← Chapters

Chapter 16

Vol. 2 Ch. 16

Chapter 16

Vol. 2 Ch. 16

တီးတိုးပြောနေကြသော လူအုပ်အလယ်တွင် ထောင်အန်ရှင်းတစ်ယောက် ကျန်းယွီအား မနှစ်မြို့မှုအပြည့်ဖြင့် ကြည့်လိုက်သည်။

သူမ၏ အစားထိုးခံ သက်သက်သာဖြစ်ခဲ့သော ဒီမိန်းကလေးက ဘယ်အချိန်ကတည်းက ဒီလိုမျိုးသူ့ဟာသူ တောက်ပလာခဲ့တာလဲဆိုတာ သူမ,မသိခဲ့ပေ။

ကျန်းယွီသည် ရှဲ့ယွမ်၏ လမ်းပြဖြစ်လာပြီး ခမ်းနားလှသည့် သိပ္ပံနှင့်နည်းပညာပြတိုက်ကြီးကို လိုက်လံပြသပေးပြီး လမ်းတစ်လျှောက်တွင်လည်း တိကျသေချာသော ရှင်းလင်းချက်များဖြင့် လမ်းပြပေးခဲ့လေသည်။

“ပြတိုက်ကတော့ မနှစ်ကတည်းက ဆောက်လို့ပြီးသွားတာလေ။ အဓိကပြခန်းက ကျွန်မတို့ ဇီဝဗေဒဘာသာရပ်နဲ့ ရူပဗေဒဘာသာရပ် သင်ခန်းစာတွေနဲ့ ချိတ်ဆက်ထားတာ။ အခုလောလောဆယ် လုပ်ဆောင်နေတဲ့ပရောဂျက်တွေကတော့ ဘဝကြောင်လိမ်လှေကားရယ်၊ Molecular Dynamic နံရံရယ်၊ ဒီရေအတက်အကျခံစားခြင်းဟောခန်းရယ် ဆိုပြီးတော့ ရှိတယ်ပေါ့နော်။ စိတ်ဝင်စားတယ်ဆိုရင် တစ်ခုချင်းစီ လိုက်ပြပေးပါမယ် မစ္စတာရှဲ့”

ရှဲ့ယွမ်၏ မျက်ဝန်းနက်များမှာ ကျန်းယွီကိုသာ သေချာအကဲဖြတ်နေမိပြီး၊ သူမ လုပ်လိုက်သမျှ သေးငယ်တဲ့ အပြုအမူလေးတွေကအစ အသေးစိတ်လိုက်ကြည့်နေမိသည်။

ဒီကလေးမနဲ့ ပုထျန်းယန်က... တကယ်ကို အတော်လေးတူတာပဲ။

သူမပြောခဲ့သမျှကို ရှဲ့ယွမ်တစ်ယောက် နားထောင်ချင်စိတ်ရှိနေပုံမပေါ်ပါ။

ထို့ကြောင့် ကျန်းယွီလည်း သူမရဲ့ နားဝေတိမ်တောင် မိတ်ဆက်ပေးပုံကြောင့် ရှဲ့ယွမ် စိတ်ကျေနပ်မှုမရှိတာ ဖြစ်ရမည်ဟု တွေးမိပြီး ငလျင်ပုံပေါ်ခြင်းအခန်းထဲသို့ အားတက်သရော ခေါ်သွားလိုက်တော့သည်။

“မစ္စတာရှဲ့.. ငလျင်ဘယ်လိုလှုပ်တာလဲဆိုတာကို ခံစားကြည့်ချင်လား။ ဒီပရောဂျက်ကို လုပ်ထားတာ တကယ်လက်တွေ့ဆန်တာနော်”

ရှဲ့ယွမ် ဘာမှပြန်မပြောခင်မှာပဲ ကျောင်းအုပ်က မြန်မြန်ကြားဖြတ်ပြောလိုက်သည်။

“ငလျင်ပုံဖော်ခြင်းအခန်းက ကျောင်းသားတွေအကြိုက်ဆုံး ပြခန်းနေရာပါ။ ဒါပေမယ့် မစ္စတာရှဲ့အတွက် သင့်တော်မယ်မထင်ဘူး”

ရှဲ့ယွမ်လည်း သူပြောလို့မဆုံးခင်မှာတင် ဖြတ်ပြောလိုက်သည်။

“ကျုပ်ကို အိုနေပြီလို့ ပြောချင်တာလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး..။ အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး”

ရှဲ့ယွမ်သည် ထိုကလေးမလေး မျက်ဝန်းထံမှ ဆန္ဒတွေနှင့် မျှော်လင့်ချက်များကို မြင်နေရသောကြောင့် သူမကို စိတ်မပျက်စေလိုသဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ်က ငလျင်ဒဏ်ခံရတဲ့ဒေသမှာ လုပ်အားပေးလုပ်ခဲ့ဖူးတယ်လေ။ ဒါပေမယ့် ငလျင်လှုပ်တာကိုတော့ တစ်ခါမှ ကိုယ်တိုင်မကြုံဖူးသေးဘူး။ တစ်ခါလောက် စမ်းကြည့်ချင်တယ်”

ကျန်းယွီလည်း ရှဲ့ယွမ်ကို လမ်းပြလိုက်ပြီး “ဒါဆို ကျွန်မခေါ်သွားပေးမယ်နော် မစ္စတာရှဲ့”

ကျောင်းအကြီးအကဲများလည်း နောက်မှမြန်မြန်လိုက်လာလိုက်ကြသည်။

ပြင်ဆင်ခန်းတွင်တော့ ဝန်ထမ်းများက ရှဲ့ယွမ်ကို အကာအကွယ် ခေါင်းစွပ်နှင့် ဒူးပတ်များကို ကူဝတ်ပေးလိုက်ကြသည်။

ကျန်းယွီတစ်ယောက် သူ့ဟာသူ ကာကွယ်ရေးသိုင်းကြိုးတွေကို သိုင်းနေရသည်ကိုတွေ့သဖြင့် သူမနားကို ရှဲ့ယွမ်လျှောက်သွားလိုက်ကာ ဒူးထောက်ချလိုက်ပြီး သူမကို ဒူးပတ် ကူပတ်ပေးလိုက်လေသည်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်က သူမရှေ့မှာ ဒီလိုဒူးထောက်နေသဖြင့် ကျန်းယွီလည်း ရင်ထဲတစ်မျိုးလေးဖြစ်သွားကာ မြန်မြန်ငြင်းလိုက်လေသည်။

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ မစ္စတာရှဲ့.. ကျွန်မကိုယ့်ဟာကိုယ်လုပ်လိုက်ပါမယ်”

“ဘာမှမဖြစ်ပါဘူး... သမီးက ကလေးပဲဟာကို”

သူမတစ်ခါမှ မခံစားဖူးသော အတွေ့အကြုံ တစ်မျိုးကို ကျန်းယွီခံစားလိုက်ရသည်... မိဘမှ ကိုယ့်ကိုဂရုစိုက်ပေးသည့် ခံစားချက်အတိုင်းပင်။

ရှဲ့ယွမ်သည် သူမခါးပတ်ကို သေချာပတ်ပေးလိုက်ပြီး ကြိုးတင်းမတင်းကိုလည်း သေချာထပ်စစ်လိုက်သည်။ ပြီးတော့မှ သူတို့နှစ်ဦး ငလျင်ပုံဖော်ခြင်း ဟောခန်းထဲသို့ ဝင်သွားလိုက်ကြသည်။

ရှဲ့ယွမ်သည် တစ်ခြားသူတွေနှင့် ဆိုလျှင် ဟက်ဟက်ပက်ပက် မရှိပေ။ ကျန်းယွီကိုမြင်တော့ သူ့ကိုယ်သူတောင် ဘာလို့မှန်းမသိ ဒီလိုဖြစ်နေလေသည်။ သူ့မသိစိတ်ထဲက ထူးခြားဆန်းကြယ်လှတဲ့ သံလိုက်ဓာတ်တစ်ခု နိုးထလာသည့်အတိုင်းပင်..။

အကြောင်းပြချက်မရှိဘဲ ထိုကလေးမကို ကောင်းကောင်း ဆက်ဆံချင်နေလေသည်။

ငလျင်ပုံဖော်ခြင်း ဟောခန်းထဲတွင် သူတတ်နိုင်သလောက် ကျန်းယွီကိုကာကွယ်ပေးသည့်အပြင် လုံခြုံသောနေရာမှာသာ သူမကိုနေခွင့်ပေးသည်။

အတော်ပြင်းပြင်းထန်ထန် လှုပ်လာသည့်အခါမျိုးတွင်တော့ ကျန်းယွီသည် သူမမျက်နှာပေါ်က စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ အော်မိလေသည်။

ရှဲ့ယွမ်လည်း ရှားရှားပါးပါး ပြုံးမိလိုက်ပြီး “ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပရောဂျက်မျိုးနဲ့ဆော့ရတာကို ကြိုက်တာပဲသမီးက”

“ပျော်ဖို့ကောင်းတယ်လေ”

ကျန်းယွီလည်း အတတ်နိုင်ဆုံးတော့ သူမကိုယ်သူမထိန်းပါသေးသည်။ သို့သော် မည်သို့ပင်ဆိုစေ သူမသည် ကလေးတစ်ယောက်သာ မဟုတ်ပါလား..။

“ကျွန်မဒီဟာကို ဆော့ချင်နေခဲ့တာကြာပြီ။ ဒါပေမယ့် အမြဲတမ်း လူတန်းကြီးက အရှည်ကြီးရှိနေတာလေ။ ပြီးတော့ ဝင်ကြေးကလည်း နည်းတာမှမဟုတ်တာ။ အဲ့တော့ မလာနိုင်ခဲ့ဘူး”

“ဒါဖြင့် ဒီနေ့တော့ အလကားဆော့ရတာပေါ့”

ရှဲ့ယွမ်သည် ထိုကလေးမ ပျော်နေပုံကိုကြည့်ရတာ သဘောကျနေလေသည်။

“အခုတော့ သမီးဆော့ချင်သလောက်ထိ ဆော့လို့ရတယ် ဟုတ်ပြီလား”

“အတူတူဆော့ပေးမှာမလား”

“ဒါပေါ့ ကျုပ်လည်းဆော့ရတာ သဘောကျတာပဲ”

“အရမ်းကောင်းတာပဲ”

ရှဲ့ယွမ်သည် ငလျင်လှုပ်သည့် အဆင့်အမျိုးမျိုးကို သူတို့အတွက် စမ်းဖွင့်ပေးဖို့ ဝန်ထမ်းကိုပြောလိုက်သည်။ သူတို့နှစ်ယောက် ထိုအခန်းထဲတွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့သည်ပင်။

ရှဲ့ယွမ်ဒီလောက် စိတ်ဝင်တစားရှိနေတာကို မြင်ရသဖြင့် အပြင်မှစောင့်ကြည့်နေသော ကျောင်းအကြီးအကဲများလည်း စိတ်ချမ်းသာနေကြပေသည်။ ထို့နောက် ကျန်းယွီ၏ အတန်းပိုင်ဆရာအား ဆိုလိုက်လေသည်။

“ဘာလို့အစထဲက ဒီကျောင်းသူကို ရွေးမထားတာလဲ”

“ဒါက...”

အတန်းပိုင်လည်း ရှင်းပြလိုက်လေသည်။

“သူက ထောင်အန်ရှင်းလောက် အဆင့်မကောင်းဘူးလေ”

“အဆင့်ကပဲ အရေးကြီးတာမှမဟုတ်တာ.. အဓိကခြုံကြည့်လိုက်ရင် ကိုယ်ရေးကိုယ်သွေးလည်း လိုသေးတယ်လေ”

အတန်းပိုင်သည်လည်း အနည်းငယ် ပဟေဠိဆန်နေသည်ပင်။

“အရင်ကဆို ကျန်းယွီက အခန်းထဲမှာ တကယ်ကိုမထူးခြားတဲ့ သာမညလေးတစ်ယောက်ပါပဲ။ အခုလို ပြောင်းလဲသွားတာ တကယ်အံ့ဩစရာဖြစ်နေတာ”

ပြောရင်းဆိုရင်းပင် ကျန်းယွီနှင့် ရှဲ့ယွမ်တို့ ငလျင်ပုံဖော်ခြင်းဟောခန်းထဲမှ ထွက်လာကြလေသည်။

ကျန်းယွီသည် သူ့ကိုနောက်ပြခန်းနေရာကို ဆက်ခေါ်သွားလိုက်ပြီး သူတို့နှစ်ဦးမှာ မိတ်ဟောင်းဆွေဟောင်းများကဲ့သို့ပင် ရယ်မောစကားပြောသွားကြသည်။

ကျောင်းအကြီးအကဲများမှာ သူတို့အတွက် အနှောင့်အယှက်ပင် ဖြစ်လာရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့ယွမ်လိုလူမျိုးသည် ခန့်မှန်းရခက်ပြီး သူနဲ့လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့ မလွယ်ပေ။

ထို့ကြောင့် ကျန်းယွီ သူ့ကိုပျော်အောင် လုပ်ပေးနိုင်သည်မှာ တကယ်ကိုထူးခြားလှပေသည်။

ဤသို့ဖြင့် ဒီတစ်မနက်လုံး ရှဲ့ယွမ်၏ လည်ပတ်မှုမှာ ပျော်စရာအတိ ဖြစ်ခဲ့လေသည်။ အရာအားလုံးအဆင်ပြေ ချောမွေ့နေစဉ်မှာပင် ရှဲ့ယွမ်နှင့် ကျောင်းအကြီးအကဲများကြားက ရင်းနှီးမြှုပ်နှံမှုစာချုပ်အကြောင်းသည်လည်း အချောသတ်နိုင်ခဲ့ပေသည်။

နေ့လယ်ရောက်တော့ ရှဲ့ယွမ်နှင့် ကျောင်းအကြီးအကဲများ ညစာအကြောင်း ပြောနေကြလေသည်။ ထို့ကြောင့် ကျန်းယွီလို ကျောင်းသားတစ်ယောက် ဝင်ပါရန်မှာ မသင့်တော်လှပေ။

သိပ္ပံနှင့်နည်းပညာပြတိုက်ရှေ့ရောက်တော့ ကျောင်းအုပ်မှ ကျန်းယွီအား

“ဒီနေ့ ကြိုးစားပေးခဲ့တာအတွက် တကယ်ကျေးဇူးပဲ ကျန်းယွီရေ... အခုတော့ ကိုယ်ပိုင်စာကြည့်ချိန်အတွက် စာသင်ခန်းကို ပြန်သွားလို့ရပြီနော်”

ကျန်းယွီလည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နောက်က ရှဲ့ယွမ်ကို စိုက်ကြည့်လိုက်သည်။

အခုချိန်ထိ ကျောင်းအကြီးအကဲများက သူတို့နောက်ကို လိုက်နေသောကြောင့် ရှဲ့ယွမ်ကို ပြောပြရန် အခွင့်အရေးမရခဲ့ပေ။

ဒီကိစ္စက... ဘယ်လိုပဲဆိုစေ ကိုယ်ရေးကိုယ်တာသာဖြစ်ပေသည်။ နှစ်ယောက်တည်းရှိနေချိန်မှာမှ ပြောကိုပြောရမည်ပင်။

မသွားချင်သွားချင်ဖြင့် ခြေလှမ်းနည်းနည်းလောက် လျှောက်လိုက်ပြီး ရှဲ့ယွမ်ကို ပြန်လှည့်ကြည့်လိုက်လေသည်။

ဒီအခွင့်အရေးမှာ တကယ်ကိုရှားရှားပါးပါးပင်။ ဒီဟာကိုသာ လက်လွှတ်လိုက်ရလျှင် ဘယ်နှစ်,ဘယ်လ,ဘယ်အချိန်ကျမှ သူနဲ့ပြန်တွေ့နိုင်မလဲ သူမ,မသိပေ။

စဉ်းစားပြီးသည်နှင့် ကျန်းယွီနောက်ပြန်လှည့်လိုက်ပြီး သတ္တိရှိရှိသာ ပြောလိုက်လေသည်။

“မစ္စတာရှဲ့... ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စတစ်ချို့ကို ပြောပြချင်တယ်။ အခုပြောရင် အဆင်ပြေလားဟင်”

ကျောင်းအကြီးအကဲများသည် ကျန်းယွီ၏ နောက်ခံမှာ သိပ်မကောင်းကြောင်း သိကြတာကြောင့် သူမသာ ရှဲ့ယွမ်ကို ဒီလိုကိစ္စနဲ့ပတ်သတ်ပြီး အကူအညီတောင်းခဲ့ရင် ရှဲ့ယွမ်ရှေ့မှာ မျက်နှာပျက်စရာဖြစ်မှာ စိုးလေသည်။

ဒီ့အပြင် ဒါကအတော်ကို ရိုင်းလွန်းသည်လေ။

ကျောင်းအုပ်က ချက်ချင်းပင် ဝင်ကာပြောလိုက်လေသည်။

“ကျန်းယွီ.. မစ္စတာရှဲ့က မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို နားထောင်ပေးဖို့ဆိုတာ အဆင်မပြေဘူးလေ။ သမီးမှာ အခက်အခဲတွေရှိနေရင် ကျောင်းကိုပြောလို့ရပါတယ်။ မစ္စတာရှဲ့ကို အနှောင့်အယှက်မပေးရဘူး...”

ပြောလို့ပင်မဆုံးခင်မှာပဲ ရှဲ့ယွမ်တစ်ယောက် ကျောင်းအုပ်ကို စိမ်းသက်သက် စိုက်ကြည့်လိုက်ပြီး ဆက်မပြောရန် ဟန့်လိုက်သည်။

“အဆင်ပြေပါတယ်”

ရှဲ့ယွမ်သည် ကျန်းယွီကို နူးညံ့သိမ်မွေ့တဲ့လေသံနှင့် ပြန်ပြောလိုက်သည်။

“ကစားကွင်းကိုသွားပြီး လမ်းလျှောက်ရင်းပြောကြမယ်လေ.. အိုခေလား”

ကျန်ခဲ့သည့် ကျောင်းအုပ်တို့နှစ်ဦးကတော့ အတော်ကို စိုးရိမ်နေကြသည်။

“အကူအညီလိုတယ်ဆိုရင် ပေါ့ပေါ့ပါးပါး အကုန်ပြောလို့ရတယ်သမီး”

ရှဲ့ယွမ်သည် ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့သူတစ်ယောက်ပင်။ ထို့ကြောင့် ဒီကလေးမသည် ဆင်းရဲတဲ့မိသားစုကဆိုတာ သူသိလေသည်။

ထိုကလေးမမှာ ကျစ်ဆံမြှီးလေးနှစ်ဖက်ကို ကျကျနနကျစ်ထားပြီး ကျောင်းဝတ်စုံဝတ်ထားသော်လည်း သူမစီးထားသော နွမ်းပါးနေသည့် ရှူးဖိနပ်လေးမှာ သူမဆင်းရဲကြောင်းကို ဖော်ပြနေသည်ပင်။ သို့သော်လည်း ကျန်းယွီကပြောလိုက်သည်ကား

“အထင်လွဲနေပါပြီ မစ္စတာရှဲ့.. ကျွန်မ အကူအညီမလိုပါဘူး။ ကျွန်မ ပြောချင်နေတာက တစ်ခြားတစ်ခုပါ”

သူ့တွင် သမီးတစ်ယောက်ရှိသည် ဆိုသော အကြောင်းအရာကို ပြောပြလိုက်လေသည်။

ရှဲ့ယွမ်တစ်ယောက် ပုထျန်းယန်ဆိုသော နာမည်ကို ကြားသည်နှင့် မျက်နှာထားမှာ ချက်ချင်းပြောင်းသွားပြီး ကျန်းယွီကို ရှော့ခ်ရသွားသော၊ ဒေါသထွက်နေသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။

“မင်းကိုယ်မင်း ဘာများမှတ်နေလဲ.. သူ့ကိုဘယ်လိုလုပ်သိတာလဲပြော”

“မစ္စတာရှဲ့.. ကျွန်မအသေးစိတ်တော့ ရှင်းပြလို့မရဘူး။ ပြောလည်း ယုံမှာမဟုတ်ဘူး။ ကျွန်မက ဒီသတင်းပေးပေးဖို့အတွက်ပဲ တာဝန်ရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးလေးကို လိုက်ရှာပါ။ ကလေးကလည်း တွေ့ချင်နေမှာပဲလေ”

ရှဲ့ယွမ်သည် ကျန်းယွီတစ်ယောက် အမှန်အတိုင်း ပြောနေတာလား ဘာလားဆိုတာကို ဆက်တိုက်အကဲဖြတ်ကြည့်နေလိုက်သည်။ ထို့နောက် နှာတစ်ချက်မှုတ်လိုက်ပြီး

“အဲ့တော့ မင်းက ငါ့သမီးပါလို့ ပြောချင်နေတာတော့ မဟုတ်ဘူးမလား”

“ဟာ မဟုတ်ပါဘူး.. အထင်မှားနေပြီ”

ကျန်းယွီသည် သူမလက်များကို ထပ်ခါထပ်ခါ ခါရမ်း၍ ပြန်ပြောလိုက်သည်။

“ကျွန်မဘယ်လိုလုပ် မစ္စတာရှဲ့ရဲ့ သမီးဖြစ်နိုင်မှာလဲ။ ကျွန်မမှာ အမေရှိတယ်။ ပြီးတော့ အမေကလည်း မစ္စတာရှဲ့ကို မသိဘူးလေ။ အထင်မလွဲပါနဲ့”

ရှဲ့ယွမ်သည် ပုထျန်းယန်ကို မျက်နှာကို ပုံတူကူးထားသလိုကိုတူသော ထိုကလေးမကိုကြည့်လိုက်ပြီး အလောတကြီး မေးလိုက်လေသည်။

“မင်းအမေက ဘယ်သူလဲ”

“သိမှာမဟုတ်ပါဘူး။ အမေ့မျိုးရိုးနာမည်က ကျန်း တဲ့"

ရှဲ့ယွမ်သည် သူ့ခေါင်းကိုခါရမ်းလိုက်ကာ ‘ထျန်းမသေသေးတာဖြစ်နိုင်မလား’ ဆိုသည့် ကိုးရိုးကားရားနိုင်သော အတွေးအကုန်လုံးကို ဖျောက်ပစ်လိုက်သည်။

ထျန်းက သေဆုံးသွားပြီလေ..။ သူမအလောင်းကို ကိုယ်တိုင်မြင်ရဖို့ ရင်ခွဲရုံထဲ ဝင်ခွင့်မရခဲ့ပေမယ့်... သူမသေသွားပြီဆိုတာ လူတိုင်းအသိပင်။ ထို့အပြင် ဒီအဖြစ်အပျက်ကို လက်ခံဖို့တောင် သူ့အတွက် ဒီလောက်နှစ်တွေအများကြီးကြာခဲ့တာ မဟုတ်ပါလား..။

ဒါကြောင့် သူ့မျက်စိရှေ့မှ ဒီကလေးမကတော့ ပုထျန်းယန်၏ သမီးမဖြစ်နိုင်ချေ။

ရှဲ့ယွမ်တစ်ယောက် သူမကို ငေးကြည့်နေလိုက်ကာ အသံအက်အက်ဖြင့် ဆိုလိုက်သည်။

“မင်းကို ဒီသတင်း ဘယ်သူပြောပြတာလဲ”

“ဒါကိုတော့ ကျွန်မ မပြောပြနိုင်ဘူး။ ယုံကြည်မှာလည်း မဟုတ်ဘူးလေ”

ရှဲ့ယွမ်သည် ကျန်းယွီ၏ လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန် ဆွဲလိုက်သည်။

“ငါစိတ်မရှည်တော့ဘူး ဟုတ်ပြီလား.. ပြောစရာရှိတာသာပြော။ မဟုတ်လည်း မင်းပြောလာအောင် ဖိအားပေးဖို့နည်းလမ်းတွေ ငါ့မှာအများကြီးရှိတယ်.. စမ်းကြည့်ချင်လို့လား”

“...”

ရှဲ့ယွမ်၏ အေးတိအေးစက်နိုင်လှသော မျက်ဝန်းများက ကျန်းယွီကို ကြောက်ရွံစေလေသည်။

သို့သော် မည်သို့ပင်ဆိုစေ ထိုပုဂ္ဂိုလ်သည် ဖခင်တစ်ဦးသာဖြစ်သည်။ ထို့ကြောင့် အရင်ဆုံး တာဝန်အောင်မြင်နိုင်ရန် ဘာပဲလုပ်လုပ် သူမခံရမည်သာဖြစ်သည်။

သူမဘယ်လောက်ပဲကြောက်ပစေ သူမရင်ဆိုင်ရမည်ဖြစ်သည်။

ဒါကလည်း ရှဲ့ယွမ်တစ်ယောက်တည်းပဲ မဟုတ်ဘဲ ချူးလီသည်ပါ အတူတူပင်ဖြစ်သည်။

ကျန်းယွီလည်း ကြိုးစားရုန်းကန်နေရင်း ပြန်ရှင်းပြလေသည်။

“အဲ့ကလေးဘယ်မှာလဲ၊ ဘယ်သူလဲဆိုတာ ကျွန်မက ပိုတောင်မသိဘူး..။ တကယ်ကို ဘာမှမသိတာ။ ကျွန်မကို အတင်းအကြပ် မေးရင်တောင် ဘာမှမသိလို့ ဘာမှပြောပြပေးနိုင်မှာမဟုတ်ဘူး။ ကျွန်မတာဝန်က ဒီသတင်းကို ရှင့်ဆီရောက်အောင် သတင်းပို့ပေးဖို့ပဲ။ ဒီ့ထက်ပိုပြီး ဘာမှမရှိတော့ဘူး”

အဲ့လောက်တိတိကျကျကြီး ရှင်းပြပေးဖို့ မလိုအပ်ဘူးဆိုတာ ကျန်းယွီလည်း သဘောပေါက်ပါသည်။

ဒီရှဲ့ယွမ်သာ ယုံကြည်သွားသည်နှင့် အနာဂတ်က ရှဲ့ယွမ်ပါ ယုံကြည်သွားပြီဖြစ်တာမို့ သူမတာဝန်ပြီးမြောက်သွားပေလိမ့်မည်။

ရှဲ့ယွမ်ကတော့ ကျန်းယွီလက်ကို မလွှတ်သေးဘဲ ထပ်မေးချင်သေး၏။ သို့သော် ထိုအချိန်မှာပင် ဝေးဝေးကနေ ကျောက်တုံးအသေးလေးတစ်လုံးနှင့် ရှဲ့ယွမ်ပခုံးကို ပစ်ခံလိုက်ရသည်။

ရှဲ့ယွမ်လည်း နာသွားလို့ နောက်လှည့်ကြည့်လိုက်သည့်အခါတွင်တော့ မီးခိုးရောင်အင်္ကျီနှင့် လူငယ်လေးတစ်ယောက်ကို မနီးမဝေးက သစ်ပင်အောက်တွင် တွေ့လိုက်ရသည်။ ထိုကောင်လေးသည် သူ့ကို အေးစက်သောမျက်လုံးများဖြင့် ကြည့်နေသည်ပင်။

ထိုကျောက်တုံးမှာ သတိပေးရုံသာဖြစ်သည်။

တကယ်ကတော့ သူတို့သိပ္ပံနှင့် နည်းပညာပြတိုက်ရှေ့က ထွက်လာကတည်းက ခပ်ဝေးဝေးကနေ ထိုကောင်လေးလိုက်လာသည်ကို သတိထားမိခဲ့သည်။ သူတို့ကို တစ်ချက်လေးမှ မျက်ခြေပြတ်မခံခဲ့ပေ။

“ရည်းစားလား”

ရှဲ့ယွမ်လည်း ကျန်းယွီကိုမေးလိုက်သည်။

“အမ်.. အင်း”

ကျန်းယွီသည် ချူးလီအား စိတ်လိုက်မာန်ပါ မလုပ်မိစေရန် မျက်စပစ်ပြလိုက်သည်။

ဒီနေရာမှာ ရှဲ့ယွမ်နှင့် ချူးလီတို့ ပဋိပက္ခဖြစ်ကြပြီး ရှဲ့ယွမ်တစ်ခုခုဖြစ်ခဲ့လျှင် မိုးမီးလောင်ပေလိမ့်မည်။

သို့သော်လည်း ချူးလီကတော့ ကျန်းယွီ၏ သတိပေးချက်ကို ဂရုပင်မစိုက်ပါ။

မြေကြီးပေါ်က နောက်ထပ်ကျောက်တုံးကြီးကြီးကိုတောင် ကောက်လိုက်ပြီး လက်ထဲတွင် အလေးကိုချိန်ကြည့်ကာ ရှဲ့ယွမ်ကိုကြည့်လိုက်သည်။

ထိုခြိမ်းခြောက်မှုက အသိသာကြီးပင် ‘ငါ့ရည်းစားကိုမထိနဲ့’ ဆိုသော အဓိပ္ပာယ်မျိုးပေ..။

ရှဲ့ယွမ်သည် သူငယ်ငယ်ကလည်း ဒီလိုပဲဖြစ်သောကြောင့် ဒီလိုဒေါသကြီးတဲ့ ကောင်ငယ်လေးမျိုးက ဘာမှမစဉ်းစားဘဲ တဇွတ်ထိုး လုပ်တတ်ကြောင်းကို ကောင်းကောင်းသိလေသည်။

ကြောက်လို့တော့မဟုတ်ဘဲ သူသည်လူကြီးတစ်ယောက်သာဖြစ်တာကြောင့် ကျောင်းတွင် ဒီလိုကလေးမျိုးနှင့် ပြဿနာ ဖြစ်စရာအကြောင်းမရှိပေ။

ကျန်းယွီ၏ လက်ကို လွှတ်ပေးလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ပြန်ပြောလိုက်သည်။

“မင်းက ကျုပ်ကို ဘာမှမပြောဘူးဆိုတော့ ကျုပ်ကမင်းကို ဘယ်လိုလုပ်ပြီး ယုံကြည်ပေးရမှာလဲ။ မင်းတမင်သက်သက် လိမ်နေတာ မဟုတ်ဘူးဆိုတာကိုရော ကျုပ်ကဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။ မင်းမှာအကွက်ချထားတာ မရှိဘူးဆိုတာကိုရောပေါ့”

ကျန်းယွီကတော့ မောက်မာသည့်လေသံရော နိမ့်ချသည့်လေသံရော မပေါက်သည့် လေသံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။

“တကယ်ဆို ပုထျန်းယန်ဆိုတဲ့ စကားလုံး၃လုံးကို ကြားလိုက်ကတည်းက ကျွန်မကို ယုံပြီးသွားပါပြီ.. ဟုတ်တယ်မလား”

ဒီကမ္ဘာပေါ်တွင် ရှဲ့ယွမ်ကိုယ်တိုင်နှင့် ပုထျန်းယန်မှလွဲ၍ သူတို့နှစ်ဦး၏ ပတ်သက်မှုကို သိသည့်လူမရှိပေ။

“မစ္စတာရှဲ့.. ကျွန်မ ဘယ်လိုသိလဲဆိုတာကို စစ်ဆေးနေမယ့်အစား ရှင့်အချိန်နဲ့ အားအင်တွေကို ရှင့်သမီးကိုရှာတဲ့နေရာမှာပဲ အသုံးချသင့်တယ်။ အခွင့်အရေးက နည်းနည်းလေးပဲ ရှိတယ်ဆိုရင်တောင် အရာအားလုံးရင်းပြီးသူမကို ရှာရတာက ထိုက်တန်မှာပါ”

ကျန်းယွီလည်း ချူးလီတစ်ယောက် မဟုတ်တာ ထလုပ်မည်စိုး၍ ရှဲ့ယွမ်ကို ထပ်ရှင်းပြမနေတော့ဘဲ မရှင်းမလင်းနဲ့သာ ထားခဲ့လေသည်။

သူမသတင်းလည်း ပေးပြီးသလို နားလည်းချပေးပြီးပြီ ဖြစ်တာမို့လို့ သူမတာဝန်ပြီးဆုံးသွားလေပြီ။

နောက်ဆုံးတော့ ကျန်းယွီ သူ့ကိုပြောလိုက်သည်။

“ဦးရဲ့သမီးလည်းပဲ ဦးကိုတွေ့ချင်နေမှာပါ”

ရှဲ့ယွမ်လည်း သူ့မေးကိုပင့်လိုက်ကာ မေးခွန်းဆက်ထုတ်လိုက်သည်။

“အဲ့ကလေးမ ကျုပ်ကိုတွေ့ချင်နေမယ်လို မင်းကဘယ်လိုသိတာလဲ”

ကျန်းယွီသည် အနည်းငယ် တွေဝေနေလိုက်ပြီး သူ့ကိုကြည့်လိုက်ကာ စိတ်ရင်းအမှန်နှင့် ပြန်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အဖေမရှိတဲ့ဘဝက... အတော်လေးခက်ခဲတယ်လေ”

တကယ်ကိုခက်ခဲတာ..။

ဒီစာကြောင်းသည် ရှဲ့ယွမ်၏ ရင်ထဲကို ဆိုးဆိုးရွားရွား ဖောက်ဝင်သွားလေသည်။

သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှ ရှိမနေသော်လည်း အင်္ကျီလက်အောက်တွင်တော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိရင်း လက်တွေလည်း တုန်ရီနေပေသည်။

ဟုတ်တယ်..။ ဒီသတင်းကို ကျန်းယွီ ဘယ်လိုသိလဲဆိုတာကို စိတ်ပူနေဖို့ သူ့မှာအချိန်မရှိဘူး။

သူနဲ့ထျန်းမှာ တကယ်သာ သမီးလေးရှိခဲ့တာဆိုရင်.. အဲ့ကလေးကို သူရှာရပေမည်။

ကမ္ဘာကြီးအဆုံးထိ သွားရမည်ဆိုရင်တောင် အဲ့ကလေးကို သူရှာရမည်။

ရှဲ့ယွမ် လှည့်ထွက်သွားကာ ကျောင်းဂိတ်ပေါက်ကို ထွက်သွားပြီး သူ့ကားပေါ်သို့ တက်လိုက်သည်။

ကျောင်းအကြီးအကဲများလည်း သူ့ကိုနှုတ်ဆက်ရန် အပြေး လိုက်သွားလိုက်ကြကာ လေးစားသမှုဖြင့် ဆိုလိုက်ကြသည်။

“မစ္စတာရှဲ့.. ကျွန်တော်တို့ Century City ဟိုတယ်မှာ ဘိုကင်ယူထားပြီးပါပြီ.. အဲ့ဒါ...”

“ရင်းနှီးမြှုပ်နှံဖို့ကိစ္စအတွက်က စာချုပ်မှာလက်မှတ်ထိုးဖို့ သင့်တော်တဲ့လူတစ်ယောက်ကို ကုမ္ပဏီကိုသာ တိုက်ရိုက်လွှတ်လိုက်ပါ။ အခုကျုပ်မှာ အရေးကြီးကိစ္စလေးရှိနေလို့။ ညစာကတော့ နောက်မှပဲ စားကြတာပေါ့”

ဒီလိုအရာတွေအပေါ် အချိန်ဖြုန်းနေလို့ မရတော့ပေ။ စုံစမ်းစစ်ဆေးရမည့်ကိစ္စကို အခုချက်ချင်းပင် စသင့်လေပြီ။

ဒီလိုဖြင့် ကားလည်း ကျောင်းဂိတ်ပေါက်ကနေ ထွက်ခွာသွားတော့သည်။

ချူးလီကတော့ အင်္ကျီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ သစ်ပင်အောက်တွင် ရပ်နေဆဲဖြစ်သည်။ သူ့ခေါင်းပေါ်မှ သစ်ရွက်လေးများကို မော့ကြည့်နေလေ၏။

သူ့ကြည့်ရတာ စိတ်အခြေအနေကောင်းမနေပေ။

အရင်တုံးက သူ့စိတ်ခံစားချက်များသည် ပြောပလောက်သည်အထိ ထူးထူးကဲကဲ မရှိခဲ့ချေ..။ ပျော်ရွှင်မှုဖြစ်စေ ဝမ်းနည်းမှုဖြစ်စေပေါ့...

အခုတော့ဖြင့် အမျိုးသားတစ်ယောက် ကျန်းယွီ၏ လက်ကောက်ဝတ်ကို ထိလိုက်သောအခါ အတော်ပြင်းထန်လှသည့် မနာလိုခြင်းလှိုင်းများ သူ့ရင်ထဲတွင် တလိပ်လိပ်တက်လာလေသည်။

သူကလွဲ၍ တစ်ခြားလူတစ်ယောက် သူမကိုထိတာကို သူဘယ်လိုမှ သည်းမခံနိုင်ပါ။ သူမအသားတစ်လက်မလေးပဲဖြစ်ဖြစ် ဆံပင်တစ်ချောင်းလေးပဲဖြစ်ဖြစ်ပေါ့..။

သူ့ရဲ့ အဖြူအမည်းဘဝကြီးထဲမှာ သူမကသာ တစ်ခုတည်းသော အရောင်လေးဖြစ်ပေသည်။

ဒါကြောင့် သူတစ်ယောက်တည်းရဲ့အရောင်သာ ဖြစ်ရပေမည်။

Bentley ကားနက်လေး ကျောင်းဂိတ်ကနေ ထွက်သွားတာကို မြင်ရပြီးမှသာ ကျန်းယွီလည်း စိတ်သက်သာရာရသွားပေတော့သည်။

ထိုအချိန်တွင် app မှ အသိပေးချက်တစ်ခုတက်လာလေသည်။

“တာဝန်ပြီးဆုံးသွားပြီဖြစ်သဖြင့် ဆုငွေယွမ် ၁ သိန်း ၂ သောင်းကို အကောင့်ထဲလွှဲပေးလိုက်ပါပြီ”

ပြောရမည်ဆိုလျှင် တာဝန်အောင်မြင်ပြီးသည်နှင့် ကာစတမ်မာသည် သူငယ်ချင်းစာရင်းထဲက ထွက်သွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူ့သမီးကို ရှာတွေ့လားဆိုတာကို ရှဲ့ယွမ်အား မမေးနိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေ သူမ၏ ကျောင်းစရိတ်တစ်နှစ်စာရဖို့ နည်းနည်းလေး လိုသေးတယ်ဆိုသော်လည်း ယခုဒီပိုက်ဆံရလာကြောင့် မဖြစ်နိုင်တော့တာတော့ မဟုတ်တော့ပေ။

ကျန်းယွီသည် ဖုန်းကိုမြှောက်လိုက်ကာ ချူးလီကိုကြည့်ပြီး ပျော်ပျော်ရွှင်ရွှင် ဆိုလိုက်လေသည်။

“ကဲ ရည်းစားလေးရေ.. ဒီညတော့ ညစာဝယ်ကျွေးမယ်ဟေ့”

ချူးလီကြည့်ရတာတော့ ပျော်မနေပါ။ အဲ့အပြင်ကို သူကမျက်နှာလွဲလိုက်ပြီး အေးတိအေးစက်ပုံစံ ဖမ်းလိုက်သေးသည်။

ကျန်းယွီလည်း သူ့ကျောပြင်ကို ကြည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်ပင် တွန့်လိုက်သည်။

“အခုရော ဘာဖြစ်နေပြန်တာလဲ ဒီကောင်စုတ်လေး”

All Chapters