← Chapters

Chapter 12

Vol. 2 Ch. 12

Chapter 12

Vol. 2 Ch. 12

ကျန်းယွီသည် ချူးလီ၏ အတည်ပေါက်မျက်နှာထားကြောင့် အသက်ပါထွက်ချင်သလို ဖြစ်သွားသည်။

သခင်လေး ဒီနေ့ဘာဆေးတွေများ မှားသောက်ထားတာလဲ..?

ချူးလီကတော့ ဟန်ဆောင်နေတာ မဟုတ်ဘဲ အတည်ပြောနေခြင်းပင်။

“ငါတို့တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်ရှိနေကြတာပဲ.. တွဲကြမယ်လေ”

ကျန်းယွီလည်း တအံ့တဩ ပြန်မေးလိုက်သည်။

“နင်ဘယ်တုန်းကစပြီး ငါ့ကိုကြိုက်သွားတာလဲ..? နင်ငါ့ကို မုန်းတယ်မဟုတ်ဘူးလား?”

ချူးလီ၏ မျက်ဝန်းများမှာ တဖျတ်ဖျတ်လတ်နေပြီး သူမမေးစေ့ကို လှမ်းဆွဲလိုက်ကာ ပြုံးရင်းပြန်ပြောလိုက်သည်။

“ကြည့်လေကြည့်လေ မင်းက ကောင်းတယ်ဆိုတာ သိလာလို့လေ”

ကျန်းယွီ - “...”

သူရူးသွားပြီလား?

သူ့လက်ကိုရှောင်ရန် သူမ ခေါင်းကို ခါရမ်းလိုက်ပြီး “ဒါဆိုစိတ်ပူစရာမရှိပါဘူး”

ပြောသာပြောလိုက်ရတာ သူမစိတ်ထဲဘာကိုမှ အာရုံလာမနေဘဲ အသံတွေပင် တုန်ရီနေလေသည်။

“မင်းပဲ ငါ့ကို တာဝန်ယူစေချင်နေတာ မဟုတ်ဘူးလား”

ချူးလီသည် သူမကိုကြည့်ရန် သူ့ခေါင်းကိုလှည့်လိုက်ပြီး တမင်တကာအသံကို ဆွဲဆန့်၍ ပြောလိုက်သည်။

“ငါ့ကိုလိမ်နေတာပေါ့လေ.. ဟုတ်လား..?

“မလိမ်ပါဘူး.. လိမ်စရာလား”

“ဒါဆိုလည်း တွဲတာပေါ့”

အခြေအနေက အလွန်ကို ပရမ်းပတာဆန်နေပြီး ကျန်းယွီလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည်။

အတိတ်ဘဝတွင် သူမ၏ပျိုရွယ်ချိန်တစ်ခုလုံးနှင့် နှလုံးသားမှာ ယောင်္ကျားတစ်ယောက်အတွက်သာ ဖြစ်ခဲ့လေသည်။ သို့သော် ရလဒ်ကတော့ ကြောက်မက်ဖွယ်ရာ အိမ်ထောင်ရေးနှင့် ရင်ဆိုင်ခဲ့ရသည်ပင်..။

ယခုလို ဒုတိယအကြိမ် အခွင့်အရေးရဖို့မှာ မဖြစ်နိုင်တော့ပေ..။ ထို့ကြောင့် သူမ၏ အသက်မွေးဝမ်းကြောင်းအပေါ်ကိုသာ အာရုံစိုက်ထားသင့်ပြီး ထိုအရာအတွက်သာ အချိန်ဖြုန်းသင့်သည်။ ခံစားချက်နောက် မလိုက်သင့်တော့ပေ။

ဒီ့ထက်ပိုအရေးကြီးသည်မှာ လူသတ်သမား ဖြစ်လာနိုင်ချေရှိသောသူနှင့် ပို၍ပင် မချစ်ကြိုက်သင့်ပေ..။

ချူးလီသည် သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး အေးတိအေးစက် ပြန်ပြောလိုက်လေသည်..။

“ဒီလောက်ဆို သိလိုက်ပြီ..။ မင်းလိမ်ခဲ့တာပဲ”

“မဟုတ်ပါဘူး”

ကျန်းယွီလည်း မြန်မြန်ဆန်ဆန် ပြန်ငြင်းလိုက်သည်။

“အရမ်း ရုတ်တရက် ဆန်လွန်းနေတော့ ဘာလုပ်ရမလဲမသိတော့လို့”

“ရုတ်တရက်ဆန်တယ်? ဒီရက်ပိုင်းတွေ ငါ့ကိုကြိုက်တယ်ဆိုပြီး မင်းပဲ ငါ့နောက်ကို တကောက်ကောက်လိုက်နေတာ မဟုတ်ဘူးလား”

“ငါ...”

“တစ်ခြား ရည်ရွယ်ချက်ရှိနေတာပဲ”

“မဟုတ်ပါဘူး..။ ဒီအတိုင်း... ငါအရမ်းပျော်နေလို့ နည်းနည်းကြောင်တောင်တောင် ဖြစ်နေတာပါ”

ကျန်းယွီတစ်ယောက် ကြိုးစားပြုံးပြီး ပြန်ပြောလိုက်သည်။

တကယ်တော့ ပျော်နေတာမဟုတ်ဘဲ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေခြင်းပင်..။

အကြမ်းဖက်ကောင် ဟော့ချန်နဲ့ လမ်းခွဲခဲ့တာမှ ၂နာရီတောင်မကြာသေးပေ။ အဲ့ဒါကို လူသတ်သမားဖြစ်လာနိုင်တဲ့ကောင်နဲ့ အချစ်ရေးအကြောင်း ထပ်ပြောနေရလေသည်တဲ့..။

ကျန်းယွီလည်း သူမကိုယ်သူမ အံ့ဩမိလာသည်..။ သူမက သူတစ်ပါး နာကျင်ဒုက္ခရောက်ခြင်းမှာ သာယာတတ်တဲ့ကောင်တွေကို ဆွဲဆောင်နိုင်သူဖြစ်နေတာလား..။

“ပျော်လား?”

ချူးလီမေးလည်း မေးချင်စရာပင်..။ သူမမျက်လုံးများမှာ ပျာယာခတ်နေပြီး အကြည့်ချင်းလည်း မဆုံအောင် ရှောင်နေသည်လေ။

သူမ ချူးလီကို တစ်စက်မှ မကြိုက်ပါ..။ ဟိုးအရင် စချဉ်းကပ် ကတည်းကပင် သူမစိတ်ရင်းနဲ့ လုပ်ခဲ့သည်မဟုတ်..။ ထို့ကြောင့် ကြောက်ရွံ့မှုနှင့် အတိုက်အခံလုပ်ချင်မှုများကို သူမ မျက်ဝန်းများမှတစ်ဆင့် မြင်နေရလေသည်။

ချူးလီအတွက်ကတော့ သူမမှာ ဘာရည်ရွယ်ချက်ရှိရှိ ဂရုမစိုက်ပါ..။ အာရုံခံစားနိုင်ဖို့အတွက်သာ သူမကိုအသုံးချလိုခြင်းပင်..။

သူတစ်ခါလောက်တော့ အမှန်တကယ် အသက်ရှင်ကြည့်ချင်လိုသည်။

ကျန်းယွီသည် app ကိုဖွင့်လိုက်ပြီး မက်ဆေ့ချ်မှတစ်ဆင့် အနာဂတ်ကချူးလီကို အကူအညီလှမ်းတောင်းရန် စာပို့လိုက်သည်။ မဟုတ်လျှင် အရှုပ်အထွေးတွေ အတော်ဖြစ်လာတော့မည်ပင်..။

စည်းမျဉ်းအရဆိုလျှင် တာဝန်ကိုပြီးမြောက်အောင် မလုပ်နိုင်သည်နှင့် ဆုကြေးနှင့် ထပ်တူဖြစ်သည့်ပိုက်ဆံကို အကောင့်ထဲမှ အနှုတ်ခံရမည်ဖြစ်သည်။ ဒီလိုနှင့် ဘဏ်အကောင့်သာ အနှုတ်ပြခဲ့မည်ဆိုလျှင် သူမဘဝနှင့် ပြန်ပေးဆပ်ရပေလိမ့်မည်..။ ဤအရာသည် ပြန်လည်မွေးဖွားလာခြင်း၏ ဆုလာဒ်ပေတည်း..။

ထို့ကြောင့် တာဝန်ကို လက်ခံလိုက်သည်နှင့် ပြီးဆုံးအောင် လုပ်ရပေတော့မည်။ ရှုံးနိမ့်ခြင်းကို ခွင့်မပြုထားပေ..။ သူမ၏ ပထမဆုံးတာဝန်၂ခုစလုံး အောင်မြင်ခဲ့သောကြောင့် ပိုက်ဆံရခဲ့သည်ဆိုသော်လည်း ထို၂ခုစလုံးသည် သူမ၏အသက်အန္တရာယ်ကို မထိခိုက်စေနိုင်သော တာဝန်များသာ ဖြစ်ခဲ့ပေသည်။

(လူဆိုးလေးအားကယ်တင်ခြင်း) တာဝန်ကတော့ ယွမ်သန်း၃ရာတန်တာဝန်ပေ..။

သေခြင်းတရားနှင့် ယှဉ်ပြောမည်ဆိုလျှင် ဒီနတ်ဆိုးကောင်နှင့် အချစ်အကြောင်းပြောနေရသည်မှာ ဘာမှမဟုတ်သေးချေ..။

သူမ ဂရုမစိုက်တော့ပါ။

ကျန်းယွီတစ်ယောက် အံကိုတင်းတင်းကြိတ်လိုက်ကာ ပြောလိုက်သည်။

“အိုခေလေ.. ငါတို့တွဲကြမယ်”

ချူးလီ၏ နှုတ်ခမ်းထောင့်လေးမှာ ကွေးတက်သွားလေသည်။

“အိုခေ”

ပြန်ဖြေလိုက်သည်ဆိုသော်လည်း သူမ စိတ်မပါဖြစ်နေသည်ကို သူသေချာမြင်နေရသည်..။ သူ့ထံမှ သူမဘာလိုချင်နေလဲဆိုတာ သူလည်းမသိပေ။ သို့သော် သူဂရုမစိုက်ပါ။ နှစ်ဦးနှစ်ဖက်လုံး လိုချင်တာရကြတာပဲမို့ အဆင်ပြေသွားပေလိမ့်မည်..။

ကျန်းယွီကတော့ ချက်ချင်းဆက်ပြောလိုက်သည်။

“ဒါပေမယ့် အခြေအနေတစ်ချို့တော့ရှိတယ်နော်”

“ဟမ်?”

“ငါ မလုပ်ချင်တာမှန်သမျှ နင်ဘာမှမလုပ်ရဘူး”

ကျန်းယွီသည် ခဏလောက်vစဉ်းစားလိုက်ပြီးမှ ယဉ်ယဉ်ကျေးကျေး လေသံနှင့်သာ ဆက်ပြောလိုက်သည်။

“ဥပမာ.. အသားချင်းထိတာတို့.. နမ်းတာတို့”

သူမဘာမှမပြောလျှင်တောင် ချူးလီက ဒီအရာတွေကို အတင်းအကြပ်လုပ်မည် မဟုတ်ပါ။ သို့သော် သူမကို တမင်သက်သက် စချင်သောကြောင့်“မင်းပဲ ငါ့ကိုစိတ်ဝင်စားနေတာ မဟုတ်ဘူးလား.. ဒါဆို မင်းပြောနေတဲ့အချစ်က ဘယ်လိုမျိုးလဲ။ ၅၂၈အချစ်လား”

“အခုတော့ မရသေးဘူးလို့ ပြောတာ.. အနာဂတ်မှာတော့ ဖြစ်နိုင်ပေမယ့်..။ နင်သဘောတူလား မတူဘူးလားပဲ ဖြေစမ်းပါ။ သဘောမတူဘူးဆိုရင်လည်း မေ့လိုက်တော့”

ချူးလီသည် အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကောင်းစွာ သဘောပေါက်သောကြောင့် သဘောထားကြီးသည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။

“အိုခေလေ ငါ့ရည်းစားလေး.. မင်းကြိုက်သလိုသာလုပ်”

ကျန်းယွီတစ်ယောက် အိမ်ပြန်ရောက်သည်နှင့် လိုက်ကာကိုဆွဲချလိုက်ကာ အိပ်ရာပေါ်တွင် လဲချလိုက်လေသည်။ သူမ၏စိတ်သည်တော့ ဗလာဖြစ်နေသည်ပင်..။

ဒါဘာတွေ ဖြစ်ကုန်တာပါလိမ့်..။

ချူးလီတစ်ယောက် ဘာလို့ရုတ်တရက်ကြီး သူမနဲ့တွဲချင်သွားရတာလဲဆိုတာ သူမတကယ်ကို ပဟေဠိဖြစ်နေလေသည်။

အရင်တစ်ခေါက်တွေတုန်းက သူမကို အတော်အမြင်ကတ်နေခဲ့တာ မဟုတ်ပါဘူးလား..။ အမြဲတမ်း သူ့ကိုလာမရှုပ်ဖို့ပဲ ပြောနေခဲ့တာ မဟုတ်ဘူးလား..။

ဒီနေ့ဖြစ်ခဲ့သမျှကို ကျန်းယွီတစ်ယောက် သေချာပြန်စဉ်းစားကြည့်လိုက်သည်။ သူအစားစားသည့်ပုံမှာ နေ့ရောညပါ ဆာလောင်နေခဲ့ရပုံနှင့် တူနေလေသည်။

ဒီအကြောင်းတွေးမိသည်နှင့် ကျန်းယွီတစ်ယောက် ချက်ချင်း မတ်တပ်ထရပ်လိုက်လေသည်။

ဖြစ်နိုင်တာက.. သူမကိုချမ်းသာတယ်ထင်လို့ တွဲချင်ခဲ့တာများလား..?

သူမစဉ်းစားလေလေ ဒါကလွဲပြီး တစ်ခြားဟာ မတွေးမိတော့လေ ဖြစ်လာတော့သည်။

သူ့မှာ ထမင်းစားဖို့ပိုက်ဆံမရှိဘူးဟု ချူးလီအမြဲပြောနေခဲ့တာ မဟုတ်ပါဘူးလား..? ဒါကို သူမဘက်က သူ့ကိုအရင်စချဉ်းကပ်ပြီး တက်တက်ကြွကြွနဲ့ ညစာဝယ်ကျွေးဖို့တောင် ဖိတ်လိုက်သေးသည်...

သူမ၏ဒီလောက်လေး ပိုက်ဆံရှိတာကို မျက်စိကျသည့်ကောင်လေးမျိုး အနားမှာရှိလာလိမ့်မည်ဟု ကျန်းယွီတစ်ခါမှ မတွေးခဲ့ဖူးချေ..။

ထို့အပြင် ဒီကောင်လေးကြည့်ရတာ အတော်လေးကိုချောပြီး IQ ကလည်းအလွန်မြင့်လှသည်။ အနာဂတ်မှာ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုတာကိုသာ မသိထားခဲ့ရင် ဒီကောင်လေးတစ်ယောက် ဘာမူမမှန်နေလဲဆိုတာ ကျန်းယွီ သတိတောင်ထားမိမည် မဟုတ်ပေ..။

သူမသည် app ကိုဖွင့်လိုက်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ချူးလီထံ စာပို့လိုက်သည်။

မည်သို့ပင်ဆိုစေ သူ့အတိတ်ကအကြောင်းကို သူသာလျှင် အသိဆုံး မဟုတ်ပါလား..။ ထို့ကြောင့် သူ့ဆီကအကြံဉာဏ်ရခြင်းသည် တာဝန်လုပ်ဆောင်ရာတွင် အကျိုးရှိပေလိမ့်မည်။

ညသန်းခေါင် ကျန်းယွီတစ်ယောက် အိပ်ပျော်တော့မည့်အချိန်တွင် သူမလက်ထဲမှဖုန်းမှာ တုန်ခါလာလေသည်။

သူမလည်းနိုးလာပြီး ချူးလီ၏ စာကိုတွေ့လိုက်ရသည်။ “မင်းသေချာစိတ်ကို မဆုံးဖြတ်ထားရသေးဘူးဆိုရင် ငါနဲ့သွားမရှုပ်တာ ကောင်းလိမ့်မယ်”

ကျန်းယွီ - “နင်ဘာကို ဆိုလိုချင်တာလဲ?”

ချူးလီ - “နင်က ငါ့ကိုစိတ်ဝင်စားတယ်ပြောတယ်.. ပြီးတော့ တွဲဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် နင်သာတကယ် ငါ့ရည်းစားအဖြစ် ကောင်းကောင်းမပြုမူဘူးဆိုရင် နောက်ပိုင်းကျ နင်နောင်တရလိမ့်မယ်”

ကျန်းယွီ - “ဒါပေမယ့် နင့်ကို ကူညီနိုင်တာက ဒီနည်းလမ်းအပြင် မရှိတော့ဘူးလေ”

သူငယ်ရွယ်စဉ်တုံးက သူ့စိတ်က ဘယ်လိုလဲဆိုတာ ကျန်းယွီတစ်ယောက် တကယ်ကို အဖြေမရှာတတ်တော့ပါ။

သူမကိုအချိန်တိုင်း ဆန့်ကျင်ချင်နေသော ချူးလီငယ်တစ်ယောက် သူမစကားကို ဘယ်လိုလုပ်နားထောင်မှာတဲ့လဲ..။

ချူးလီ - “မင်းလုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာတော့မဟုတ်ဘူး။ ကိုယ့်ဟာကိုယ်စဉ်းစားလေ.. ဝန်ဆောင်ခယွမ်သန်း၃ရာနဲ့ ကိုယ့်အသက်နဲ့ကို ချိန်ဆပြီးလုပ်ပေါ့”

ကျန်းယွီ - “နင်ရော ဘယ်လိုထင်လဲ”

ယွမ်သန်း၃ရာဆိုသည်မှာ ကြားလို့ကောင်းလှသည်။ သို့သော် အဓိကအချက်မှာ သူမသာ တာဝန်ကိုပြီးဆုံးအောင် မလုပ်နိုင်လျှင် သေရမည်သာဖြစ်သည်။

ချူးလီ - “အဆင်ပြေတယ်လေ.. တာဝန်ပြီးမြောက်အောင် လုပ်နိုင်ဖို့အတွက် မင်းဘာမဆိုလုပ်သင့်တာပဲ”

ကျန်းယွီ - “...”

ကျန်းယွီနှင့် ဟော့ချန်ပြတ်သွားပြီဆိုသော သတင်းသည် ယွင်ရှီး အထက်တန်းကျောင်း တစ်ခုလုံးကို ဒုံးကျည်ကဲ့သို့ပင် ပျံ့သွား၏။

ကျောင်းသားများလည်း ထိုအကြောင်းကိုပြောနေကြကာ မယုံနိုင် ဖြစ်နေကြလေသည်။ ကျန်းယွီက လမ်းခွဲဖို့စပြောသည်ကို သိရသောအခါ ပို၍ပင် အံ့ဩကုန်ကြ၏။

ကျန်းယွီသည် အရင်တုံးကဆိုလျှင် ဟော့ချန်စကားအရမ်းနားထောင်လှသည်။ ထို့အပြင် ဟော့ချန်အား သူများတွေ လုယူသွားမှာကိုပင် ကြောက်နေသူတစ်ဦးဖြစ်၏။

ထိုလူမျိုးက လမ်းခွဲစကားစပြောသည်ဆိုသည်မှာ သူမစတိုင်ဟုတ်မနေပေ..။

“ဘာလို့ ဟော့ချန်နဲ့ လမ်းခွဲရတာတဲ့လဲ”

“ငါလည်းမသိဘူး.. ငါကြားတာတော့ ကျန်းယွီက လမ်းခွဲဖို့ စပြောတာဆိုတာပဲ”

“သူ့မိသားစုက အရမ်းဆင်းရဲတာလေ။ နောက်ဆုံးတော့ ဟော့ချန်လိုလူမျိုးကို ဖမ်းမိထားတာကို သူကဘယ်လိုတောင် ပြတ်နိုင်ရတာတဲ့လဲ? ဖြစ်နိုင်တာကတော့ ဟော့ချန်ကပဲ သူ့ကိုပျင်းသွားလို့နေမှာပါ”

“ဖြစ်နိုင်တယ်။ ထောင်အန်ရှင်းနဲ့ တူတယ်ဆိုပြီး ဟော့ချန်နောက်ကို ခွေးလိုကပ်လိုက်နေတာလေ။ တကယ်တန်ဖိုးမရှိတဲ့ဟာ”

ထောင်အန်ရှင်းသည်တော့ သူမအိမ်စာများကိုသာ ခေါင်းစိုက်လုပ်နေလေသည်။ ကောင်မလေးတွေပြောသမျှကို ဂရုမစိုက်ဘဲ မကြားချင်ယောင်ဆောင်နေလေ၏။

ပွဲရှာလိုသော ခပ်ရဲရဲကောင်မလေး တစ်ယောက်ကတော့ ထောင်အန်ရှင်းနားကို လျှောက်သွားကာ ပြောလိုက်လေသည်။

“အန်ရှင်း.. ဟော့ချန်က နင့်ကိုအရမ်းကြိုက်တာ နင်သိရဲ့သားနဲ့။ နင်သာ သူ့ဆီလာမယ်လို့ ကတိလေး တစ်ချက်ပေးလိုက်တာနဲ့ အတုမက အမြဲတမ်းအတုပဲဖြစ်နေမှာဆိုတာ အယောင်ဆောင်မ ကျန်းယွီကို ပြလို့ရပြီ”

“ငါသူ့ကို ဘာကတိမှမပေးနိုင်ဘူး.. ငါစာပဲကြိုးစားလုပ်ချင်တာ”

ထောင်အန်ရှင်းသည် ရေးလက်စဘောပင်ကိုချ၍ ပြောလိုက်သည်။

“ပိုက်ဆံလေးပဲဟာ.. ငါဂရုမစိုက်ဘူး”

ထို့အပြင် ယောင်္ကျားတွေကို လွယ်လွယ်နဲ့ အနိုင်မပေးသင့်ပေ.. သို့မဟုတ်လျှင် တန်ဖိုးထားကြမည်မဟုတ်ဟု သူမအမေက သင်ကြားပေးခဲ့သည်ပင်။

ဟော့ချန်သည် ဘယ်နေရာကမှ အထင်သေးစရာရှိမနေပါ..။ မိသားစု နောက်ခံကောင်းလှပြီး ရုပ်ရည်လည်း ချောမောပေသည်။ ထို့အပြင် သူသည် သူမကို နက်နက်ရှိုင်းရှိုင်းချစ်နေသည်ပင်..။ ထို့ကြောင့် သူဒီလိုဖြစ်နေလေ သူမဘက်က ပိုတင်းရမည်ဖြစ်သည်။ ဒါမှသာ သူမကို ပိုပိုလိုချင်လာလိမ့်မည်ပင်။

“အရည်အချင်းသာရှိရင် ဘာမဆိုလုပ်နိုင်မှာပဲ”

ထောင်အန်ရှင်းတစ်ယောက် သူတော်ကောင်းမကြီးလေသံဖမ်း၍ ဆိုလိုက်သည်။

“အဲ့ဒါ ငါချမှတ်ထားတဲ့မူပဲ"

ကောင်မလေးများသည်လည်း ထောင်အန်ရှင်းကို အထင်ကြီး သွားကြလေသည်။

“အန်ရှင်းရယ်.. ဒါကြောင့်လည်း ဟော့ချန်က နင့်ကိုဒီလောက်ကြိုက်တာကိုး..။ အဲ့ဒါကြောင့်လည်း ရှာတာတောင် နင့်အစားထိုးကိုပဲ ရှာတာလေ။ ပြီးတော့ နင့်အမြင်က မှန်တယ်ဟ”

“လူတစ်ချို့နဲ့တော့ ဘယ်တူပါ့မလဲ.. အန်ရှင်းနဲ့ တူတာကို အကြောင်းပြပြီး ဟော့ချန်ကို မြူဆွယ်ဖို့ပဲ အကောင်းဆုံး ကြိုးစားနေကြလေရဲ့”

“အပြင်ပုံစံတူတော့ရော ဘာအသုံးဝင်မှာမို့လို့လဲ.. ပင်ကိုယ်စရိုက်က ဒီလောက်မိုးနဲ့မြေ ကွာခြားနေကြတဲ့ဟာ”

“ဘွင်းဘွင်းလင်းလင်း ပြောရရင် အစားထိုးခံမသက်သက်ပဲ”

ထောင်အန်ရှင်းလည်း ဝင်ပြောလိုက်လေသည်။

“အဲ့လိုမပြောကြပါနဲ့.. လူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိကြတာချည်းပဲ။ သူ့မိသားစု အခြေအနေကမှ မကောင်းတာ.. ငါတို့သူ့ကို နားလည်ပေးရမှာပေါ့”

သူမဒီလိုပြောလေလေ ကောင်မလေးများက ကျန်းယွီကို အထင်သေးကြလေလေဖြစ်သည်။ “နောက်ခံမကောင်းတော့ရော ဘာထူးသွားလို့လဲ။ အန်ရှင်းတောင်မှ နှစ်တိုင်းပညာသင်ဆုရတာလေ။ ကိုယ်ကိုယ်တိုင်က ဘာမှမကြိုးစားရင် နောက်ဆုံးကျ မကောင်းတဲ့လမ်းပဲ လျှောက်မိမှာပဲ”

ထောင်အန်ရှင်းနှင့် ကောင်မလေးများသည် ကျန်းယွီကို ရွဲ့သလိုလို ခနဲ့သလိုလို အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

ကျန်းယွီကတော့ အခန်း၏ နောက်ဆုံးခုံမှာ ထိုင်နေပြီး စာအုပ်ကြားထဲ ဖုန်းညှပ်ကာ အကဗီဒီယိုကို ကြည့်နေလေသည်။

သူမတို့နှစ်ယောက်၏ မျက်နှာအချိုးအစားက တကယ်ကို အတော်လေး ဆင်တူကြပေသည်။

သို့သော် ကျန်းယွီ၏ မျက်လုံးထောင့်များကတော့ ကျဉ်းမြောင်းပြီး ရှည်လျားသည်။ ထို့အပြင် မျက်လုံးထောင့်လေးများသည်လည်း အပေါ်သို့ အနည်းငယ်တက်နေပြီး ရိုမန်တစ်ဆန်သည့် ဆွဲဆောင်မှုမျိုး ရှိနေလေသည်။

ထောင်အန်ရှင်းတစ်ယောက် ဝန်မခံသော်လည်း သူမကျန်းယွီကို ကြိတ်မနာလိုနေတာဖြစ်ကြောင်း သူမကိုယ်သူမကောင်းကောင်းသိသည်။

ဟော့ချန် သူမကို လိုက်စဉ်က သူမသည် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဟော့ချန်က ကျန်းယွီကို ပြောင်းလိုက်ခဲ့ပြီး ကျန်းယွီက လက်ခံခဲ့သောကြောင့် သူမလည်းအတော် ဝေဖန်ခံခဲ့ရသေးသည်။

ကျောင်းသားများကလည်း ကျန်းယွီနှင့် ထောင်အန်ရှင်းကို မကြာခဏ နှိုင်းယှဉ်ကြကာ ကျန်းယွီကိုတော့ ငွေမက်တဲ့ မိန်းမလို့ပြောကြပြီး ကြီးကျယ်လှသည့် ထောင်အန်ရှင်းနှင့် တစ်ခြားဆီဟု ဆိုတတ်ကြပေသည်။

ထို့ကြောင့်လည်း လူတွေက ကျန်းယွီကို ပိုပိုအထင်သေးလာခဲ့ကြခြင်းပင်။

ဒီလိုမျိုး နှိုင်းယှဉ်မပြောကြဖို့ လူတိုင်းကိုကြုံရင်ကြုံသလို ပြောတတ်သော်လည်း စိတ်ထဲမှာတော့ ထောင်အန်ရှင်းတစ်ယောက် ဒါကိုကျေနပ်နေခဲ့သည်ပင်။

အခု သူတို့နှစ်ဦးပြတ်သွားပြီကြားတော့ ထောင်အန်ရှင်းတွေးမိသည်ကား ဟော့ချန်က အရင် ကျန်းယွီကိုစွန့်ပစ်လိုက်သည်ဟုပင်။

သူမသူငယ်ချင်းပြောသလို အတုက ဘယ်တော့မှ အစစ်ဖြစ်မလာနိုင်ဘူးလေ..။ ဖြစ်နိုင်တာက ဒီကမ္ဘာပေါ်မှာ သူမကိုအစားထိုးနိုင်တာ ဘယ်သူမှမရှိဘူးဆိုတာ ဟော့ချန်တစ်ယောက် နားလည်သွားလောက်ပြီ ဖြစ်ပေလိမ့်မည်။

အတွေးများကို တွေးနေရင်း ထောင်အန်ရှင်းတစ်ယောက် ပြုံးချလိုက်လေသည်။

ကျောင်းဆင်းတော့ အတူတူထိုင်နေသော ကောင်မလေးထံမှ ဟော့ချန် သူတို့အတန်းသို့ လာနေကြောင်းကြားလိုက်ရသည်။

“အန်ရှင်း.. ဟော့ချန် နင့်ကို လာရှာတာထင်တယ်”

“ဟိုအယောင်ဆောင်မကို ပထုတ်လိုက်နိုင်ပြီဆိုတော့ ချက်ချင်းပဲ နင့်ကို လာတွေ့တာဖြစ်ရမယ်”

“ကတိပေးလိုက်စမ်းပါ..။ နင်တို့နှစ်ယောက်ကမှ တကယ်လိုက်ဖက်တာ.. ဟော့ချန်ဘေးမှာရပ်ဖို့ ထိုက်တန်တာ နင်တစ်ယောက်ပဲရှိတယ်”

ထောင်အန်ရှင်းတစ်ယောက် သူမကျောပိုးအိတ်ကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်ကာ “သူဘယ်လောက်ပဲ ပြီးပြည့်စုံနေပြီး၊ ငါ့ကိုဘယ်လောက်ပဲ ကြိုက်ပစေ.. အခုချိန်မှာတော့ ငါ့အတွက် အရေးအကြီးဆုံးက စာကိုအာရုံစိုက်ဖို့ပဲ။ ပြီးတော့ ငါသာ သူနဲ့တွဲလိုက်မယ်ဆိုရင် လူတွေက ငါ့ကိုပါ တစ်ခြားလူတွေလို အထင်လွဲကြလိမ့်မယ်”

ကောင်မလေးများလည်း ဝမ်းနည်းစွာဖြင့် ပြန်ပြောလိုက်ကြသည်..။

“အန်ရှင်းရယ်.. နင်က နင့်ကိုယ်ပိုင်ပျော်ရွှင်မှုကိုကျ အချိန်ဆွဲနေပြီး မလိုအပ်ဘဲ တစ်ခြားလူတွေရဲ့အမြင်ကို တအားအာရုံစိုက်နေတာပဲ”

ထောင်အန်ရှင်းတစ်ယောက် ခေါင်းကိုခါလိုက်ကာ ပြုံးပြီးပြန်ပြောလိုက်သည်။

“ငါယုံကြည်ထားတာက ငါပိုင်တဲ့အရာက အမြဲတမ်းငါ့အပိုင်ပဲ ဖြစ်နေမှာပဲ.. ဘယ်သူမှ ယူသွားလို့မရဘူး”

ပြောနေစဉ်မှာပင် ဟော့ချန်တစ်ယောက် အခန်းတံခါးရှေ့ပင် ရောက်နေလေပြီ..။

မျက်နှာသည်လည်း စိုးရိမ်ကြောင့်ကြနေသည့်ပုံပေါ်နေပြီး အခန်းတစ်ခန်းလုံးကို မျက်စိဝေ့ကြည့်လိုက်သည်။ သူ့ကြည့်ရတာ တစ်ယောက်ယောက်ကို ရှာနေသည့်ပုံပင်..။

အနီးအနားကကောင်မလေးများကတော့ ထောင်အန်ရှင်းကို ရှေ့ကိုတွန်းပေးလိုက်ပြီး“အန်ရှင်း.. သူ နင့်ကိုလာရှာနေတာတဲ့”

“ငါဟော့ချန်ကို နွေရာသီတစ်ဖြတ်လေးပဲ မတွေ့လိုက်ရတာကို သူအရမ်းချောလာတာပဲဟယ်”

ဟော့ချန်တစ်ယောက် ဒီနေ့ သူ့ကိုယ်သူ ပြင်ပြင်ဆင်ဆင်လုပ်လာဟန် ပေါက်သည်။ ကြည့်ကောင်းသည့် ဘတ်စကတ်ဘောအင်္ကျီကို ဝတ်ဆင်ထားပြီး အခုခေတ်စားနေသည့် ကိုရီးယားဆံပင်ပုံစံလည်း ပြင်ထားသေးသည်။ သူ့လည်ပင်းတစ်ဝိုက်မှာ ခေတ်ဆန်သည့် အင်္ကျီကြိုးချိန်းလေးများပါ ဝတ်ဆင်ထားသောကြောင့် သူ့ကြည့်ရတာ အတော်ကို ဟစ်ဟော့ဆန်လှသည်။

“ဒီလိုလိုက်ဖက်တဲ့ လူမျိုးရှိနေတာ အန်ရှင်းကတော့ တကယ်ကံကောင်းတာပဲ”

ကောင်မလေးများသည် ထောင်အန်ရှင်းကို မနာလိုဖြစ်စွာဖြင့် ကြည့်လိုက်သော်လည်း ထောင်အန်ရှင်းကတော့ သက်ပြင်းချကာ ဟော့ချန်နားကို လျှောက်သွားလေသည်။

“ငါနင့်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ.. ငါတို့ကြားမှာ ဘာမှမဖြစ်နိုင်ဘူးလို့”

ဟော့ချန်ကတော့ ထိုနေ့က သူ့လုပ်ရပ်အတွက် ကျန်းယွီကိုတောင်းပန်ရန် ရောက်လာခြင်းဖြစ်သည်။ သို့သော် အခန်းထဲ ဝင်ဝင်ချင်းမှာပင် ထောင်အန်ရှင်းဆီက အဖဲ့ခံလိုက်ရလေသည်။

ဘေးနားမှာ ရှိနေသောလူတွေကို ကြည့်လိုက်ပြီး သူတော့ ပွဲထဲရောက်ပြီဆိုတာကို သိလိုက်တော့သည်။

“နင်အခုတော့စာမှာပဲ အာရုံစိုက်နိုင်ဖို့ကို ငါမျှော်လင့်တယ်.. အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူးလေ”

ထောင်အန်ရှင်းတစ်ယောက် ဆက်ပြီး ငါးမျှားချိတ်ကို ချပေးလိုက်သည်။

“အရင်ဆုံး ငါတက်ချင်တဲ့တက္ကသိုလ်ကို ဝင်နိုင်အောင်ကြိုးစားလေ.. ဒီအကြောင်းကို အဲ့ကျမှပဲ ဆက်ပြောကြတာပေါ့”

သူမပြောတာကို ဟော့ချန်တစ်ယောက် လိုလိုလားလား သဘောတူလိမ့်မည်ဟု လူတိုင်းက ထင်ထားသော်လည်း မဖော်ပြနိုင်သော ဒေါသတစ်ခု ဟော့ချန်ရင်ထဲတွင် တလိပ်လိပ် တက်လာလေသည်။

ဒီမိန်းကလေး မောက်မာမှုချက်က သူ့ကိုလူပုံအလယ်မှာ ဟာသဖြစ်အောင်ပဲ လုပ်နေတယ်ဆိုတာ ဟော့ချန်ကောင်းကောင်းသိလာသည်။ ဒါကြောင့်လည်း သူမအနားကို ဆက်မသွားချင်တော့တာ ဖြစ်ပေသည်..။

ဟော့ချန်သည် ထောင်အန်ရှင်းကို လျစ်လျူရှုလိုက်ပြီး သူမကိုတိုက်၍ ဖြတ်လျှောက်လိုက်ကာ ရင့်ရင့်သီးသီးပဲ ပြန်ပြောလိုက်လေသည်။

“ဖယ်စမ်းပါ ငါ့လမ်းကို လာပိတ်နေတယ်”

ထောင်အန်ရှင်းလည်း ဟော့ချန် တိုက်သွားတာကြောင့် မြေပေါ်ပင် လဲမကျမတတ် ယိုင်သွားရလေသည်..။ သို့သော် ကံကောင်းစွာဖြင့် သူမဘေးနားကကောင်မလေးက ခံပေးထား၍ပေ..။

သူမသည် ဟော့ချန်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်လေသည်..။ သူမအပေါ် ဒီလောက် ရင့်သီးနေဖို့ကို လုံးဝမျှော်လင့်မထားဖူးပေ။

ဒီလိုဖြင့် ဟော့ချန်တစ်ယောက် ကျန်းယွီဆီကို တည့်တည့်လျှောက်သွားလိုက်သည်။

All Chapters