← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

ကျန်းယွီသည် ‘ပုထျန်းယန်’ ဆိုသော နာမည်ကို မြင်လိုက်သည်နှင့် အတော်ကိုရှော့ခ်ရသွားလေသည်။

သူမဒီလောက် အချိန်အကြာကြီး သဘောကျခဲ့ရတဲ့ ဘဲလေးဘုရင်မ ပုထျန်းယန်လား..။

သူမအိုင်ဒေါရဲ့ ဒီအတင်းအဖျင်းတွေက တကယ်ကို အမှန်ပဲလား...?

သူမမှာ တကယ်ကို သမီးတစ်ယောက်ရှိခဲ့တာလား..?

ဘုရားရေ...

ကျန်းယွီသည် စာရိုက်နေရင်းပင် လက်တွေတုန်လာပြီး ရှဲ့ယွမ်ကို ထပ်အတည်ပြုကြည့်လိုက်သည်။

“အဲ့ဒါက... နင်ပြောနေတဲ့ ပုထျန်းယန်ဆိုတာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ကွယ်လွန်သွားတဲ့ ဘဲလေးအကဘုရင်မ ပုထျန်းယန်လား.. ဟုတ်လား?”

ရှဲ့ယွမ်၏ တုံ့ပြန်မှုကတော့ အေးတိအေးစက်နိုင်လှသည်။

“မင်းတို့ပြန်လည်မွေးဖွားခြင်းကုမ္ပဏီဘက်က ကာစတမ်မာရဲ့ အတွင်းရေးကိုလည်း ဝင်စွပ်ဖက်တတ်တာပဲလား?”

“…”

ကြည့်ရတာ ကာစတမ်မာက သည်းခံနိုင်စွမ်းသိပ်မရှိတဲ့လူ ဖြစ်ပေလိမ့်မည်။

ရှဲ့ယွမ် - “ငါပြောတဲ့အတိုင်းသာလုပ်ပေး... ပိုက်ဆံအများကြီးပေးမယ် ဘာမှမမေးနဲ့”

ကျန်းယွီလည်း သဘောတူလိုက်သည်။

ပုထျန်းယန်၏ သေဆုံးခြင်းနှင့်ပတ်သတ်ပြီး ယူဆချက်များစွာရှိခဲ့သည်ပင်..။ သူမသာ တကယ်ကလေးရှိခဲ့တာဆိုရင် ယောင်္ကျား ဒါမှမဟုတ် ရည်းစားရှိခဲ့တာ ဖြစ်ရပေလိမ့်မည်။ ဒီလိုသာဆိုလျှင် အကနယ်ပယ်တစ်ခုလုံးအတွက် အတော်ရိုက်ခတ်မှုဖြစ်လာမည့် ဖြစ်ရပ်တစ်ခုပင်။

ကျန်းယွီသည် ဒီကိစ္စ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သတိမူမိပြီး၊ မပြောသင့်သည့် ကိစ္စတစ်ခုလည်းဖြစ်သည်ဆိုတာကို ကောင်းကောင်း နားလည်လေသည်။ ထို့ကြောင့် အလိုက်ကမ်းဆိုးသိသိနဲ့ တာဝန်ကိုသာ အောင်မြင်အောင်လုပ်ပြီး ပိုက်ဆံသာ ယူသင့်ပေသည်။

ညရောက်တော့ အိပ်ရာထဲတွင် ဟိုလိမ့်လိုက် ဒီလိမ့်လိုက်ဖြင့် သူမအိပ်မပျော်နိုင်ဖြစ်နေပေသည်။

ရုတ်တရက်ပင် တစ်ခုခုကိုတွေးမိသွားသဖြင့် ကမန်းကတမ်းအိပ်ရာထဲမှ ခုန်ထွက်လိုက်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်လေသည်။

ပြတင်းပေါက်အပြင်မှာတော့ ပေချန်တစ်မြို့လုံး၏ စီးပွားရေး အချက်အချာနေရာဖြစ်သော အမြင့်ဆုံးရုံးအဆောက်အဦးကြီး ရှိနေလေသည်။

ရှဲ့ယွမ်နာမည်ကို သူမရင်းနှီးနေတာ မထူးဆန်းတော့ပေ။

ဒီအဆောက်အဦး အမြင့်ကြီး၏ ပိုင်ရှင်ဖြစ်သူ ယွဲ့ဖန်နည်းပညာကုမ္ပဏီ ပဲ့ကိုင်ရှင်ပေါ့..။ မြောက်ပိုင်းမြို့ရဲ့ ဩဇာအာဏာ အရှိဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ ရှဲ့ယွမ်မဟုတ်ပါဘူးလား။

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းယွီတစ်ယောက် ယွဲ့ဖန်နည်းပညာကုမ္ပဏီရှိရာ ထိုစီးပွားရေးအဆောက်အဦးကြီးဆီသို့ သွားလေသည်။

သို့သော်ငြားလည်း ရှဲ့ယွမ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက တော်ရုံလူ တွေ့လို့ရမှာမဟုတ်ပေ။

ကြိုတင်ချိန်းဆိုထားခြင်း မရှိသောကြောင့် ကျန်းယွီတစ်ယောက် ဧည့်ကြိုကောင်တာမှာတင် အကြိမ်ကြိမ် ငြင်းဆိုခံခဲ့ရလေသည်။

“မရပါဘူး။ ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီပါဘူး”

ကောင်တာမှ အမျိုးသမီးက သောကများနေသော ကျန်းယွီကိုကြည့်၍ ပြောလိုက်သည်။ တကယ်အရေးကြီးသည့် ကိစ္စရှိနေလားဆိုတာကိုလည်း အနည်းငယ် သတိထားကြည့်လိုက်သည်။

“ပြောချင်တာကို ပြောထားခဲ့ပါ။ ကျွန်မ ဥက္ကဌရှဲ့ကို ပြောထားပေးပါမယ်” ထို့နောက် စာရွက်တစ်ရွက်နှင့် ဘောပင်ကို လှမ်းပေးလိုက်သည်။

သို့သော် ဒီလောက်အရေးကြီးသည့်ကိစ္စကို ကျန်းယွီတစ်ယောက် ဘယ်လိုလုပ် ချရေးနိုင်မှာတဲ့နည်း..။ ဒီ့အပြင် သူ့အိုင်ဒေါ ပုထျန်းယန်၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသည့်အရာကိုလေ။

ကျန်းယွီတစ်ယောက် ဘာမှမရေးဘဲ ဟိုဘက်လှန်လိုက် ဒီဘက်လှန်လိုက်သာ လုပ်လိုက်သည်။

ရှဲ့ယွမ် ပေးသောတာဝန်မှာ သတင်းစကားပို့ပေးရုံလေးသာဖြစ်တာမို့ လွယ်ကူသည်ဟု ထင်ရပေသည်။

သို့သော် ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်လိုက်သည့်အခါမှာတော့ ယွမ်တစ်သိန်းခွဲရဖို့က တကယ်ကိုမလွယ်ကြောင်း သိလာတော့သည်။

ပထမဆုံးအနေနှင့် ရှဲ့ယွမ်နှင့် တွေ့ရဖို့မှာ ကောင်းကင်ကိုထိရတာလိုပင် ခက်ခဲလှသည်။ သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာကို ယုံအောင်ပြောပြပေးဖို့ အသာထားဦး..

ကျန်းယွီတစ်ယောက် ယွဲ့ဖန်နည်းပညာကုမ္ပဏီ ရုံးအဆောက်အဦးထဲတွင် တစ်နေကုန်မနေနိုင်ပါ။ သူမအတန်းတက်ပြီး အကလေ့ကျင့်ရဦးပေမည်။

နောက်နှစ်ရက်နေတော့ အတန်းတွင်းလှုပ်ရှားမှုတစ်ခုရှိခဲ့သည်။ သူမနှင့်အတူထိုင်သော ချန်ဝေးထံမှ နောက်အပတ်တနင်္လာနေ့တွင် ပြုလုပ်မည့် ကျောင်း၏သိပ္ပံနှင့်နည်းပညာပြပွဲအတွက် ယွဲ့ဖန်နည်းပညာကုမ္ပဏီဥက္ကဌကို ဖိတ်ထားကြောင်း သတင်းရလိုက်သည်။

သူမ၏အိမ်စာများကို လုပ်နေရင်းပင် ကျန်းယွီတစ်ယောက် ပုံမှန်အတိုင်း ပြောလိုက်သည်။

“ရှဲ့ယွမ် မဖြစ်နိုင်ပါဘူး”

“ရှဲ့ယွမ်တဲ့ဟ”

စာရေးနေတာကိုရပ်လိုက်ပြီး ချန်ဝေးကိုကြည့်လိုက်ကာ“တကယ်ကြီး သူလား”

“အင်းလေ.. ကျောင်းက သူ့ကိုဖိတ်ထားတာပဲ။ လူသားနဲ့ကွန်ပျူတာကြားက ဆက်ဆံရေးအတွက် အီလက်ထရောနစ် ပစ္စည်းတစ်မျိုးလုပ်တာမှာ ကူညီပေးနိုင်ဖို့ သိပ္ပံနဲ့နည်းပညာပြတိုက်ကို ရှဲ့ယွမ် ရင်းနှီးမြှုပ်နှံပေးဖို့ မျှော်လင့်နေကြတာလေ”

သေချာသလောက်ပင်.. စာသင်တုန်းက ဒီအကြောင်းကို ဆရာမမှ တစ်တန်းလုံးအား ပြောသွားလေသည်။

“သိပ္ပံနဲ့နည်းပညာပြတိုက်ကို ယွဲ့ဖန်နည်းပညာကုမ္ပဏီဥက္ကဌ ရှဲ့ယွမ် လာလည်တဲ့အခါကျရင် သူ့ကိုငါတို့လုပ်ငန်းစဉ်တွေအကြောင်း ရှင်းပြပေးမယ့် ကျောင်းသားတစ်ချို့ကို ရွေးချယ်ဖို့လိုတယ်။ ကိုယ့်ဟာကိုယ်စိတ်ပါလို့ စာရင်းပေးချင်တဲ့လူရှိလား?”

ကျောင်းသားများလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြပြီး ဘယ်သူမှ လက်မထောင်ရဲကြပေ။

“ငါကြားတာတော့ ရှဲ့ယွမ်က အတော်လေးသေးသေးတင်မခံတဲ့အပြင် စိတ်အပြောင်းအလဲတအားမြန်တာတဲ့”

“သူငယ်ငယ်တုန်းက ထောင်လဲကျဖူးတယ်တဲ့.. ကြောက်ဖို့ကောင်းလိုက်တာ”

“ငါသာ သူ့ကိုတစ်ခုခုမှားပြောမိလိုက်တာနဲ့ ကျောင်းပရောဂျက်ကိုပါ သွားထိခိုက်မှာမဟုတ်ဘူးလား။ အဲ့လောက်ကြီးလေးတဲ့ တာဝန်ကြီး ငါတော့မလုပ်နိုင်ဘူး”

ရှေ့ဆုံးတန်းက ထောင်အန်ရှင်းမှလွဲ၍ ဘယ်ကျောင်းသားမှ လက်မမြှောက်ခဲ့ပေ။

စိတ်ပါဝင်စားမှုအပြည့်နှင့် ဒီတာဝန်ကိုယူလိုကြောင်း ပြသသည့်အနေနှင့် သူမလက်ကို မြင့်မြင့်လေးမြှောက်ထားလေသည်။

အတန်းသားတွေ အကုန်လုံးလည်း ထောင်အန်ရှင်းကို အထင်ကြီးသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။

ထောင်အန်ရှင်းသည် ဒီလိုအဆင့်အတန်းမြင့်မြင့်အလုပ်များကို အမြဲတမ်း လုပ်ချင်နေခဲ့သည်ပင်။ ဒီ့အပြင် ဒီလိုအလုပ်မျိုးများကို ကောင်းကောင်းလုပ်နိုင်သည့်အရည်အချင်းမျိုး သူမတွင်ရှိသည်ဟုလည်း ခံယူထားလေသည်။

“အိုခေလေ.. ဒါဆို သူ့ကိုပဲ အပ်လိုက်မယ်နော် ထောင်...”

ဆရာပြောလို့ပင် မဆုံးသေးခင်မှာပဲ နောက်ဆုံးတန်းမှ ကျန်းယွီတစ်ယောက် လက်မြှောက်လိုက်ကာ မေးလိုက်သည့်မေးခွန်းကြောင့် ဆရာလည်း အတော်အံ့အားသင့်သွားရလေသည်။

“သမီးရော စာရင်းပေးလို့ရတယ်မလား”

အတန်းသားတွေအကုန်လုံးလည်း လက်မြင့်မြင့်မြှောက်ထားသောကျန်းယွီကို နောက်ပြန်လှည့်ကြည့်လိုက်သည်။

“ဆရာ သမီးလည်းစာရင်းပေးမယ်”

ဒီနည်းလမ်းတစ်ခုတည်းကသာ သူမရှဲ့ယွမ်နှင့်တွေ့နိုင်ပြီး စကားပြောခွင့်ရမယ်ဆိုတာကို ကျန်းယွီသိလေသည်။ ဒါကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ပေ..။

“ကျန်းယွီရော ထောင်အန်ရှင်းရော စာရင်းပေးတယ်ဆိုမှတော့ မျှမျှတတဖြစ်အောင် လုပ်ကြတာပေါ့။ သိပ္ပံနဲ့နည်းပညာပြတိုက်အကြောင်း မိတ်ဆက်လွှာကို အလွတ်ကျက်ဖို့ အချိန်၂ရက်ပေးမယ်။ သောကြာနေ့နေ့လယ်ကျရင် မိန့်ခွန်းပြောကြည့်ပြီး ဘယ်သူ့ကိုရွေးရမလဲဆိုတာကို အတန်းသားတွေနဲ့ မဲခွဲဆုံးဖြတ်ကြတာပေါ့”

ကျန်းယွီသည် ထောင်အန်ရှင်းနှင့် ပြိုင်ပြောရမည်ဖြစ်သဖြင့် အတန်းထဲကကျောင်းသားများလည်း လှုပ်စိလှုပ်စိဖြစ်လာကြသည်။

ဒါအတော်ကို ပျော်ဖို့ကောင်းမှာပေ။ ကျန်းယွီက ထောင်အန်ရှင်းနဲ့ တူတယ်ဆိုတာ ဘယ်သူကမသိဘဲနေမှာလဲ။ ဟော့ချန်ကြောင့် ကျန်းယွီခမျာ ထောင်အန်ရှင်းအစားထိုးခံတောင် ဖြစ်ခဲ့ရပြီး ‘ထောင်အန်ရှင်းငယ်လေး’ လို့တောင် မကြာခဏ အခေါ်ခံခဲ့ရသည်မဟုတ်ပါလား။

အခုတော့ အစားထိုးခံက တကယ့်နေရာကို ဝင်ယူချင်နေလေပြီ။ အတော်ကြည့်ကောင်းတဲ့ပွဲဖြစ်မှာပေ။

“ကျန်းယွီက ဘာစိတ်ကူးပေါက်ပြီး ဝင်ပါချင်လာရတာလဲ။ ဒီလိုမျိုးတွေကို သူတစ်ခါမှ စိတ်ဝင်စားခဲ့တာမဟုတ်ပါဘူး”

“ထောင်အန်ရှင်းမျက်နှာကို ပိတ်ရိုက်ပစ်နိုင်မယ့် အခွင့်အရေးကို လိုချင်နေတာပဲ”

“ဟော့ချန်ရှေ့မှာ တမင်လုပ်ပြချင်လို့ပဲနေမှာ.. ဘာပဲဖြစ်ဖြစ် ငါတို့ပျော်ရတာပေါ့”

“သူဘယ်လိုလုပ် ထောင်အန်ရှင်းနဲ့ ယှဉ်ရဲရတာလဲ.. သူကအစားထိုးခံ သက်သက်ပဲလေ။ ထောင်အန်ရှင်းနဲ့တူလို့သာ အရွေးခံခဲ့ရတာကို”

အတန်းသားများ၏ တီးတိုးပြောသံများကြောင့် ထောင်အန်ရှင်းတစ်ယောက် မျက်လုံးထဲ ယုံကြည်မှုအပြည့်ဖြင့် ကျန်းယွီကို လှည့်ကြည့်လိုက်သည်။

ကျန်းယွီလို အငုံစိတ်နှင့် သနားကမားလူတစ်ယောက်က သူ့ကို စာမှာဖြစ်စေ၊ လူရှေ့သူရှေ့မှာ စကားပြောရတာဖြစ်စေ ဘယ်လိုလုပ် ယှဉ်နိုင်မှာတဲ့လဲ..။ သူ့ပြိုင်ဘက်ပင် ဟုတ်မနေချေ။

စောင့်ကြည့်ကြတာပေါ့..။

သူမနှင့်တူသည်ဆိုလျှင်တောင် ကျန်းယွီသည် ဘယ်တော့မှ ဒုတိယထောင်အန်ရှင်းဖြစ်မလာနိုင်ပေ။

ညနေရောက်တော့ အကကျင့်ပြီးသည်နှင့် ကျန်းယွီတစ်ယောက် စာမူကိုယူလိုက်လေသည်။ ပြီးနောက် သင်တန်းလှေကားရင်းတွင်ထိုင်၍ စာမူကိုထိုင်ဖတ်နေလိုက်သည်။

စာမူကတော့ သေချာထုပ်ပိုးထားပြီး စာမျက်နှာ ၃ မျက်နှာ ပါဝင်လေသည်။ ပရော်ဖက်ရှင်နယ်ပိုင်းဆိုင်ရာ ဗဟုသုတမျိုးများနှင့် နည်းပညာအသုံးအနှုန်းများ ပါဝင်လေသည်။ ဒီစာမူတစ်ခုလုံးကိုဖတ်ဖို့မှာ သူမအတွက် ခက်ခဲလှပေသည်။

လရောင်အောက်တွင် ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက် လှေကားထစ်အရှည်ကြီးမှတစ်ဆင့် သူမထံသို့ လျှောက်လာနေလေသည်။

ထိုကောင်လေးသည် အနက်ရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး သူ၏ခြေတံများမှာ ရှည်လျားလှပေသည်။ တောက်ပနေသည့် လရောင်အောက်တွင် သူ့ပုံစံမှာညိုးငယ်နေသည့်ပုံပေါက်နေပြီး သူ့အသားအရေကိုကြည့်ရတာ အတော်လေးကို ဖြူဖွေးနေပေသည်။

ချူးလီ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပုံပန်းသွင်ပြင်မှာ အတော်လေး မဆိုးသည့်ထဲပါလေသည်။ ကျန်းယွီသဘောကျသည့် အတိုင်းအတာထဲတွင် အကုန်ရှိလေသည်။

‘ရည်းစားအတု’ ဖြစ်နေတာ အတော်ဆိုးလေတာပဲ။

သူတို့သာ သာမန်စုံတွဲဖြစ်ခဲ့ရင် လူငယ်အတွဲတွေကြားမှာ သူတို့၏ အချစ်သည်လည်း သူများတွေလိုသာ ဖြစ်နေပေလိမ့်မည်။

ကျန်းယွီသည်လည်း... သူ့ကိုအတော်လေး ကြိုက်မိမှာပင်။

“ဒီကိုဘာလာလုပ်တာလဲ”

“မင်းကို လာကြိုတာလေ”

ချူးလီသည် သူမဘေးနားသို့ သုန်သုန်မှုန်မှုန်မျက်နှာထားနှင့် ဝင်ထိုင်လိုက်ပြီး မကျေမနပ်ဖြစ်နေသောလေသံဖြင့် စတင်ပွားလေတော့သည်။

“နေ့တိုင်း အတော်နောက်ကျနေတာပဲ”

ကျန်းယွီလည်း နှုတ်ခမ်းစူလိုက်ပြီး ရင်ထဲတွင် ပန်းတွေပွင့်မနေတော့ချေ။

သူမဘေးကင်းလုံခြုံမှုကို စိတ်ပူလို့မဟုတ်ဘဲ ညလယ်စာစားချင်လို့သာ သူမကိုလာကြိုနေခြင်းသာဖြစ်သည်။

ကျန်းယွီသည် နိဒါန်းကို အလွတ်ရသွားပြီဖြစ်သဖြင့် ထကာမေးလိုက်သည်။

“ငါ့ရည်းစားလေး ဒီနေ့ဘာစားချင်ပါလိမ့်”

“ဒီနေ့မစားတော့ဘူး”

“ထူးထူးဆန်းဆန်းပါလား”

ကျန်းယွီသည် သူ့ဘေးနားထိုင်လိုက်ပြီး

“ငါ့ရည်းစားလေးက ငါ့ကိုအစားအသောက်ကြောင့်မဟုတ်ဘဲ လာကြိုတယ်ပေါ့”

ချူးလီလည်း ပြန်မေးလိုက်သည်။ “ငါတို့တွဲနေတာ စားဖို့တစ်ခုတည်းအတွက်လား”

“မဟုတ်ရင်ရော ဘာရှိသေးလို့လဲ”

ချူးလီတစ်ယောက် နှုတ်ခမ်းမဲ့သွားလေသည်။

“အကုန်လုံးပဲ.. ငါအရာအားလုံးကို လုပ်ကြည့်ချင်တာ”

သူတစ်ခါမှမခံစားဖူးသည့် ခံစားချက်များအားလုံးကို ခံစားကြည့်ချင်သည်။ ညပေါင်းများစွာ သူ့ကိုအိပ်မရဖြစ်စေခဲ့သော၊ သူကိုယ်တိုင်လည်း နားမလည်ခဲ့သော ထိုအရာများအားလုံးကို... ဒီမိန်းကလေးက ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ထင်မိသည်။

သူပြောတာကို ကြားပြီးနောက် ကျန်းယွီလည်း နည်းနည်းစိတ်မကောင်း ဖြစ်သွားကာ ပြန်ပြောလိုက်သည်။

“ငါတစ်ခုတော့ ကြိုပြောထားမယ်နော်.. တစ်ချို့အရာတွေကိုတော့ ငါသဘောမတူနိုင်ဘူး”

ချူးလီသည် သူမကိုကြည့်ရန် သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့မျက်ဝန်းများသည်လည်း ကလူကျီစယ်မှုများဖြင့် ပြည့်နှက်လာလေသည်။

“ဘာတွေလဲ.. ပြောကြည့်လေ”

“သိရဲ့သားနဲ့ ဘာလို့လာမေးနေတာလဲ...”

သူ့ကြည့်ရတာ အနည်းငယ် စိတ်မြူးလာပုံရပြီး သူမနားကို ဖြည်းဖြည်းချင်း ကပ်လိုက်လေသည်။ သူတို့နှုတ်ခမ်းတွေ ထိတော့မယ်ဆိုတာကို သတိထားမိလိုက်သည်နှင့် ကျန်းယွီလည်း အလိုအလျောက်ပင် သူမခေါင်းကို နောက်ဆုတ်လိုက်လေသည်။ သို့သော် ချူးလီကလှမ်းဆွဲထားလိုက်ပြီး သူမခေါင်းနောက်ကို သူ့လက်ဝါးနှင့် ဖိထားလိုက်လေသည်။

“မင်း... ငါ့ကို မကြိုက်ဘူးလား”

သူ့လေသံထဲတွင် အန္တရာယ်များနိုင်သည့် လှုံ့ဆော်မှုတစ်မျိုးလည်း ပါနေလေသည်။ “မင်း...ငါ့ကိုမလိုချင်ဘူးလား”

“အင်း.. ငါနင့်ကိုကြိုက်ပါတယ်။ ဒါပေမယ့် အဲ့လောက်အတိုင်းအတာအထိတော့ မဟုတ်သေးဘူးလေ”

“ငါဖိအားပေးနေတာတော့ မဟုတ်ပါဘူး”

ချူးလီသည် ခပ်ဖွဖွလေး ပြုံးလိုက်ပြီး သူမကိုလွှတ်ပေးလိုက်လေသည်။ ထို့နောက် မျက်လွှာချလိုက်ကာ သူမဖိနပ်ကြိုးချည်ပေးရန် ကိုယ်ကိုငုံံ့လိုက်လေသည်။

“ငါ့မမ အရွယ်ရောက်လာမှာကို မစောင့်နိုင်တော့ဘူးပဲ”

ကျန်းယွီသည် နှလုံးပင်ပေါက်ထွက်မတတ်ဖြစ်သွားလေ၏။

ဘယ်လိုတောင် ရင်ဖိုစရာကောင်းတဲ့ အကြောင်းအရာမျိုးပါလိမ့်။

သူမသည် ခေါင်းကိုလှည့်လိုက်ကာ သူ့ကိုကြည့်ပြီး မေးလိုက်လေသည်။

“ချူးလီ... နင်တကယ်ကြီး ငါ့ကို မချစ်သွားလောက်ပါဘူးနော်”

ချူးလီ၏ ရှည်လျားသေးသွယ်လှသည့်မျက်ဝန်းများက သူမအား စိုက်ကြည့်လိုက်သည်။

“မင်းက ငါ့ကိုမချစ်ဘူးလား”

ကျန်းယွီ - ...

“အချစ်ရယ်.. နင်က ချစ်ဖို့ကောင်းလွန်းလို့ ငါ့မှာသေတောင်သေချင်တယ်”

“ဒါဆိုကောင်းတာပေါ့... ငါတို့အချင်းချင်း ဒီလိုချစ်နေသရွေ့ တစ်ချို့အရာတွေက သူ့အလိုလိုဖြစ်လာမှာပဲ”

“ဒါဆိုလည်း အဲ့အချိန်အထိ စောင့်ပေါ့”

“ငါစောင့်မှာပါ”

ကျန်းယွီတစ်ယောက် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စာမူကိုထုတ်လိုက်ကာ နိဒါန်းကိုသာ ပြန်ရွတ်နေလိုက်သည်။

ချူးလီသည် သူမ၏ အလေးအနက် ထားသော ပုံစံကိုကြည့်လိုက်သည်။ ဘဲလေးအကမှလွဲ၍ တစ်ခြားအရာအပေါ် သူမကြိုးကြိုးစားစား လုပ်နေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းလည်း ဖြစ်သည်။

“ဒီအခွင့်အရေးကို အဲ့လောက်တောင် လိုချင်တာလား”

“ဒါပေါ့.. ရှဲ့ယွမ်ဟာကို”

“ရှဲ့ယွမ်က ဘာဖြစ်လို့လဲ”

ချူးလီသည် အနည်းငယ် အူတိုနေသည့်ပုံစံပေါက်လေသည်။

“မင်းတကယ်ပဲ သူ့ကိုသိချင်တာလား”

“ဒါပေါ့.. သဝန်တော့မတိုဘူးမလား”

“ဟား”

ချူးလီတစ်ယောက် ဘာမှမဖြစ်သလိုလုပ်ပြနေသော်လည်း သူတကယ်ကို မပျော်နေပါ။

ဒီလိုအူကြောင်ကြောင်လေးဖြစ်နေတာ ချစ်ဖို့ကောင်းသည်ဟု ကျန်းယွီတွေးလိုက်မိသည်။ ဒီလိုနှင့် သူ့ခေါင်းလေးကို လှမ်းပွတ်လိုက်ပြီး ရှင်းပြလိုက်လေသည်။

“ငါထောင်အန်ရှင်းကို အနိုင်မပေးချင်ရုံတင်ပါ.. ငါသူ့အရိပ်အောက်မှာ တစ်သက်လုံးမနေချင်ဘူး”

“ပျင်းဖို့ကောင်းလိုက်တာ”

ချူးလီသည် သူမလက်ကိုရှောင်ရန် ခေါင်းကိုလှည့်လိုက်သည်။

“မင်းတို့ မိန်းကလေးတွေကြားက ယှဉ်ပြိုင်မှုကို ငါတော့နားမလည်ဘူး”

“ပျင်းရင် ပျင်းဖို့ကောင်းတယ်သာ မှတ်လိုက်တော့”

ကျန်းယွီတစ်ယောက် အခေါက်ခေါက်အခါခါ စာပြန်ဆိုနေတာကို ချူးလီကြည့်နေလိုက်သည်။ သို့သော် သူမမှာ အထစ်အထစ်ဖြစ်နေတုံးပဲမို့ ချူးလီ စာမူကိုလှမ်းယူလိုက်ကာ ဖတ်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ဒါပဲလား... ဒါလေးကိုအလွတ်ကျက်ဖို့ ဘယ်လောက်တောင်ကြာနေတာလဲ”

“နင်ကျက်ကြည့်ပါလား”

ဤပြတိုက်သည် ယွင်ရှီးအထက်တန်းကျောင်း၏ ပထမဆုံးသော သိပ္ပံနှင့် နည်းပညာပြတိုက်ဖြစ်ပေသည်။ ပရောဂျက်၏ ပထမပိုင်းသည်လည်း ပြီးမြောက်တော့မည်ဖြစ်သည်။ ဒီကျောင်းမှ ကျောင်းသူကျောင်းသားအားလုံး သိပ္ပံနှင့်နည်းပညာပိုင်းတွင် နိုင်ငံတော်ကို တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်ပေးစေရန် ရည်ရွယ်ပြီး ပြုလုပ်ထားသောအရာဖြစ်သည်။

နိဒါန်း၏ ပထမဆုံးအပိုဒ်ကို စာတစ်လုံးမှမကျန်ခဲ့ဘဲ သူအလွတ်ဆိုပြလိုက်သည်။ ကျန်းယွီသည် သူ့ကိုကြောင်ကြည့်ရုံသာ တတ်နိုင်တော့ပြီး သူမစိတ်ခံစားချက်လည်း မကောင်းတော့ပေ။ အားကျလိုက်တာ မနာလိုလိုက်တာဆိုတာ..။ ဒီကောင့်ဦးနှောက်ကဘာလား..

ကျန်းယွီသည် စိတ်ငြူငြူစူစူဖြင့်သာ ဆက်ပြောလိုက်သည်။ “ချန်ဝေးပြောတာတော့ ထောင်အန်ရှင်းက အင်္ဂလိပ်လိုပါ ပြင်ဆင်ပြီးပြီတဲ့”

ပြောရင်းဆိုရင်းပင် သူမအိတ်ထဲမှ အင်္ဂလိပ်လိုဘာသာပြန်ထားသော စာမူကိုဆွဲထုတ်လိုက်လေသည်။ စာမူပေါ်တွင်တော့ ခြစ်ရာပြင်ရာများ အများအပြားရှိနေလေသည်။

“နင်ဒီဟာကိုရော အလွတ်ကျက်နိုင်လား”

ချူးလီသည် အင်္ဂလိပ်လိုရေးထားသော နိဒါန်းကိုခဏလောက်ဖတ်လိုက်ပြီး ပြောလိုက်လေသည်။

“ငါအကြံပေးချင်တာကတော့ မင်းသူများလုပ်တိုင်း လိုက်မလုပ်ဖို့ပဲ။ မင်းတကယ်နားလည်ဖို့လိုတဲ့ အပိုင်းတွေကိုသာ အလွတ်ကျက်သင့်တာ"

ထို့နောက် သူ့အိတ်ထဲမှ မှတ်စုစာအုပ်တစ်ခုကို ထုတ်လိုက်ပြီး ကျန်းယွီကို ပေးလိုက်သည်။

“ဒါက သိပ္ပံနဲ့နည်းပညာပြတိုက်ထဲမှာ ပြထားတဲ့အရာအားလုံးရဲ့ မိတ်ဆက်တွေပဲ။ ငါမင်းအတွက် ယူလာပေးတာ။ မဟုတ်ကဟုတ်က အင်္ဂလိပ်စာလုံးအမြင့်စားတွေ ထိုင်ကျက်နေမယ့်အစား ဒီဟာကိုသာ ကျက်စမ်းပါ။ တစ်ဖက်က ခက်ခဲတဲ့မေးခွန်းမျိုးတွေ မေးလာခဲ့ရင်ဖြေနိုင်အောင်လို့”

ကျန်းယွီသည် စာအုပ်ကိုယူလိုက်ပြီး ထိုမှတ်စုများကို သေချာကြည့်လိုက်သည်။ မှတ်စုများမှာ အတော်အသေးစိတ်ကျလှပြီး မျက်စိထဲမြင်သာထင်သာရှိလှသော ပုံများဖြင့် သေချာပုံဖော်ပြထားလေသည်။ တကယ်ကို ဉာဏ်ရည်အမြင့်စားကျောင်းသားတစ်ယောက်ရဲ့ မှတ်စုများပင်တည်း..။

အသုံးဝင်မဝင်ဆိုတာကို မသိသေးသော်လည်း သူ့ကိုကျေးဇူးတင်မှုအပြည့်ဖြင့် ကျန်းယွီဆိုလိုက်လေသည်။

“ကျေးဇူးအများကြီး တင်ပါတယ်ဟယ်”

ချူးလီကတော့ ဒီလောက်လေးနဲ့ ကျေနပ်ပုံမပေါ်ဘဲ “ဒီလိုကျေးဇူးတင်တာမျိုးက ဘာမှလုပ်လို့မရဘူး.. ငါတကယ့်ဟာ တစ်ခုခုလိုချင်တယ်”

“ပြောလေ.. နင်ဘာလိုချင်လဲ”

“ဒါမျိုး...”

ကောင်လေးသည် သူ့နှုတ်ခမ်းထောင့်များကို အပေါ်သို့မြှောက်လိုက်ပြီး သူမနားကို ဖြည်းဖြည်းချင်း ကပ်လိုက်သည်။ သူမနှုတ်ခမ်းတွေကို ထိလုနီးပါးပင်..။

ကျန်းယွီလည်း ကြက်သေသေသွားပြီး သူမခေါင်းကို အမြန်ပဲ လှည့်လိုက်ကာ“ဒါဆိုလည်း ငါနင့်ကို ဘဲလေးကပြမယ်လေ”

ပြောပြီးပြီးချင်းပင် သူမဖိနပ်များကို ဆွဲချွတ်လိုက်ပြီး လှေကားအောက်ကို ပြေးဆင်းသွားလေတော့သည်။

ချူးလီကတော့ စိတ်ထဲတစ်မျိုးဖြစ်သွားပြီး သဘောမကျသည့်ပုံစံမျိုးဖြင့် သူ့မေးကို မော့လိုက်လေသည်။

“အဲ့လောက်တောင်ပဲ ကပြရတာကို ကြိုက်တယ်ပေါ့”

“အဲ့လိုလည်း မဟုတ်ပါဘူး”

ပြောပြီးသည်နှင့် ကျန်းယွီသည် ခြေဖျားလေးထောက်ရပ်လိုက်ကာ သီချင်းတစ်ပုဒ်ကို ညည်းလိုက်လေသည်။ ထို့နောက် ‘ဘဲငန်းလေး၄ကောင်’ အကကို ကပြလိုက်သည်။

ချူးလီသည် လလေးတစ်စင်းလို ဖြူဖွေးနေသော သူမခြေချောင်းလေးများကို ကြည့်လိုက်သည်။ ရေကန်ထဲမှာ လှပမြူးကြွစွာဖြင့် ကူးခတ်နေသော ဘဲငန်းငယ်လေးတစ်ကောင်အလားပင်..။

အစားအသောက်တွေကို အရသာခံနိုင်အောင် သူမလုပ်ပေးခဲ့ပြီး ယခုတွင်လည်း သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ချူးလီတစ်ယောက် သူမ၏အလှကို ခံစားမိလာလေသည်။

လရောင်အောက်က ကျန်းယွီက ဒီလောက်တောင် လှပသည်တဲ့လား..? မဖြစ်နိုင်တာ..။

ခက်ခဲသော်လည်း ကျန်းယွီတစ်ယောက် အံကြိတ်ကာပင် တစ်ပတ်လုံးလုံး ထိုမိန့်ခွန်းစကားလုံးသောင်းချီကိုသာ အဖန်ဖန်ကျက်မှတ်နေခဲ့လေသည်။

တာဝန်အောင်မြင်အောင်လုပ်နိုင်ဖို့၊ ယွမ်တစ်သိန်းခွဲရဖို့ သူမ ရှဲ့ယွမ်ကို တွေ့ကိုတွေ့ရမှဖြစ်ပေမည်။

သောကြာနေ့နေ့လယ်တွင်တော့ ကျန်းယွီနှင့် ထောင်အန်ရှင်းတို့ တစ်လှည့်စီ မိန့်ခွန်းပြောခဲ့ကြသည်။

ကျန်းယွီကတော့ သိပ္ပံနှင့်နည်းပညာပြတိုက်ကို တစ်ခုချင်း မိတ်ဆက်ပြသွားလေသည်။

သူမပြောသွားသမျှစကားလုံးတိုင်းမှာ အတော်လေးနားထောင်ကောင်းလှပြီး သူမ၏ပြုမူပြောဆိုပုံသည်လည်း သဘာဝဆန်လှလေသည်။ ဆရာမှ ဘာပဲမေးမေး သူမအထစ်အငေါ့မရှိဘဲ အကုန်ပြန်ဖြေနိုင်လေသည်။

အတန်းဖော်တွေ အကုန်လုံးလည်း သူမကို ပြောစရာစကားပင် ပျောက်ဆုံးနေကြလေသည်။ ဒီလောက်အကြောင်းအရာ အများကြီးကို သူမအလွတ်မှတ်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားပေ။ ကြည့်ရတာ သူမအတော်လေး ကြိုးစားထားတာပေ..။

ကျန်းယွီဆင်းသည်နှင့် ထောင်အန်ရှင်းကတော့ ယုံကြည်မှုအပြည့်ဖြင့် ရှေ့ထွက်သွားလိုက်သည်။ သူမသည် သိပ္ပံနှင့်နည်းပညာပြတိုက်၏ လက်ရှိအခြေအနေကို အရင်ဆုံး မိတ်ဆက်ပေးလိုက်သည်။

သူမသည် ကျန်းယွီကို စူးစူးစိုက်ကြည့်လိုက်ပြီး နိဒါန်းကို အင်္ဂလိပ်လို ချောချောမွေ့မွေ့ဆက်ပြောလိုက်လေသည်။

အတန်းဖော်များအားလုံးလည်း အတော်လေး အံ့အားသင့် သွားကြလေသည်။

လုံးဝမထင်မှတ်ထားလောက်အောင်ကို သူမကတရုတ်လိုနိဒါန်းအပြင် အင်္ဂလိပ်လိုနိဒါန်းကိုပါ ပြင်ဆင်လာခဲ့ပေသည်။

အတော်မလွယ်ကြောပေ။

ဆရာမှ ဖြေရလွယ်သောမေးခွန်းတစ်ချို့ကို ဆက်မေးလိုက်လေသည်။ ထောင်အန်ရှင်းကတော့ ဆရာ့ကိုပြောလိုက်သည်ကား

“ဆရာ သမီးကျန်တာကိုတော့ ဆက်ပြီးဘာသာမပြန်ရသေးဘူး။ ဒါပေမယ့် ဒီအပတ်ထဲမှာပဲ တရုတ်လိုရော အင်္ဂလိပ်လိုရော အပြီးဘာသာပြန်ထားမှာပါ”

ဆရာလည်း ကျေနပ်မှုအပြည့်နှင့် ခေါင်းငြိမ့်လိုက်ပြီး ကျောင်းသားများသည်လည်း လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်ကြပေသည်။

ဒီတစ်ခါတော့ တွေးနေစရာပင် မလိုတော့အောင် အတန်းသားများသည် ထောင်အန်ရှင်းကိုသာ မဲပေးကြပေသည်။ သူတို့သည် ထောင်အန်ရှင်း၏ ဘာသာစကားစွမ်းရည်ကြောင့် အတော်ကိုအထင်ကြီးသွားကြသည်လေ..။

ချန်ဝေးတစ်ယောက်တည်းသာ ကျန်းယွီကို မဲပေးခဲ့လေသည်။

ကျန်းယွီလည်း အတော်ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဘာသာစကား၂မျိုးဖြင့် ပြင်ဆင်ထားရန် သူမဆုံးဖြတ်ထားခဲ့တာကို ချူးလီစကားနားထောင်ပြီး တရုတ်လိုသာ အလွတ်ကျက်သွားခဲ့လေသည်။

သူမတကယ်ကို ကျရှုံးလေပြီ။

ဒါပေမယ့် ရှုံးတာက ရှုံးစေတော့.. သူမတစ်ခြားနည်းလမ်းရှာရပေမည်။

တနင်္လာနေ့ နေ့လယ်တွင်တော့ ကျောင်းဂိတ်ပေါက်တွင် စာတန်းတစ်ခု ကပ်ထားလေသည်။ ကျောင်းရဲ့ သိပ္ပံနဲ့နည်းပညာပြတိုက်ကို လာလည်မည့် ယွဲ့ဖန်နည်းပညာကုမ္ပဏီဥက္ကဌ ယွဲ့ဖန်အား နွေးထွေးစွာကြိုဆိုပါသည်ဆိုသည့် စာသားပင်။

ကျောင်းကတော့ ပုံမှန်အတိုင်း ဆက်ဖွင့်ထားလေသည်။ သို့သော် စာတော်သည့်၊ အပြုအမူကောင်းသည့် လူတော်ကျောင်းသားများကိုတော့ ကျောင်းရှေ့တွင် ရှဲ့ယွမ်ကို ကြိုဆိုရန် တန်းစီခိုင်းထားလေသည်။

ထောင်အန်ရှင်းတစ်ယောက်ကသာ ရှဲ့ယွမ်၏ လမ်းပြဖြစ်လေသည်။ သူမသည် ဂါဝန်လှလှလေးကို ဝတ်ဆင်ထားပြီး မိတ်ကပ်ပါးပါးလေး လိမ်းထားပေသည်။ အနောက်တိုင်းဝတ်စုံများ ဝတ်ဆင်ထားသည့် အကြီးအကဲများအလယ်တွင် သူမသည် ရှဲ့ယွမ်ရောက်လာမှာကို စီးကြိုနေလေသည်။

ကျန်းယွီကတော့ ကျောင်းသားတွေ ကြားရပ်နေလေပြီး အဝေးမှ ကြည့်နေလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတွေ့ရပြီး သူဘယ်လိုပုံစံရှိလဲဆိုတာကို သိရတာကောင်းပေလိမ့်မည်။

ထောင်အန်ရှင်းကတော့ လူအုပ်ထဲက ကျန်းယွီကို သရော်ပြုံးဖြင့် ခဏခဏလှမ်းကြည့်လေသည်။

အတုအယောင်ကအတုအယောင်ပေ...။ သူမနှင့်တူတယ်ဆိုတာလေးနဲ့ သူမနေရာကို အစားဝင်ချင်နေသည်မှာ အရူးတစ်ယောက်ရဲ့အိပ်မက်ပေပဲ။

မကြာခင်မှာပဲ ကျောင်းရှေ့သို့ အနက်ရောင် Bentley ကားတစ်စီး ရောက်လာပြီး အနက်ရောင်ဝတ်စုံနှင့် တည်ကြည်လှသော ရှဲ့ယွမ်တစ်ယောက် ကားပေါ်မှ ဆင်းလာလေသည်။

ရှဲ့ယွမ်သည် နုပျိုသောအရွယ်ကို လွန်သွားပြီဆိုသော်လည်း သူ့ကြည့်ရတာ အတော်ချောမောပေသည်။ ရင့်ကျက်တည်ကြည်လှသော ပုံစံမျိုးနှင့် ထင်ရှားပြတ်သားလှသော မျက်နှာအချိုးအစားများမှာ သာမန်လူတိုင်းကို အနားမကပ်ရဲလောက်အောင် ဖြစ်စေလေသည်။

ရှဲ့ယွမ်က သက်လတ်ပိုင်းသာရှိသေးပြီး အခုထိ လူလွတ်တစ်ယောက်ဖြစ်သည်ဟု သူမကြားထားသည်။

သူ့အချစ်ဦးကို ဆုံးရှုံးလိုက်ရပြီးကတည်းက ဘယ်သူ့အပေါ်မှ စိတ်ဝင်စားခြင်း မရှိတော့ပေဟုလည်း ဆိုကြသည်။

ရှဲ့ယွမ်သည် တိတ်ဆိတ်စကားနည်းသူတစ်ဦးဖြစ်ကာ စိတ်အပြောင်းအလဲ မြန်သည်ဟုလည်း ကြားထားသေးသည်။ ထောင်လည်းကျဖူးသည်တဲ့..။

သူနဲ့ပတ်သတ်ပြီး ကောလဟလတွေလည်း များလှပေသည်။

နှစ်၂၀အတွင်း ဆင်းရဲနုံချာလှတဲ့ကောင်လေးအဖြစ်ကနေ ပေချန်စီးပွားရေးလောကရဲ့ ထိပ်သီးတစ်ယောက် ဖြစ်လာခဲ့သူဖြစ်သည်။

သူ့သမိုင်းကို သူကိုယ်တိုင်ရေးထိုးထားသူဖြစ်သည်။

ထောင်အန်ရှင်းသည် ရှဲ့ယွမ်နားသို့ လျှောက်သွားလိုက်ပြီး သူမ၏ ပြေပျစ်လှသော အင်္ဂလိပ်စကားပြောဖြင့် သူမကိုယ်ကိုယ် မိတ်ဆက်လိုက်လေသည်။

ကျောင်းမှအကြီးအကဲများသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

အတန်းဖော်များအားလုံးကလည်း ထောင်အန်ရှင်းကို အထင်ကြီး၊ မနာလိုသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ထိပ်တန်းကျောင်းသား ထောင်အန်ရှင်းဆိုသည့်အတိုင်းပင် သူမသည် အံ့ဩစရာကောင်းလှပေသည်။

ထောင်အန်ရှင်းသည် သူမ၏အင်္ဂလိပ်စာမူမှ ပထမအပိုဒ်ကို ပြောပြီးသည့်နောက် ရှဲ့ယွမ်ဆီက ချီးကျူးမှုရလိုရငြား ကြည့်လိုက်လေသည်။

ဒါပေမယ့် သူမမထင်ထားသည်က ရှဲ့ယွမ်သည် သူမကိုတစ်ချက်တောင် လှည့်မကြည့်ပေ။ ဒီ့အပြင် အကြီးအကဲ တစ်ယောက်ဘက်ကို လှည့်၍ ပြောလိုက်လေသည်။

“ကျုပ်အတွက် တရုတ်လိုပြောတဲ့ တစ်ယောက်ယောက်နဲ့ သူ့ကိုလဲပေးလို့ရလား”

ထောင်အန်ရှင်းလည်း ကြားကြားချင်း ဆွံ့အသွားလေသည်။

ကျောင်းမှအကြီးအကဲများလည်း ဒီလိုမျိုးဖြစ်လာမှာကို မမျှော်လင့်ထားသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“မစ္စတာရှဲ့.. ထောင်အန်ရှင်းက ကျွန်တော်တို့ကျောင်းရဲ့ အတော်ဆုံးကျောင်းသူပါ။ အင်္ဂလိပ်လို နားထောင်ရတာ မကြိုက်ဘူးဆိုရင် သူ့ကိုတရုတ်လိုပြောင်းပြောခိုင်းလိုက်ပါ့မယ်”

ရှဲ့ယွမ်သည် အထက်တန်းကျောင်းသားတစ်ဦးနှင့်ပင် လိုက်လျောညီထွေမနေနိုင်ဘဲ ဆက်မေးလိုက်လေသည်။

“ငါကြားထားတော့ ဒီကျောင်းရဲ့သိပ္ပံနဲ့နည်းပညာပြတိုက်မှာ အထူးခြားဆုံးက molecular movement နံရံလို့ကြားထားတယ်.. အဲ့အကြောင်း ရှင်းပြပေး”

ထောင်အန်ရှင်းတစ်ယောက် တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။

လွန်ခဲ့သည့်၂ရက်လုံး အင်္ဂလိပ်လို မိတ်ဆက်ဖို့ကိုသာ သူမအလုပ်များနေခဲ့သဖြင့် ပြပွဲနှင့်ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကို ကျက်မှတ်ဖို့ သူမအချိန်မရခဲ့ပေ။

သူမထင်ထားသည်က ရှဲ့ယွမ်တစ်ယောက် အပေါ်ယံသာ လိုက်ကြည့်ပေလိမ့်မည်ပေါ့..။ ဒီလောက် ပရော်ဖက်ရှင်နယ်ဆန်ပြီး အသေးစိတ် ကျသည့်မေးခွန်းမျိုး မေးလာလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

ထောင်အန်ရှင်းလည်း ရှက်လာပြီး စကားတစ်ခွန်းမှ ထွက်မလာတော့ပေ။ သူမနှုတ်ခမ်းကိုသာ ကိုက်နေကာ သူမကြည့်ရတာ ငိုတော့မည့်အလားပင်။

ရှဲ့ယွမ်လည်း ကျောင်းအုပ်ကို ဘုကြည့်ကြည့်လိုက်ပြီး “သူမကသာ ခင်ဗျားတို့ကျောင်းက အတော်ဆုံးဆိုရင် ရင်းနှီးမြှုပ်နှံဖို့ကိစ္စကို ကျုပ်တော့ ပြန်စဉ်းစားရတော့မယ်”

ကျောင်းအုပ်လည်းရှက်သွားကာ ထောင်အန်ရှင်းတို့ အတန်းပိုင်ဆရာကို ကြည့်လိုက်ပြီး ‘နောက်တစ်ယောက်မရှိတော့ဘူးလား’ ဆိုသည့် အဓိပ္ပာယ်နှင့် မျက်စိမှိတ်ပြလိုက်လေသည်။

အတန်းပိုင်လည်း ထောင်အန်ရှင်းကို ထွက်သွားဖို့ လက်နဲ့အချက်ပြလိုက်ပြီး လူအုပ်ထဲမှ ကျန်းယွီကိုရှာလိုက်သည်။

“ကျန်းယွီ.. ထောင်အန်ရှင်းနေရာ အစားဝင်လိုက်”

“သမီးလား?”

ကျန်းယွီသည်လည်း ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲမျိုးကို မျှော်လင့်မထားပေ။ သူမကိုယ်ကိုယ် လက်ညိုးထိုး၍ ‘သေချာရဲ့လား’ ဟု ပြန်မေးခွန်းထုတ်လိုက်မိသည်။

“စာမူကို သေချာကျက်ထားတာပဲမလား? သွား ဥက္ကဌရှဲ့ကို လမ်းပြပေးလိုက်”

ကျန်းယွီတစ်ယောက် ဘာမှပြင်ဆင်ချိန်မရလိုက်ဘဲ ရှဲ့ယွမ်ရှေ့သို့ တွန်းပို့ခံလိုက်ရသည်။ ဒီလိုနှင့် သူမလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆိုလိုက်သည်။

“ရှဲ့... မစ္စတာရှဲ့.. မင်္ဂလာပါ။ ကျွန်မနာမည်က ကျန်းယွီပါ။ ကျောင်းရဲ့သိပ္ပံနှင့်နည်းပညာပြတိုက်ကို လိုက်ပြသပေးပါမယ်”

“molecular movement နံရံအကြောင်း မိတ်ဆက်ပေးပါလား”

ရှဲ့ယွမ်သည် သူမကိုမကြည့်သည့်အပြင် သူ့ကြည့်ရတာ အနည်းငယ် စိတ်မရှည်နေသည့်ပုံ ပေါက်နေလေသည်။

ချူးလီက သူမအတွက် အသေးစိတ် မှတ်စုများကို ပြင်ပေးခဲ့သဖြင့် ဒီလိုအကြောင်းအရာတွေနဲ့ သူမရင်းနှီးကျွမ်းဝင်နေလေပြီဖြစ်သည်။

ဒါကြောင့် ရှဲ့ယွမ်၏ မေးခွန်းကို သူမတန်းဖြေလိုက်နိုင်သည်။

“molecular movement နံရံက ပြတိုက်ထဲက အကောင်းဆုံးနေရာဖြစ်တဲ့ ဒုတိယအလွှာမှာ ရှိတာပါ။ များစွာတဲ့ စက်လုံးပုံသဏ္ဌာန် molecular models တွေက ရွေ့လျားနေပြီး တစ်ခုနဲ့တစ်ခုတိုက်နေကြတာပါ။ molecule တွေအချင်းချင်းကြားထဲက တိုက်ခတ်မှုနဲ့ လွတ်လပ်စွာ ရွေ့လျားနေပုံတွေကို အဓိကဖော်ပြချင်တာ ဖြစ်ပါတယ်”

ကျောင်းအကြီးအကဲများလည်း စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက် ချလိုက်ကြလေသည်။

ရှဲ့ယွမ်၏ အေးတိအေးစက်မျက်နှာထားလည်း လျော့ကျလာပြီး အတော်လေး စိတ်တိုင်းကျသွားပုံရသည်။ ထို့နောက် သူမကို သေချာကြည့်လိုက်သည်။

ထိုအချိန်မှာပဲ သူ့မျက်လုံးများကို ကော်နဲ့ကပ်လိုက်သလိုပင် သူမထံမှ အကြည့်မခွာနိုင်တော့ပေ..။ သူ့အချစ်ဦးနှင့် အတော်ကိုဆင်တူလှသည့် မိန်းမငယ်လေးပင်..။

အချိန်ခရီးသွားခြင်းသာ တည်ရှိခဲ့လျှင် သူ့အချစ်ဦးပြန်ရောက်လာသည်ဟုပင် သူထင်မိမှာပေ..။ ကျောင်းအုပ်ကတော့ အတွေးတွေထဲ ပျောက်ဆုံးနေပုံရသည့် ရှဲ့ယွမ်အား အသိပြန်ဝင်လာအောင် ခေါ်ကြည့်လိုက်သည်။

ရှဲ့ယွမ်လည်း နှာတစ်ချက်မှုတ်လိုက်ကာ ရှုပ်ထွေးနေသောခံစားချက်များဖြင့် မေးလိုက်သည်။

“မိန်းကလေးရဲ့နာမည်က ကျန်းယွီလား”

“ဟုတ်ပါတယ်”

“ဒါဆိုလည်း ကောင်းပါပြီ..။ ကျုပ်ကို ကောင်းကောင်းလေး လိုက်မိတ်ဆက်ပေးပါဦး”

All Chapters