ကျန်းနန်နယ်၏ အလှဆုံး မိန်းကလေး
Vol. 11 Ch. 1042
ချန်းဖန်နှင့် ကျန်းဖေးဖေးတို့ ဝင်လာသည်ကို မြင်တွေ့သည်နှင့် လုယန်နှင့် ချူယွင်တို့မှာ ထိုင်ရာမှ ထရပ်လိုက်ကြသည်။
သူတို့သည် ချန်းဖန်ကို ဂရုမစိုက်သော်လည်း ကျန်းဖေးဖေးမှာမူ တရုတ်၏ နာမည်ကျော် ကျန်းမိသားစုမှ ဖြစ်သည်။ သူမ၏ အမ ကျန်းချူရန် ဆိုလျှင်လည်း မကြာခင် ရွှေအမြုတေ အဆင့် ဖြစ်လာနိုင်သူ ဖြစ်သည်။ ထို့ကြောင်သူတို့ မိသားစုများ၏ အကြီးအကဲများပင် ကျန်းဖေးဖေးအား မလေးမစား မပြုရဲကြပေ။
“ချန်းဖန်... ဒါက ကျန်းပေ့နယ် ချူမိသားစုက ချူယွင်... သူ့အဘိုး ချူထျန်းရှောင်က ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက်လေ... ကျန်းပေ့နယ် ကျင့်ကြံသူများ အစည်းအရုံးရဲ့ လက်ထောက် ဥက္ကဌ ဆိုလည်း ဟုတ်တယ်... သူ့ဦးလေးလည်း စစ်တပ်ဘက်မှာ အရာရှိ တစ်ယောက်ပဲ”
“သူတို့ကတော့ လုယန်၊ ကျိုးမင်ကုံးနဲ့ ရှောင်ရွှမ်တို့ပဲ...”
ကျန်းဖေးဖေးက တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေး၏။ ထိုအထဲမှ အများစုမှာ ယွင်ဝူတောင်ထိပ်၌ လာရောက် လေ့ကျင့်လေ့ရှိသည့် လူငယ်များ ဖြစ်သည်။
လုယန်က ချန်းဖန်အား နတ်ဆိုးအပြုံး ပြုံးပြသည်။ သို့သော်လည်း ချန်းဖန်က သူ့အား လျစ်လျူကာ အခြား လူငယ်များကို အကဲခတ်လိုက်၏။
ချူကျိုးမြို့၏ လူငယ် အများစုမှာ ကျင့်ကြံထားကြပုံ ပေါ်သည်။ သူတို့ထဲမှ အစွမ်း အထက်ဆုံး ဖြစ်သည့် ချူယွင်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အလယ်ဆင့် တစ်ယောက် ဖြစ်၏။ သူသည် ချန်းဖန် ဖန်တီးထားသည့် ကျင့်စဥ် တစ်ခု ဖြစ်သော “ထန်လုံ ခန္ဓာ သန့်စင်ခြင်း ကျင့်စဥ်”ကို ကျင့်ကြံထားသည်။
အခြားလူငယ် အများစုမှာမူ အခြေခံ တည်ဆောက်ခြင်း အလယ်ဆင့်များ ဖြစ်သည်။ ကျန်းဖေဖေး၏ ပြောပြပုံအရ ဆိုလျှင် ထိုလူငယ်များ၏ နောက်ခံ မိသားစုများမှာ အနည်းဆုံး ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင်ထားကြသည်။
လုယန်မှာ ကျန်းနန်နယ်၊ လုမိသားစုမှ ဖြစ်သည်။ ကောလဟာလများ အရဆိုလျှင် သူ၏ မိသားစုသည် မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် လုယန်မှာ အခြားလူများ အကြား၌ အနည်းငယ် အဆင့်အတန်း မြင့်မားလှ၏။
“ဖေးဖေး.. ငါတို့နဲ့ အတူတူ လာထိုင်...”
ရှောင်ရွှမ်က ကျန်းဖေးဖေးကို လာရောက် ဆွဲခေါ်သွား၏။ ချန်းဖန်မှာမူ အခြား ယောက်ျားလေးများ ဝိုင်းတွင်သာ ကျန်ရစ်ခဲ့၏။
“သားကြီး မင်းသတင်းကြားလား... ဟောင်မိသားစုရဲ့ အဘိုးကြီးက မူလ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပြီ တဲ့ကွ”
“ဟုတ်တယ်... ငါ့အဘိုးတောင် ကျင်းမြို့ကို သွားပြီး အဘိုးကြီးဟောင်ကို ဂုဏ်ပြု လက်ဆောင်ပေး မလို့တဲ့... သူက ယွမ်သန်းသုံးရာ တန်တဲ့ ဆေးမြစ်ကိုတောင် ပေးချင်နေတာ”
“မူလ အဆင့်တွေက နဂါးတွေလိုပဲ... ဟောင်မိသားစုတော့ မကြာခင် တဟုန်ထိုး တိုးတက်လာမှာ ငါ မြင်ယောင်နေသေးတယ်”
လူငယ်များမှာ စပ်မိစပ်ရာ ပြောဆို နေကြ၏။ ချန်းဖန်မှာမူ ဝိုင်တစ်ခွက်ကို အရသာခံ သောက်ရင်း သူတို့၏ စကားများကို နားထောင် နေခဲ့သည်။ သူသည် တစ်ခွန်းပင် ဝင်ရောက် မပြောခဲ့ချေ။
ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည့် ဖက်တီးလူငယ် တစ်ယောက်သည် ချန်းဖန် အနားသို့ အပြုံးဖြင့် ချဥ်းကပ်လာ၏။
“အကို... ကျွန်တော် ဒီမှာ ထိုင်လို့ ရမလား...”
“ကျွန်တော့် နာမည်က ရန်ကျွင်းကျဲ့ပါ... အကိုက ဒီကို ကျန်းမိသားစုက အလှလေးနဲ့ အတူတူ လာတာဆို... ဟုတ်လားဗျ”
ရန်ကျွင်းကျဲ့မှာ ဖော်ရွေဟန်ရ၏။ သူသည် မောက်မာသော အခြား သခင်လေးများနှင့် လားလားမျှ မတူချေ။ သို့သော်လည်း သူထိုင်လိုက်သည့် အခါ၌ ဆိုဖာမှာ ငလျင်လှုပ် သကဲ့သို့ လှုပ်ခါသွား၏။
“အလှလေး ဆိုတာ ကျန်းဖေးဖေးကို ပြောတာလား...”
ချန်းဖန်မှာ အနည်းငယ် ရယ်ချင်သွား၏။ ကြည့်ရသည်က ရန်ကျွင်းကျဲ့ သူ့အား ဖော်ရွေနေသည်မှာ ကျန်းဖေးဖေးကြောင့် ဖြစ်ပုံပင်။
ထျန်းရှန် အဆောက်အဦ ၉၅ ထပ်မြောက်၌ ကျင့်ကြံသူများကို အုပ်စု နှစ်ခု အဖြစ် ခွဲထား၏။ ချူယွ၊ လုယန်တို့ ခေါင်းဆောင်သော ယောကျ်ားလေး ကျင့်ကြံသူ အုပ်စုနှင့် ကျန်းဖေးဖေး ခေါင်းဆောင်သော မိန်းကလေး ကျင့်ကြံသူ အုပ်စု ဟူ၍ ဖြစ်သည်။
ထိုနှစ်ဖွဲ့ အပြင် ချူကျိုးမြို့၏ သခင်လေး၊ သခင်မလေးများမှာလည်း တွေ့ဆုံပွဲသို့ တက်ရောက်လာသေးသည်။ သို့သော်လည်း သူတို့မှာမူ မည်သည့် စွမ်းအင် အရှိန်အဝါမှ ရှိမနေသော လူငယ်များ ဖြစ်၏။ ရန်ကျွင်းကျဲ့သည် ကျင့်ကြံခြင်း မပြုနိုင်သည့် လူများထဲမှ တစ်ယောက် ဖြစ်သည်။ သူ ချန်းဖန်အား စကား ပြောရဲခြင်းမှာလည်း သူတို့ကဲ့သို့ “သာမန်လူ” တစ်ယောက်ဟု ယူဆနေသောကြောင့် ဖြစ်သည်။
“အာ... အကိုက ကိုယ် ဘယ်လောက်တောင် ကံကောင်းလဲ ဆိုတာ မသိဘူးလား... ကျန်းဖေးဖေးက ချူကျိုး အထက်တန်းလွှာတင် မကဘူး... ကျန်းပေ့ တစ်နယ်လုံးမှာတောင် နတ်မိမယ်လေး ဆိုပြီး ကျော်ကြားနေတာ... သူက ကျန်းမိသားစုက လာတာလေ... နောက်ပြီး သူ့အမကလည်း နာမည်ကြီး ကျင့်ကြံသူ တစ်ယောက်ပဲ... အရှေ့ပင်လယ်က နဂါးဘုရင်ကို သတ်ခဲ့တဲ့ နတ်မိမယ်ကျန်း ဆိုတာ အကို မကြားဖူးဘူးလား... ကျွန်တော် သိသလောက်ဆို သူက မကြာခင် ရွှေအမြုတေ အဆင့်ကို ရောက်တော့မှာတဲ့”
ရန်ကျွင်းကျဲ့က ချန်းဖန်အား အားမလို၊ အားမရဖြင့် ရှင်းပြလိုက်သည်။
“ဟုတ်လား...”
ချန်းဖန်က ပြုံးရင်း မေးလိုက်၏။
“အကိုက ကျန်းဖေးဖေးနဲ့ ဆက်စပ်နေတဲ့လူ ဆိုတော့ ကျွန်တော်တို့လို သာမန်လူတွေရဲ့ ဘဝက ဘယ်လောက် ခက်ခဲတယ် ဆိုတာ သိမှာ မဟုတ်ဘူး... ကျွန်တော့် မိသားစုက ချူကျိုးမှာ လူချမ်းသာ စာရင်း ဝင်ပေမဲ့ တကယ်တမ်း ကျတော့ ဘာလွှမ်းမိုးမှုမှ မရှိဘူး... ကမ္ဘာကြီးက ပြောင်းလဲသွားပြီ... အစွမ်းထက် ကျင့်ကြံသူတွေကို ပိုင်ဆိုင်ထားတဲ့ မိသားစုတွေကိုပဲ လူတွေက လေးစားတော့တယ်”
ရန်ကျွင်းကျဲ့က သက်ပြင်းတစ်ချက်ချရင်း ဝိုင်ခွက်အား မော့လိုက်သည်။ သူ၏ မျက်လုံးတွင်မူ ဝမ်းနည်းမှုများ ယှဥ်ဖျာနေ၏။
ကမ္ဘာကြီး မပြောင်းလဲစဥ် အချိန်က လှပသော မိန်းကလေးများနှင့် မော်ဒယ်များသည် သူတို့ ကဲ့သို့ လူချမ်းသာများကို ဝိုင်းအုံနေခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ ထိုမိန်းကလေးများမှာ အစွမ်းထက် ကျင့်ကြံသူများဘက်သို့ လှည့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပိုက်ဆံ မည်မျှရစေကာမူ ကျင့်ကြံခြင်း မပြုနိုင်သည့် လူများအား မျက်စိမကျတော့ချေ။
ချန်းဖန်က တစ်ချက်ဝှေ့၍ ကြည့်လိုက်ရာ များစွာသော မိန်းကလေးများမှာ ချူယွင်နှင့် လုယန်တို့အား တိတ်တခိုး ကြာပစ်နေသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော်ကတော့ဗျာ... ခွန်းလွန်၊ ကျားနဂါးတောင် တို့လို အထွတ်အမြတ်မြေတွေကို ဝင်ဖို့ မမျှော်လင့်ရဲပါဘူး... ထိုက်ကျိဂိုဏ်း၊ ပါးကျီဂိုဏ်းတို့လို သာမန်ဂိုဏ်း တစ်ခုရဲ့ တပည့် ဖြစ်ခွင့်ရရင် ကျေနပ်ပါပြီ”
ရန်ကျွင်းကျဲ့က သက်ပြင်းတစ်ချက် ချရင်း မိန်းမလှလေးများ ဝန်းရံနေသော ချူယွင်အား အားကျစွာ ကြည့်လိုက်သည်။
လူငယ် တွေ့ဆုံပွဲမှာ ဆက်လက် ကျင်းပနေ၏။ ဆွေးနွေးဝိုင်းများ၌ ချူယွင်နှင့် လုယန်တို့သည် ချန်းဖန်အား လျစ်လျူထားသည်။
ကျန်းဖေးဖေးသည် ချန်းဖန်အား အားနာသဖြင့် သူမနှင့် အတူ လာရောက်ထိုင်ရန် ဖိတ်ခေါ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရှောင်ရွှမ်က သူမအား တားထား၏။
သူတို့ ဝိုင်း၌ ရှိသည့် တရုတ်ရိုးရာ ဝတ်စုံဝတ်ဆင်ထားသည့် ကြော့ရှင်းသော မိန်းကလေးကလည်း ကျန်းဖေးဖေးအား ပြောသည်။
“ဖေးဖေး... လူမှုရေးမှာ အကန့်တွေ ရှိတယ် ဆိုတာ နင်သိထားသင့်တယ်... သူ့လို သာမန်လူ တစ်ယောက်ကို အတင်းအကြပ် ငါတို့နဲ့ အတူ လာထိုင်ခိုင်းတာ ဘာကောင်းကျိုးမှ မရှိဘူး”
“ဟုတ်တယ် ဖေးဖေး... သူက နင့်ရဲ့ အဒေါ်နဲ့ ရင်းနှီးတယ် ဆိုပေမဲ့ နင်နဲ့က ဆွေရင်းမျိုးရင်းတွေမှ မဟုတ်တာ... ထားလိုက်ပါ သူ့ဘာသာသူ နေပါစေ”
ရှောင်ရွှမ်ကလည်း ပြောသည်။ နောက်ဆုံး၌ ကျန်းဖေးဖေးမှာ သက်ပြင်းတစ်ချက်ချကာ လက်လျှော့သွားခဲ့၏။
ချူယွင် ပြောသကဲ့သို့ပင် သာမန်လူများနှင့် ကျင့်ကြံသူများ အကြားရှိ ခြားနားချက်မှာ ကြီးမားလွန်းသည်။ ထိုကောင်လေးသည် ကျင့်ကြံခြင်း မပြုနိုင်ရာ တစ်ဘဝလုံးကို သေမျိုး တစ်ယောက် အဖြစ်သာ ဖြတ်သန်းရပလိမ့်မည်။ သို့သော်လည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားသည်။ အချိန် အခိုက်အတန့် တစ်ခု ကြာမြင့်လာသည်နှင့် အမျှ သူတို့ အကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေ ပမာ ကြီးမားသွားလိမ့်မည် ဖြစ်သည်။
ကျန်းဖေးဖေးပင်လျှင် ချန်းဖန်နှင့် အတူ မထိုင်ရာ အခြားလူများမှာမူ ပြောစရာပင် မလိုတော့ချေ။ သူတို့သည် ချူယွင်နှင့် လုယန်တို့ အနားတွင်သာ ကပ်နေကြ၏။ လူအချို့မှာ ချန်းဖန် အနားသို့ ချည်းကပ်ရန် ကြိုးစားကြသော်လည်း ကျင့်ကြံသူ မဟုတ်မှန်း သိသည်နှင့် ချက်ချင်း ပြန်လည် နောက်ဆုတ် သွားကြ၏။
ချန်းဖန်မှာ ထိုအရာများကို ဂရုစိုက်ခြင်း မရှိချေ။ သူသည် ရန်ကျွင်းကျဲ့ နှင့်သာ အတူထိုင်ရင်း တည်ခင်းသမျှကို စားသောက်နေခဲ့၏။
“အကိုရေ... ဘာမှ စိတ်မကောင်းဖြစ် မနေနဲ့... ဒီလို ဆက်ဆံတာမျိုးကို ကျွန်တော်ဆို ခဏခဏ ကြုံနေရတာ”
ရန်ကျွင်းကျဲ့က အသားတုံး တစ်ခုကို ဝါးရင်း ဆိုလိုက်၏။ ထို့နောက် သူက ရုတ်တရက် သတိရဟန် ချန်းဖန်အား ပြောလိုက်သည်။
“အကိုသိလား... ဒီနေ့ အထူ ဧည့်သည်တစ်ယောက် ထျန်းရှန် အဆောက်အဦကို လာမယ် ဆိုပြီး ကောလဟာလ သတင်းတွေ ပျံ့နေတာ”
“အထူးဧည့်သည်...”
ချန်းဖန်မှာ အနည်းငယ် စိတ်ဝင်စားသွား၏။
“ဟုတ်တယ်ဗျ... ကျန်းနန်နယ်မှာ အရမ်း ကျော်ကြားသလို အရမ်းလည်း လှတဲ့ မိန်းကလေး တစ်ယောက်လာမှာ... လူတွေက သူ့ကို ကျန်းနန်နယ်ရဲ့ အလှဆုံး မိန်းကလေးလို့ ခေါ်ကြတယ်... ဒါပေမဲ့ သူ့ရဲ့ အဆင့်အတန်းက အရမ်းကို မြင့်မားလွန်းတယ်... ကျွန်တော်တော့ သူ ဒီလိုနေရာကို လာမယ်လို့ မထင်ဘူး”
ရန်ကျွင်းကျဲ့၏ စကားအရဆိုလျှင် မိန်းကလေးမှာ ဆယ်စုနှစ် တစ်ခုတိုင်အောင် ကျန်းနန်နယ်၏ အလှဆုံး အဖြစ် ကျော်ကြားခဲ့သူ ဖြစ်သည်။ သူမ၏ ဖခင်မှာ ကျန်းနန်နယ်တွင် ကျန်းနန်နယ်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသူ တစ်ယောက် ဖြစ်ကာ သူမ ကိုယ်တိုင်မှာလည်း မူလ အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော ဝိညာဥ် ပင်လယ် ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
“ဟုတ်လား...”
ချန်းဖန်၏ စိတ်ဝင်စားမှုက ပြန်လည် လျော့ကျသွား၏။ သူသည် အတိတ်ဘဝ၌ မရေမတွက်နိုင်သော နတ်မိမယ်လေးများနှင့် ဆုံခဲ့ဖူးသည်။ ကျန်းနန်နယ်၏ အလှဆုံး မိန်းကလေး ဆိုသူမှာ သူ၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည် မဟုတ်ချေ။
“သူ ဒီနေ့ ကျိန်းသေ လာမယ်လို့ ကျုပ်ကြားထားတယ်...”
ကျိုးမင်ကုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ကျန်းဖေးဖေးနှင့် အခြားလူများ၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် ဝင်းလက် သွားကြ၏။
ထိုမိန်းကလေးကား ကျန်းနန်နယ်ကိုပင် ကျော်ဖြတ်၍ ကျော်ကြားသူ ဖြစ်သည်။ ကျန်းဖေးဖေးသည် ချူကျိုးမြို့ထဲမှ တစ်ခါမှ မထွက်ဖူးသည့်တိုင် သူမ၏ နာမည်ကို ကောင်းစွာ ကြားဖူးပေသည်။
“အမတန့်က မကြာခင် ရောက်လာမှာပါ... ငါ့ဦးလေးလည်း သူနဲ့ အတူ လိုက်လာမှာ”
ချူယွင်က ယုံကြည်ချက် ရှိစွာ ပြုံးရင်း ပြောလိုက်သည်။ သူ၏ စကားက လုယန်၊ ကျန်းဖေးဖေးတို့ အပါအဝင် အခြားလူများကို ဆွံ့အ သွားစေ၏။
“ဦးလေး မင်ဟွေ့တောင် လာမှာလား... သူ့လို ဗိုလ်မှူးကြီး ကိုယ်တိုင်ကတောင် လာမယ်ဆိုတော့ ဘာတွေများ အရေးကြီးနေတာပါလိမ့်”
(ချူမင်ဟွေ့ ။ ရှု့ယုံဖေး၏ အချစ်ကို ပြန်မရသဖြင့် ထန်လုံ တပ်ဖွဲ့ထဲ ဝင်သွားသော လူငယ်)
***