မြောက်ပိုင်းချုံး အကြောင်း သတင်း
Vol. 11 Ch. 1045
“မြောက်ပိုင်းချုံးရဲ့ အဓိက အဖွဲ့ဝင်...”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။ ထောင်ပေါင်းများစွာသော ဂိုဏ်းဝင်များ အနက် သူ၏ မိဘနှစ်ပါး၊ ဖန့်ချုံး၊ ချန်းဟွိုက်အန်း၊ အမအန်၊ ယူကီရှီရိုဆာ၊ အားရှို့နှင့် ယုဝမ်ကျင်းတို့ သာလျှင် မြောက်ပိုင်းချုံး၏ အဓိက အဖွဲ့ဝင်များ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က ကျန်းပေ့ ညီလာခံကို တက်ရောက်လာမည်လား။
“အဲဒီ ပုဂ္ဂိုလ်က ဘယ်သူလဲ ဆိုတာတော့ အန်တီလည်း သေချာ မသိဘူး... ဒါပေမဲ့ သူ တက်ရောက်လိမ့်မယ် ဆိုတော့ အခိုင်အမာကို ကြားတယ်”
အန်တီထန်က ပြောလိုက်သည်။ သူမသည် မျက်ကွင်း အနည်းငယ် ညိုနေသည်။ ကြည့်ရသည်က အန်တီထန်မှာ ယခုရက် အတွင်း သူ့ကြောင့် ပြေးလွှားနေခဲ့ရပုံပင်။
“ဟုတ်ကဲ့... ကျေးဇူးပါ အန်တီ...”
ချန်းဖန်က ခေါင်းညိတ်ရင်း သူမ၏ အကူအညီ အတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူက ညီလာခံ မရောက်ခင်နေ့ အထိ အန်တီထန်၏ စံအိမ်တွင်သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းပေ့ ညီလာခံ...
ကျန်းပေ့ ညီလာခံသည် နှစ်စဥ် နှစ်တိုင်း ကျင်းပလေ့ ရှိသည့် သိုင်းပညာ ညီလာခံ တစ်ခု ဖြစ်ပြီး ကျန်းပေ့နယ်၏ အမှတ်အသား တစ်ခုလည်း ဖြစ်သည်။
ထိုညီလာခံသို့ အဆင့်မြင့် ကျင့်ကြံသူများ အပြင် လူငယ် ကျင့်ကြံသူလေးများမှာလည်း အလုအယက် တက်ရောက်လေ့ ရှိကြသည်။ ညီလာခံတွင် အစွမ်းပြနိုင်ခြင်းက သူတို့အတွက် နာမည်ကြီးရန် အတွက် ဖြတ်လမ်း တစ်ခု ဖြစ်ပေသည်။
ထို့အပြင် ရုပ်သံလိုင်း၊ မီဒီယာများနှင့် အင်တာနက် ပလက်ဖောင်းများမှာလည်း ညီလာခံကို တိုက်ရိုက် ထုတ်လွှင့်ပြလေ့ ရှိသည်။ တစ်ကမ္ဘာလုံးရှိ လူများပင်လျှင် ကျန်းပေ့ ညီလာခံ သိုင်းပညာ ပြိုင်ပွဲများကို စိတ်ဝင်တစား ကြည့်ရှု့လေ့ ရှိကြသည်။
“ရှင်လည်း လိုက်မလို့လား... ရှင့်မှာက ဘာစွမ်းအားမှ မရှိဘူးလေ...”
ကျန်းဖေးဖေးမှာ ချန်းဖန် ရူးသွားပြီလား ဟုပင် တွေးလိုက်မိသည်။
“ဖေးဖေး... ကိုယ့်အကိုကို အဲ့လို မပြောရဘူးလေ သမီး...”
အန်တီထန်က မျက်မှောင်ကြုတ်ရင်း မာန်မဲ လိုက်သည်။
ကျန်းဖေးဖေးမှာ မကျေမနပ်ဖြင့် ချန်းဖန်အား ပြန်လည် တောင်းပန်၏။ သူမ၏ စကားကား အမှားတစ်ခွန်းမှ မပါချေ။ သို့တိုင်အောင် ထိုကောင်လေးနှင့် ဆုံတိုင်း အန်တီထန်က အမြဲတောင်းပန်ခိုင်းနေသည်။ ထိုအရာက ဘက်လိုက်လွန်းလှသည်။ ကြည့်ရသည်က ထိုကောင်လေးမှာ အန်တီထန်၏ တိတ်တိတ်ပုန်းသားပင် ဖြစ်နေနိုင်သည်။
“ကိစ္စ မရှိပါဘူး...”
ချန်းဖန်မှာ ပြုံးရုံသာ ပြုံးနေခဲ့၏။ သူကား ကလေးမလေး တစ်ယောက်နှင့် ဖက်၍ စိတ်ကောက်မည့် လူစားမျိုး မဟုတ်ပါချေ။
အချိန်များ စီးဆင်းသွားသည်နှင့် အမျှ ကျန်းပေ့ ညီလာခံ ကျင်းပမည့် ရက်မှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ကျန်းပေ့ ညီလာခံကို တုန်ကျန်းနယ်စပ်ရှိ ချင်းယန် စီရင်စုနယ်တွင် ကျင်းပမည် ဖြစ်သည်။ ချန်းဖန်သည် ထိုနေရာနှင့် ကောင်းစွာ ရင်းနှီးပေသည်။
လွန်ခဲ့သည့် နှစ်များ၌ ချန်းဖန်သည် သူ၏ ပထမ တပည့်ဖြစ်သော အားရှို့ကို ထိုစီရင်စု၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုနှစ်တွင်ပင် သူသည် လင်းဟူကို အနိုင်ယူကာ ကျန်းပေ့နယ် ဆရာချန်း အဖြစ် တဟုန်ထိုး နာမည် ကြီးလာခဲ့လေသည်။
“ချင်းယန် စီရင်စုက လွန်ခဲ့တဲ့ ဆယ်နှစ်နဲ့ ဘာမှ မဆိုင်တော့ပါလား...”
ချန်းဖန်မှာ လမ်းမ တစ်ခုထက်၌ ဟိုဟိုဒီဒီကြည့်ကာ လျှောက်ရင်း ချင်းယန်စီရင်စု၏ ပြောင်းလဲမှုကို အံ့အားသင့် နေမိ၏။
လွန်ခဲ့သော ဆယ်နှစ်နှင့် နှိုင်းယှဥ်ပါက ချင်းယန် စီရင်စုသည် အရွယ်အစား ပိုမို ကြီးမားလာခဲ့သည်။ ထို့အတူ အဆောက်အဦးများ၏ အထပ်များမှာလည်း ပိုမို မြင့်မားလာ၏။ ချန်းယန် စီရင်စု၏ လမ်းမများမှာ မရေမတွက်နိုင်သည့် သိုင်းပညာရှင်များ၊ မှော်ဆရာများ၊ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။ ထိုအထဲရှိ အများစုမှာ အခြေခံ တည်ဆောက်ခြင်း အဆင့်များ ဖြစ်ကြပေသည်။
“ဟာ... အကိုချန်း... ခင်ဗျားလည်း ဒီကို လာတာလား...”
ရုတ်တရက် ရင်းနှီးသော အသံ တစ်ခုမှာ ချန်းဖန်၏ နောက်မှ ထွက်ပေါ်လာ၏။
ချန်းဖန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကျွင်းကျဲ့ ခေါင်းဆောင်သော လူငယ် တစ်အုပ်ကို တွေ့လိုက်ရသည်။ ရန်ကျွင်းကျဲ့က ကပျာကယာ အနားသို့ လျှောက်လာရင်း သူ၏ သူငယ်ချင်းများနှင့် ချန်းဖန်ကို မိတ်ဆက်ပေးသည်။
သို့သော်လည်း သူ၏ သူငယ်ချင်းများမှာ ချန်းဖန်ကို သိပ်အရောဝင်ချင်ပုံ မရချေ။ သူတို့သည် ချန်းဖန်နှင့် လုယန်တို့ အကြားရှိ ပြဿနာကို သိထားကြရာ ခပ်တန်းတန်းသာ နေကြ၏။
“အကိုချန်း...”
ရန်ကျွင်းကျဲ့မှာ ချန်းဖန်ကို အားနာသွားဟန် ရသည်။
“ဘာမှမဖြစ်ဘူး...”
ချန်းဖန်က ရန်ကျွင်းကျဲ့၏ ပုခုံးကို ပုတ်ကာ ပြောရင်း ထိုအုပ်စုကို ကျောခိုင်းလိုက်သည်။ ရန်ကျွင်းကျဲ့မှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားသော်လည်း နောက်ဆုံး၌ သူ၏ သူငယ်ချင်းများကို နှုတ်ဆက်ကာ ချန်းဖန်၏ နောက်ကိုသာ လိုက်လာခဲ့၏။
“ညီလေးရန်... ဘာလို့ ငါ့နောက်ကို လိုက်လာတာလဲကွ... တော်ကြာ သူတို့က မင်းကိုပါ ဝိုင်းပယ် နေဦးမယ်...”
ချန်းဖန်က ပြောလိုက်သည်။
“ကျွန်တော်နဲ့ သူတို့က စိတ်ချင်း သိပ်မတိုက်ဆိုင်ဘူးဗျ... သူတို့က နေ့တိုင်း ပျင်းဖို့ကောင်းတဲ့ အကြောင်းတွေကိုပဲ ထပ်တလဲလဲ ပြောနေတာ... နောက်ပြီး သူတို့က ချူယွင်နဲ့ လုယန်တို့လို လူတွေကိုပဲ အထင်ကြီးကြတာလေ”
ရန်ကျွင်းကျဲ့က ဆိုလိုက်သည်။
“ဟဟ... အေးပါကွာ...”
ချန်းဖန်က ပြုံးလိုက်သည်။ သူကား နောက်ဆုံး၌ သူ့အပေါ် စစ်မှန်စွာ ဆက်ဆံသူ တစ်ယောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
သူတို့ နှစ်ယောက်သည် ချင်ယန် စီရင်စု တစ်လျှောက် ပတ်ကာကြည့်ရှုပြီး နောက်ဆုံးမှ ညီလာခံ ကျင်းပရန် နေရာသို့ ထွက်လာခဲ့ကြသည်။
ညီလာခံ ကျင်းပရာ ခန်းမသည် ဘောလုံးကွင်း တစ်ကွင်းထက်ပင် ဆယ်ဆမျှ ပိုမို ကြီးမား၏။ ရန်ကျွင်းကျဲ့၏ စကားအရ ဆိုလျှင် ထိုခန်းမ တစ်ခုလုံးကို အဆင့်မြင့် ကျင့်ကြံသူများ၏ အစီအရင်များဖြင့် ကာကွယ်ထားသည်ဟု ဆိုသည်။ မူလအဆင့် ပင်လျှင် အခွင့်မရှိပဲ အထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
“အကိုချန်း... ညီလာခံက မကြာခင် စတော့မယ် ထင်တယ်...”
ရန်ကျွင်းကျဲ့က ညီလာခံ ခန်းမကို လှမ်းမျှော်ကြည့်ရင်း ဆိုလိုက်၏။
သူ ပြောသည့်အတိုင်း ဆိုလျှင် လုယန်၊ ချူယွင်၊ ကျိုးမင်ကုန်းနှင့် ကျန်းဖေးဖေးတို့ ကဲ့သို့သော လူငယ် ကျင့်ကြံသူများမှာ ညီလာခံ၌ နာမည်ကျော် စီနီယာ ကျင့်ကြံသူများနှင့် တွေ့ဆုံခွင့်ရလိမ့်မည် ဖြစ်သည်။ အချို့ စီနီယာ ကျင့်ကြံသူများမှာ သူတို့ သဘောကျသည့် လူငယ်များအား တပည့် အဖြစ် ရွေးချယ်ကာ အဆင့်မြင့် ကျင့်စဥ်များ သင်ကြားပေးကြသည်။ ရန်ကျွင်းကျဲ့တို့ ကဲ့သို့သော မကျင့်ကြံနိုင်သည့် လူများမှာမူ စီနီယာ ကျင့်ကြံသူများနှင့် တွေ့ဆုံရန် အရည်အချင်း မမှီချေ။
ထို့နောက်တွင် သိုင်းပညာ ပြိုင်ပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပပေးသည်။ များစွာသော လူငယ် ကျင့်ကြံသူများမှာ ထိုပြိုင်ပွဲများ၌ ဝင်ရောက် ယှဥ်ပြိုင်ကာ နာမည် ကျော်ကြားမှုကို ရှာဖွေ ကြသည်။ သာမန်လူများမှာမူ လက်မှတ်ဖြတ်၍ တိုက်ပွဲများကို ဝင်ရောက် ကြည့်ရှု နိုင်ပေသည်။
“ဪ... ဒါနဲ့ အကိုချန်း... ကျန်းနန်နယ်ရဲ့ အလှဆုံး မိန်းကလေးလည်း ဒီညီလာခံကို တက်ရောက်မယ်တဲ့... ဟီးဟီး...”
ရန်ကျွင်းကျဲ့က ရယ်ကျဲကျဲဖြင့် နှာခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။
“မင်းကတော့ တကယ့်ကောင်ပဲ...”
ချန်းဖန်က ရယ်မောလိုက်၏။ ထိုဖက်တီးမှာ စကားပြောသည့် အခါတိုင်း မိန်းကလေးများ အကြောင်းကို မပါမဖြစ် ထည့်ပြောတတ်သည်။ ကမ္ဘာပေါ်တွင် သူ့လောက် မိန်းမများ အပေါ် စိတ်ဝင်စားသူမျိုး ချန်းဖန် မတွေ့ဖူးချေ။
ချန်းဖန်တို့ စကားပြောနေသည့် တစ်ချိန်တည်းမှာပင်...
ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့သည် အနက်ရောင် ကားလေး တစ်စီးဖြင့် ချင်းယန် စီရင်စုနယ် အတွင်း ဝင်ရောက်လာ၏။
“မိန်းကလေးတန့် ခင်ဗျားဟာ သေချာရဲ့လား... မြောက်ပိုင်းချုံးရဲ့ လက်ကျန် အဖွဲ့ဝင်တွေ ဒီကို ရောက်နေတယ် ဆိုတာ”
ချူမင်ဟွေ့က မေးလိုက်သည်။
“အင်း သေချာတယ်... ကျွန်မ အထင် ဒီညီလာခံကို ဦးဆောင် ကျင်းပတာလည်း သူတို့ပဲ ဖြစ်ပုံရတယ်... အချက်အလက်တွေ အရဆို ကျန်းပေ့ ညီလာခံကို ချင်းယန် စီရင်စုမှာ ကျင်းပရတဲ့ အကြောင်းရင်းက ချန်းပေ့ရွှမ်း ပေါ်လာအောင် အချက်ပြတာမျိုးလည်း ဖြစ်နိုင်တယ်”
တန့်ရီဖေးက တခဏမျှ ရပ်တန့်ပြီး ဆက်ပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ ချန်းပေ့ရွှမ်း အကြောင်း သေချာသိတဲ့ လူတစ်စု ရှိမယ် ဆိုတဲ့ အဲဒါ သူတို့ပဲ...”
“ဟုတ်တယ်...”
ချူမင်ဟွေ့က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက် နေ၏။
ထိုအချိန် ချင်းယန် စီရင်စု အပြင်ဘက် ရေကန် အနီးရှိ လှပသော ဝါးအိမ် တစ်ခု အတွင်း၌...
သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အသက် ဆယ့်ငါးနှစ် အရွယ် ကောင်မလေး တစ်ယောက်သည် အပြင်ဘက်သို့ ထွက်ခွာရန် ဟန်ပြင်နေသည်။ သူမက မထွက်ခွာခင် တိတ်ဆိတ်စွာ ထိုင်နေသော ဆံပင်ဖြူ အဘွားအိုကို တစ်ချက် ပြန်ကြည့်လိုက်၏။
“အန်တီရှို့... စီးယူ...”
အဘွားအို၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက် နေသည်။ သူမသည် မှုန်တိမှုန်ဝါး မျက်လုံးများဖြင့် ကောင်မလေးကို လှမ်းမျှော်ကြည့်ရင်း ထွက်မသွားဖို့ ပြောရန် ကြိုးစားလိုက်သေးသည်။ သို့သော်လည်း အဆုံး၌ သူမက သက်ပြင်းတစ်ချက်ချကာ ပါးစပ်ကိုသာ ပိတ်ထားလိုက်၏။
မိန်းကလေးကား ခုန်ပေါက်ကာ ကစားရင်း ထွက်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အင်္ကျီ ရင်ဘတ်တွင်မူ စကားလုံး နှစ်လုံးမှာ လင်းထင်စွာ ပေါ်လွင်နေ၏။ ထိုစကားလုံး နှစ်လုံးကား “မြောက်ပိုင်း ချုံး” ဟူ၍ပင်။
***