← Chapters

Chapter 7

Vol. 1 Ch. 7

Chapter 7

Vol. 1 Ch. 7

ယဲ့ကျီပို့ပေးသော အချက်အလက်များကိုကြည့်ပြီး သူမကျောင်းသို့ ကျန်းယွီတက္ကစီနှင့် သွားလိုက်ပြီး ကျောင်းဆင်းသည်အထိ စောင့်နေလိုက်သည်။

ဓာတ်ပုံထဲက ယဲ့ကျီငယ်လေးကတော့ ကြည့်ရတာ အသက်၁၉၊၂၀ လောက်ပဲရှိဦးမည်။ မိတ်ကပ်ထူထူလိမ်းထားကာ ဆံပင်ကို highlight ဖောက်ထားပြီး၊ leather jacket နှင့် leather ဘောင်းဘီကိုဝတ်ဆင်ထားကာ ခြေတံရှည်ကြီးများနှင့် အတော်ကိုအထာကျလှသည်။

ကျန်းယွီနှင့် စကားပြောနေတုံးကတော့ သူမ၏ စိတ်ခံစားချက်သည် ကောင်းမနေပါ။ ဘာဖြစ်ခဲ့သည်ကိုလည်း ရှင်းရှင်းလင်းလင်းမပြောခဲ့ချေ။

ဒါပေမယ့်လည်း ရှင်းပြဖို့မလိုဘဲ ကျန်းယွီကတော့ ခန့်ခန်းမိလုနီးပါး ဖြစ်နေလေပြီ။

အရင်တုံးက ‘စုယွမ်’ ဆိုသည့် ကိုရီးယားရုပ်ရှင်ကို သူမကြည့်ဖူးသည်။ ယဲ့ကျီသည်လည်း ဆူယွမ်ကဲ့သို့ ခပ်ဆင်ဆင်အဖြစ်အပျက်မျိုးကို ကြုံတွေ့နေရတာဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။

ထိုကဲ့သို့ မမျှော်လင့်ထားသည့် ကံဆိုးမိုးမှောင်ကျမှုမျိုးနှင့် ပက်ပင်းကြုံခဲ့ရလို့သာ ဒီလောက်နှစ်ရှည်လများကြာအောင် စိတ်လေးနေခြင်းပင် ဖြစ်နိုင်သည်။ နှစ်တွေအကြာကြီးနေမှ ကျန်းယွီအား အကူအညီပေးရန် တောင်းဆိုလာသည့်တိုင် အတိတ်အကြောင်းပြန်ပြောဖို့မှာ အင်မတန်ခဲယဉ်းသည့်ကိစ္စဖြစ်နေသေးသောကြောင့် ကျန်းယွီအားပြောပြရန်ကို ရေငုံနှုတ်ပိတ်နေခဲ့ခြင်း ဖြစ်နိုင်သည်။

ကျန်းယွီသည် အခြေအနေအတိအကျကို ပြောပြပေးရန် သူမအားဖိအားမပေးခဲ့ပါ။ သူမသည်လည်း မိန်းကလေးတစ်ဦးဖြစ်သောကြောင့် သူမ နားလည်လေသည်။ ထို့ကြောင့် ဒီညတွင် ယဲ့ကျီငယ်လေး ဘာမှမဖြစ်စေရန် သူမအစွမ်းကုန်ကာကွယ်ရမည်ဖြစ်သည်။

ကျန်းယွီသည် ကျောင်းဂိတ်ပေါက်ဝတွင် စိတ်ရှည်စွာဖြင့် ယဲ့ကျီထွက်လာမည်ကို စောင့်နေလိုက်သည်။

သူမလည်း ရင်တွေမတရားခုန်နေလေသည်။ သူမတစ်ယောက်တည်းနှင့် ဒီအခြေအနေကို မကိုင်တွယ်နိုင်မှာကိုလည်း စိုးရိမ်နေသည်။ ထို့ကြောင့် ရဲခေါ်ရန် သူမဖုန်းကိုထုတ်ကြည့်လိုက်သည်။

အခက်တွေ့သည်က…ရဲတွေကို ဘယ်လိုရှင်းပြရမလဲပင်။

ဒီနေရာမှာ အခင်းတစ်ခုဖြစ်တော့မည်ဟုလည်း ရဲတွေကို မပြောနိုင်ပေ။ သူမ ဘယ်လိုသိလဲဆိုတာပါ ပြောလိုက်ရင် ဘယ်သူမှ သူမကိုယုံမည်မဟုတ်ပေ။

ဒါတကယ်ကို အတွေးခေါင်လေခြင်းပဲ။

ဒီ့အပြင် အတိအကျဘာဖြစ်မည်ဆိုတာကိုလည်း ကျန်းယွီမသိပေ။

ကျန်းယွီသည် မြေပုံကိုဖွင့်ကာ ယဲ့ကျီပို့ပေးသော လမ်းကြောင်းအား သေချာကြည့်လိုက်ပြီး၊ ထိုလမ်းမှာ ချူးလီလိပ်စာဖြစ်သည့် အမှတ်၃၈၊ နန်းယန်လမ်းနှင့် အလွန်နီးလေသည်။

ချူးလီ၏အိမ်သည် ထိုအနီးအနားတွင် ရှိပေလိမ့်မည်။

ဤနေရာသည်ကာ မြို့ဟောင်း၏ အမှုအခင်းဖြစ်လေ့ဖြစ်ထရှိသော နေရာပင်ဖြစ်သည်။ လူသွားလူလာနည်းပါးသော်လည်း တဲပုတ်တဲကုပ်များ၊ အပေါစား bar များနှင့် ktv များသည် ထိုနား၌ အတော်ပင်ပေါများလေ၏။

ကျန်းယွီသည် ချူးလီအား ထ်ိုလမ်းကြောင်းနေရာကို ပို့လိုက်ပြီး “အရင်တစ်ခေါက်က ငါ နင့်အသက်ကိုကယ်ပေးထားတာ.. အခုအဲ့ကျေးဇူးကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးပေးမယ်။ ခဏနေရင် ငါ့ကို ဒီလမ်းမှာစောင့်နေ”

နောက်၅မိနစ်နေတော့ ချူးလီ စာပြန်လာသည်။

“ဘယ်သူက ဘယ်သူ့ကို ကယ်ခဲ့တာလဲ?”

ထိုအချိန်က ချူးလီကိုကယ်ရန် သူမမြစ်ထဲ ခုန်ချခဲ့သော်လည်း နောက်ဆုံးတွင်တော့ ချူးလီကသာ သူမကို ပြန်ကယ်လိုက်ရသည်။

ကျန်းယွီသည် အံကြိတ်ကာ သတ္တိမွေးပြီး ပြန်ပြောလိုက်သည်။

“ကူညီစမ်းပါ.. ငါဒီလမ်းကို တစ်ယောက်တည်းလျှောက်သွားဖို့ကို နည်းနည်းကြောက်နေလို့”

ချူးလီ - “မင်းကြည့်ရတာ ကြောက်တတ်တဲ့ပုံတော့ မပေါက်ပါဘူး”

ကျန်းယွီ - “ငါလည်းမိန်းကလေးပဲလေ”

ချူးလီ - “ဒါဆိုလည်း စောင့်နေ”

ကျန်းယွီလည်း သူ့လေသံကို အကဲဖြတ်လိုက်ပြီး သူမလာလောက်ဘူးဟု ယူဆလိုက်သည်။

ရဲခေါ်ရန် မဆုံးဖြတ်ခင် ခေါင်းကိုငုံ့ကာ ခဏလောက် စဉ်းစားနေလိုက်သည်။

ကိုယ်က တစ်ခြားလူကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းအစမရှိဘူးဆိုရင် ရဲကိုခေါ်လိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းပေပဲ။

ဘာပဲဖြစ်လာဖြစ်လာ ရဲတွေကတော့ အချိန်မှီရောက်လာမှာဖြစ်သည့်အတွက် အရာရာအဆင်ပြေသွားပေလိမ့်မည်။

ကျန်းယွီသည် ရဲကိုခေါ်လိုက်သော်လည်း ရှင်းရှင်းလင်းလင်းဘမပြောခဲ့ပေ။ ဒီလမ်းတွင် အကြမ်းဖက်မှု တစ်ခုဖြစ်နေသည်သာပြော၍ အမြန်လာပေးရန်သာ ဆိုလိုက်သည်။

သူမဖုန်းချလိုက်သည်နှင့် မိတ်ကပ်လိမ်းထားသော ကောင်မလေးတစ်ယောက် ဂိတ်ပေါက်မှ ထွက်လာသည်ကို ကျန်းယွီတွေ့လိုက်သည်။ ထိုကောင်မလေးမှာ ဆံပင်ကို အပြာနုရောင်ဆိုးထားပြီး ဆွယ်တာခပ်ပွပွနှင့် ဂျင်းဘောင်းဘီအပြဲတို့ကို ဝတ်ဆင်ထားကာ ပါးစပ်ထဲတွင်လည်း ပီကေဝါးနေလေ၏။

သူမသည် ယဲ့ကျီငယ်လေးပင်။

ကျန်းယွီလည်း အမြန်ပြေးသွားလိုက်ကာ သူမအား နှုတ်ဆက်လိုက်သည်။

“ဟယ်လို”

ယဲ့ကျီကတော့ ပါးစပ်မှပီကေကို မှုတ်လိုက်ကာ ကျန်းယွီကိုစိုက်ကြည့်ပြီးနောက် လစ်လျူရှုကာ ထွက်သွားလေ၏။

ကျန်းယွီသည် သူမနောက်မှ ပြေးလိုက်ကာ လက်ကောက်ဝတ်မှဆွဲ၍ အလောတကောနှင့် ပြောလိုက်လေသည်။

“ဒီလမ်းကနေ သွားလို့မရဘူး”

“နင်ကဘယ်သူလဲ”

ယဲ့ကျီသည် ရန်လိုသောအကြည့်ဖြင့် ကြည့်လိုက်ကာ အေးတိအေးစက်ဘပြန်ပြောလိုက်သည်။

“ငါနဲ့သိလို့လား”

ကျန်းယွီ ဆက်၍ ရှင်းပြလိုက်သည်။

“နင်အိမ်ကို ဒီလမ်းကနေပြန်မယ်ဆိုရင် အဲ့မှာမှုခင်းတစ်ခုဖြစ်လိမ့်မယ်”

ယဲ့ကျီသည် မျက်စောင်းထိုးလိုက်ကာ ကျန်းယွီပြောသမျှကို မယုံဘဲ လမ်းသာဆက်လျှောက်သွားလိုက်သည်။

ကျန်းယွီလည်း နောက်မှဆက်လိုက်၍ လက်ကောက်ဝတ်ကို ထပ်ဆွဲလိုက်ကာ ခေါင်းမာမာဖြင့် ဆိုလိုက်သည်။

“ငါပြောတာနားထောင်.. နင်နောင်တရလိမ့်မယ်။ ဒီလမ်းက အန္တရာယ်အရမ်းများတယ်”

သူမပြောလို့ပင်မဆုံးခင်မှာပဲ ယဲ့ကျီသည် ဓားအသေးလေးတစ်ချောင်းကို ထုတ်လိုက်ကာ ကျန်းယွီကို ရွယ်လိုက်ပြီး စိတ်တိုတိုဖြင့် ပြောလိုက်သည်။

“သွားစမ်းပါ လာမရှုပ်နဲ့”

ကျန်းယွီ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ပြီး သူမလက်ထဲတွင် ရှိနေသည့် အကြင်နာမဲ့ဟန်ပါသော ဓားထိပ်ကလေးကို ကြည့်လိုက်သည်။

ဒီမိန်းကလေးသည် သူ့ကိုယ်မှာ ဓားဆောင်ထားလေသည်။ ထို့အပြင် သူမဓားကိုင်ပုံကို ကြည့်ရတာ အတော်လေးလည်း ဓားနှင့် အကျွမ်းတဝင်ရှိပုံရသည်။

ညီမလေးရယ်..။

ကျန်းယွီသည်လည်း သူမကိုယ်ပိုင် လုံခြုံရေးကို ရှေ့တန်းတင်ရပေမည်။ ထို့ကြောင့် သူမကို တားဖို့ရာ မတတ်နိုင်တော့ဘဲ လွှတ်ပေးလိုက်ရသည်။

ထို့အပြင် သူမရဲခေါ်ပြီးပြီဖြစ်သောကြောင့် အများကြီးစိုးရိမ်ရန်လည်း မလိုတော့ပေ။

ခဏနေလို့ လူရမ်းကားတွေ သူမကိုနှောင့်ယှက်လာလျှင်လည်း ရဲများရောက်လာပြီး ယဲ့ကျီကိုကယ်တင်ပေလိမ့်မည်။

ကျန်းယွီသည် မမျှော်လင့်ထားသော အခြေအနေများမှ ကာကွယ်ရန် ယဲ့ကျီနှင့် အတော်လေးခွါကာ နောက်မှကပ်လိုက်လာခဲ့သည်။

ယဲ့ကျီသည် လူသူကင်းမဲ့သောလမ်းများကို ဖြတ်သွားပြီး မြူးကြွစည်ကားနေသော Bar များရှိရာလမ်းထဲသို့ သွားလိုက်သည်။ Bar တစ်ခု၏ တံခါးရှေ့တွင် ရပ်ကာ ဆေးလိပ်မီးညှိလိုက်ပြီး ကျွမ်းကျင်စွာပင် ဆေးလိပ်သောက်နေလေသည်။

ဆေးလိပ်ကိုင်ထားသော သူမ၏လက်မှာ တုန်နေသည်ကိုတွေ့လိုက်သဖြင့် ကျန်းယွီ အတော်ကို စိတ်လှုပ်ရှားသွားသည်။

ကျန်းယွီ မျက်မှောင်ကြုံ့လိုက်မိပြီး ယခုအခြေအနေမှာ သူမတွေးထားသည်နှင့် တစ်ခြားစီဖြစ်နေသည်ကို သိလိုက်သည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင်တော့ Bar သည်အတော်ကို စည်ကားနေပြီး လမ်းပေါ်တွင်တော့ လူအများကြီး ရှိမနေပေ။ ဒီ့အပြင် လူပြတ်လှသည်။ ပေါက်ကရတွေ ပြောကာဖြတ်သွားသည့် အမူးသမားများသာ ရံဖန်ရံခါရှိသည်။

ကျန်းယွီသည် မကောင်းသည့်ရည်ရွယ်ချက်နှင့် အမှုကျူးလွန်နိုင်သည့် ထိုလမ်းသွားလမ်းလာများကို သတိရှိရှိနှင့် အကဲဖြတ်နေမိသည်။

ထိုအချိန်တွင် အတွဲတစ်တွဲသည် လမ်းဆုံသို့ လျှောက်လာကြသည်။ ထိုသူနှစ်ယောက်စလုံးမှာ ငယ်ရွယ်ပုံပေါက်ပြီး ယဲ့ကျီနှင့် အသက်အတူတူလောက်ပင် ဖြစ်နိုင်သည်။

ထိုအတွဲမှာ ကျောပိုးအိတ်ကိုယ်စီ လွယ်ထားကြပြီး လက်ချင်းတွဲကာ အချိုသာဆုံးအပြုံးများဖြင့် လျှောက်လာကြလေသည်။

သူတို့နှစ်ဦးကိုမြင်သည်နှင့် ယဲ့ကျီ၏ မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး အနားကို အမြန်လျှောက်သွားကာ ကောင်မလေး၏ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။

“ခွေးမ.. တကယ်ကို နင်ဖြစ်နေတာပါလား!”

ကောင်မလေးသည် ယဲ့ကျီကိုမြင်လိုက်သည်နှင့် မျက်ဝန်းတစ်ခုလုံး ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားပြီး အပြစ်ရှိသလိုခံစားနေရသည်။ သူမသည် ကောင်လေး၏ လက်ကိုချက်ချင်းလွှတ်လိုက်ပြီး

“နင်ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ..”

“ငါ့အခန်းဖော်ဆီကနေ နင်တို့နှစ်ယောက်တွဲနေတယ်လို့ကြားတာ ဒါပေမယ့် အစတုံးက ငါမယုံနိုင်ခဲ့ဘူးလေ”

ယဲ့ကျီသည် သူမ၏ ခံစားချက်များကို ထိန်းချုပ်မရဘဲ ဖြစ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်လေသည်။

“ချောင်းရာ.. ငါနင့်ကို ငါ့အချစ်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ခဲ့ပြီး အရာအားလုံးကို ပြောပြခဲ့တာ။ နင်ကတော့ ငါ့ရည်းစားကို စနှိုက်ကြော်တယ်ပေါ့”

ချောင်းရာသည် သူမအား သနားချင့်စဖွယ် တောင်းပန်လိုက်သည်။

“ယဲ့ကျီ.. ငါတောင်းပန်ပါတယ်..။ ငါပြောတာကို နားထောင်ပါဦး။ ဒီကိစ္စက ငါမသိလိုက်ခင်မှာပဲဖြစ်သွားတာ.. ငါနင့်ကိုတကယ် မလိမ်ခဲ့ချင်ပါဘူး..။ ဒါပေမယ့် ငါဘာမှမတတ်နိုင်ခဲ့ဘူး.. ငါလုမင်ကို သဘောကျတယ်။ သူကိုယ်တိုင်ကလည်း နင့်အပေါ်မှာ ဘာခံစားချက်မှ မရှိဘူးပြောလို့..”

သူမ၏ ဆင်ခြေဆင်လတ်များက ယဲ့ကျီကို ပို၍ပင် ဒေါပွစေခဲ့သည်။ ယဲ့ကျီသည် အိတ်ထဲသို့ လက်နှိုက်လိုက်ကာ ဓားကိုတင်းကြပ်စွာကိုင်ထားလေသည်။

လုမင်ကတော့ ချောင်းရာကို သူ့နောက်သို့လှမ်းဆွဲလိုက်ပြီး ယဲ့ကျီအား အပြစ်တင်စကားဆိုလေသည်။

“တော်လိုက်တော့ အပေါက်ဆိုးတဲ့ မိန်းမလုပ်မနေနဲ့.. ဘာမှလုပ်စရာမရှိရင် ငါတို့ပြန်တော့မယ်”

ယဲ့ကျီသည် ထိုသူနှစ်ဦးအား ကြည့်လိုက်သည်။ တစ်ယောက်သည် သူမ၏ ရည်းစားဖြစ်ပြီး နောက်တစ်ယောက်သည်တော့ သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်လေသည်။ နှစ်ဦးစလုံးမှာ သူမ၏ အရင်းနှီးဆုံးလူများပင်။ စိတ်ပျက်လွန်းခြင်းကြောင့် ကျလာသော မျက်ရည်များကြောင့် သူမ၍ ပါးနှစ်ဖက်လုံး ရွှဲစိုနေလေသည်။

ချောင်းရာကို ကာကွယ်ပေးကာ ထွက်သွားသည့်လုမင်ကြောင့် ယဲ့ကျီလည်း စိတ်ဆုံးဖြတ်လိုက်ပုံရသည်။ ထို့နောက် ချက်ချင်းပင် သူမအိတ်ထဲမှ ဓားကိုထုတ်လိုက်လေတော့သည်။

ထို့နောက် လွှားခနဲခုန်တက်လိုက်ပြီး ချောင်းရာကို ဓားဖြင့်ရွယ်ကာ အော်လိုက်လေသည်။

“သေလိုက်တော့ ခွေးမ!”

ဓားကိုမြင်လိုက်သည်နှင့် ကျန်းယွီလည်း ချက်ချင်းပင် တုံ့ပြန်လိုက်မိသည်။

ဒီညသည် သူမအမှုကျူးလွန်ခဲ့မိသော ဖြစ်ပေလိမ့်မည်။

ကျန်းယွီတစ်ယောက် အများကြီးစဉ်းစားနေဖို့ပင် အချိန်မရသောကြောင့် ရှေ့သို့၃လှမ်းလောက် ပြေးတက်လိုက်ကာ ယဲ့ကျီ၏ မိုက်ရူးရဲဆန်မှုကို တားဆီးလိုက်သည်။

“အဲ့လိုမလုပ်ပါနဲ့..စိတ်လျော့!”

“ငါ့ကိုလွှတ်!”

ယဲ့ကျီတစ်ယောက် ဘယ်လိုများ စိတ်လျော့နိုင်ပါမည်နည်း..။ ကျန်းယွီအား လက်ပြန်ရိုက်ကာ ပြန်တွန်းလိုက်ပြီးသည့်နောက် ကျန်းယွီသည် သူမ၏လက်ဖျံနားတွင် တရွရွဖြစ်နေသည်ကို ခံစားလိုက်ရသည်။

ထိုချွန်ထပ်သော ဓားသွားမှာ ကျန်းယွီလက်ဖျံကို ထိုးမိသွားသည်ပင်။ ဤသို့ဖြင့် သွေးများသည်လည်း သူမ၏လက်ကောက်ဝတ်အထိ စီးကျလာလေတော့သည်။

ကျန်းယွီသည် နာကျင်မှုကို အင်မတန်ကြောက်တတ်သည်ပင်။ ထို့ကြောင့်လည်း ဒီဓားထိုးခံရသည့် ဝေဒနာသည် သူမ၏ အာရုံကြောများထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားလေ၏။

သို့သော်လည်း သူမဒါကို ဂရုမစိုက်အားသေးပါ။ ယဲ့ကျီသည် ဓားကိုကိုင်ထားဆဲဖြစ်ပြီး ချောင်းရာကိုလည်း အသည်းအသန် လိုက်ထိုးနေလေသည်။

“ခွေးမ ငါနင့်ကိုသတ်ပစ်မယ်!”

ချောင်းရာကတော့ ကြောက်လွန်း၍ လုမင်နောက်တွင် ပုန်းနေလေသည်။

“နင်.. နင်တကယ်ကို ရူးသွားပြီပဲ!”

ယဲ့ကျီကတော့ အထိန်းအကွပ် လုံးဝမဲ့နေကာ ချောင်းရာကိုသာ သဲကြီးမဲကြီးဓားနှင့် လိုက်ထိုးနေလေသည်။

ချောင်းရာသည်လည်း ကြောက်လွန်းလှသဖြင့် ဟိုပြေးဒီပြေးနှင့် တိမ်းရှောင်နေရသည်။

လုမင်ကတော့ ထိုတလက်လက်တောက်နေသည့် ဓားကိုမြင်လိုက်သည်နှင့် အသိစိတ်လွတ်သွားကာ အကာအကွယ်မဲ့နေသည့်ချောင်းရာအား ထားပစ်ခဲ့ပြီး ထွက်ပြေးလေသည်။

ချောင်းရာလည်း ပြန်မခုခံနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားလေသည်။

ကျန်းယွီတစ်ယောက် ရှေ့တိုးသွားကာ ယဲ့ကျီကိုတားမလို့ လုပ်သော်လည်း ယဲ့ကျီမှ သူမအား ဓားဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“ငါ့ကိုထပ်ထိရဲထိကြည့် နင်ပါအသေပဲ”

ကျန်းယွီလည်း ချက်ချင်းပင်လက်များကိုမြှောက်လိုက်ကာ နောက်ပြန်ဆုတ်၍ ပြောလိုက်သည်။

“စိတ်ကိုအေးအေးထားပါဦး.. မဟုတ်ရင် နင်နောင်တလိမ့်မယ်”

ယဲ့ကျီလည်း စိတ်ပျက်ခြင်းအတိဖြင့် ငိုချလိုက်ကာ အော်လိုက်လေသည်။

“ငါနောင်တရမှာမဟုတ်ဘူး..။ ငါဒီခွေးမကို သတ်ပစ်ချင်တယ်။ ငါ့ဘဝကိုဖျက်ဆီးသွားတာ.. ဖျက်ဆီးသွားတာလို့!”

“ဘဝဆိုတာ အရှည်ကြီးပဲလေ.. ဘာလို့ယောင်္ကျားတစ်ယောက်အတွက်နဲ့ အပျက်စီးခံမှာလဲ?”

ကျန်းယွီသည် ဒါကိုရီစရာကောင်းလှသည်ဟု တွေးမိကာ ဆက်ပြောလိုက်သည်။

“နင်သူ့ကိုသတ်လိုက်မှသာ နင့်ဘဝကြီး တကယ်ပျက်စီးသွားမှာ”

“နင်ဆက်ပြောရဲပြောကြည့် ငါနင့်ကိုပါ သူနဲ့အတူတူသတ်ပစ်မယ်”

“နင်ငါ့ကိုသတ်ပစ်နိုင်တယ် ဒါပေမယ့် အဲ့ဒါက အသုံးဝင်မှာတဲ့လား..။ ငါ့ကိုသတ်လိုက်တာက နင့်နာကျင်မှုတွေကို သက်သာစေနိုင်မှာတဲ့လား?”

“နင်ဘာမဟုတ်တာတွေ လာပြောနေတာလဲ”

ကျန်းယွီ ဆက်လက်၍ ဖြောင်းဖြလိုက်သည်။

“ငါနင့်ကိုပြောချင်တာက ခဏတာ စိတ်လိုက်မာန်ပါလုပ်မိတာလေးက နင့်ဘဝတစ်ခုလုံးကို ပျက်ဆီးသွားစေမှာ”

ယခုအချိန်တွင် ယဲ့ကျီကို သူမ မတားနိုင်ခဲ့လျှင် ယဲ့ကျီတစ်ဘဝလုံး နောင်တတရားကို ရင်ဝယ်ပိုက်ကာ ဖြတ်သန်းရတော့မည်ဖြစ်ကြောင်းကို ကျန်းယွီသိသည်။

“ပြီးတော့ ပိုပြီးပြန်ပေးဆပ်သင့်တဲ့လူက ဒီကောင်ပဲ”

လုမင်ထွက်ပြေးတော့မည်ကို တွေ့သဖြင့် ကျန်းယွီလည်း ပြေးလိုက်ကာ သူ့အားအင်္ကျီကော်လံမှတစ်ဆင့်ကိုင်ကာ သွားဆွဲခေါ်လာလေသည်။

ကျန်းယွီသည် ဘဲလေးအကကို ငယ်စဉ်ကတည်းက သင်ယူခဲ့သူပီပီ ပိန်သည်ဟုထင်ရသော်လည်း သူမ၏ လက်မောင်းများမှာ ကြွက်သားများအပြည့်ပင်ဖြစ်သည်။ လုမင်သည်လည်း ယဲ့ကျီရှေ့သို့ ကော်လံကနေ ဆွဲခေါ်ခံလာရလေသည်။

“ဒီကိစ္စက ဒီအတိုင်းကျော်သွားပေးလို့မရဘူး.. လှေနံနှစ်ဖက်နင်းတာကလည်းသူပဲ နင့်ကိုသစ္စာဖောက်ခဲ့တာလည်းသူပဲ။ နင့်ဒေါသတွေပေါက်ကွဲလိုက်ချင်တယ်ဆိုရင်လည်း နင့်သူငယ်ချင်းတစ်ယောက်တည်းအပေါ် မပုံချသင့်ဘူး..။ ဒီကောင်ကမှ သတ်ဖို့ပိုကောင်းတာ မဟုတ်ဘူးလား”

“မ..မ.. မလုပ်နဲ့နော်”

လုမင်သည် လပျော့တစ်ကောင်ထက် ဘာမှမပိုပေ။ ယဲ့ကျီ၏လက်ထဲမှ ဓားကိုမြင်ကတည်းက ကြောက်ချီးပန်းလွန်း၍ ဒူးတွေပါတုန်နေသည့်ကောင်ပင်။ ထို့ကြောင့် အရှက်မရှိစွာဘဲ ယဲ့ကျီအားပြောလိုက်လေသည်။

“ယဲ့ကျီ.. ကိုယ်မင်းကို ချစ်တယ်လေ.. တကယ်ချစ်တာပါ။ ဒါတွေအကုန်လုံး ဒီခွေးမအပြစ်တွေ။ ချောင်းရာကသာ ကိုယ့်ကိုအရင်လာမြူဆွယ်တာ..။ ကိုယ့်နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းရှိတာပါကွာ”

မြေပေါ်တွင်လဲကျနေသော ချောင်းရာသည် ထိုစကားများကို ကြားလိုက်ရသည့်အတွက် မယုံနိုင်ဖြစ်ကာ မတ်တပ်ထလိုက်သည်။

“နင်လူယုတ်မာ... နင်ပဲအရင်ငါ့ကို လိုက်ခဲ့တာ အသိသာကြီးပဲလေ..။ ပါတီမှာ တွေ့ပြီးကတည်းက နင်ပဲအရင်ငါ့ Wechat ကိုလာအပ်တာမဟုတ်ဘူးလား? အခုကျတော့ နင်က ဝန်မခံချင်ဘူးပေါ့”

လုမင်သည် ချောင်းရာကိုသာ ဆက်၍အပြစ်ပုံချနေသည်။

“အဲ့ညက သူမူးပြီး ကိုယ့်ကိုအရင် Wechat ကနေ စာလာပို့တာ..။ သူပဲပြောတာ ကိုယ့်ကိုသဘောကျနေတာကြာပြီဆိုပြီး။ မင်းနဲ့ဆက်ဆံရေး မပျက်ချင်လို့သာ သည်းခံနေရတာဆိုပြီးပြောတာ။ အကုန်ဒီကောင်မ အပြစ်တွေချည်းပဲ..။ ယဲ့ကျီ ကိုယ့်ကိုခွင့်လွှတ်ပါကွာ နော်..။ ကိုယ်မင်းကို ချစ်နေတုံးပဲ”

ယဲ့ကျီသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ လုမင်အား စိတ်ပျက်ခြင်းအတိဖြင့် ကြည့်လိုက်သည်။ ဓားကိုင်ထားသော သူမ၏လက်သည်လည်း တုန်နေလေသည်။

“လိမ်တယ်.. နင်တို့အားလုံးက လူလိမ်တွေပဲ”

ကျန်းယွီသည် ချောင်းရာအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ မြန်မြန်ထွက်သွားရန် အချက်ပြလိုက်သည်။

ချောင်းရာသည်လည်း စိတ်ပျက်လွန်းလှသဖြင့် မျက်ရည်များ ဒလဟောစီးကျနေကာ မတတ်နိုင်ဘဲ လှည့်သာပြေးလိုက်ရသည်။

ကျန်းယွီသည် ယဲ့ကျီအား ဆက်ပြောလိုက်လေသည်။

“တွေ့လား.. အခုတော့ ဒီကောင်က ဘယ်လိုလူစားမျိုးလဲဆိုတာ နင်သေချာသိပြီမလား။ ဒီလိုကောင်မျိုးအတွက် အမှုကျူးလွန်ပြီး နင့်ဘဝတစ်လျှောက်လုံးကို ထောင်ထဲမှာနေရအောင် ဒီကောင်က တန်နေလို့လား”

ယဲ့ကျီသည် ကျန်းယွီ၏ စကားများကို သေချာနားထောင်ကာ သူမရှေ့တွင်ရှိနေသော တာဝန်ယူမှု,တာဝန်ခံမှု တစ်စက်မှမရှိသည့် အလကားကောင်အား ငုံ့ကြည့်လိုက်သည်။ ထို့နောက် ယဲ့ကျီလည်း အမှန်တရားကို တဖြည်းဖြည်း သဘောပေါက်လာတော့သည်။

သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါရမ်းလိုက်ကာ မျက်ရည်များကိုသုတ်၍ နောက်သို့ခြေနှစ်လှမ်းလောက် ဆုတ်လိုက်သည်။

“ဟုတ်တယ် မတန်ဘူး.. နင်က သတ်ရလောက်တဲ့အထိ တန်မနေဘူး။ ပြီးတော့ နင်က ငါ့ကို ကြိုက်ရလောက်တဲ့အထိလည်း တန်မနေဘူး”

ကျန်းယွီလည်း သူမစကားများထိရောက်သွားပြီ ထင်၍ စိတ်အေးသွားသည်။ ထို့ကြောင့် သူမကို ဆက်၍ အားပေးစကားပြောလိုက်သည်။

“ဟုတ်တယ်.. အနာဂတ်မှာ သူ့ထက်ကောင်းတဲ့ကောင်လေးနဲ့ နင်တွေ့ဦးမှာပါ"

ယဲ့ကျီ၏စိတ်သည် တဖြည်းဖြည်းတည်ငြိမ်လာပြီး ဓားတရမ်းရမ်း လုပ်မနေတော့ပေ။

ထိုစဉ်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက်ကြီး ယဲ့ကျီ၏ ခေါင်းအား အုတ်ခဲဖြင့် ထုလိုက်လေသည်။

ကျန်းယွီလည်း မျက်စိမျက်ဆံပြူးသွားပြီး လှည့်ကြည့်လိုက်သောအခါတွင်တော့ အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် အုတ်ခဲကျိုးကိုကိုင်ထားသည့် ချူးလီအား တွေ့လိုက်ရသည်။ ချူးလီကတော့ ပါးစပ်ထဲတွင် စုပ်လုံးတစ်ခုကို စုပ်နေကာ သူ၏မျက်ဝန်းများသည်လည်း အလင်းရောင်တောက်ပနေလေသည်။

ယဲ့ကျီကတော့ ချူးလီ၏ ခြေဖျားအောက်ကို လဲကျသွားပြီး၊ ချူးလီလည်း သူမလက်ထဲမှ ဓားအား ဆောင့်ကန်လိုက်လေသည်။

ကျန်းယွီလည်း ထိတ်လန့်လွန်းသည့် အသံဖြင့် မေးလိုက်သည်။

“နင်.. နင်ဘာလုပ်လိုက်တာလဲ?”

ချူးလီသည် ယဲ့ကျီနဖူးမှ စီးကျနေသော သွေးများကို ငုံံ့ကြည့်လိုက်ပြီး သူ့ပါးသူ စုပ်လုံးဖြင့် ထိုးလိုက်ကာ ပြန်ဖြေလိုက်သည်။

“လမ်းကြုံဖြတ်သွားတာလေ.. ရှင်းရှင်းလေးကို”

“...”

All Chapters