← Chapters

Chapter 10

Vol. 2 Ch. 10

Chapter 10

Vol. 2 Ch. 10

နောက်အပတ်နေ့လည်ခင်းတွင်တော့ ကျန်းယွီသည် “ဘဲငန်းရေကန်” မှကောက်နုတ်ချက်များကို အကအခန်းထဲတွင် လေ့ကျင့်နေလေသည်။ ထိုစဉ်တွင် app ဆီမှ အသံမက်ဆေ့ချ်တစ်ခု ဝင်လာလေသည်။

ဒီသတင်းသည်တော့ အနာဂတ်မှ ချူးလီထံမှပင်။

ချူးလီ - “ဘာထူးလဲ”

သူ့အသံသည် ဆယ်ကျော်သက်တုန်းက အသံထက် ပို၍ပင် နက်နဲလှလေသည်။

ကျန်းယွီသည် သူမ၏ရှည်လျားလှသော ခြေတံများအား နံရံပေါ်တွင်ဆန့်လိုက်ပြီး အကြောလျော့လိုက်ကာ စာပြန်လိုက်လေသည်။

“ငါသေချာလုပ်နေပါတယ်.. စိတ်မပူနဲ့”

ချူးလီ - “ငါမင်းနဲ့အမြဲတမ်း အဆက်အသွယ်မလုပ်နိုင်ဘူး..။ ဖုန်းက သတ်မှတ်ချိန်အတွင်းပဲ ပြောလို့ရတာ။ မင်းဒီကိစ္စကို စိတ်ထဲသေချာထည့်ပေးထားမယ်လို့ပဲ မျှော်လင့်တယ်"

ထိုအချိန်တွင် ချူးလီတစ်ယောက် ထောင်ထဲမှာ ရှိနေတာဖြစ်ကြောင်းကို ကျန်းယွီသိလိုက်သည်။

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံထားရတာဖြစ်သည့်အတွက် ထိုထဲမှာဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အတော်ပင် စိတ်ဆင်းရဲစရာကောင်းလှပေမည်..။ ဒါကြောင့်လည်း သူစိတ်လောနေခြင်း ဖြစ်ပေမည်။

ကျန်းယွီ - “သဘောတူထားပြီးပြီဆိုကတည်းက ငါကျိန်းသေပေါက် အကောင်းဆုံးကူညီမှာပါ”

ချူးလီ - “ငါ့ကိုအခြေအနေတွေ ပြောပြ”

ကျန်းယွီ - “ငါနင်နဲ့တော့သိပြီ ဒါပေမယ့် နင်ကငါ့အပေါ်အမြဲတမ်း ခက်ထန်နေတော့ ငါ နင့်နားကို ကပ်မရဘူးဖြစ်နေတယ်..။ နင်ကလေ ငါ့ကိုအစိမ်းဝါးစားတော့မယ့်အတိုင်းပဲ.. ငါနဲ့ သူငယ်ချင်းလည်း မဖြစ်ချင်ဘူး”

ချူးလီ - “မင်းဘက်ကသာ ရဲရဲနဲ့စလိုက်ပါ.. ငါမင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး”

ကျန်းယွီ - “နင်သေချာလို့လား”

သူ့ဆီကအဖြေကို စောင့်နေရင်းပင် ချူးလီဘက်မှ ဖုန်းကျသွားလေသည်။

ဖြစ်လာမှာကို စောင့်နေတာထက် ငါ့ဘက်က အရင် အခြေအနေတွေဖြစ်လာအောင် ဖန်တီးရမယ်ပေါ့လေ..။ ငါအရိုက်မခံရနိုင်တာရော ကျိန်းသေရဲ့လား?

သူမဘက်က စပေးဖူးသော ထိုညအကြောင်းကို ပြန်သတိရသွားချိန်မှာတော့ ကျန်းယွီတစ်ယောက် ရင်တွေမတရားခုန်လာလေသည်။

ယွမ်သန်း၃ရာရဖို့တာဝန်ကလည်း ခက်ခဲလိုက်ပါဘိ..။

ကျန်းယွီသည် app ကိုစာတစ်စောင် ပို့လိုက်လေသည်။

“တာဝန်လုပ်ဆောင်နေတုန်း ဒဏ်ရာရမယ်ဆိုရင် ဒါအလုပ်ကြောင့်ရတဲ့ဒဏ်ရာလို့ သတ်မှတ်ပြီး ပြန်လည်မွေးဖွားဖို့ အခွင့်အရေးရှိဦးမှာလား?”

အက်မင်အကောင့် - “လူတိုင်းမှာ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲရှိပါတယ်.. ကျေးဇူးပြု၍ ကိုယ့်ဘဝကိုယ် တန်ဖိုးထားပါ”

ကျန်းယွီ - “...”

ငါသဘောခွေ့သွားပြီ..။

ထို့နောက် ချူးလီထံသို့ Wechat မှတစ်ဆင့် စာတစ်စောင်ပို့လိုက်သည်။

“ဒီညအားလား?”

စာပို့ပြီးတာနဲ့ ကျန်းယွီလည်း သူမလေ့ကျင့်နေသော အကကိုသာ ဆက်ကျင့်နေလိုက်ပြီး နောက်တစ်နာရီကြာမှ ဖုန်းကိုသွားစစ်လိုက်သော်လည်း ဘာပြန်စာမှ ရောက်မနေပေ..။

ကျန်းယွီလည်း နောက်စာတစ်စောင်ကို ဇွဲမလျော့ဘဲ ထပ်ပို့လိုက်သည်။

“မမက မောင်လေးကို ညစာလိုက်ကျွေးချင်လို့လေ.. အလကား လိုက်မစားချင်ဘူးလား”

ထပ်မံ၍ ဘာပြန်စာမှ ရောက်မလာပါ။

ကျန်းယွီသည် စိတ်အနှောင့်အယှက်တော့ ဖြစ်မသွားသေးဘဲ သူ့ကိုဒဲ့သာ ချောင်ပိတ်ရိုက်လိုက်တော့သည်။

“ငါနင့်ကို အချိန်၂နာရီပေးမယ်..။ ငါ့ဆီလာရင်လာ.. မလာရင် ငါနင့်အိမ်ကို လာခဲ့မယ်”

ထိုစာပို့ပြီးတာနဲ့ ကျန်းယွီလည်း ဆက်သာလေ့ကျင့်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ အခန်းရှေ့က ကော်ရစ်ဒါတွင် ရုတ်ရုတ်သဲသဲဖြစ်လာပြီး အတန်းထဲမှကောင်မလေးများသည်လည်း တီးတိုးပြောလာကြတော့သည်။

ကျန်းယွီလည်း ခေါင်းလေးတစ်ချက်စောင်းကြည့်လိုက်ရာ ကော်ရစ်ဒါနားတွင် ရပ်နေသောကောင်လေးတစ်ဦးကို တွေ့လိုက်ရသည်။

ဟော့ချန်

ဒီကာလတွင်တော့ ဟော့ချန်သည် ၁၇နှစ်၊ ၁၈နှစ်သာ ရှိသေးသည်။ သူသည် ပိန်ပိန်၊ အရပ်ရှည်ရှည်ဖြင့် ဖြူဖွေးစွတ်နေသော ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်လျှင်တော့ အတော်ချောတဲ့လူဖြစ်ပြီး လူအုပ်ထဲမှာဆိုလျှင်ပင် ထင်းထွက်နေသည့် လူစားမျိုးပင်ဖြစ်သည်။

သို့သော်လည်း ကျန်းယွီကတော့ သူ့ကိုမြင်လျှင်မြင်ချင်း အိမ်တွင်း အကြမ်းဖက်မှုများနှင့် သူမတို့လက်ထပ်ပြီးနောက် သူလုပ်ခဲ့သည့်အရာမှန်သမျှကို မျက်စိထဲတွင် အတိုင်းသားမြင်ယောင်လာလေသည်။

ကော်ရစ်ဒါတွင်တော့ ကောင်မလေးအားလုံး၏ အကြည့်မှာ သူ့ဆီပဲရောက်နေပြီး တီးတိုးပြောနေကြလေသည်။

“အဲ့ဒါ ဟော့လုပ်ငန်းစုရဲ့ မင်းသားလေး ဟော့ချန်လေ”

“သူ ဘယ်သူ့ကို လာရှာနေတာလဲ”

“အော် ကျန်းယွီပဲပေါ့..။ သူတို့က ရည်းစားတွေ မဟုတ်ဘူးလား?”

ကောင်မလေးများသည် ကျန်းယွီကို မနာလိုသောအကြည့်များဖြင့် ကြည့်လိုက်ပြီး မကြည်မသာလေသံများဖြင့် ဆက်ပြောနေကြသည်။

“ဟော့ချန်က ဘယ်လိုဖြစ်ပြီး သူ့ကိုကြိုက်သွားလဲဆိုတာ ငါစဉ်းစားလို့တောင် မရဘူး။ သူတို့နှစ်ယောက်က မိုးနဲ့မြေပဲဟာကို..”

“နင်မသိဘူးလား.. သူက ထောင်အန်ရှင်းရဲ့ အစားထိုးသက်သက်လေ..။ ယွင်ရှီးအထက်တန်းကျောင်းကွင်း (queen)လေဟာ”

“ဟော့ချန်က ထောင်အန်ရှင်းကို လိုက်ခဲ့တာဆိုတာ ယွင်ရှီးတစ်ကျောင်းလုံး သိကြတယ်လေ..။ ဒါပေမယ့် ငြင်းခံလိုက်ရတာတဲ့။ ကျန်းယွီက ထောင်အန်ရှင်းနဲ့ အတော်လေးတူတာလေ..။ အဲ့ဒါကြောင့် ဟော့ချန်က သူ့ကိုလိုက်ပြီး အစားထိုးထားတာ”

“အော် အဲ့လိုလား”

“ငါကြားတာတော့ သူ့ကိုဟော့ချန် အရမ်းကြီးတောင် မလိုက်ခဲ့ရဘူးဆိုပဲ..။ ဟော့ချန် ငါးစာလေးချပေးလိုက်ရုံနဲ့ ကျန်းယွီက ပါလာတာတဲ့လေ”

“သူ့ကြည့်လိုက်ရင်တော့ ဖြူစင်ရိုးသားတဲ့ ဂိုက်ဖမ်းနေပြီး နောက်ကွယ်မှာကျ ဟော့ချန်ပိုက်ဆံတွေကို ငမ်းငမ်းတက်နေတာပါပဲလား..။ မသိရင်တော့ အရမ်းတွေ စိတ်ထားမြင့်မြတ်နေပုံနဲ့”

“ဟုတ်ပါ့.. ထောင်အန်ရှင်းရဲ့ မိသားစုနောက်ခံကလည်း အရမ်းကြီးမကောင်းပါဘူး။ ဒါပေမယ့် သူ့လိုတော့ ဟော့ချန်ကို အသုံးမချဘူးလေ။ အဲ့တော့ ယှဉ်စရာကို လိုမနေဘူး...။ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူကအစစ်၊ ဘယ်သူက အတုဆိုတာ အသိသာကြီးပဲလေ”

သူတို့ပြောနေသည်မှာလည်း အမှန်တွေသာဖြစ်သောကြောင့် ကျန်းယွီ ထိုကောင်မလေးများကို စိတ်ထဲထည့်မနေတော့ပါ။

အတိတ်ဘဝတုန်းက သူမသည် ဟော့ချန်၏ ကြွယ်ဝလှသောနောက်ခံနှင့် ရွှေဇွန်းကိုက်ကာ မွေးဖွားလာခဲ့သော ဟော့ချန်ကို တကယ်ကိုပင် မျက်စိကျမိခဲ့၏..။

ဆင်းရဲလှသော သူမဘဝကို ကယ်တင်ပေးမည်မှာ ဟော့ချန်သာဖြစ်ပေသည်။ ကျောင်းမထွက်ရဘဲ အကကိုဆက်သင်နိုင်အောင် လုပ်ပေးနိုင်သည်မှာလည်း ဟော့ချန်ပင်။

သဲကန္တာရထဲတွင် ရေငတ်လွန်း၍ သေအံ့ဆဲဆဲဖြစ်နေသည့်လူတစ်ယောက် ကြည်လင်ချမ်းမြသော စိမ့်စမ်းရေလေးကို တွေ့လိုက်ရသလိုပေ။

အတိတ်ဘဝတုန်းက ကျန်းယွီသည် ဟော့ချန်ကို တကယ်ချစ်မိခဲ့ကောင်း ချစ်မိခဲ့နိုင်သေးသည်။

အဘယ်ကြောင့်ဆိုလျှင် အတိတ်ဘဝတုံးက ဟော့ချန်သည် အမြဲတမ်း သူမအပေါ်ကောင်းသည်ဟု ခံစားခဲ့ရပြီး အတင်းအဖျင်းများမှာလည်း မနာလိုမှုကြောင့်သာ ထွက်နေခြင်းဖြစ်သည်ဟု သူမတွေးမိခဲ့လေသည်။ သူ၏ စရိုက်အစစ်အမှန်ကို လက်ထပ်ပြီးမှသာ သိခဲ့ရသောကြောင့်ပေ..။

ဟော့ချန်သည် သူ့အချစ်ဆုံးဖြစ်သော ထောင်အန်ရှင်းအား မရခဲ့သဖြင့် သူမနှင့်တူသော ကျန်းယွီကိုကြည့်တိုင်း သူ့မှာရွံရှာစက်ဆုပ်လာလေသည်။

နောက်ပိုင်းမှ ကျန်းယွီ နားလည်လာခဲ့ရသည်ကား အယောင်ဆောင်သည် ဘယ်တော့မှ အစစ်အမှန်ဖြစ်လာမှာမဟုတ်ဘဲ အစားထိုးခံအဆင့်မှာသာ တည်ရှိနေမည်ဖြစ်ကြောင်းပင်။

ထို့ကြောင့် ဒီဘဝတွင်တော့ ကျန်းယွီတစ်ယောက် တူညီသောအမှားကို နှစ်ခါမလုပ်တော့ပါ..။

သူမသည် ဟော့ချန်အား မရှိသလိုပင် လစ်လျူရှုလိုက်ပြီး သူမလေ့ကျင့်စရာရှိတာကိုသာ ဆက်လေ့ကျင့်နေလိုက်သည်။

အစတွင်တော့ ဟော့ချန်လည်း ဤအပြောင်းအလဲကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အရင်ကဆိုလျှင် ထိုမိန်းကလေးသည် သူ့ကိုမြင်သည်နှင့် တောအုပ်ထဲမှ ငှက်ငယ်လေးတစ်ကောင်အလား ပြေးလာမည်ဖြစ်ပြီး သူစိတ်ချမ်းသာအောင် သူမတတ်နိုင်သမျှအကုန် လုပ်ပေလိမ့်မည်။

ထို့ကြောင့် သူ့ကိုစိတ်ကစားရန်သာ သူမဒီလိုအချိုးမျိုးချိုးနေတာ ဖြစ်လိမ့်မည်ဟု ဟော့ချန်တွေးလိုက်မိသည်။

နောက်၅မိနစ်တောင် မကြာခင်မှာပဲ သူ့ထံသို့ ပြေးလာပြီး သူ့အား ကလူကျီစယ်လိမ့်ပေမည်ဟု ထင်နေသည်။

သို့သော်လည်း မိနစ်များသာ ကုန်ဆုံးလာပြီး ကျန်းယွီကတော့ သူ့ကိုမရှိသလိုပင် သူမ၏လေ့ကျင့်မှုများကိုသာ ထပ်ခါတလဲလဲ လုပ်နေလေသည်။

ဟော့ချန်လည်း စိတ်မရှည် ဖြစ်လာတော့သည်။

သူ့ကိုဘာလို့များ ဒီလောက်ထိကြာအောင် စောင့်ခိုင်းနေရပါသနည်း..။

နောက်ဆုံးတွင်တော့ ဟော့ချန်သည် တည်ငြိမ်လှသော်လည်း မကျေနပ်ချက် အပြည့်ပါနေသော အသံဖြင့် လှမ်းခေါ်လိုက်လေသည်။

“ကျန်းယွီ”

ကျန်းယွီသည် သူ့အသံကိုကြားလိုက်သောကြောင့် ခေါင်းကို ဖြည်းဖြည်းလေး နောက်လှည့်ကြည့်လိုက်သည်။

“ဘာကိစ္စရှိလို့လဲ"

သူဒီလောက်အကြာကြီး ရပ်စောင့်နေသည်ကို သူမ,မမြင်ပေဘူးလား..။

ဟော့ချန်သည် စိတ်ဆိုးသော မျက်နှာပေးပြောင်းသွားပြီး “ကိုယ် မင်းကို စောင့်နေတာလေ”

ပြောပြီးသည်နှင့် ဟော့ချန်သည် သူ့ဆီအပြေးလေးရောက်လာမည့် ကျန်းယွီအား မျှော်လင့်နေခဲ့ပြီး သူမရောက်လာလျှင် သူမကိုလစ်လျူရှုလိုက်ဖို့တောင် အဆင်သင့်ဖြစ်နေလေသည်။

သို့သော်ငြားလည်း ကျန်းယွီကတော့ အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ကာ “အိုခေလေ.. ဒါဆိုလည်း စောင့်နေပေါ့”

ဟော့ချန်သာမက ဘေးနားက ကောင်မလေးများပါ အံ့ဩသွားပြီး သူမကိုကြည့်လိုက်ကြသည်။

ကျန်းယွီသည် ဟော့ချန်အပေါ် ဒီလိုအချိုးမျိုး တစ်ခါမှမလုပ်ဖူးပေ..။ ဟော့ချန်တစ်ခွန်းဆိုလျှင် တစ်ခွန်းသာဖြစ်ပြီး သူမသည်အတော်ကို စကားနားထောင်ကာ သိမ်မွေ့ရိုကျိုးခဲ့သည်ပင်။

ဒီနေ့ သူမ၏အပြုအမူသည်တော့ အတော်ပင် မူမမှန်သောအရာပေ..။

ဟော့ချန်သည် အကခန်းထဲမှ သူမ၏လှပလှသော လည်တိုင်လေးကို မြှောက်ကာ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည့် ကောင်မလေးကို ကြည့်လိုက်လေသည်။ သူမ၏ ညှပ်ရိုးများမှာ အတော်ပင် ချောမွေ့နေပြီး၊ ကြွက်သားများမှာတော့ တင်းနေ၍၊ ခန္ဓာကိုယ်မှာ အချိုးအစားကျလှပေသည်။

ဟော့ချန်တစ်ယောက် ဒေါသမွှန်ထူလာလေတော့သည်။ သူ့မျက်နှာပေါ်မှ ကြွက်သားများပင် ဒေါသထွက်တာကြောင့် လှုပ်ခါလာလေသည်။ သူမကို ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်လိုသော ဆန္ဒလည်း ဒေါသနှင့်အတူ ပေါ်ထွက်လာလေ၏။

သို့သော်လည်း လူတွေအများကြီး ရှိနေပေသည်။ ဒီလိုအခြေအနေမျိုးတွင် ဟော့ချန် ဘာမှလုပ်နိုင်မည် မဟုတ်ပေ..။ ထို့ကြောင့် ဒေါသနှင့်သာ သူလှည့်ထွက်သွားလိုက်ရတော့သည်။

သူ့ဆီငိုယိုပြီး ဒူးဖက်တောင်းပန်လာမည့် သူမကိုသာ စောင့်ပေတော့မည်။

တစ်ဖက်တွင်တော့ ကျန်းယွီသည် ဟော့ချန်ကို စိတ်ထဲတစ်စက်မှပင် မထည့်ပါ..။ ခက်ခဲလှသော ကကွက်များကိုသာ စိတ်ပါဝင်စားစွာဖြင့် ဆက်လေ့ကျင့်နေလိုက်သည်။

ယခုအချိန်တွင်တော့ သူမတွင် Esmerala ကိုဝင်ရောက်ခွင့်ရနိုင်ရန် နှစ်ကုန်ရှိုးပွဲ၌ အနိုင်ရလိုသည့်စိတ်သာ ရှိနေလေသည်..။ ထို့ကြောင့် ဟော့ချန်ကို ဘယ်လိုလုပ် စိတ်ထဲထည့်နိုင်ပေမည်နည်း..။

လေ့ကျင့်ပြီးသည်နှင့် ကျန်းယွီသည် ရေချိုးခန်းသို့သွားကာ ရေနွေးနှင့်ရေချိုးလိုက်ပြီး သူမဆံပင်များကို အခြောက်ခံကာ လန်းလန်းဆန်းဆန်းနှင့် ပြန်ထွက်လာခဲ့သည်။

ဟော့ချန်ကတော့ မျက်နှာသေကြီးနှင့် သူမကို ဧည့်ခန်းထဲတွင် စောင့်နေဆဲပင်..။

ကျန်းယွီကတော့ သူ့ကိုလစ်လျူရှုလိုက်ကာ ပြေးထွက်နေသော ကောင်မလေးတွေနဲ့ရောပြီး ကျောင်းအပြင်သို့ ထွက်သွားရန် ပြင်လိုက်သည်။

သူမတကယ်ကို သူ့အားလျစ်လျုရှုသွားသည်ကို တွေ့လိုက်ရသဖြင့် ဟော့ချန်တစ်ယောက် သူမနောက်ပြေးလိုက်ကာ လှေကားနားအရောက်တွင်တော့ ကျန်းယွီလက်ကောက်ဝတ်အား လှမ်းဆွဲ၍ ပြောလိုက်လေသည်။

“ရပ်စမ်းကွာ”

ကျန်းယွီကတော့ သူ့လက်ကိုအတင်းလွတ်ချလိုက်ပြီး နောက်ကို ခြေ၂လှမ်းလောက်ဆုတ်၍ ပြန်ပြောလိုက်သည်။

“ဘာလို့ ငါ့ကိုရှာနေတာလဲ.. ငါ့ဆီက လိုချင်တာရှိလို့လား”

“မင်းဆီက လိုချင်တာရှိလို့ ဟုတ်လို့လား?”

ဟော့ချန်လည်း ရွဲ့ပြီးသူမစကားများကို ထပ်ပြောလိုက်သည်။

“ငါ့ကိုညဒီလိုစကားမျိုးတွေ ပြောရဲနေရအောင် မင်းဦးနှောက်ချောင်သွားပြီလား”

“မဟုတ်ရင်ရော.. နင့်ကိုနမ်းရှုံ့ပြီး ကလေးလေးလို ကလူကျီစယ်ပေးနေရမှာလား”

ကျန်းယွီ၏ နှုတ်ခမ်းထောင့်တွင်တော့ သရော်ပြုံးလေးတစ်ခု ပေါ်ထွက်လာလေသည်။

“ဘယ်လိုကောင်လဲ”

“မင်း..!”

ဟော့ချန်သည် ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။ သူ့အပေါ်အမြဲတမ်း နာခံတတ်ခဲ့သော ကျန်းယွီတစ်ယောက် ဒီလိုလေသံမျိုးနှင့် ပြောသည်ကို သူတစ်ခါမှ မကြုံခဲ့ဖူးပါ။ ထို့ကြောင့်လည်း ဒီအချိုးမျိုးကို သူလက်မခံနိုင်ဖြစ်နေလေသည်။

“မင်းဘာဖြစ်ချင်နေတာလဲ”

“ငါဖြစ်ချင်တာကတော့ ရှင်းပါတယ်”

ကျန်းယွီသည် သူမကျောပိုးအိတ်ကို လွယ်ထားသည့်ကြိုးအား တင်းတင်းလေးဆွဲလိုက်ပြီး ပြောလိုက်သည်။

“ဟော့ချန် ငါတို့ပြတ်ကြရအောင်”

ဟော့ချန်တစ်ယောက် သူ့နားသူပင် မယုံနိုင်ဖြစ်သွားလေသည်။

“မင်းက ငါ့ကို ပြတ်ဖို့ပြောနေတာလား..”

သူသည် ‘မင်းက စပြောတယ်ပေါ့လေ’ ဆိုသည့် အနက်အဓိပ္ပာယ်ရောက်အောင် မေးလိုက်ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယွီဘက်ကသာ လမ်းခွဲ့ဖို့စပြောတာဆိုလျှင် သူ့အတွက်တော့ အတော်လေးရှက်စရာကောင်းပေလိမ့်မည်။

ဘေးနားပတ်ဝန်းကျင်မှ ဖြတ်သွားနေကြသော ကောင်မလေးများသည်လည်း ကျန်းယွီဘက်မှ လမ်းခွဲဖို့စပြောသည်ကို ကြားလိုက်ရသဖြင့် သူတို့ပါ ရွစိရွစိဖြစ်သွားလေသည်။

ဟော့ချန်ကဲ့သို့ ရည်းစားမျိုးရရန်မှာ အင်မတန်ခက်ခဲကြောင်း သူမသိသင့်သည်။ ပေချန်တစ်မြို့လုံးက ကောင်မလေးများပင် သူ့ရည်းစားဖြစ်နေကြသည် မဟုတ်ပါလား..။

ကျန်းယွီသည် ထောင်အန်ရှင်းနှင့် တူသောကြောင့် ဟော့ချန်ကို ရခဲ့ခြင်းဖြစ်သည်။ ဒီလိုလူစားမျိုးကို ရည်းစားအနေနှင့် ရလိုက်ပါဘိ အဘယ်ကြောင့်သူမက အရင်စလမ်းခွဲချင်နေပါသနည်း..။

သူမ ရူးများရူးသွားပြီလား?

ကျန်းယွီမှာတော့ ဟော့ချန်နှင့် အာလာပသလာပပြောဖို့ရန်ပင် ပျင်းနေလှပေပြီ..။ ဒီဆက်ဆံရေးကို မြန်မြန်အဆုံးသတ်လိုသောစိတ်သာ ရှိနေလေ၏။

တစ်ခြားသူများအတွက် ဟော့ချန်သည် ဘယ်လောက်ပဲကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးလိုဖြစ်နေပါစေ သူမအတွက်တော့ စိတ်နှစ်ခွနှင့် အိမ်တွင်းအကြမ်းဖက်သမားကောင်သာ ဖြစ်ပေသည်။ သူမလည်း ထပ်ပြီးသွေးထိုးသည့်အနေဖြင့် “ဟော့ချန်.. ငါကလမ်းခွဲဖို့စပြောလို့ နင် ငါ့ကို နောက်ပိုင်းကျ နောက်ယောင်ခံတော့ မလိုက်ဘူးမလား”

သူမသည် ‘နောက်ယောင်ခံလိုက်သည်’ ဆိုသည့်စကားအား တမင်သက်သက်ပြောလိုက်ခြင်းသာဖြစ်သည်။

ဟော့ချန်ကတော့ စိတ်တိုလွန်းလှသဖြင့် “မင်းကိုယ်မင်းဘာထင်နေတာလဲ..! အဲ့လောက်ထိလုပ်ဖို့ မင်းကဘာမို့လို့လဲ..”

“ဒါဆိုလည်း အဆင်ပြေသွားပြီပဲ”

ကျန်းယွီသည် စိတ်အေးသွားသော အပြုံးလေးပြုံးမိလိုက်သည်။

“ဒါဖြင့်ရင် နောင်ကျရင် နင် ငါ့ရှေ့မှာ ပေါ်မလာနဲ့တော့..။ ငါလည်းနင့်ရှေ့မှာ ပေါ်မလာစေရဘူး”

ပြောပြီးသည်နှင့် ကျန်းယွီသည် ထွက်သွားရန် လှည့်လိုက်တော့သည်။

ဟော့ချန်မှာတော့ ဒေါသထွက်လွန်းနေသဖြင့် မျက်နှာထားကိုပင် ဟန်မဆောင်နိုင်တော့ချေ..။ သူမ၏ လက်ကိုဆောင့်ဆွဲလိုက်ပြီး အော်လိုက်လေတော့၏။

“ငါသာမရှိရင် မင်းက ဘာမှမဟုတ်ဘူး ရှင်းလား”

“လွှတ်စမ်း!”

“ငါမရှိရင် မင်းနောက်စာသင်နှစ်ကျ ကျောင်းထွက်ရမှာပဲ..။ အဲ့ကျရင် ဘယ်ကျောင်းကိုများ မင်းသွားနိုင်မှာတဲ့လဲ? ဘယ်လိုလုပ်ပြီးရော ဆက်ကနိုင်မှာတဲ့လဲ”

“ငါ့ဟာငါ ကျောင်းစရိတ်ကို ရှာနိုင်တယ် နင့်ကိစ္စမဟုတ်ဘူး”

“မင်းက ဘာလုပ်နိုင်မှာတဲ့လဲ”

ဟော့ချန်သည် သူ့စိတ်သူမထိန်းနိုင်တော့ဘဲ သူဖုံးကွယ်ထားသမျှ အကြမ်းဖက် အပြုအမူမှန်သမျှကို ထပ်မဖုံးဖိနိုင်တော့ချေ..။ ထို့ကြောင့် သူ့လက်ကိုမြှောက်လိုက်ကာ သူမအား ဆွဲထိုးလိုက်လေသည်။

ကျန်းယွီသည်လည်း ဒါကိုမျှော်လင့်ပြီးသားပင်..။ ရှောင်မယ်ဆို ရှောင်နိုင်မည်ဖြစ်သော်လည်း တုပ်တုပ်မလှုပ်ခဲ့ဘဲ အထိုးသာခံလိုက်သည်။

သူမ ဝမ်းဗိုက်မှာ အလွန်တရာမှ နာကျင်သွားလေ၏။

ဘေးပတ်ဝန်းကျင်မှ ကောင်မလေးများလည်း အသက်ရှုရပ်မတတ်ပါ ဖြစ်သွားလေသည်။

အစကတော့ သူတို့မှာ ကျန်းယွီကို လှောင်ပြောင်နေကြသော်လည်း ထိုမိုက်ရူးရဲဆန်ဆန် လုပ်ချလိုက်သော ဟော့ချန်၏ ထိုးချက်ကြောင့် သူမတို့အမြဲတမ်း တွေးထားခဲ့သော ဟော့ချန်၏ နတ်ဘုရားတစ်ပါးလိုအရှိန်အဝါများ ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။

“ဘုရားရေ!”

“သူတကယ်ကြီး ထိုးလိုက်တာပဲ”

“အတော်ဆိုးတာပဲ အမေရေ”

All Chapters