လူငယ်မျိုးဆက် တွေ့ဆုံပွဲ
Vol. 11 Ch. 1041
“အခြေတည် ဝိညာဥ် အဆင့်” ဟူသည်ကား မော်ဒန်ကမ္ဘာအတွက် အစိမ်းသက်သက် နာမည် တစ်ခုသာ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း၌ ကမ္ဘာ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူမှာ ရွှေအမြုတေ အဆင့်တွင်သာ ရှိခဲ့သည်။ နှစ်ပေါင်းများစွာ အိပ်ပျော်နေသည့် ယွင်ထန်း နန်းတော်၏ ဝမ်ရှင်း တန်ခိုးရှင် ပင်လျှင် အဆင့် အနိမ့်ဆုံး ရွှေအမြုတေကိုသာ ပိုင်ဆိုင်ခဲ့သည်။
ယခု ဆယ်စုနှစ် အတွင်းသို့ ရောက်မှသာ ကမ္ဘာပေါ်၌ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ပင် ဝမ်ရှင်း တန်ခိုးရှင် အရေအတွက်မှာ အလွန် ရှားပါးနေဆဲ ဖြစ်၏။
ချူကျိုး ကဲ့သို့သော သာမန်မြို့များ၌ ဆိုလျှင် မူလ အဆင့်များမှာ နဂါးများ သဖွယ် တန်ခိုးသြဇာ ကြီးမားလှသည်။
ကျန်းချူရန်ကား အထင်ရှားဆုံး ဥပမာ ဖြစ်သည်။ သူမသည် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် အလားအလာ ရှိရုံဖြင့်ပင် တရုတ်၏ ပါရမီ အမြင့်ဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူမ၏ အရှိန်အဝါကြောင့်ပင် ကျန်းမိသားစုမှာလည်း တရုတ်၏ အင်အားကြီး မိသားစု တစ်ခု အလျှင်အမြန် ဖြစ်လာခဲ့သည်။
“လောကမှာ ရွှေအမြုတေ အဆင့်တွေထက် ပိုအစွမ်းထက်တဲ့ ကျင့်ကြံသူတွေ တကယ်ပဲ ရှိနေတယ်ပေါ့...”
အန်တီထန်က ခပ်တိုးတိုး ရေရွတ် လိုက်၏။
“တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းနဲ့ နေနန်းတော်တို့ ရုတ်တရက် ပေါ်လာတုန်းက အဲဒီဂိုဏ်းတွေဆီမှာ အခြေတည် ဝိညာဥ် အဆင့်ထက် ပိုအစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိနေမလား ဆိုပြီး လူတွေ စိတ်ဝင်စားခဲ့ကြသေးတယ်... ကျော်ကြားတဲ့ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဆိုရင် သူတို့ကို စိန်ခေါ်ဖို့ အထိ ကြိုးစားခဲ့တယ်... ဒါပေမဲ့ အဲဒီ ကျင့်ကြံသူက အချိန်တို အတွင်းမှာပဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရတယ်လေ”
လွန်ခဲ့သည့်နှစ်များ အတွင်း ကမ္ဘာပေါ်ရှိ လူများသည် ရွှေအမြုတေ အဆင့်၏ အထက် ကျင့်ကြံခြင်း အဆင့်များ အကြောင်းကို ယူဆချက်များ အမျိုးမျိုး အဖုံဖုံ ထုတ်ခဲ့ကြသည်။ သို့သော်လည်း မည်သူမျှ သေသေချာချာ မသိခဲ့ကြချေ။
ကမ္ဘာ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူများဟု ဆိုနိုင်သည့် ခွန်းလွန် ခေါင်းဆောင်၊ ကျားနဂါးတောင် ဂိုဏ်းချုပ်နှင့် ခရစ်ယာန် ဘုရားကျောင်း ပုပ်ရဟန်းမင်းကြီးတို့ ပင်လျှင် လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်မှသာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရွှေအမြုတေ အထက် ကျင့်ကြံခြင်း အဆင့်များမှာ ကမ္ဘာပေါ်မှ လူများ အတွက် အလှမ်း ကွာဝေးလွန်းလှသည်။
“အဒေါ်... သူ ညာနေတာ မလား... တိုင်ချူ ဘုရားကျောင်းနဲ့ ဝူကျိဂိုဏ်းချုပ်တို့တောင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေပဲဟာကို... ဘယ်လိုလုပ်ပြီး အခြေတည် ဝိညာဥ် အဆင့် ဆိုတာ ရှိနိုင်မှာလဲ”
ကျန်းဖေးဖေးက ချန်းဖန်ကို သံသယဝင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။ သူမ၏ ခန့်မှန်းချက် အရဆိုလျှင် ထိုဆယ့်ခြောက်နှစ်ခန့်သာ ရှိဟန်ရသေးသော လူငယ်လေးကား ကျင့်ကြံခြင်းပင် မပြုရသေးပုံ ပေါ်သည်။ သို့ဖြစ်ရာ သူက ကြောက်မက်ဖွယ် လျှို့ဝှက်ချက်များကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။
“ပေါက်ကရ လျှောက်မပြောနဲ့ ဖေးဖေး... ရှောင်ဖန်က ညာတတ်တဲ့သူ မဟုတ်ဘူး”
အန်တီထန်က မာန်မဲလိုက်၏။
ချန်းဖန်ကား မြောက်ပိုင်းချုံးဂိုဏ်းကြီး၏ ဂိုဏ်းချုပ် ဖြစ်ကာ အမေရိကန်ကိုပင် တစ်ကိုယ်တည်း ယှဥ်၍ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ မာယာ စစ်သင်္ဘောများ ပင်လျှင် သူ၏ လက်၌ ကျဆုံးခဲ့ရသည်။ ဆယ်စုနှစ် တစ်ခု ကြာပြီးသည့်တိုင် အန်တီထန်သည် ထိုတိုက်ပွဲများကို အမှတ်ရနေဆဲ ဖြစ်သည်။
သို့သော်လည်း ကျန်းဖေးဖေးမှာ အလွန် ငယ်ရွယ်သေး၏။ ချန်းဖန် ကမ္ဘာတစ်ဝှမ်း ကျော်ကြားခဲ့စဥ် အခါက သူမမှာ ဆယ်နှစ်ပင် မပြည့်တတ်သေးချေ။ ထို့ကြောင့်ပင် သူမ ချန်းဖန်ကို မမှတ်မိခြင်း ဖြစ်ပေသည်။
“ဘာမဖြစ်ပါဘူး အန်တီ... သူ ပြောချင်တာ ပြောပါစေ”
ချန်းဖန်က ပြုံးရင်း ဆိုလိုက်၏။
အန်တီထန်မှာ ချန်းဖန်ကို ကြည့်ကာ ဝမ်းနည်းလာခဲ့မိသည်။ ထိုကလေးမှာ တစ်ခေတ်တစ်ခါက ကမ္ဘာကိုပင် အုပ်စိုးခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ် တစ်ခု ကြာပြီးနောက်တွင်မူ ကလေးမလေး တစ်ယောက်ကပင် သူ့အား မလေးစားတော့ချေ။
“ရှောင်ဖန်... အန်တီနဲ့ပဲ နေနော်... အများကြီး သိပ်စဥ်းစား မနေနဲ့... သား တစ်နေ့ကျ အရင်လို ပြန်ပြီး အစွမ်းထက်လာမှာပါ”
အန်တီထန်က လေသံပျော့ကလေးဖြင့် ချန်းဖန်အား ပြောလိုက်သည်။
“ဗျာ...”
ချန်းဖန်မှာ ပထမ၌ ဆွံ့အ သွား၏။ သို့သော်လည်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ပြီးနောက်တွင်မူ အန်တီထန်၏ အတွေးကို နားလည်သွားခဲ့သည်။
“အန်တီထန်က ငါ ဒဏ်ရာရပြီး စွမ်းအားတွေ ဆုံးရှုံးသွားတယ်လို့ ထင်နေတာ ဖြစ်ရမယ်”
ချန်းဖန်မှာ စိတ်ထဲမှ ကြိတ်ကာ ရယ်လိုက်မိသည်။
ကမ္မ ရေစက် ကျင့်စဥ်ကြောင့် သူ ဒဏ်ရာရသွားသည်မှာ အမှန် ဖြစ်၏။ သို့သော်လည်း သူသည် ထိုအခွင့်အရေးကို ယူကာ သူ၏ စွမ်းအားများကို တစ်ခုတည်း အဖြစ် ပေါင်းစည်းခဲ့သည်။ ကမ္ဘာပေါ်ရှိ ထူးဆန်းသော အခြေအနေနှင့် အစစ်အမှန် သိုင်းနတ်ဘုရား အစီအရင်တို့ကြောင့် အခြေတည် ဝိညာဥ် အဆင့်ကို မချိုးဖျက်သေးသည့်တိုင် သူသည် ခြေတစ်လှမ်း အကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ သူ၏ စွမ်းအင်သုံးခုမှာ စတင် ပေါင်းစပ်နေခဲ့ပြီ ဖြစ်သည်။ ထိုဖြစ်စဥ် ပြီးဆုံးသည့် အချိန်၊ ဓမ္မ ဥပဒေသများကို ခန္ဓာကိုယ် အတွင်း ပေါင်းစည်းနိုင်သည့် အချိန် ရောက်ပါက သူသည် ကောင်းကင်ကပ်ဘေးကို ဆင့်ခေါ်ကာ အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်း နိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်သည် လတ်တလော၌ ထိုအကြောင်းအရာများကို မည်သူ့ကိုမျှ ရှင်းမပြချင်သေးပေ။ ထို့ကြောင့်ပင် သူက ရှက်ပြုံးပြုံး၍သာ နေလိုက်၏။
ထို့နောက် ချန်းဖန်က အန်တီထန်အား မြောက်ပိုင်းချုံး အကြောင်းကို မေးလိုက်သည်။ စီနီယာ အဖွဲ့ဝင်များ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည့်တိုင် မြောက်ပိုင်းချုံးတွင် မရေမတွက်နိုင်သော အဖွဲ့ဝင်များ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ခွန်ရှုနယ်မြေကလည်း မြောက်ပိုင်းချုံးကို ထောက်ပံ့ထားသေးသည်။ မြောက်ပိုင်းချုံးသည် မည်သည့် အကြောင်းနှင့်မျှ မပြိုကွဲသင့်ချေ။
“အန်တီလည်း သေချာတော့ မသိဘူး သားရဲ့... ကမ္ဘာကြီး ပြောင်းလဲလာတဲ့ နောက်ပိုင်း ခွန်ရှု နယ်မြေလည်း ပိတ်သွားတယ်... သူတို့တင် မဟုတ်ဘူး... ကောင်းကင်နယ်တွေ အကုန်လုံး ပိတ်သွားတာ... မြောက်ပိုင်းချုံးကတော့ စီနီယာ အဖွဲ့ဝင်တွေ ပျောက်သွားပေမဲ့ ဆက်ပြီး တည်ရှိနေတုန်းပဲ...”
“ဒါပေမဲ့ ဆက်တိုက်ဆိုသလို လျှို့ဝှက်တဲ့ အရှင်သခင် အချို့ ပေါ်လာပြီး မြောက်ပိုင်းချုံးကို တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်... တိုက်ခိုက်တဲ့ လူတိုင်းက အနည်းဆုံး ရွှေအမြုတေ အဆင့်မှာ ရှိတဲ့ လူတွေချည်းပဲ... ဒီနှစ်ပိုင်းမှာ အန်တီ စုံစမ်းဖို့ ကြိုးစားခဲ့သေးပေမဲ့ ဘာမှကို မသိခဲ့ရဘူး... ဒါပေမဲ့ တွေ့ရတဲ့ သက်သေအားလုံးကတော့ သွေးမျိုးဆက် တို့လို ဂြိုဟ်သား မျိုးနွယ်တွေနဲ့ တိုင်ချူ ဘုရားကျောင်းလို အာကာသထဲက လာတဲ့ ဂိုဏ်းတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတယ်... ကမ္ဘာပေါ်မှာ မြောက်ပိုင်းချုံးကို ဖျက်ဆီးနိုင်တဲ့ အင်အားမျိုးကလည်း သူတို့မှာပဲ ရှိတာလေ”
အန်တီထန်၏ နောက်ဆက်တွဲ ပြောစကားများ အရဆိုလျှင် မြောက်ပိုင်းချုံး၏ အဖွဲ့ဝင် အနည်းငယ်မှာ ကမ္ဘာပေါ်ရှိ နေရာ အနှံ့အပြား၌ ပုန်းအောင်းနေဆဲ ဖြစ်သည်။ အန်တီထန်က ချန်းဖန်ကို ထိုလူများနှင့် ချိတ်ဆက် ပေးမည်ဟု ဆိုသည်။ သို့သော်လည်း သူမက ချန်းဖန်ကိုမူ သူမ၏ အိမ်တွင်သာ နားနားနေနေ နေရင်း ဒဏ်ရာကုသစေချင်သည်။
“ကျေးဇူးပါ အန်တီ...”
ချန်းဖန်က ခေါင်းညိတ်ကာ အန်တီထန်၏ စီမံမှုကို လက်ခံလိုက်သည်။
ထို့နောက် အန်တီထန်က ချန်းဖန်အား နေရာ ချထားပေး၏။ ထိုအခိုက်၌ ချန်းဖန်သည် စိတ်ပျက်မှုနှင့် ပျော်ရွှင်မှုကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။
သူ စိတ်ပျက်ရသည့် အကြောင်းရင်းကား ကမ္ဘာပေါ်ရှိ ဓမ္မ ဥပဒေသမှာ မပြည့်စုံသောကြောင့်ပင်။ သူ ခန္ဓာကိုယ်ကို သန့်စင်ရာ၌ အသုံးပြုခဲ့သည့် ဓမ္မ ဥပဒေသ ကိုးခုမှာလည်း မပြည့်စုံသော ဥပဒေသများပင် ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဥ် အတွက် ကမ္ဘာနှင့် စွန့်ပစ်ခံဂြိုဟ်နယ်မြေကို စွန့်ခွာရတော့မည် ဖြစ်သည်။
ချန်းဖန် ပျော်နေရခြင်းမှာမူ အလွန် အထီးကျန်ဆန်သော အချိန်အခါမျိုး၌ ဆွေရင်း၊ မျိုးရင်း တစ်ယောက်ကို ပြန်တွေ့ရခြင်းကြောင့် ဖြစ်ပေသည်။
“အချိန်ရှိတုန်း ကျင့်ကြံဦးမှာပဲ...”
ချန်းဖန်က တင်ပျဥ်ချိတ်ကာ ထိုင်ရင်း မျက်လုံးအား မှိတ်လိုက်၏။
“ဟူး...”
တိမ်တိုက်တစ်ခုမှာ သူ၏ ဦးခေါင်းထက်၌ ပေါ်လာကာ အဇူရာ၊ ရောင်စုံနှင့် ရွှေအဆင်း ရှိသော ပန်းသုံးပွင့် အဖြစ် အသီးသီး ဖွဲ့စည်း လာကြသည်။
အကယ်၍ ကြယ်ပင်လယ်ရှိ ကျင့်ကြံသူများသာ ထိုအရာကို မြင်တွေ့ရပါက ကတုန်ကယင်ပင် ဖြစ်သွားလောက်သည်။
ထိုပန်းပွင့်များကား ဓမ္မ စွမ်းအား၊ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ်တို့ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသော အခါများ၌သာ ပေါ်ထွက်လာတတ်သည့် လက္ခဏာများ ဖြစ်ပေသည်။ ထိုအရာက ချန်းဖန်မှာ စွမ်းအား သုံးခုစလုံးကို လက်ရှိ အဆင့်၏ အထွတ်အထိပ် အထိ ရောက်အောင် ကျင့်ကြံပြီးမြောက်သည်ဟု အဓိပ္ပာယ် ရပေသည်။
ကျင့်ကြံခြင်း လမ်းစဥ်၌ ထိုပန်းပွင့်များကို “အဆုံးသတ် ပန်းပွင့်” သို့မဟုတ် “ထိပ်ဆုံး ပန်းပွင့်” ဟု ခေါ်ဆိုကြ၏။ ထိုကဲ့သို့ ပန်းပွင့်များအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများကိုမူ “ထူးကဲသော ကျင့်ကြံသူများ” ဟု နာမည်ပေးကြသည်။
စကြဝဠာ၌ အဆုံးသတ် ပန်းပွင့်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ အရေအတွက်မှာ ရှားပါးလှသည်။ ကျော်ကြားသော ပါရမီရှင်များ ပင်လျှင် ပန်းတစ်ပွင့်ကိုသာ ဖွဲ့စည်းနိုင်ကြသည်။ ပန်းသုံးပွင့် စလုံး ဖန်တီးရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းလှ၏။ ဗဟို ဂလက်စီတွင်ပင် ပန်းသုံးပွင့် ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူမှာ လက်ချိုးရေတွက်၍ ရပေသည်။
“ငါက ပန်းသုံးပွင့်ကို ဖွဲ့စည်းပြီးပြီ ဆိုတော့ ရွှေအမြုတေ အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ပြီလို့ ဆိုနိုင်တယ်... ကျင့်ကြံခြင်းက ငါ့အတွက် အကျိုးသိပ်မရှိတော့ဘူး... အခြေတည် ဝိညာဥ် အဆင့်ကို ချိုးဖျက်ဖို့ ဆိုရင် ငါ့အနေနဲ့ ဓမ္မ ဥပဒေသတွေကို စုစည်းဖို့ပဲ လိုတော့တယ်”
နောက်ရက်များ၌ ချန်းဖန်သည် အန်တီထန်၏ စံအိမ်တွင်သာ ဆက်လက် နေထိုင်ခဲ့သည်။ သူသည် နေ့ဘက်၌ အန်တီထန်နှင့် စကားပြောခြင်း၊ ကျင့်ကြံခြင်း အမှုများကို ပြု၏။
ညဘက်သို့ ရောက်သော အခါတွင်မူ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ဖြင့် ကမ္ဘာတစ်လွှားသို့ လျှောက်သွားကာ မြောက်ပိုင်းချုံးဂိုဏ်း အကြောင်း၊ သူ၏ မိသားစု အကြောင်း အချက်အလက်များကို ရှာဖွေသည်။ သို့သော်လည်း ခရီးကား သိပ်မပေါက်လှချေ။ သူ၏ နတ်ဘုရား စိတ်အာရုံ မည်မျှပင် အစွမ်းထက်စေကာမူ သန်းထောင်သောင်း ချီသော လူများ အကြား၌ လူအနည်းငယ်ကို ရှာဖွေရခြင်းမှာ ခက်ခဲသော အလုပ် တစ်ခု ဖြစ်ပေသည်။
ထိုနေ့၌ ချန်းဖန် ဆိုဖာပေါ်၌ ထိုင်ရင်း အန်တီထန်ကို စောင့်နေစဥ်မှာပင် ကျန်းဖေးဖေး တစ်ယောက် ရောက်ချလာ၏။
“ရှင် ကျွန်မနဲ့ အတူ လူငယ် တွေ့ဆုံပွဲကို လိုက်ရမယ်... အဆင်သင့် ပြင်ထား”
“ဘာလို့ လိုက်ရမှာလဲ... နင်တို့လို ကလေးတွေနဲ့ တွေ့ဖို့ ငါ့မှာ အချိန် မရှိဘူး”
ချန်းဖန်က ချက်ချင်းပင် ငြင်းလိုက်သည်။
“အန်တီထန်က အမိန့်ပေးလိုက်တာ... ရှင် သွားကို သွားရမယ်တဲ့... ရှင်က အိမ်တွင်းပဲ အမြဲ အောင်းနေတော့ နေမကောင်းဖြစ်မှာကို သူ စိုးရိမ်နေတာ... အန်တီထန်ကြောင့်သာ မဟုတ်ရင် ကျွန်မက ရှင့်ကို ခေါ်ပါလိမ့်မယ် အားကြီး..”
ကျန်းဖေးဖေးက ချန်းဖန်အား မျက်စောင်းထိုးရင်း မဲ့ကာရွဲ့ကာ ဆိုလိုက်၏။
ကျန်းဖေးဖေးမှာ ရုပ်ရည် ချောမော လှပသည့် အပြင် ကျင့်ကြံရာတွင်လည်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူမသည် များစွာသော ကောင်လေးများ၏ စိတ်ကူးယဥ် နတ်သမီးလေးလည်း ဖြစ်၏။
ကျန်းမိသားစု အကြီးအကဲများက ဆိုလျှင် ကျန်းဖေးဖေးအား ဒုတိယ ကျန်းချူရန် ဟုပင် တင်စားကြသည်။ ကျန်းဖေးဖေး ကိုယ်တိုင်ကလည်း အမဖြစ်သူ ကျန်းချူရန်ကို အလွန် သဘောကျသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ကျန်းချူရန်အား အတုခိုးကာ ရင့်ကျက် တည်ငြိမ်ဟန်စွာ နေတတ်သူ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်နှင့် ဆုံတွေ့သည့် အခါတိုင်း၌ သူမသည် အမြဲလိုလို ဒေါသထွက်ရသည်။
ထိုကောင်စုတ်ကား အခြားလူ အားလုံးကို အမြဲတစေ အထင်သေးသည့် အကြည့်ဖြင့် ကြည့်တတ်သူ ဖြစ်သည်။ တိုင်ချူ ဘုရားကျောင်း၊ နေနန်းတော် တို့ ကဲ့သို့သော ဂိုဏ်းကြီးများကိုပင် ထိုအကောင်မှာ ပုရွက်ဆိတ်သိုက် သဖွယ် ပြောဆိုတတ်သူ ဖြစ်သည်။ ထိုကဲ့သို့ ဘဝင်မြင့်မှုမျိုးက လွန်ကဲလွန်းလှ၏။
“ဒါဆိုလည်း ကောင်းပြီလေ...”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ အန်တီထန်ကား သူ့အပေါ် အမြဲ ကောင်းမွန်ခဲ့သူ ဖြစ်ရာ သူ့အနေဖြင့် မငြင်းဆန်လိုချေ။ ထို့အပြင် ကမ္ဘာ၏ လက်ရှိ လူငယ် မျိုးဆက်များ အပေါ်တွင်လည်း သူ စိတ်ဝင်စား နေမိ၏။
ချူကျိုးမြို့၊ ထျန်းရှန် အဆောက်အဦး...
ထိုအဆောက်အဦးကား မီတာ ငါးရာမျှ ရှည်လျားသည့် အထပ်တစ်ရာ အဆောက်အဦး တစ်ခု ဖြစ်သည်။ ချန်းဖန် ကမ္ဘာမှ မထွက်ခွာခင် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်၌ ထိုအဆောက်အဦးမှာ ဖြစ်ပေါ် မလာခဲ့သေးချေ။ ထျန်းရှန် ကော်ပိုရေးရှင်း ပိုင်ဆိုင်သော ထျန်းရှန် ဟိုတယ် အနေဖြင့်သာ တည်ရှိခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုတွင်မူ ထျန်းရှန် အဆောက်အဦးကား ချူကျိုးမြို့၏ အမှတ်အသား တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ များစွာသော စားသောက်ဆိုင်များ၊ ဘားများ၊ ဆိုင်ခန်းကြီးများ အပြင် ချီသန့်စင်ခြင်း အဆင့် ပြိုင်ကွင်းများပင် ရှိသည်။ များစွာသော လူများသည် နေ့စဥ်နေ့တိုင်း ထိုနေရာသို့ သွားကာ ပိုက်ဆံဖြုန်းလေ့ ရှိကြ၏။
ကောလဟာလများ အရဆိုလျှင် ထျန်းရှန် ကော်ပိုရေးရှင်း၏ သခင်လေးသည် ကျန်းမိသားစု နတ်မိမယ်နှင့် ဆက်စပ် ပတ်သက်မှု ရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ချူကျိုးမြို့သာ မက ကျန်းနန်နယ် တစ်ခုလုံးမှာ သူတို့အား မထိဝံ့ကြချေ။
ယနေ့တွင် ထျန်းရှန် အဆောက်အဦး ၉၅ ထပ်မြောက်ရှိ အဆင့်မြင့် စားသောက်ဆိုင် တစ်ခု၌ ချူကျိုးမြို့ မိသားစုကြီးများမှ လူငယ်များမှာ စုစည်း နေကြသည်။ သူတို့အထဲမှ တစ်ယောက်မှာ လုယန် ဖြစ်၏။
“ဆရာလု... နတ်မိမယ်ကျန်းရဲ့ ညီမလည်း ဒီပွဲကို လာမယ်ဆို ဟုတ်လား...”
လူငယ် တစ်ယောက်က အပြုံးဖြင့် မေးလိုက်သည်။ သူ၏ မျက်နှာသည် အနည်းငယ် နီရဲနေ၏။ သူကား ဝိုင်ကို ရေချိန်ကိုက်အောင် သောက်ထားပုံပေါ်၏။
သူကား ချူကျိုးမြို့၊ ကျိုးမိသားစုမှ အခြေခံ တည်ဆောက်ခြင်း ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။
“နတ်မိမယ်ကျန်းရဲ့ ညီမက ဘယ်လောက်တောင် လှမယ် မသိဘူးနော်... သူက တွေ့ဆုံပွဲတွေကို မလာဖူးဘူး... ဒီနေ့မှ ဘာစိတ်ကူးပေါက်တယ် မသိဘူး... သူက ကောင်လေး တစ်ယောက်ကိုလည်း အတူ ခေါ်လာမယ်လို့ သတင်းကြားတယ်”
အခြား လူငယ် တစ်ယောက်က စိတ်ဝင်တစား ပြောလိုက်သည်။ သူသည် ချူကျိုးမြို့၏ မိသားစုကြီး တစ်ခု ဖြစ်သော ရန်မိသားစုမှ ဖြစ်၏။
“ဟမ့်... အဲဒီကောင်လေးကို ယွင်ဝူတောင်ထိပ်မှာ ငါ တစ်ခါ တွေ့ဖူးတယ်... ကျန်းဖေးဖေးကြောင့်သာ မဟုတ်ရင် ငါ သူ့ကို အဲဒီနေ့တည်းက သတ်လိုက်ပြီးပြီ”
လုယန်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မကျင့်ကြံနိုင်တဲ့ လူတွေက ငါတို့နဲ့က ခြားနားတယ်လေ... ငါတို့နဲ့ အတူ ထိုင်နေရင်တောင် သူက သိမ်ငယ် နေမှာပါ”
ထိပ်ဆုံး ထိုင်ခုံ၌ ထိုင်နေသည့် ချူယွင်က ပြောလိုက်သည်။ သူသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် လူငယ်များ အနက် ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံး ဖြစ်၏။
အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ ရှောင်ရွှမ်ပင်လျှင် ထိုစကားကို သဘောတူ၏။
လက်ရှိခေတ်ကား ကျင့်ကြံသူများ စိုးမိုးသည့်ခေတ် ဖြစ်သည်။ လူတစ်ယောက် မည်မျှ ချမ်းသာစေကာမူ ကျင့်ကြံခြင်း မပြုနိုင်ပါက သာမန်လူသာ ဖြစ်ပေသည်။
သူတို့ ပြောဆို ဆွေးနွေးနေစဥ်မှာပင် ချန်းဖန်နှင့် ကျန်းဖေးဖေးတို့မှာ ထျန်းရှန် အဆောက်အဦးသို့ ရောက်ရှိလာခဲ့ကြ၏။
***