ချူမင်ဟွေ့ ရောက်ရှိလာခြင်း
Vol. 11 Ch. 1043
ထိုအခိုက်အတန့်၌ ကျန်းဖေးဖေး အပါအဝင် လူတိုင်းမှာ အံ့သြနေကြ၏။
ချူယွင်၏ ဦးလေးမှာ အရေးကြီး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သူကား ငယ်ငယ်ရွယ်ရွယ် ဖြင့်ပင် ဗိုလ်မှူးကြီး ဖြစ်လာခဲ့သူ ဖြစ်ကာ တရုတ်၏ နံပတ် ၁ အထူးတပ်ဖွဲ့ကို ထိန်းချုပ်ထားသည်။ သူကား ကျင့်ကြံခြင်း၌လည်း မြင့်မြင့်မားမား အောင်မြင်နေသူ ဖြစ်ပေသည်။
သူနှင့် မိန်းကလေးတန် တို့ကဲ့သို့သော လူများမှာ ယခု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများနှင့် လုံးဝ ခြားနားလှသည်။ ထိုဦးလေး၏ အရှိန်အဝါကြောင့်သာ ချူယွင်မှာ လုယန်အား ကျော်ဖြတ်ကာ ချူကျိုး၏ နံပါတ် တစ် သခင်လေး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“သူတို့ ဘာကြောင့်လာတာလဲ ဆိုတာတော့ ငါလည်း သိပ်မသိဘူး... ကျင်းမြို့တော်ရဲ့ အရှေ့တောင်မှာ ပေါ်လာတဲ့ နတ်ဘုရားနဲ့တော့ ဆက်စပ်နေတယ်တဲ့... ဦးလေးတို့က အဲ့နတ်ဘုရားကို ရှာနေကြတာ ထင်တယ်”
ချူယွင်က စဥ်းစားရင်း ခပ်ဖြည်းဖြည်း ပြောလိုက်၏။
“ကျင်းမြို့တော်၊ အရှေ့တောင်...”
လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“ဪ... ငါသိပြီ... သူတို့က ကျင်းမြို့တော်မှာ ပေါ်လာတဲ့ ဟိုရွှေရောင် ကျင့်ကြံသူကို ရှာနေတာပဲ ဖြစ်ရမယ်... ဟိုတစ်လောက အင်တာနက်မှာ နာမည်ကြီးလိုက်သေးတယ်လေ... ငါ့အဖေကတောင် အဲဒီ ကျင့်ကြံသူက ဝမ်ရှင်း တန်ခိုးရှင် တစ်ပါး ဖြစ်မယ် ဆိုပြီး ပြောနေသေးတယ်”
ရှောင်ရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်... သူပဲ ဖြစ်မယ်”
လူတိုင်းကလည်း သတိရကာ ခေါင်းညိတ် လိုက်ကြသည်။
“ထူးတော့ ထူးဆန်းတယ်နော်... သူတို့က အဲဒီ ရွှေရောင် ကျင့်ကြံသူကို ရှာတယ် ဆိုပြီး ဘာလို့ ချူကျိုးမြို့ကို လာတာလဲ...”
မိန်းကလေး တစ်ယောက်က မေးလိုက်သည်။
ချူကျိုးမြို့သည် ကျန်းနန်နယ်တွင်ပင် ထိပ်တန်းမြို့ တစ်မြို့ မဟုတ်ချေ။ မြို့မှာ ဆက်လက် တိုးတက်လာနေသည့်တိုင် အခြားမြို့ကြီးပြပြီးများနှင့် ယှဥ်ပါက သာမန် မြို့ငယ် တစ်ခုသာ ဖြစ်ပေသည်။ ထိုကဲ့သို့သော မြို့ငယ်လေးက ရွှေရောင် နတ်ဘုရားနှင့် မည်ကဲ့သို့ ပတ်သက်နေမည်နည်း။
ချူယွင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
“ငါ့အထက် ပြောရရင် အဲဒီ ကျင့်ကြံသူက ချူကျိုးမြို့နဲ့ တစ်ခုခုတော့ ဆက်နွယ်နေရမယ်... တစ်ခါတုန်းက ဒီချူကျိုးမြို့ကနေ ကမ္ဘာကို စိုးမိုးနိုင်ခဲ့တဲ့ ကျင့်ကြံသူ တစ်ယောက် ပေါ်ခဲ့ဖူးတယ်... အဲဒီတုန်းက ငါတို့တွေက ငယ်သေးတယ်လေ”
“နင်ပြောတဲ့လူက မြောက်ပိုင်းချုံးဂိုဏ်းချုပ်လား...”
ရှောင်ရွှမ်၏ မျက်လုံးများမှ ဝိုင်းစက်သွား၏။
“ဟုတ်တယ် သူပဲ... ဒါပေမဲ့ သူက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက ကမ္ဘာကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ”
ချူယွင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါ့ဦးလေးဆို သူ့ကို အရမ်း လေးစားတာ... နောက်ပြီး သူတို့ လေ့ကျင့်တဲ့ ထန်လုံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်ကိုလည်း သူကပဲ ဖန်တီးပေးခဲ့တာ တဲ့”
“ဟမ့်... သူ့ခေတ်က ကုန်သွားပါပြီကွာ... အခုဆိုရင် ရဲ့နန်ထင်း၊ ချန်းချူရန်နဲ့ ဟောင်ကျန်းထျန်း တို့လို ကျင့်ကြံသူတွေက ရွှေအမြုတေ အဆင့်ကို ရောက်နေကြပြီ... ချန်းပေ့ရွှမ်း ပြန်လာရင်တောင် ဝမ်ရှင်း တန်ခိုးရှင်ရဲ့တို့ကို မော့ကြည့်ရုံပဲ တတ်နိုင်တော့မှာ”
လုယန်က နှာခေါင်းရှုံ့ကာ ပြောရင်း ကျန်းဖေးဖေးအား ကြည့်လိုက်သည်။
“နောက်ပြီး ဖေးဖေးရဲ့ အမ နတ်မိမယ်ကျန်းတောင် လွန်ခဲ့တဲ့ ဆယ်နှစ်က ချန်းပေ့ရွှမ်းလောက် အစွမ်းထက်နေပြီ”
ကမ္ဘာကြီး၏ သမိုင်း၌ ခေတ်သစ်တစ်ခုမှာ စတင် နေခဲ့ပြီ ဖြစ်သည်။ လူသားများသည် တစ်ကြိမ်တစ်ခါမှ ယခုလောက် ယုံကြည်ချက် မရှိခဲ့ဖူးချေ။ သူတို့၏ လူမှုဘဝကား လွန်ခဲ့သည့် နှစ်များကထက် အဆ ထောင်ချီသော နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် နေခဲ့၏။ လတိုင်း နှစ်တိုင်း၌ ဝိညာဥ် ပင်လယ် အဆင့်၊ မူလ အဆင့်များသို့ ရောက်ရှိသည့် ကျင့်ကြံသူ ဦးရေမှာ တိုးပွား လာနေခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ကျော်ကြားခဲ့သည့် လင်းရှု့မင်၊ ရဲ့ချင်စန်း၊ ချန်းပေ့ရွှမ်း ဆိုသော နာမည်များကို လူများမှာ စတင် မေ့လျော့ကုန်ကြပြီ ဖြစ်သည်။
ရှောင်ရွှမ်က မေးစေ့အား မော့ကာ ဂုဏ်ယူစွာ ပြောလိုက်၏။
“သေချာတာပေါ့... အမရန်ရန်က တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ ဟာကို... သူက အခုဆို ရွှေအမြုတေ အဆင့် ရောက်ဖို့တောင် ကျင့်ကြံနေပြီ... မကြာခင် ကမ္ဘာရဲ့ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာတော့မှာ”
တိုင်ချူ ဘုရားကျောင်း...
တိုင်ချူ ဘုရားကျောင်းကား ကမ္ဘာ၏ ထိပ်တန်း ကျင့်ကြံခြင်း အထွတ်အမြတ်မြေ တစ်ခု ဖြစ်သည်။ သူတို့တွင် တစ်ဦးထက် ပိုမိုသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ရှိလိမ့်မည် ဟုပင် လူများက ခန့်မှန်းကြသည်။ အချို့ ကောလဟာလများကဆိုလျှင် တိုင်ချူ ဘုရားကျောင်းကို ဂြိုဟ်သားများက ထောက်ပံ့ပေးထားသည်ဟုပင် ပြောဆိုကြသည်။
ကျန်းချူရန်ကား ထိုကဲ့သို့သော ဂိုဏ်းကြီး၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။ သူ၏ အဆင့်အတန်းမှာ သံသယဝင်စရာ မရှိအောင် မြင့်မားလွန်းလှ၏။
“ဦးလေး မင်ဟွေ့ကလည်း အစွမ်းထက်တာပဲ... နောက်ပြီး လုယန်ရဲ့ အဘိုးဆို မူလ အဆင့်ကိုတောင် ရောက်နေပြီ... ရှောင်ရွှမ်ရဲ့ အဖေ ဆိုရင်လည်း ချူကျိုးမြို့ရဲ့ အသက် အငယ်ဆုံး ဝိညာဥ် ပင်လယ် အဆင့် ဖြစ်နေပြီ...”
ကျန်းဖေးဖေးက အပြုံးဖြင့် ပြောလိုက်သည်။ သူမသည် အလွန် လှပလွန်း၏။ ချူကျိုးမြို့မှ လူငယ်များ ဆိုလျှင် သူမကို အဝေးမှ ငေးကြည့်ရုံဖြင့်သာ ကျေနပ်ကြရသည်။
“မခံယူရဲပါဘူး... ငါ့ဦးလေးက အစွမ်းထက်တယ် ဆိုပေမဲ့ နင့်အမ ချူရန်နဲ့တော့ ဘယ်နှိုင်းယှဥ်နိုင်ပါ့ မလဲ... ငါ့အထင် ပြောရရင် မိန်းကလေးတန့်ရဲ့ အဖေပဲ သူနဲ့ ယှဥ်ပြီး တိုက်ခိုက်နိုင်လိမ့်မယ်”
ချူယွင်က ခေါင်းကို ခါရင်း လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
လူငယ်များသည် ဆက်လက် ဆွေးနွေး နေကြ၏။ ကျင့်ကြံခြင်း မပြုနိုင်သော လူငယ်များမှာမူ ဘေးနားရှိ ဆိုဖာများတွင်သာ ထိုင်ကာ တိတ်တဆိတ် နားထောင်နေကြသည်။ ချူမင်ဟွေ့၊ ကျန်းချူရန်နှင့် မိန်းကလေးတန်တို့မှာ သူတို့ အတွက် နဂါးများ သဖွယ် ဖြစ်သည်။ ကျန်းဖေးဖေး နှင့် ချူးယွင်တို့ ကဲ့သို့သော နာမည်ကျော် လူငယ်များသာ သူတို့နှင့် မျက်နှာချင်းဆိုင်ခွင့် ရှိပေသည်။
“ကျွန်တော်တော့ သူတို့ကို မနာလိုဘူးဗျာ...”
ရန်ကျွင်းကျဲ့က ပွင့်ပွင့်လင်းလင်းပင် ချန်းဖန်ကို ဖွင့်ပြောလိုက်၏။ ချန်းဖန်မှာမူ တိတ်ဆိတ်စွာပင် ဝိုင်တစ်ခွက်ကို စုပ်သောက် နေခဲ့သည်။
ချူမင်ဟွေ့၊ ကျန်းချူရန်...
ထိုနာမည်များမှာ သူ၏ ချူကျိုးမြို့ ရောက်ခါစ နေ့စွဲများကို ပြန်လည် အောက်မေ့စေ၏။ ထိုစဥ်က သူကား တောမှ တက်လာသည့် လူငယ်လေးသာ တစ်ယောက် ဖြစ်ခဲ့သည်။ ကျန်းချူရန် အပါအဝင် လူအများက သူ့အား ဝိုင်းကာ နှိမ်ခဲ့ကြသည်။
သို့သော်လည်း ယခုတွင်မူ သူကား ထျန်းဟောင်ဂြိုဟ်၏ ဧကရာဇ်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုလူများမှာမူ စကြဝဠာထဲရှိ မထင်မရှား ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားလေး တစ်ခုပေါ်၌ ပိတ်မိနေကြဆဲ၊ တရုတ် ကဲ့သို့သော နိမ့်ကျသည့် နိုင်ငံ သေးသေးလေးနှင့် အလုပ်များနေကြဆဲ ဖြစ်သည်။
ဘဝကား မထင်မှတ်ထားလောက်အောင် လှည့်စားတတ်ပေသည်။
ညစာ စားသောက်ပြီးနောက်၌ အချို့က တိုက်ပွဲ စင်မြင့်များသို့ သွားကြရန် အကြံပြုကြသည်။ များစွာသော လူများမှာ ထိုအဆိုကို ချက်ချင်းပင် သဘောတူ လိုက်ကြသည်။
ယနေ့ခေတ်၌ ဘောလုံးနှင့် ဘက်စကက်ဘောတို့မှာ နာမည် အကြီးဆုံး အားကစားနည်းများ မဟုတ်ကြတော့ချေ။ ထိုနေရာများ၌ တိုက်ခိုက်ခြင်း အားကစားက နေရာယူသွားခဲ့ပြီ ဖြစ်သည်။ ရှော့ပင်းမောတိုင်း၊ ကျော်ကြားသော အဆောက်အဦတိုင်း လိုလိုတွင် အထူး သတ္တုဖြင့် ပြုလုပ်ထားသော တိုက်ပွဲ စင်မြင့်များ ရှိတတ်ကြသည်။ ပိုင်ရှင်များသည် ပျက်စီး ဆုံးရှုံးမှု မရှိစေရန် အတွက် အစီအရင် ဆရာများကိုပင် ငှားယမ်း၍ သေးငယ်သော အကာအကွယ် အစီအရင်များ ချမှတ်ထားတတ်ကြသည်။
“မင်း သွားမှာလား...”
ချန်းဖန်က ရန်ကျွင်းကျဲ့ကို ကြည့်ကာ မေးလိုက်၏။
“ဒါပေါ့ဗျ... ဒီလို အခွင့်အရေးမျိုးက ရှားပါးတယ် မသွားလို့ ဘယ်ဖြစ်မလဲ”
ရန်ကျွင်းကျဲ့မှာ တက်ကြွနေသော ကြက်ဖ တစ်ကောင်နှယ် ချန်းဖန်ကို ဦးဆောင် လေ၏။
တိုက်ပွဲစင်မြင့်များ တည်ရှိရာ ခန်းမသို့ ရောက်ရှိပြီးနောက် ချန်းဖန်မှာ ရန်ကျွင်းကျဲ့ အဘယ်ကြောင့် တက်ကြွနေသည်ကို နားလည် သွားခဲ့သည်။
လုယန်နှင့် ချူယွင်တို့ကဲ့သို့သော ကျင့်ကြံသူများသည် ပြိုင်ဘက်များနှင့် တိုက်ခိုက်ခြင်း အပြင် ကျင့်ကြံခြင်း မပြုနိုင်သည့် သာမန်လူများအားလည်း လမ်းညွှန်ပြသ ပေးခြင်းမျိုးလည်း ပြုလုပ်ကြသည်။ လက်ရှိခေတ်၌ လူအချို့သည် ချီစွမ်းအားကို မကျင့်ကြံနိုင်ကြသည့်တိုင် ထိုက်ကျိ သိုင်းကွက်များနှင့် ခန္ဓာကိုယ် ကျင့်စဥ် အချို့ကိုမူ ကျင့်ကြံနိုင်ကြဆဲ ဖြစ်သည်။
“ဘုန်း...”
ရန်ကျွင်းကျဲ့သည် သူတို့ မိသားစု၏ နာမည်ကျော် မျောက်လက်သီးသိုင်းကို သုံးလိုက်သည့်တိုင် ကျင့်ကြံသူ လူငယ် တစ်ယောက်၏ လက်၌ တစ်ကွက်အတွင်း ရှုံးနိမ့်သွား၏။
သူက မျက်ရည်လေး စစဖြင့် ချန်းဖန်ထံ ပြန်လာတာ တရှုံ့ရှုံ့ လုပ်နေသည်။ ချန်းဖန်မှာ အမြီးကုပ်သွားသည့် တက်ကြွသော ကြက်ဖကို ကြည့်ကာ မပြုံးပဲ မနေနိုင်အောင် ဖြစ်နေခဲ့တော့၏။
“ဟိုပြုံးနေတဲ့ ကောင်လေး... မင်းရော လာပြီး မလေ့ကျင့်ချင်ဘူးလား”
လုယန်က ချန်းဖန်အား လက်ညိုးထိုးကာ မေးလိုက်၏။
“လုယန်... ချန်းဖန်က ချီစွမ်းအင်ကို အခုအချိန်ထိ တစ်ခါမှ မကျင့်ကြံဖူးသေးဘူး... သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ပါ”
ကျန်းဖေးဖေးက မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူးကွ... ငါ အစစ်အမှန်ချီရော၊ ဓမ္မ အစီအရင်တွေရော တစ်ခုမှ မသုံးဘူး... သူ့ကို တစ်ခုခု သင်ပြ ပေးချင်ရုံ သက်သက်ပါပဲ”
လုယန်က သိမ်မွေ့သော အပြုံးဖြင့် ပြောလိုက်သည်။
သို့သော်လည်း ကျန်းဖေးဖေးမှာ ထိုအပြုံးနောက်ကွယ်ရှိ လုယန်၏ အကြံကို နားလည်သည်။ ထိုခွေးကောင်ကား သူ၏ နေရာ၌ ချန်းဖျန် ကျင့်ကြံခဲ့ခြင်းကို ယခုထိ ကျေနပ်ပုံ မရသေးချေ။
“နင်တိုက်ချင်ရင် ငါနဲ့ လာတိုက်လေ...”
ကျန်းဖေးဖေးက စိန်ခေါ်လိုက်၏။
“ဖေးဖေး... သူက အရွယ်ရောက်တဲ့ လူတစ်ယောက် ဖြစ်နေပြီ... နင် သူ့ကို အမြဲလိုက်ပြီး ကာကွယ်ပေးစရာ မလိုပါဘူး... လုယန် တစ်ခုခု သင်ပေးမယ် ဆိုတာက သူ့အတွက် ကောင်းတဲ့အရာပဲလေ”
ရှောင်ရွှမ်က ဝင်ပြောလိုက်သည်။
“ဟုတ်တယ်...”
အခြားလူများကလည်း သဘောတူ လိုက်ကြ၏။
ကျန်းဖေးဖေးမှာ ချန်းဖန်ကို စိုးရိမ်စွာ ကြည့်လိုက်မိသည်။ တစ်ဖက်မှာ သူမ၏ သူငယ်ချင်းများ ဖြစ်ပြီး အခြား တစ်ဖက်မှာ သူမ၏ အဒေါ် ကိုယ်တိုင် ချစ်ခင်ရသော လူငယ် ဖြစ်သည်။ ကျန်းဖေးဖေးမှာ ဘာလုပ်ရမှန်း မသိတော့ချေ။
“ညီလေး လာပါကွ... ဘာမှ မဖြစ်ဘူး”
လုယန်က ဖော်ရွေဟန်ပြောရင်း ချန်းဖန်အား ထပ်မံ ဖိတ်ခေါ်လိုက်ပြန်၏။
“မင်းက ငါနဲ့ တိုက်ခိုက်ချင်လို့လား...”
ချန်းဖန်မှာ ရယ်ချင်လာမိ၏။
“ဟုတ်တယ်... ဘာမှမဖြစ်ပါဘူး... ငါ ဘာဓမ္မ အစီအရင်ကိုမှ မသုံးဘူးလေ... ထိုက်ကျိ သိုင်းကွက် နှစ်ဆယ့် လေးကွက်ကိုပဲ သုံးမှာပါ... အဲဒီ သိုင်းကွက်လောက်တော့ မင်းလည်း သင်ဖူးမယ် ထင်တယ်”
လုယန်မှာ အတော်လေး ယဥ်ကျေးနေ၏။
“မင်းဟာ သေချာလို့လား... ငါ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ”
ချန်းဖန်က မေးလိုက်သည်။
“အကို မင်းကို နာကျင်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်”
လုယန်က ပြောသည်။
“ကျေးဇူးပဲကွာ... ဒါပေမဲ့ မချဘူး”
ချန်းဖန်က ခေါင်းခါကာ ငြင်းဆန်လိုက်၏။
သူကား မြောက်ပိုင်း ကောင်းကင်အရှင် ဖြစ်သည်။ အခြေခံ တည်ဆောက်ခြင်း ထိပ်ဆုံး အဆင့် တစ်ယောက်နှင့် ယှဥ်၍ တိုက်ခိုက်ရန် သူ စိတ်မဝင်စားချေ။
“ဘာမှ မဖြစ်ပါဘူး... လာပါကွ”
လုယန်မှာ လက်မလျှော့သေးပဲ ချန်းဖန်ကို အကြိမ်ကြိမ် ဆက်လက် ဖျောင်းဖျ နေခဲ့၏။
သို့သော်လည်း သူမည်မျှ ကြိုးစားစေကာမူ ချန်းဖန်မှာ ခေါင်းကိုသာ တွင်တွင်ခါ နေခဲ့လေသည်။ နောက်ဆုံး၌ လုယန်မှာ ဆက်လျှော့ သွားခဲ့၏။
“အကို... ဘာလို့ လက်မခံတာလဲ... သူက ဒီလောက် ကောင်းနေတာကို”
ရန်ကျွင်းကျဲ့က ချန်းဖန် အနားကပ်လာရင်း မေးလိုက်သည်။
“စိတ်မပါလို့ပါကွာ...”
ချန်းဖန်က အေးဆေးစွာ ပြုံးရင်း ပြန်ဖြေ လိုက်သည်။
ထိုအချိန်မှာပင် ထျန်းရှန် အဆောက်အဦး ဝင်ပေါက် အနီးအနား၌ တန်ဖိုးကြီး ဇိမ်ခံကား တစ်စီး ထိုးရပ်လာ၏။ ထို့နောက် ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့မှာ ကားတံခါးကို ဖွင့်၍ ထွက်ပေါ်လာသည်။
ယောက်ျားသည် အသက် သုံးဆယ်ခန့် ရှိကာ စစ်ယူနီဖောင်းကို ဝတ်ဆင်ထား၏။ သူ၏ လမ်းလျှောက်ပုံကား ကျားရဲတစ်ကောင်အလား သတိ အပြည့်ရှိပုံ ပေါ်သည်။
မိန်းကလေးမှာမူ နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထားပြီး နေကာမျက်မှန်ကို တပ်ဆင်ထားသည်။ သူမ၏ လက်တွင်မူ တန်ဖိုးကြီး ကျောက်စိမ်း လက်ကောက် တစ်ခုကို ဝတ်ဆင်ထားသည်။ ထိုလက်ကောက်မှာ အကာအကွယ် ဓမ္မ ရတနာ တစ်ခု ဖြစ်ပုံရပေသည်။
ထျန်းရှန် ကော်ပိုရေးရှင်း၏ စီအီးအိုသည် ချက်ချင်းပင် ထွက်ကာ သူတို့ နှစ်ယောက်အား နှုတ်ဆက် ကြိုဆို၏။
ချူမင်ဟွေ့နှင့် မိန်းကလေးတန့်တို့ကား ရောက်ရှိလာချေပြီ ဖြစ်လေသည်။
***