← Chapters

Chapter 17

Vol. 2 Ch. 17

Chapter 17

Vol. 2 Ch. 17

ရှဲ့ယွမ်နှင့် ကျန်းယွီတို့နှင့် ပတ်သတ်ပြီး အခြေအမြစ်မရှိသော အတင်းအဖျင်းများ ကျောင်းတွင်ပျံ့နှံ့နေလေသည်။

“ရှဲ့ယွမ်က ဒေါသကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတယ်လေ... ဘယ်သူ့ကိုမှ မျက်နှာသာမပေးတတ်တဲ့လူက ဘယ်လိုလုပ်ပြီး ကျန်းယွီကိုကျ မျက်နှာသာပေးရတာလဲ”

“ကျန်းယွီကလည်း အတော်ထူးဆန်းတယ်။ ဘယ်တုံးမှ ထောင်အန်ရှင်းနဲ့ယှဉ်ပြီး တစ်ခုခုမလုပ်ဖူးပါဘူး။ ဘာလို့ ရုတ်တရက်ကြီး ထတက်ကြွနေရတာလဲ”

“ဟော့ချန်ကို ဖြတ်လိုက်တာကလည်း နောက်လူရှာချင်လို့ မဟုတ်ဘူးလား။ သူ့ကို အဲ့လိုလူမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး”

“နင်ပြောချင်တာက သူက ရှဲ့ယွမ်ကို... ဘုရားရေ ရှဲ့ယွမ်က ၄၀ထဲတောင်ဝင်နေပြီလေ။ သူ့အဖေအရွယ်ကြီးကို”

“ရှူးဂါးဒယ်ဒီပါဆိုမှ အသက်နဲ့ဆိုင်မလားဟဲ့... ပိုက်ဆံသာရှိရင် ဘာမဆိုဖြစ်တယ်”

ထိုစကားများကို ပြောနေသောကောင်လေးမှာ တိုးတိုးသာပြောနေခြင်းဖြစ်သည်။ သို့သော် သူ့ဘေးကဖြတ်လျှောက်သွားသည့် ချူးလီတစ်ယောက် သူ့လည်ပင်းကို လက်နောက်ပြန်ဖြင့် ဆောင့်ဆွဲလိုက်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။

ရုတ်တရက်ကြီးထဖြစ်သော အပြောင်းအလဲကြောင့် ဘေးပတ်ပတ်လည်က ကျောင်းသားများလည်း လန့်သွားကြလေသည်။

ချူးလီသည် ကောင်လေး၏ လည်ပင်းကို လက်တစ်ဖက်တည်းနှင့်ဆွဲကိုင်ကာ မလိုက်ပြီး မြေပေါ်သို့တွန်းလဲလိုက်သည်။

ကောင်လေးသည်လည်း သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည့်လက်ကို ဆွဲဖြုတ်ဖို့ ကြိုးစားနေလိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာကာ ရုတ်တရက်ကြီးကြောက်လာမိလေသည်။

အဘယ်ကြောင့်ဆိုသော် ချူးလီ၏ မျက်ဝန်းနက်များထဲမှ ချောက်နက်ထဲက သေဆုံးခြင်းကဲ့သို့သော အရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့်ပင်။

အဲ့ဒါကိုကြည့်ရတာ နောက်စက္ကန့်အနည်းငယ်အတွင်း သူ့လည်ပင်းကို လိမ်ချိုးလိုက်တော့မည့်အလားပေ။

ကျောင်းသားအများစုလည်း ထိုနေရာသို့ လာစုကြည့်လိုက်ကြပြီး တီးတိုးပြောနေကြလေသည်။

“ဘာဖြစ်နေကြတာလဲ”

“ငါလည်းမသိဘူး။ ရုတ်တရက်ကြီး ရန်ထဖြစ်ကြတာပဲ”

“အကြောင်းအရင်းလိုလို့လား.. ချူးလီက ရူးနေတာပဲလေ။ စိတ်မှမမှန်တဲ့ဟာကို”

ကျောင်းဂိတ်ဝမှ လမ်းလျှောက်လာသော ကျန်းယွီလည်း သူမရှေ့က ရန်ပွဲကြောင့် အတော်လေး တုန်လှုပ်မိသွားသည်။

အတိတ်ဘဝတုန်းက ဟော့ချန်သည် ချူးလီလက်ထဲတွင် သေခဲ့ရသည်ပင်။

ထိုအချိန်တုံးက ချူးလီသည် အန္တရာယ်မပေးတတ်တဲ့လူကောင်းတစ်ယောက်လို လူတိုင်းကို ပြုံးပြခဲ့လေသည်။ သို့သော် တကယ့်ကို နတ်ဆိုးတစ်ကောင်ပင်။

“ချူးလီ လွှတ်လိုက်စမ်း”

ကျန်းယွီလည်း အမြန်ပြေးသွားလိုက်ပြီး သူ့ကိုရပ်ဖို့တားလိုက်သည်။

“သူ့ကိုလွှတ်လိုက်”

ချူးလီသည် ထိုကောင်လေးကို လက်တစ်ဖက်တည်းနှင့် လွှတ်ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

“လခွီးထဲမှ”

ထိုကောင်လေးသည် တစ်ခွန်းဆဲလိုက်ပြီး နည်းနည်းလောက်ရန်ဆွစကား ဆိုချင်သေးသော်လည်း လူ့အသိမရှိသော ချူးလီ၏မျက်ဝန်းများကိုတော့ ကြောက်နေဆဲဖြစ်သည်။

‘စောက်ရူး’ ဟုသာ အကြိမ်ပေါင်းမနည်းဆဲပြီး မသွားချင်သွားချင်နှင့် ထွက်သွားလိုက်သည်။

ချူးလီကတော့ ဘာမှမဖြစ်ခဲ့သလိုပင် ဘာခံစားချက်မှမရှိတဲ့ မျက်နှာထားနဲ့ နောက်ပြန်လှည့်သွားသည်။

ကျန်းယွီလည်း သူ့ကိုမှီအောင်လိုက်ပြီး မေးလိုက်သည်။

“ဘာလို့သူ့ကို သွားရန်စရတာလဲ”

“ငါက စောက်ရူးမို့လို့လေ”

သူ့အသံသည် အဆုံးမရှိသော အေးတိအေးစက်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။

“ဘာလို့အဲ့လောက်ထိ ဒေါသကြီးရတာလဲ”

ကျန်းယွီတစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“နင့်ကိုယ်နင် မထိန်းနိုင်ဘူးဆိုရင် သိပ်မကြာခင်မှာပဲ ကျောင်းထုတ်ခံရနိုင်တယ်။ တက္ကသိုလ်ကောင်းကောင်း မတက်ချင်တော့ဘူးလား ပြော”

“ငါကျောင်းထုတ်ခံရလည်း မင်းနဲ့ဘာမှမဆိုင်ဘူး”

“ဘာကိုဘာမှမဆိုင်ရမှာလဲ?”

ကျန်းယွီတစ်ယောက် အင်တင်တင်ဖြင့် ဆက်ပြောလိုက်မိသည်။

“ငါက နင့်ကောင်မလေး မဟုတ်ဘူးလား”

‘ကောင်မလေး’ ဆိုသည့်စကားက ချူးလီရင်ထဲက အနူးညံ့ဆုံးနေရာကို သွားထိလေသည်။

မှန်ပေသည်။ သူမက သူ့ကောင်မလေးပဲ။ သူမက ကာကွယ်ပေးခံရသင့်တယ်။

ချူးလီလည်း ရပ်လိုက်ပြီး သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြောကြည့်ရန် ကြိုးစားလိုက်သည်။

“မနက်တုံးက ကစားကွင်းထဲမှာ မင်းနဲ့ရှဲ့ယွမ် ဘာအကြောင်းပြောနေကြတာလဲ”

“အာ အဲ့ဒါက... သိပ္ပံနှင့်နည်းပညာပြတိုက်နဲ့ ပတ်သတ်တဲ့ တစ်ခုခုပါပဲ”

“လိမ်နေတာ”

ချူးလီတစ်ယောက် အလျော့မပေးမည့်လေသံနှင့် ဆိုလိုက်သည်။ ကျန်းယွီ၏ ဆင်ခြေကို ချက်ချင်းပင် ငြင်းချလိုက်သည်။

“နည်းပညာအကြောင်း ပြောတာသာဆိုရင် သူက မင်းလက်ကို အဲ့လိုဆွဲကိုင်ပါ့မလား”

ကျန်းယွီလည်း သူမေးခွန်းထုတ်သည့်လေသံကို သိပ်မကြိုက်ဘဲ “ငါ့ကိစ္စကို ဘာလို့အဲ့လောက် လိုက်ဂရုစိုက်နေတာလဲ”

ရှဲ့ယွမ်ကိုတောင် ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့တာကို ချူးလီကို ရှင်းပြဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ချူးလီသည် စိတ်ဆိုးလာလေ၏။

ဘာလို့ သူဒီလောက်စိတ်ဆိုးလာလဲဆိုတာ သူ့ကိုယ်သူလည်း မသိပါ။ သို့သော် တစ်ခြားယောင်္ကျားနှင့် သူမရှိနေတာကို တွေးလိုက်လျှင်ဖြင့် ပေါက်ကွဲချင်လာလောက်အောင် သူဝမ်းနည်းလာမိသည်။

အခု သူမပြောလိုက်သည့် စကားတစ်ခွန်းကလည်း သူ့အာရုံကြောများအားလုံးကို လှုံ့ဆော်လိုက်သည့်အလားပင်။

သူ၏ အဖြူအမည်းဘဝကြီးထဲတွင် ကျန်းယွီကသာ တောက်တောက်ပပနှင့် လှပနေသည့် တစ်ခုတည်းသော အရောင်လေးဖြစ်ပေသည်။

ဒီအလှတရားလေးကို သူတစ်ယောက်တည်းသာ လက်ဝါးကြီး အုပ်ထားချင်မိသည်။ သူ့ဆီကနေ လုယူသွားခွင့် ဘယ်သူ့ကိုမှ မပေးနိုင်ပေ။ ဒီ့အပြင် သူ့အလှတရားလေးကို အသရေပျက်အောင် လုပ်ကြံပြောဆိုမှုတွေကို သူလုံးဝခွင့်ပြုပေးလို့မရပေ။

ချူးလီတစ်ယောက် သူမနဲ့ဖက်ပြီး စကားများမနေတော့တဲ့အပြင် ဘာတစ်ခွန်းမှမပြောတော့ဘဲ ခေါင်းသာအောက်စိုက်ထားတာကို ကျန်းယွီသတိထားမိလိုက်သည်။

သူဘာကြောင့် ဒီလိုအရူးထတတ်လဲ သူမ,မသိပါ။ သို့သော် ဒီကောင်စုတ်လေးက ဒီလိုစရိုက်လေးပင်။ အကြောင်းအရင်းမရှိ ထထစိတ်ကောက်တတ်သည်ကလည်း သူ့အတွက်တော့ ပုံမှန်ပင် ဖြစ်ရမည်။

မည်သို့ပင်ဆိုစေ တာဝန်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သဖြင့် သူမလည်း အောင်အောင်မြင်မြင်နှင့် ယွမ်၁သိန်း၂သောင်းကို ရရှိခဲ့လေသည်။ ထို့ကြောင့် ကျောင်းစရိတ်အတွက် အဆင်ပြေတော့မည်ပင်။

ဒီအတွက် သူမအတော်လေး ပျော်မိသည်။

“ချူးလီ.. ငါတို့ရန်မဖြစ်သင့်ဘူး။ ဒီည ငါညစာဝယ်ကျွေးမယ်”

ကျန်းယွီဘက်ကပဲ စလျော့ပေးလိုက်တော့သည်။

“နင်စားချင်တာ ဘာမဆိုစားလို့ရတယ်”

“ငါဖက်ထုပ်စားချင်တယ်”

ချူးလီသည် သူ့အင်္ကျီလက်အောက်တွင်တော့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ခဏနေတော့ လက်ကို ပြန်ဖြေလျော့လိုက်လေတော့သည်။

“ငါ့အိမ်ကိုသွားတာပေါ့။ မင်းချက်ပေးလေ ဖက်ထုပ်ကို”

“နင်ကတကယ့် ဒုက္ခအိုးလေးပဲ”

“ငါအပြင်မှာပဲ တစ်ချိန်လုံးမစားချင်ဘူး”

“အေးပါ”

“ငါအကြိုက်ဆုံးအမဲသားနဲ့ ပြောင်းဖူးဖက်ထုပ် တစ်ထုပ်”

လိုတာအကုန်ဝယ်ပြီးနောက် သူတို့နှစ်ယောက် စတိုးဆိုင်ထဲက ထွက်လာလိုက်ကြသည်။ ချူးလီသည် သူဝယ်လာသော စုပ်လုံးကိုဖောက်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

သူစုပ်လုံးစားနေသည့်ပုံလေးမှာ အတော်ချစ်ဖို့ကောင်း၍ ကျန်းယွီလည်း မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။

“နင်စုပ်လုံးစားတိုင်း အတော်ချစ်ဖို့ကောင်းတာပဲ”

“ငါကြိုက်တာကိုး”

ချူးလီသည် သူ့လျှာထိပ်မှ အရသာမဲ့နေသော စုပ်လုံးကို အရသာခံကြည့်လိုက်သည်။ ဘာဆိုဘာမှမခံစားရပေ။ အရသာမဲ့နေလေသည်။

အစတွင်တော့ အရသာခံလို့ရတာနဲ့တင် ကျေနပ်သင့်ပြီဟု ချူးလီတွေးမိသေးသည်။ အခုတွင်တော့ သူ့အတွက် ဒီလောက်လေးက မလုံလောက်တော့ပါ။ မလုံလောက်တာထက်ကို ပိုနေလေပြီ။ ဒီ့ထက်ပိုသောအရာများကို သူလိုချင်လာလေပြီ။

သူမသာမရှိလျှင် ဒီကမ္ဘာကြီးက သူ့အတွက်ပြန်ပြီး အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

သူသည် ဒီလောကကြီးမှာ ရှင်သန်ကြည့်ချင်မိသည်။ ချစ်ကြည့်ချင်သည်၊ ပျော်ရွှင်ချင်သည်၊ အချစ်လည်း ခံချင်သည်၊ ဝမ်းနည်းတာရော သဝန်တိုတာအထိပါ သူခံစားကြည့်ချင်သည်။

ချူးလီသည် သူစားလတ်စစုပ်လုံးကို ကျန်းယွီ ပါးစပ်နား ထိုးပေးလိုက်ပြီး“စား”

“ငါက နင့်လို မဟုတ်ဘူးနော်”

ကျန်းယွီကတော့ ရွံရှာသည့်ပုံစံဖြင့် နှုတ်ခမ်းရွဲ့ကာပြောလိုက်သည်။

“သူများစားပြီးသားကြီးကို ဘယ်သူက စားချင်မှာလဲ”

“မင်းက ငါ့ကို ညစ်ပတ်တယ်ဆိုပြီး မကြိုက်ဘူးပေါ့”

ကျန်းယွီ သူ့ကိုမကြိုက်တာမဟုတ်ပါ။ သူမတို့နှစ်ယောက်၏ ဆက်ဆံရေးက အဲ့လောက်အဝေးကြီးအထိသွားမှာ မဟုတ်ဘူးဆိုတာကို သူမသိနေရုံလေးသာ။

သူမသည် သူ့ကိုကူညီနေခြင်း၊ ကယ်ပေးနေခြင်းသာ ဖြစ်သည်... ဟုတ်တာပေါ့ သူမကိုယ့်ကိုယ်ကိုယ်လည်း ကယ်တင်နေတာပင်။

ဒါကနှစ်ဦးနှစ်ဖက် အပြန်အလှန် ကူညီရုံ ဆက်ဆံရေးတစ်ခုသာဖြစ်တာကို သူစားပြီးသားစုပ်လုံးအထိ သူမစားပေးဖို့ လိုလို့လား”

သေချာပေါက်ကို မလိုဘူးပေါ့။

သူမ,မစားချင်တာကို သတိထားမိသဖြင့် ချူးလီလည်းသူမကို တွန်းအားမပေးတော့ပါ။ ထို့ကြောင့် သူ့ပါးစပ်ထဲက အရသာမဲ့နေတဲ့ စုပ်လုံးကိုသာ ဆက်စားနေလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ လမ်းလျှောက်ထွက်သွားလိုက်သည်။

သူမသည် ဟိုးအစတည်းက သူ့ကိုမကြိုက်ပါ။

ချူးလီလည်း ဒါကို ကောင်းကောင်းသိပေသည်။

အစတုန်းကတော့ ချူးလီတစ်ယောက် ဒါကိုသိပ်ဂရုမစိုက်ပါ။

သို့သော် တဖြည်းဖြည်းနှင့် သူဆန္ဒတွေများလာပြီး ပိုပိုလိုချင်လာကာ အိပ်ရေးပါပျက်လာသည်ကို သူသတိထားမိလာသည်။

‘သူမက သူ့ကိုမကြိုက်ဘူး’ ဆိုသည့်အကြောင်းက သူ့ခန္ဓာကိုယ်ထဲတွင် မြွေဟောက်တစ်ကောင်လို ရစ်ပတ်နေသည့်အလားပင်။ တဖြည်းဖြည်းနှင့် သူ့နှလုံးသားကို သတ်ပစ်တော့မည့်အတိုင်း ဖြစ်နေလေသည်။

သူ့အိမ်ရောက်တော့ ကျန်းယွီလည်း ရေခဲရိုက်ထားသည့် ဖက်ထုပ်အထုပ်ကို မီးဖိုချောင်သို့ ယူသွားလိုက်ပြီး ချက်ဖို့ပြုတ်ဖို့ စလုပ်လိုက်လေသည်။

ချူးလီအိမ်က မီးဖိုချောင်သည် အတော်ကိုသန့်ရှင်းလှပေသည်။ ချက်ပြုတ်သည့်နေရာတွင် ဆီပေနေတာလေးတစ်ခုတောင် ရှိမနေပေ။ အိုးခွက်ပန်းကန်များသည်လည်း အသစ်အတိုင်းပင်။

ကြည့်ရတာ တစ်ခါမှ မချက်ပြုတ်ဖူးသည့်အလားပင်..။ ဒါပေမယ့်လည်း ဤအရာသည် ယုတ္တိရှိပေသည်။

ကျန်းယွီတစ်ယောက် ကြောင်အိမ်ထဲက အဖုံးပင်မဖောက်ရသေးသည့် ဆားပုလင်းကို အချိန်အတော်ကြာအောင် ရှာလိုက်ရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဖက်ထုပ်ပြုတ်ဖို့က ထည့်စရာအများကြီး လိုတာမဟုတ်ပေ။ ရှိတာလေးနဲ့ လုပ်လိုက်ရင် ရပေသည်။

သူမသည် ရေကိုဆူအောင်တည်လိုက်ပြီး ခဲနေသောဖက်ထုပ်များကို အိုးထဲသို့ ပစ်ထည့်လိုက်ပေသည်။

ဖက်ထုပ်တွေနူးလာမှာကို စောင့်နေရင်း သူမဖုန်းကိုထုတ်လိုက်ကာ အကောင့်ထဲက ပိုက်ဆံတွေကို ကြည့်လိုက်သည်။ ကျောင်းစရိတ်ပြည့်တော့မည်ဖြစ်၍ အပျော်ကြီးကို ပျော်နေလေသည်။

အရာအားလုံးကို ပြန်စတင်နိုင်ခဲ့လို့ ဒီအခွင့်အရေးကို သူမတန်ဖိုးထားရပေမည်။ ထို့ကြောင့် အကကို သေချာသင်ယူကာ ဘဝကို အကောင်းဆုံး နေထိုင်သွားရမည်။

ကျန်းယွီတစ်ယောက် သူမစိတ်ကူးကမ္ဘာထဲမှာ လွင့်မျောနေလိုက်တာ မီးဖိုချောင်တံခါးကို ပိတ်ပြီးဝင်လာတဲ့ သူမနောက်က ကောင်လေးကိုပင် သတိမထားလိုက်မိပေ။

“အိုး... ပိုက်ဆံတွေ အများကြီးပါလား”

သူမနောက်က အသံနက်နက်လေးကို ကြားလိုက်ချင်းမှာပဲ ကျန်းယွီတစ်ယောက် အတော်လန့်ဖြန့်သွားပြီး ဖုန်းကိုပိတ်လိုက်လေသည်။

သူမရထားတဲ့ ပိုက်ဆံတွေကိုကြည့်ပြီး ကြည်နူးနေမိသဖြင့် ချူးလီ သူမဆီလာတာကိုတောင် မသိလိုက်ပေ။

“ငါ့အလုပ်ကြိုးစားမှုတွေလေ”

ကျန်းယွီသည် ယောက်မကိုကောက်ကိုင်လိုက်ပြီး အိုးထဲကဖက်ထုပ်များကို မွှေလိုက်သည်။

“Esmeralda အနုပညာကျောင်းအတွက် ငါ့ကျောင်းစရိတ်တွေ”

“မင်းပိုက်ဆံဘယ်လိုရှာလဲ.. သူများကိစ္စတွေကို ဝင်စွက်ဖက်ပြီးတော့လား”

ကျန်းယွီသည် ဒီ့ထက်ပို၍ ထပ်မရှင်းပြချင်ပါ။ ထို့ကြောင့် သူပြောတာကိုသာ ရေလိုက်ငါးလိုက်ပြန်ပြောလိုက်လေသည်။

“ဟုတ်ပါ့ရှင်.. သူများကိစ္စဝင်ပါရင်းရတာ”

“မမက အရမ်းတော်တာပဲ”

ချူးလီသည် သူမနောက်တွင်ရပ်ပြီး ကြောင်အိမ်ကို မှီထားလေသည်။ သူမတို့နှစ်ယောက် နီးကပ်နေလွန်းသည်မှာ ချူးလီ၏ အသက်ရှုသံက သူမလည်ပင်းကိုပင် လာရိုက်ခတ်နေလေ၏။

အကွာအဝေးက... တအားနီးကပ်နေလွန်းတယ်။

ကျန်းယွီသည် ဘေးကိုနည်းနည်းရွေ့ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ချူးလီကတော့ သူ့လက်ကိုအောက်ချလိုက်ကာ သူမ၏သေးသွယ်လှသောခါးလေးကို လှမ်းဆွဲလိုက်လေသည်။

သူ့လက်ဖဝါးမှာ အနည်းငယ်ကြမ်းထော်ထော်ဖြစ်နေပြီး နွေးနွေးထွေးထွေး ရှိလှသည်။ သူမခါးကို အားအရမ်းသုံးပြီး ကိုင်ထားတာ မဟုတ်ပေမယ့်လည်း သူမရုန်းထွက်လို့မရပေ။

“မမ...”

သူမ၏နားသယ်လေးကို ဖွဖွလေးနမ်းလိုက်ပြီး ခံစားချက်များပါဝင်နေသော အသံနိမ့်နိမ့်လေးဖြင့် ဆိုလိုက်လေသည်။

“ကြည့်ရတာ... ငါ မင်းကို နည်းနည်းလေး ကြိုက်မိနေပြီထင်တယ်”

ကျန်းယွီလည်း သူ့ကိုအံ့ဩတကြီးနှင့် ကြည့်လိုက်မိသည်။ ပြီးနောက် သူက ဆက်မေးလိုက်လေသည်။

“မင်း... ငါ့ကိုခဏလေးပဲဖြစ်ဖြစ် ကြိုက်ပေးလို့မရဘူးလား”

ကျန်းယွီ၏အသံမှာတော့ မသိမသာတုန်ရီနေလေသည်။

“ငါ နင့်ကို ကြိုက်ပါတယ်”

“လိမ်နေတာ”

ချူးလီသည် သူ့နောက်လက်တစ်ဖက်ဖြင့် ကျန်းယွီ၏ မေးလေးကို မော့လိုက်သည်။ သူ့ကိုကြည့်ရန် သူမကိုဖိအားပေးနေသလိုပင်။

“ငါ့နားကိုလာတာ မင်းမှာရည်ရွယ်ချက် သက်သက်ရှိတယ်လေ”

“ချူးလီ.. ဒီလိုမလုပ်ပါနဲ့လား ငါနည်းနည်းကြောက်လာပြီ”

ကျန်းယွီသည် သူ၏အဆုံးအစမဲ့သောမျက်ဝန်းများကိုကြည့်ပြီး တကယ်ပင် ကြောက်လာလေသည်။ ထို့နောက် တုန်ရီနေသော အသံလေးဖြင့် ဆက်ပြောလိုက်သည်။

“နင်ဘာလိုချင်လို့လဲ”

ချူးလီလည်း မသိပါ။ သူသိတာက သူတစ်စုံတစ်ခုကို ဖမ်းထားချင်ပြီး ခံစားကြည့်ချင်ရုံတင်။

အရင်ကဆိုလျှင် တစ်ခုခုကိုခံစားနိုင်ဖို့ သူ့ကိုယ်သူထိခိုက်အောင် လုပ်ရလေသည်။

ဆိုးဆိုးရွားရွား အရိုက်ခံရဖို့အတွက် သူများတွေကို ဆက်တိုက် ရန်လိုက်စနေခဲ့ရသည်။ ဘာနာကျင်မှုကိုမှ သူမခံစားရသော်လည်း ထိုအနီရောင်သွေးတွေက သူ့မှာဘဝရှိသေးတယ်ဆိုတာကို သိစေလို့ပင်။

ကျန်းယွီ တစ်ယောက်တည်းကသာ သူ့ကို အသိတရားဝင်လာစေခဲ့တာလေ။

ဒါကြောင့် သူမကို သူအဆုံးရှုံးမခံနိုင်ပေ။

ချူးလီသည် သူမ၏မေးလေးကို ညှစ်လိုက်ပြီး သနားစဖွယ်လေး မေးလိုက်သည်။

“မင်း ငါ့ကို ကြိုက်ပေးလို့ရမလား”

“…”

ထိုအချိန်မှာပဲ ကျန်းယွီတစ်ယောက် တဖြည်းဖြည်း သတိထားမိလာပေသည်။ တကယ်ကို မီးနဲ့သွားဆော့မိနေတာပဲ..။

သူမရဲ့နဂိုရည်ရွယ်ချက်က ချူးလီ သူမကိုကြိုက်လာအောင်လုပ်ပြီး သူမပြောစကားနားထောင်ဖို့သာ ဖြစ်သည်။

ဒီလိုမှသာ သူလမ်းမှားရောက်မသွားအောင် သူမကအလွယ်တကူ လမ်းပြပေးနိုင်မည်ပင်။

သို့သော် ဒီနေ့မှာတော့ လူတစ်ယောက်၏ သဘောကျတာကို သည်းခံဖို့ဆိုတာ လွယ်ကူမနေကြောင်း သူမသိလာလေသည်။

ရုတ်တရက်ဆိုသလိုပင် အနာဂတ် ချူးလီပြောသော စကားတစ်ခွန်းကို သူမပြန်သတိရမိသွားသည်။

“မင်း သေချာ စိတ်မဆုံးဖြတ်ရသေးဘူးဆိုရင် သူနဲ့သွားမရှုပ်တာကောင်းတယ်”

အခုတော့ ဒီစကား၏ အဓိပ္ပာယ်ကို သူမနားလည်သွားလေပြီ။

ဒီနတ်ဆိုးလေးက တကယ်ကို ဆွဲဆောင်ခံလိုက်ရတာပဲ။ အဲ့ဒီအပြင် သူမကိုပါ ချောက်နက်ထဲကနေ သူ့လက်ကို လှမ်းပေးနေလေသည်။

ကျန်းယွီ သူ့လက်ကို လှမ်းမဆွဲသင့်ပေ...

သို့သော် သူ့ကိုကယ်တင်ရမည်လား..?

အဖြေကတော့ ‘ဟုတ်တယ်’ ဆိုတာကို သူမနောက်ဆုံးတော့ သဘောပေါက်သွားခဲ့သည်။

ကျန်းယွီတစ်ယောက် သူမခေါင်းကိုမော့လိုက်ပြီး သူမနှင့် နီးနီးကပ်ကပ်ရှိနေသော ထိုလူငယ်ချောချောလေးအား ကြည့်လိုက်သည်။

“ဒီအတိုင်း ငါ... နည်းနည်းကြောက်နေတာ”

“အခု ငါ့မမက အဆင်သင့်ဖြစ်ပြီပေါ့”

ချူးလီသည် သူမနှင့်ပိုနီးကပ်သွားအောင် ကြိုးစားကြည့်လိုက်သည်။

ဒီတစ်ခါတော့ ကျန်းယွီ မရှောင်တော့ပါ။ ထို့နောက် အေးစက်နေသော သူ့နှုတ်ခမ်းများက သူမနှုတ်ခမ်းကို ထိလိုက်တာကို ခွင့်ပြုပေးလိုက်သည်။

သို့သော် ချူးလီကတော့ ဘာမှမခံစားရပေ။ မျှော်လင့်ထားသလိုဖြစ်မလာသောကြောင့် ချူးလီသည်လည်း ဆန္ဒမပြည့်ဝဘဲ ဖြစ်သွားလေသည်။

ဒီလိုနှင့် နူးညံ့လှသော သူမနှုတ်ခမ်းများကို နောက်တစ်ကြိမ် အားရပါးရနမ်းလိုက်လေသည်။

All Chapters