် ခြောက်နှစ်၌ ချန်းမိသားစု တစ်ခုလုံးနှင့် မြောက်ပိုင်းချုံး၏ စီနီယာ အဖွဲ့ဝင်များမှာ ရုတ်တရက် ‌ပျောက်ကွယ်သွားကြ၏။ ထို့နောက် ဂြိုဟ် တစ်ခုလုံးမှာ အပြောင်းလဲကြီး ပြောင်းလဲ လာခဲ့တော့သည်။

ကမ္ဘာကြီး၏ ဝိညာဉ်ချီသည် ရူးသွပ်စရာ ကောင်းလောက်အောင် ထူထပ်လာ၏။ ကျင့်ကြံသူများမှာ ပိုမို အစွမ်းထက် လာကြကာ ကျင့်ကြံခြင်း အဆင့်များကို လွယ်ကူစွာ ချိုးဖျက် လာနိုင်ကြသည်။

ထိုအပြောင်းအလဲများနှင့် အတူ ကျန်းချူရန်သည် လျှင်မြန်စွာပင် မူလ အဆင့်ကို တက်လှမ်း သွားခဲ့သည်။ သူမ၏ လွှမ်းမိုးမှုတွင် ကျန်းမိသားစု မှာလည်း တရုတ်တွင် ထိပ်တန်း မိသားစု တစ်ခု ဖြစ်လာခဲ့သည်။

"ဒီလို ဂြိုဟ်သား မျိုးနွယ်တွေရော ဒီကို ရောက်လာသေးလား အန်တီ… နောက်ပြီး သွေးမျိုးဆက်တို့လို မျိုးနွယ်ခြားတွေရော ဘာဖြစ်သွားလဲ"

ချန်းဖန်သည် ကမ္ဘာ၏ ပြောင်းလဲမှုများကို သိပ် စိတ်မဝင်စားချေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ ကြယ်ပင်လယ်ထဲမှ လာသည့် နတ်ဘုရား မင်းသားများသာ ဖြစ်သည်။

"အန်တီ ကြားသလောက် ဆိုရင်တော့ သူတို့က အခြားဂြိုဟ်တွေရဲ့ ပံ့ပိုးမှုကို ရကြတယ် တဲ့… အမေရိကန်တို့လို ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေလည်း အဲဒီလို ဂြိုဟ်တွေရဲ့ ပံ့ပိုးမှုကို ရကြတယ်…"

အန်တီထန်က မျက်မှောက်ကြုတ်ရင်း ဆက်ပြောလိုက်သည်။

"နောက်ပြီး တိုင်ချူဂိုဏ်း၊ ဝူကျိဂိုဏ်းနဲ့ နေနန်းတော်လို အထွတ်အမြတ်မြေ တွေကိုလည်း ဂြိုဟ်သားတွေကပဲ တည်ထောင်ထားတာ လို့ ပြောကြတယ်"

ထိုသတင်းများမှာ အင်တာနက်ပေါ်တွင် ရေပန်းစားလိုက်သေးသည်။ သို့သော်လည်း အစိုးရ၏ ဖုံးကွယ်မှုတွင် ထိုသတင်းများမှာ လျှင်မြန်စွာ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

"ဒါဆို သူတို့ ကမ္ဘာ‌ကို ရောက်နေတာ သေချာ သွားပြီပေါ့… ဒါပေမဲ့ သူတို့က ခုထိ ဘာလို့ မတိုက်ခိုက်ကြသေးတာပဲ… မဟာ အခွင့်အရေး ဆိုတာကြောင့်လား"

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။

ကြယ်ပင်လယ်ထဲမှ နတ်ဘုရား မင်းသားများကား အလွန် အစွမ်းထက်ကြသူများ ဖြစ်သည်။ သူတို့သည် မဟာ အင်အားကြီး နိုင်ငံများကိုပင် လက်တစ်ချက် ဝှေ့ယမ်းကာ ဖျက်ဆီးနိုင်သည်။

သို့သော်လည်း သူတို့သည် ယခုထိ ဘာမှ မလုပ်သေးဟု ဆိုသည်။ ကြည့်ရသည်က သူတို့တွင် အခြား အကြံအစည် တစ်ခု ရှိနေဟန် ရပေသည်။

အန်တီထန်၏ စကားအရ ဆိုလျှင် ကမ္ဘာပေါ်ရှိ နိုင်ငံများမှာ ဆက်လက် ရပ်တည် နေကြဆဲ ဖြစ်သော်လည်း အဓိက အင်အားစုများမှာမူ ချီသန့်စင်ခြင်းဂိုဏ်းများသာ ဖြစ်သည်။ တိုင်ချူ ဘုရားကျောင်း၊ နေနန်းတော်တို့ ကဲ့သို့သော ဂိုဏ်းများသည် မဟာ အင်အားကြီး နိုင်ငံများထက် ပိုမို၍ ကမ္ဘာအား လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။

"ရှောင်ဖန်… အချို့ဂိုဏ်းကြီးတွေမှာဆို ရွှေအမြုတေ အဆင့် အထက် ကျင့်ကြံသူတွေတောင် ရှိတယ် လို့ ပြောတယ်… ကျင့်ကြံခြင်း လမ်းစဉ်မှာ ရွှေအမြုတေထက် ပိုမြင့်တဲ့ အဆင့် ရှိလို့လား"

အန်တီထန်က မေးလိုက်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ အဒေါ်ရဲ့… ရွှေအမြုတေ အဆင့်တွေက ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံးပဲကို… ခွန်းလွန်၊ ကျားနဂါးတောင်နဲ့ ခရစ်ယာန် ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်တွေတောင် ရွှေအမြုတေ အဆင့်မှာပဲ ရှိကြတာ… တကယ်လို့ ရှိတယ် ဆိုရင်တောင် သူ့လို သာမန်လူက ဘယ်လိုလုပ် သိမှာလဲ"

ကျန်းဖေးဖေးက ချန်းဖန်အား မျက်စောင်းထိုးရင်း ဝင်ရောက် ပြောလိုက်သည်။

ထိုကောင်စုတ်လေးကား လွန်ခဲ့သည့် ဆယ်နှစ် အတွင်း ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သည့် အရာများကိုပင် မသိရလောက်အောင် ထုံထိုင်း လွန်းလှသည်။ သို့တိုင်အောင် သူက ကမ္ဘာကြီး၏ ခေါင်းဆောင် တစ်ယောက် အလား ကြီးကြီးကျယ်ကျယ် ပြုမူ ပြောဆိုနေသည်။ ထိုအရာက အမြင်ကတ်စရာ ကောင်းလွန်းလှ၏။

"ဟုတ်တယ်… ရွှေအမြုတေ အဆင့်ရဲ့ အထက်မှာ အခြေတည် ဝိညာဉ် အဆင့် ဆိုတာ ရှိတယ်…"

ချန်းဖန်က ကျန်းဖေးဖေး၏ နဂါး မျက်စောင်းကို ဂရုမစိုက်ပဲ အန်တီထန်ကို ပြောလိုက်၏။

"အခြေတည် ဝိညာဉ် အဆင့် ဟုတ်လား…"

အန်တီထန်နှင့် ကျန်းဖေးဖေးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် မိကြသည်။

***

All Chapters